← Chapters

အခန်း (၄၄၆)

Vol. 37 Ch. 446

အခန်း (၄၄၆)

Vol. 37 Ch. 446

“ခေါင်းဆောင်ကလည်း တောင်ဘက်လွင်ပြင်ဒေသကပဲလား..”

ထိုအဖြေကို ကြားသော် ဟွမ်လီက အနည်းငယ်တော့ အံ့အားသင့်သွားခဲ့သည်။ ဟွမ်လီသည် လောင်းကစားဝိုင်း၌ ရှုံးနိမ့်ပြီးသည့်နောက်တွင် ဟိုင်ဒေါင်ရှန်၏ ခေါ်ယူခြင်းကို ခံခဲ့ရပါသည်။ သူက ဟွမ်လီကို လက်အောက်တွင် ချက်ချင်းမခေါ်ဘဲ ဟွမ်လီကုန်သွားသော ငွေများကို ပြန်ပေးခဲ့သည်။ ထို့နောက်တွင် ထပ်၍ လောင်းကစားမှုကို ပြုလုပ်စေသည်။

ဟွမ်လီက ဟိုင်ဒေါင်ရှန်ထံမှ ငွေများ ချေးယူပြီး လောင်းကစားများ ထပ်လုပ်ရာ အရင်တုန်းကလို မနိုင်ဘဲ ဆက်တိုက်ကို ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ဟိုင်ဒေါင်ရှန်အပေါ်တွင် အကြွေးများစွာ တင်သွားခဲ့ပါတော့သည်။

နောက်ဆုံး၌ သူသည် အကြွေးများစွာ တင်သွားသောကြောင့် ရွေးချယ်စရာ မရှိဘဲ လီဟမ်ရှန်း၏ လက်အောက်ထဲသို့ ဝင်ကာ ဟိုင်ဒေါင်ရှန် ခိုင်းစေသည့်အတိုင်း သူလျိုလုပ်နေရပါတော့သည်။ လီဟမ်ရှန်းနှင့် ပတ်သက်ပြီး နောက်ကြောင်းကို စုံစမ်း၍ ရနိုင်သမျှကို အသုံးပြုပြီး စုံစမ်းနေရခြင်းပင် ဖြစ်သည်။

“ငါက တောင်ဘက်လွင်ပြင်ဒေသက လာတယ်ဆိုတဲ့ စကားက အဲ့လောက်တောင် အံ့ဩဖို့ ကောင်းလို့လား”

လီဟမ်ရှန်းက ဟွမ်လီကို ဆန်းကြယ်စွာ ပြုံးရင်း မေးလိုက်ပါသည်။

“အဲ့လိုမဟုတ်ပါဘူး….. ခေါင်းဆောင်နဲ့ ကျွန်တော်နဲ့က တစ်နေရာထဲက နယ်မြေတူတွေ ဖြစ်မယ်ဆိုတာ မထင်ထားလို့ပါ”

ဟွမ်လီက ရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ကျုပ်ရဲ့ မိသားစုက တောင်ဘက်လွင်ပြင်ဒေသမှာ နာမည်ကြီးတဲ့ မိသားစု တစ်ခု ဖြစ်ခဲ့ဖူးတယ်..။ ဒါပေမဲ့ ကံဆိုးသွားတာက ရန်သူ မိသားစုတွေရဲ့ ချောက်ချမှုကို ခံလိုက်ရပြီး မိသားစု တစ်စုလုံး ပျက်စီးခဲ့ရတယ်လေ။ ကံကောင်းတာက အဲ့အချိန်တုန်းက ကျုပ်က အိမ်မှာ ရှိမနေခဲ့တာပဲ..။ ကျုပ်အိမ်မှာ မရှိဘဲ လွတ်သွားတယ်ဆိုပေမဲ့ ရန်သူတွေက ကျုပ်ကို လိုက်သတ်နေကြတုန်းပဲ…။

ကျုပ်မှာ ရွေးချယ်စရာ မရှိတော့ဘဲနဲ့ တစ်ယောက်ယောက်ကို လာဘ်ထိုးပြီးတော့ တစ္ဆေမျိုးနွယ်တွေရှိတဲ့ တိမ်ကန္တာရနယ်မြေကို ရန်သူတွေလိုက်သတ်တာ မခံရအောင် ထွက်ပြေးလာရတာပဲဗျ..။ဒီလိုနဲ့ပဲ ကျုပ်က ဒီနေရာကို ရောက်လာခဲ့တာ..။”

ဟွမ်လီသည် သူ၏ ဘဝအတွေ့အကြုံကို လီဟမ်ရှန်းကို ပြောပြလိုက်သည်။

“ကျုပ်က တောင်ဘက်လွင်ပြင်ဒေသရဲ့ ဝူဟွာကျိုး ဒေသက လာတာပါ..။ ခေါင်းဆောင်ကရော ဘယ်နေရာမှာ နေခဲ့တာလဲ။”

“ငါက တောင်ဘက်လွင်ပြင်ဒေသရဲ့ ဆုမိသားစုအိမ်မှာ အလုပ်လုပ်ခဲ့တာ..”

လီဟမ်ရှန်းက မီးပုံထဲသို့ ထင်းတစ်ချောင်း ပြီးတစ်ချောင်း ပစ်ထည့်ရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“တောင်ဘက်လွင်ပြင်ဒေသက ဆုမိသားစု ဟုတ်လား”

ထိုစကားကို ကြားသော် ဟွမ်လီက အနည်းငယ် အံ့အားသင့်သွားသည်။ တောင်ဘက်လွင်ပြင်ဒေသတွင် ကလေးရော ခွေးပါ ဆုမိသားစုကို သိကြသည်။ ဆုမိသားစုသည် တောင်ဘက်လွင်ပြင်ဒေသတွင် ဧရာမ မကောင်းဆိုးဝါးကြီးပင် ဖြစ်ပါသည်။ ထိုမိသားစု၏ အမွေအနှစ်သည် အလွန်အမင်းကို ချမ်းသာ ကြွယ်ဝလွန်းလှပါသည်။ ထို့အပြင် သူတို့၌ မဟာသိုင်းဂိုဏ်းအဆင့်ရှိသူ ဘိုးဘေးနှစ်ဦးလည်း ရှိပါသေးသည်။

ထိုမိသားစုတွင် ပန်းချီရတနာများစွာလည်း ရှိသည်။ ထိုမျှပင် မကပါသေးချေ။ ဆုမိသားစု၌ များစွာသော အစွမ်းထက် ပန်းချီဆရာများလည်း ရှိကြ၏။ အနည်းဆုံးတော့ ဆရာသခင်အဆင့်တွင်ရှိသော ပန်းချီဆရာ သုံးဦး ရှိသည်။

လီဟမ်ရှန်းက ဆုမိသားစုက လာတာလား။ ဟွမ်လီက သဲလွန်စတစ်ခုကို စပြီး ရပြီဟု တွေးလာပါတော့သည်။

“ခေါင်းဆောင်က ဆုမိသားစုက လာတယ်ဆိုတာကို ကြားရတာ ကျုပ်တကယ်ကို အံ့ဩတယ်ဗျာ..”

ဟွမ်လီက ခပ်မြန်မြန် ပြောလိုက်သည်။ လီဟမ်ရှန်းက ဦးခေါင်းကို ငုံ့လိုက်ပြီး ပြုံးလိုက်ပါ၏။ ထို့နောက်မှ ပြောလိုက်ပါသည်။

“ငါ ဆုမိသားစုမှာ အကြာကြီး မနေခဲ့ပါဘူး။ ငါက အဲ့မှာ အစောင့်ရဲမက်အဖြစ်ပဲ အလုပ်လုပ်ခဲ့တာ..။ ဒါမဲ့ ငါက အဲ့အချိန်တုန်းက အရမ်းကို မာန ကြီးခဲ့တယ်လေ..။

နောက်ပိုင်းမှာ ငါက လူငယ်လေး တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲ့လူကို ငါက အသစ်ရောက်လာတဲ့ အစောင့်ရဲမက်လို့ပဲ ထင်တာပဲ။ အဲ့တာကြောင့်မလို့ ငါက သူ့ကို အရှက်မရှိဘဲနဲ့ အနာဂတ်မှာ ငါက သူ့ကို စောင့်ရှောက်ပေးမယ်လို့ ပြောတယ်။ တစ်ခုခုလိုအပ်ရင် ငါ့ကို လာပြော ငါက ကာကွယ်ပေးမယ်လို့တောင် ပြောခဲ့လိုက်သေးတယ်။

ဒါပေမဲ့ အဲ့ကောင်လေးက ငါ့ကို ဘာမှ ပြန်မပြောခဲ့ဘူး။ နောက်ပိုင်းကျမှ ငါသိလိုက်ရတာက အဲ့ကောင်လေးက ဆုမိသားစုရဲ့ သခင်လေး ဆုရှန်းချီဖြစ်နေတယ်ဆိုတာကိုပဲလေ..။”

ဟွမ်လီသည် မိမိ၏နဖူးကိုမိမိ ဗြန်းကနဲ့ ရိုက်လိုက်မိသည်။

ဟွမ်လီက တောင်ဘက်လွင်ပြင်ဒေသမှ လာခဲ့သော သူ ဖြစ်သောကြောင့် ဆုရှန်းချီက ဘယ်သူဆိုသည်ကို ကောင်းကောင်း သိခဲ့ပါသည်။ သို့သော် လီဟမ်ရှန်းက ဆုရှန်းချီလိုမျိုး မာနကြီး မောက်မာသည့် သခင်လေးကို ယခုလိုမျိုး နားလည်မှုလွဲသော ဖြစ်ရပ်တစ်ခု ကျူးလွန်ခဲ့မည်ဟု မထင်ထားခဲ့မိပါ။

“အဲ့လိုဖြစ်ရပ်ဖြစ်ပြီးတော့ ငါလည်း ဆုမိသားစုမှာ ကြာကြာမနေခဲ့ဘူး။ သိပ်မကြာခင်မှာ ဆုမိသားစုကနေ ငါထွက်လာခဲ့တာပဲ”

လီဟမ်ရှန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“အချိန်က နောက်ကျနေပြီ..။ အိပ်ကြရအောင်”

လီဟမ်ရှန်းက ဆက်လက်၍ မပြောတော့ဘဲ အိပ်ရန်အတွက်သာ အမိန့်ပေးလိုက်ပါသည်။ ဟွမ်လီကလည်း ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အတွေးများစွာဖြင့် အိပ်ယာထဲသို့ ပြန်သွားခဲ့ပါတော့သည်။ ရက်နည်းနည်းကြာပြီးသောအခါတွင် လီဟမ်ရှန်းသည် တိုက်ပွဲများကို အောင်မြင်စွာ တိုက်ခိုက်ပြီး ပြန်လာခဲ့ပြန်ပါသည်။

အခုနောက်ပိုင်းတွင် လီဟမ်ရှန်းသည် မျိုးနွယ်စု ခြောက်ခုကို အောင်မြင်စွာဖြင့် သိမ်းပိုက်နိုင်ခဲ့ပါသည်။ သူ၏လုပ်ရပ်သည် စစ်သူကြီး တဲကောင်းစံအိမ်တော်၌ ကြီးစွာသော အောင်မြင်မှု တစ်ခုဟု ပြောဆို၍ ရပါသည်။ သူက အရင်းအမြစ်များကို သိမ်းပိုက်ပြီး ရရှိလာသည့်အခါတွင် လီဟမ်ရှန်းက သူ့အတွက်နည်းနည်း သိမ်းသည်။

ထို့အပြင် ကျန်သောအရာများကို‌ အောက်က စစ်သားများနှင့် ဟွမ်လီကိုလည်း ခွဲဝေပေးခဲ့ပါသည်။ ထို့အပြင် သူ၏ခေါင်းဆောင်ဖြစ်သော ဟုန်ရှန်ကိုပါ သူက ပေးအပ်ခဲ့ပါသည်။ ဟုန်ရှန်သည် လီဟမ်ရှန်း၏ လုပ်ရပ်ကို အလွန်အမင်း သဘောကျနေခဲ့၏။ လီဟမ်ရှန်းကို တပ်မှူးအဖြစ် သူ့လက်အောက်သို့ သွင်းခဲ့ပြီးသည့်နောက်တွင် ဟုန်ရှန်မှာ စတင်၍ ပစ္စည်းဥစ္စာများ စုမိဆောင်းမိ ဖြစ်လာခဲ့ပါတော့သည်။

လီဟမ်ရှန်းကို သူ့လက်အောက်သို့ ခေါ်ယူခဲ့ခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက်ဟု ဟုန်ရှန်းက မကြာခဏ တွေးတောမိနေခဲ့ပါ၏။ စစ်သူကြီးတဲကောင်းကလည်း လီဟမ်ရှန်းက ထိုကဲ့သို့ အရင်းအမြစ်များကို အပြည့်အဝ မအပ်ဘဲ မိမိနှင့်မိမိတို့လူများအတွက် ဖွက်ပြီးယူနေသည်ကို သိပါသည်။

လီဟမ်ရှန်းကလည်း စစ်သူကြီးတဲကောင်း မသိအောင် ခိုးကြောင်ခိုးဝှက် မလုပ်ပါ။ စစ်သူကြီးတဲကောင်းရှေ့မှာတင် ပေါ်တင် ခိုးလေ့ရှိပါသည်။ သူက ထိုကဲ့သို့ လုပ်ရခြင်းမှာ စစ်သူကြီး တဲကောင်းကို သူသည် လောဘကြီးသော လူတစ်ဦး ဖြစ်ကြောင်းကို တမင်တကာ ပြသလိုက်ခြင်း ဖြစ်ပါ၏။ စစ်သူကြီးတဲကောင်းကလည်း သိသည်။ သို့သော် ဘာတစ်ခွန်းမှ မပြောခဲ့ပါ။

လီဟမ်ရှန်းသည် စစ်ဆေးရေးမှူး လုပ်ခဲ့သည်မှာ ကြာမြင့်လှသောကြောင့် အထက်ကလူများ မည်သို့ တွေးမည်ကို ကောင်းကောင်းသိပါသည်။ အထက်ပိုင်းခေါင်းဆောင်များသည် မိမိတို့လက်အောက်မှ လူများက လောဘ မကြီးမှာ၊ ရာဂ မကြီးမှာကိုသာ စိတ်ပူကြသည်။ လောဘကြီးလျှင်။ ရာဂ ကြီးလျှင် ပိုသဘောကျကြသည်။

အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် လိုအင်ဆန္ဒများရှိမှသာလျှင် ထိုလိုအင်ဆန္ဒများကို အကြောင်းပြပြီး အထက်ပိုင်းလူများက ထိန်းချုပ်၍ ရမည် မဟုတ်ပါလား။ မိမိလက်အောက်မှ လူသည် လောဘမကြီးဘဲ ရောင့်ရဲတင်းတိမ်တတ်သောသူ၊ ရိုးသားဖြောင့်မတ်သော လူဆိုလျှင် ထိုလူကို ထိန်းချုပ်၍ ရမည် မဟုတ်ပါ။

ထိုသူက အချိန်တစ်ခုရောက်လျှင် မိမိကိုပင် ပြန်၍ သတ်နိုင်သော ဓားတစ်ချောင်း ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် လီဟမ်ရှန်း၏ ထိုလုပ်ရပ်များကို စစ်သူကြီးတဲကောင်းက အင်မတန်မှကို ကျေနပ်နေခဲ့ပါသည်။ ဟွမ်လီကလည်း လီဟမ်ရှန်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကို လောင်းကစားဝိုင်းသို့ လာပြီး ဟိုင်ဒေါင်ရှန်နှင့် လျှို့ဝှက်တွေ့ဆုံကာ အချက်အလက်များကို မချွင်းမချန် ပြောပြသည်။

ဒါပေါ့... ထိုကိစ္စများကိုလည်း လီဟမ်ရှန်းက သိနေပြီးသား ဖြစ်ပါသည်။ ဟွမ်လီကို စောင့်ကြပ်ရန်အတွက် သူလျိုများစွာကိုလည်း လွှတ်ထားခြင်းလည်း ဖြစ်ပါ၏။

ဟွမ်လီက ယခုအချိန်တွင် လောင်းကစားဝိုင်း၌ ဟိုင်ဒေါင်ရှန်နဲ့ လျှို့ဝှက် တွေ့ဆုံပြီး စကားပြောနေပြီ ဖြစ်သည်။

“ သူက တောင်ဘက်လွင်ပြင်ဒေသကလို့ ပြောတာလား..။ ဆုမိသားစုမှာ နေတယ်ပေါ့လေ။”

ဟိုင်ဒေါင်ရှန် ထိုစကားကို ကြားသော် လှောင်ပြောင်လိုက်၏။ သူ့မျက်လုံးထဲတွင်တော့ အနိုင်ရသွားသော ခံစားချက် တစ်ခု ထွက်ပေါ်လာခဲ့သည်။

လီဟမ်ရှန်း.... လီဟမ်ရှန်း..။ မင်းပေါက်ကရပြောတဲ့ သရုပ်အတုကို တောင်ဘက်လွင်ပြင်ဒေသမှာ ငါရှာလို့ မရဘူးများ ထင်နေလား..။ မင်းရဲ့ အလိမ်အညာတွေကို ငါဖွင့်ထုတ်လိုက်တာနဲ့ အဲ့နေ့က မင်းသေမယ့် နေ့ပဲ..။

ဟိုင်ဒေါင်ရှန်သည် ဤကစားပွဲတွင် အနိုင်ရရှိသွားသူဟု ခံစားနေခဲ့ရသည်။ ထိုမျှပင် မကသေးပါ။ လွန်ခဲ့သော ငါးရက်ခန့်က မြို့တော်ကြီးများတွင် ကုန်ပစ္စည်းများ သွားဝယ်သော စစ်တပ်ကြီးက ပြန်ရောက်လာခဲ့ပါတော့သည်။

ဟိုင်ဒေါင်ရှန်သည် ထိုစစ်တပ်ကြီးထဲမှ တစ်ယောက်ကို များစွာသော ငွေကြေးများ ပေးအပ်ခဲ့ပြီး တခြားမြို့များမှ လီဟမ်ရှန်း၏ ပုံတူ ပန်းချီကားကို ရရှိစေရန်အတွက် ဝယ်ယူခိုင်းခဲ့ပြန်ပါသည်။ တစ္ဆေမြို့တော်သို့ ရောက်လာသော လီဟမ်ရှန်း၏ ပုံတူ ပန်းချီကားမှာ တစ်စုံတစ်ခု လွဲမှားနေသည်ဟု ဟိုင်ဒေါင်ရှန်က ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရပါသည်။

ထို့ကြောင့် တခြားမြို့များမှ ပုံတူပန်းချီကားများကိုပါ ဝယ်ယူပြီး ကြည့်ရှု့ရန်အတွက် သူတွေးနေခဲ့မိ၏။ ပုံတူပန်းချီကားတွင် ရှိသော လီဟမ်ရှန်းသည် အပြင်လောကတွင် ရှိသော လီဟမ်ရှန်းနှင့် တစ်စက်မှ တူမနေပါ။

ဟိုင်ဒေါင်ရှန် ထင်သည်က လမ်း၌ ပန်းချီကားပုံတူမှာ အလဲအလှယ်ခံလိုက်ရခြင်းပင် ဖြစ်ရမည်ဟု ထင်နေခဲ့ပါသည်။ ထို့ကြောင့် ဟိုင်ဒေါင်ရှန်က သေချာအောင်အတွက် တခြားမြို့များက ပန်းချီကားများကိုပါ စုဆောင်းရန် တွေးထားခြင်း ဖြစ်၏။

လီယွင်က တကယ်ပဲ လီဟမ်ရှန်း ဖြစ်မယ်ဆိုလျှင် ဟိုင်ဒေါင်ရှန်က ဆုလာဘ်များစွာ ချီးမြှင့်ခံရမည့်အပြင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ချေမှုန်းမှုကြောင့် ပျက်စီးခဲ့ရသော မိသားစု၏ ရန်ကြွေးကို ပေးဆပ်ပြီးသားလည်း ဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဟိုင်ဒေါင်ရှန်သည် လီဟမ်ရှန်း၏ သရုပ်မှန်ကို ရှု့ထောင့် နှစ်ခုမှ ရှာဖွေပြီး သက်သေပြရမည် ဖြစ်ပါသည်။

All Chapters