← Chapters

အခန်း (၄၄၇)

Vol. 37 Ch. 447

အခန်း (၄၄၇)

Vol. 37 Ch. 447

ဟွမ်လီထံမှ လီဟမ်ရှန်းက တောင်ဘက်လွင်ပြင် ဒေသမှာ နေထိုင်ခဲ့သော သတင်းကို ကြားသိပြီးသည်နှင့် ဟိုင်ဒေါင်ရှန်သည် ချက်ချင်းပင်လျှင် တောင်ဘက်လွင်ပြင်ဒေသသို့ ခရီးထွက်ရန်အတွက် အဖွဲ့တစ်ဖွဲ့ကို စီစဉ်လိုက်ပါတော့သည်။ သူတို့၏ အဓိက တာဝန်မှာ တောင်ဘက်လွင်ပြင်ဒေသ၌ လီယွင်ဟူသော လူတစ်ယောက် အမှန်အကန် ရှိမရှိ၊ အမှန်အကန် ဆုမိသားစု၌ အလုပ်လုပ်ခဲ့... မလုပ်ခဲ့ဆိုသည်ကို အတိအကျစုံစမ်းရန် ဖြစ်ပါသည်။ ထိုအတွက်လည်း ဟိုင်ဒေါင်ရှန်က အကုန်အကျများစွာ ခံခဲ့ရပါသည်။

သူပိုင်ဆိုင်သော ငွေကြေးဥစ္စာများသည် တစ်နေ့တစ်ခြား လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ကုန်ဆုံးလာခဲ့ပါတော့၏။

သို့သော် ခေါင်းမာသော ဟိုင်ဒေါင်ရှန်က နောင်တတစက်မှ မရနေခဲ့ပါ…

လီဟမ်ရှန်းက ပြန်လည်မွေးဖွားခြင်း အဆင့်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ပြီးနောက်တွင် မူလအဆင့်ကို ဘယ်လိုချိုးဖျက်ရမလဲဆိုတာကို စတင်၍ စဉ်းစားနေပါပြီ။ မူလအဆင့်ကို ချိုးဖျက်ပြီးသည့်နောက်မှသာ သူက ဖခင်ဖြစ်သူ ပေးခဲ့သော ကြာပန်းမီးအိမ်ကို အသုံးပြုနိုင်ပြီး လီချန်ချင်းကို ပြန်လည်၍ ရှင်သန်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

သို့သော် မူလအဆင့်ကို ချိုးဖျက်ရန်အတွက်မှာ ကျင့်ကြံသူ တော်တော်များများ တစ်ဆို့နေသော နေရာပင် ဖြစ်သည်။ တချို့လူများသည် ဘဝတစ်လျှောက်လုံးတွင် မူလအဆင့်ကို မချိုးဖျက်နိုင်ပါ။ ဒါပေမဲ့ လီဟမ်ရှန်းကတော့ စိတ်မပူပါ။ သူ၏အရင်ခန္ဓာကိုယ်ဆိုလျှင် ပါရမီနည်းပါးလှသောကြောင့် မူလအဆင့်ကို ချိုးဖျက်နိုင်မည် မဟုတ်ပါ။ သို့သော် နတ်ဘုရား ဖီးနစ်အရိုးကို ရရှိပြီးသည့်နောက်တွင် သူ၏ပါရမီသည် ကောင်းကင်ထက်သို့ ထောင်တက်သွားပြီ ဖြစ်သည်။ သူက မူလအဆင့်ကို ချိုးဖျက်ရန်မှာ ထမင်းစား ရေသောက်သလောက်သာ အချိန်ပေးရမည် ဖြစ်သည်။

ပုံမှန်ဆိုလျှင် အတွင်းအားကို မူလအဆင့် အတွင်းအားအဖြစ် ပြောင်းလဲရန်အတွက် အချိန်ကာလ ကြာရှည်စွာ ကျင့်ကြံရမည် ဖြစ်သည်။ အတွင်းအားက မူလအဆင့် အတွင်းအား အဖြစ်သို့ ပြောင်းလဲသွားပြီးသည့်နောက်တွင် မူလအဆင့် အတွင်းအားများသည် ခန္ဓာကိုယ် တစ်ခုလုံးကို အသစ်တဖန် ပြန်လည်မွေးဖွားလိုက်သလို သန့်စင်လိုက်မည် ဖြစ်သည်။ ကျင့်ကြံသူ၏ အသက်လမ်းကိုလည်း မမျှော်လင့်နိုင်သော နှုန်းထားထိအောင် ရှည်လျားသွားစေမည်။

ပြန်လည်မွေးဖွားသလို ဖြစ်သွားပြီးသည့်နောက်မှ မူလအဆင့်သို့ တိုက်ရိုက်ချိုးဖျက်နိုင်မည် ဖြစ်ပါသည်။ သို့သော် လီဟမ်ရှန်းလိုမျိုး ပါရမီရှင်အတွက်တော့ သီးသန့်ထိုင်ပြီးတော့ ကျင့်ကြံနေစရာ မလိုပါ။ သူက အတွင်းအားများကို မူလအဆင့် အတွင်းအားများ အဖြစ်သို့ အလိုအလျောက်ပင် ပြောင်းလဲနိုင်စွမ်း ရှိပါသည်။

သို့သော် လီဟမ်ရှန်းအတွက် အနည်းငယ် ဒုက္ခရောက်နေခြင်းမှာ လီဟမ်ရှန်း၏ ခန္ဓာကိုယ် ကျင့်ကြံခြင်းသည် အလွန်အမင်း စွမ်းအား ကြီးနေခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်အတွင်းတွင် သိုလှောင်ထားရသည့် အတွင်းအားများသည် သာမန် ကျင့်ကြံသူ တစ်ဦး၏ အတွင်းအားများထက် အဆတစ်ရာခန့် ပိုမိုများပြားလှပါသည်။

သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိသော သာမန်အတွင်းအားများသည် မူလအတွင်းအားများ အဖြစ်သို့ ပြောင်းလဲရန်အတွက် နှုန်းထားမှာ အလွန်အမင်းကို နှေးကွေးလွန်းလှပါသည်။ လီဟမ်ရှန်း၏ တွက်ချက်မှု အရတော့ တံခါးပိတ် ကျင့်ကြံစရာမလိုဘဲ အလိုအလျောက် မူလအဆင့်သို့ တက်ရောက်ရန်အတွက် အချိန်သုံးနှစ်ခန့်လိုမည်ဟု လီဟမ်ရှန်း တွက်ချက်မိပါသည်။

ဒါပေမဲ့ သုံးနှစ်က အရမ်းကို ကြာလွန်းပါသည်။ သုံးနှစ်ကြာပြီးသည့်နောက်တွင် အရာအားလုံးက အရမ်းနောက်ကျသွားမည် ဖြစ်သည်။ ထိုအချိန်ထိ လီဟမ်ရှန်း မစောင့်နိုင်ပါ။ မူလအဆင့်ကို မရောက်သေးသရွေ့ကတော့ စန်းယွမ်နယ်‌မြေကြီးမှာ လုံလုံခြုံခြုံနဲ့ နေနိုင်မှာ မဟုတ်ဘူး။

လီဟမ်ရှန်းက သူ့အတွက် အန္တရာယ်သည် အချိန်မရွေး ရောက်လာနိုင်သည်ကို ကောင်းကောင်းသိနေပါသည်။ မူလအဆင့်ကို အလျင်အမြန် ချိုးဖျက်ရန်အတွက် နည်းလမ်းရှိသည်ကိုလည်း သူသိပါသည်။ ထိုနည်းလမ်းများမှာ ရှားပါးသော ရတနာများကို ရှာဖွေပြီး မိမိ၏ အဆင့်တက်နိုင်ခြင်း အလျင်ကို မြန်ဆန်အောင် ပြုလုပ်ရခြင်းပင် ဖြစ်ပါသည်။ သို့သော် ယခုအချိန်တွင် သူသည် ထိုကဲ့သို့သော ရတနာများကို ရှာဖွေရန် မတတ်နိုင်ပါ။

ထိုရတနာမျိုးကို တစ္ဆေမြို့တော်၌ ရောင်းချလား ဆိုတာကိုလည်း လီဟမ်ရှန်း မသိပါ။ လီဟမ်ရှန်းကို စိတ်တိုစေသည့်အရာကတော့ တစ္ဆေမြို့တော်၌ သူနိုးထလာသည့်အချိန်တွင် သူပိုင်ဆိုင်ထားသမျှသော အရာများကို ဘယ်သူခိုးယူသွားလဲဆိုတာကို သူမသိခဲ့ပါ။ သူ့တွင် ရှိသမျှ မြောက်မြားစွာသော ငွေကြေးများနှင့် နဂါးသွေးအဆီအနှစ် ခြောက်စက်ပင်လျှင် အခိုးခံလိုက်ရပါသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး လီဟမ်ရှန်းက ကြီးကြီးမားမားကို စိတ်ဖိစီးနေခဲ့သည်။ ထိုအရာများသာ ရှိပါက မူလအဆင့်သို့ ချိုးဖျက်ခြင်းနှင့် သူ၏နေလ အင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ခြင်းတို့အတွက် လွန်စွာ လွယ်ကူမည် ဖြစ်သည်။

တောင်ဘက်လွင်ပြင်ဒေသ ဆုမိသားစု

ဆုမိသားစု တစ်ခုလုံးသည် လတ်တလောတွင် ဆုရှန်းချီ၏ ပြောင်းလဲမှုများကို မြင်ယောင်ပြီး အံ့အားသင့်နေကြပါတော့သည်။ လူတိုင်းက ဆုရှန်းချီသည် လွန်စွာ မောက်မာပြီး စိတ်ရှုပ်ထွေးပြီး သောင်းကျန်းနေမည်ဟုသာ ထင်ထားကြပါသည်။ သို့သော် သူ့ကို ကယ်တင်ပြီးသည့်အချိန်မှ စပြီး ဆုရှန်းချီ၏ စိတ်နေစိတ်ထားသည် ပို၍ တည်ငြိမ်လာခဲ့သည်။

အနည်းငယ်တော့ မောက်မာပြီး ဗရမ်းဗတာ လုပ်တတ်သေးသည် ဆိုသော်လည်း အရင်တုန်းကလောက် မဟုတ်တော့ပါ။ ဒါပေမဲ့ ဘယ်သူကမှ ဆုရှန်းချီကို သံသယ မဖြစ်ကြပါ။ အိပ်မက်ဝိဉာဉ်ကျောက်တုံးအတွင်း၌ ပိတ်လှောင်ခံရပြီးသည့်နောက်တွင် သူက ဘယ်လိုအရာတွေ ဖြတ်သန်းလာခဲ့လည်း ဆိုတာကို ဘယ်သူကမှ မတွေးနိုင်ခဲ့ကြပါ။

အိပ်မက်ဝိဉာဉ်ကျောက်တုံး၌ ပိတ်လှောင်ခံထားရပြီးသည်နောက်တွင် လူတစ်ယောက်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားသည်မှာ ပုံမှန်အတိုင်းပင် ဖြစ်ပါသည်။ နောက်ထပ် ရှိသေးသည်က ဆုရှန်းချီနှင့် အတူတူ ပြန်လာသော ဆုကျန်းမှာတော့ လုံးဝကို ရူးသွပ်သွားပြီး ထိန်းချုပ်၍ မရနိုင်ပါ။ ဆုမိသားစုက သမားတော် များစွာကို ဖိတ်ခေါ်ပြီး ပြသခဲ့သော်လည်း ဘယ်သူကမှ ပျောက်ကင်းအောင် မကုနိုင်ပါ။

ဆုကျန်းက နေ့တိုင်းပင်လျှင် ပါးစပ်မှ တတွတ်တွတ်ရွတ်နေပြီး သူဘာပြောနေလည်းဆိုတာကို ဘယ်သူကမှလည်း နားမလည်ပါ။ သူ၏နာမည်ကို တစ်စုံတစ်ဦးက အော်ခေါ်လိုက်သည်နှင့် ချက်ချင်းပင်လျှင် သတိအနေအထားနဲ့ ဖြစ်သွားပြီး မတ်မတ်ရပ်ကာ ပါးစပ်ကနေ အသံပြဲကြီးနှင့် အော်ကာ နိုင်ငံတော်သီချင်း ထဆိုပါတော့သည်။

ဆုကျန်းအတွက် အစားအစာများ ယူလာပေးသော အစေခံများအားလုံးသည် ဆုကျန်း၏ လုပ်ရပ်ကြောင့် စိတ်ရှုပ်ထွေးကုန်ကြပါတော့သည်။ သူ့အတွက် အစားအသောက်ပို့ပေးသည့်အချိန်တွင် ဆုကျန်းက အမြဲတမ်း အစိုးရကို ကျေးဇူးတင်ကြောင်းနှင့် ထောင်ပိုင်များကိုလည်း ကျေးဇူးတင်ကြောင်း စကားများကို စတင်၍ ရေရွတ်ပါတော့သည်။

ဆုရှီကျုံးသည်လည်း ဘာမှ မတတ်နိုင်ခဲ့ပါ။ သူက ချင်းလဲ့ဓားသခင် တည်ဆောက်ထားသည့် ကမ္ဘာကြီးက ဘယ်လိုကမ္ဘာကြီးလဲဆိုတာကို သိလိုသောကြောင့် ဆုရှန်းချီထံသို့ လာရောက်ကာ မေးမြန်းပါတော့သည်။ သို့သော် ဆုရှန်းချီ အစစ်အမှန်မှာတော့ သေဆုံးသွားပြီ ဖြစ်သည်။ လက်ရှိဆုရှန်းချီမှာ ဝူစန်းထောင်၏ ဝိဉာဉ်က အပိုင်သိမ်းထားသော ဆုရှန်းချီ ဖြစ်ပါသည်။

ဝူစန်းထောင်သည် အိပ်မက်ဝိဉာဉ်ကျောက်တုံးအတွင်း၌ ရှိသော လောကကြီးကို ကိုယ်တိုင် မကြုံတွေ့ဖူးသောကြောင့် ထိုနေရာတွင် ဘယ်လိုမျိုး ဖြစ်‌နေတယ်ဆိုတာကို သူမသိပါ။ ဆုရှီကျုံးက အိပ်မက်ဝိဉာဉ်ကျောက်တုံးအတွင်းမှ အခြေအနေများကို လာမေးသည့် အချိန်တိုင်း ဝူစန်းထောင်က အသံပြဲကြီးနှင့် အော်ပြီး ကုတင်ပေါ်၌ ပစ်လှဲချကာ သတိမေ့ကာ ပါးစပ်မှလည်း အမြုတ်ထွက်ပြီးတတ်သွားဟန်ဆောင်လေ့ ရှိပါသည်။

ဆုရှီကျုံးကလည်း ထိုဖြစ်ရပ်များက ခဏခဏဖြစ်လာသောကြောင့် အလွန်တရာ ကြောက်လန့်သွားပြီး အိပ်မက်ဝိဉာဉ်ကျောက်တုံးနှင့် ပတ်သက်ပြီး ထပ်မံ၍ မမေးမြန်းတော့ပါ။

လူအိုကြီးက လုံးဝ ရူးသွားပြီ..။ လူငယ်လေးကလည်း ရူးခါနီးနေပြီ။ ထို့အပြင် ဆုရှန်းချီ၏ စိတ်နေစိတ်ထား ပြောင်းလဲမှုကလည်း ဆုမိသားစု၏ အကြီးအကဲများကို လွန်စွာမှကို စိတ်ကျေနပ်စေပါသည်။

သူတို့သည့် ဆုရှန်းချီ၏ သောင်းကျန်းမှုများ မရှိသောကြောင့် ငြိမ်ငြိမ်ဆိတ်ဆိတ်နေပြီး ကောင်းမွန်စွာ ကျင့်ကြံနိုင်ပြီဖြစ်သည်။ ထို့အပြင် ဆုရှန်းချီမှာလည်း အရင်တုန်းကနှင့် မတူဘဲ တည်ငြိမ်ပြီး ကျင့်ကြံနေသည်။ စိတ်နေစိတ်ထားမှာလည်း တည်ငြိမ်နေခဲ့၏။

ထို့အပြင် မိသားစုနှင့်ပတ်သက်သော ကိစ္စဝိစ္စများတွင်လည်း အကြံဉာဏ်များ ဝင်ရောက်ပေးကာ ဆွေးနွေးပေးလေ့ရှိပါသည်။ ထိုလုပ်ရပ်များအားလုံးသည် ဆုမိသားစု၏ အကြီးအကဲများက ဆုရှန်းချီအား လွန်စွာ သဘောကျ နှစ်ခြိုက်နေခဲ့ပါသည်။ ယခုအချိန်တွင်တော့ ဝူစန်းထောင်သည် ဆုမိသားစု၏ အရင်းအမြစ်များ အားလုံးပေးအပ်ကာ လေ့ကျင့်ပေးထိုက်သူ တစ်ဦး ဖြစ်လာခဲ့၏။

ဝူစန်းထောင်နောက်သို့ လိုက်နေကြသော နောက်လိုက်များစွာလည်း ယခုအချိန်တွင် စတင်၍ ရှိလာခဲ့ပါသည်။ ဝူစန်းထောင်ကို စံအိမ်တစ်အိမ် ပေးထားပြီး စံအိမ်နံဘေးတွင်လည်း ရေကန်ကြီး တစ်ခု ရှိပါသည်။ ယခုအချိန်တွင်တော့ ဝူစန်းထောင်က ရေကန်၏ ကမ်းစပ်တွင် ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်ပြီး ငါးမျှားနေခဲ့ပါသည်။

စန်းယွမ်နယ်မြေကြီးတစ်ခု၌ ဖြစ်ပျက်နေသော အရာများအားလုံးကို ဝူစန်းထောင်ကလည်း သတင်းကြားပါသည်။ ယခုအချိန်တွင် သူစိတ်အပူဆုံးလူက လီဟမ်ရှန်းပင် ဖြစ်သည်။ လီဟမ်ရှန်း ပျောက်ကွယ်ပြီးကတည်းကိုက ယခုထက်ထိ ဘာသတင်းမှ မကြားရပါ။

သူက လီဟမ်ရှန်းနှင့်ပတ်သက်သော သတင်းများ ရရှိစေရန်အတွက် လူများစွာကို လွှတ်ခဲ့သော်လည်း ဘာသတင်းမှ မရခဲ့ပါ။ လီဟမ်ရှန်းနှင့် ပတ်သက်သော ဘာသတင်းမှ မရခဲ့ခြင်းကလည်း သတင်းကောင်းတစ်ခုပင် ဖြစ်သည်။ အဓိပ္ပာယ်မှာ ယခုအချိန်ထိ လီဟမ်ရှန်းက လွတ်မြောက်နေဆဲပင် ဖြစ်ပါ၏။ ဘယ်သူကများ အခြေအနေ တည်ငြိမ်နေရာကနေ ယခုလိုမျိုး ချက်ချင်းကြီး ပြောင်းလဲသွားမယ်လို့ ထင်ခဲ့မိမှာလဲ..။

“အစ်ကိုချီ... ငါးမျှားနေတာလား”

ထိုအခိုက်တွင် ဝူစန်းထောင်၏ နောက်သို့ လူငယ်လေးတစ်ဦး ရောက်လာခဲ့သည်။

“မင်းက ဒီကို ဘာလာလုပ်တာလဲ”

ထိုသူ့ကို ကြည့်ပြီးနောက်တွင် ဝူစန်းထောင်က ပြန်မေးလိုက်သည်။ ထိုသူ၏ နာမည်မှာ ဆုကျိုးဟု ခေါ်ပါသည်။ သူကလည်း ဆုမိသားစု၏ တိုက်ရိုက်တပည့် တစ်ယောက်ပင် ဖြစ်သည်။ သို့သော် သူ၏ခွန်အားမှာ သာမန်ပင် ဖြစ်၏။ သူသည် ဆုမိသားစု၏ မြင့်မြတ်သားတော်နေရာကို ယှဉ်ပြိုင်ရန်အတွက် လုံလောက်သော ခွန်အား မရှိခဲ့ပါ။

ထို့အပြင်သူက ရည်မှန်းချက်လည်း မရှိဘဲ တစ်နေ့ တစ်နေ့ ဆော့ကစားနေခြင်းဖြင့်သာ အချိန်ဖြုန်းနေခဲ့၏။ ဆုမိသားစု၏ အကြီးပိုင်းလူများသည် ဆုကျိုးကို မျှော်လင့်ချက် လုံးဝ မထားတော့ပါ။ သူတို့နှစ်ယောက်ကလည်း အဆက်အဆံ သိပ်မရှိကြပါ။ သို့သော် ဆုကျိုးက ယနေ့၌ သူ့ကို လာရှာခြင်းကြောင့် ဝူစန်းထောင်သည် တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားနေခဲ့ရသည်။

“ဟား ဟား.... ဒီနေ့ကျုပ်က လုပ်စရာမရှိလို့ အစ်ကိုချီဆီကိုလာပြီးတော့ ငါးလာမျှားတာပါ”

ထိုသို့ပြောရင်းနှင့် ဆုကျိုးသည် ငါးမျှားတံတစ်ချောင်းကို ကောက်ယူလိုက်သည်။ ငါးမျှားနေရင်းနှင့် ဆုကျိုးသည် ဝူစန်းထောင်အား သူတို့ငယ်စဉ်တုန်းက ဖြစ်ပျက်ခဲ့သော အရာများကို ပြန်ပြောင်းပြောဆိုနေခဲ့သည်။ ဝူစန်းထောင်၏ စိတ်က သတိတရားများ နိုးကြားလာခဲ့၏။

ဖြစ်နိုင်တာက ဆုကျိုးက သူနဲ့ပတ်သက်ပြီး တစ်ခုခု မူမမှန်တာကို သိသွားပြီး လာစမ်းသပ်တာများလား။ စန်းယွမ်ခန်းမတွင် ဆုရှန်းချီနှင့် ပတ်သက်သော အချက်အလက်များကို ရရှိခဲ့သည်မှာ မှန်သော်လည်း အချက်အလက်များမှာ လွန်စွာမှကို အသေးစိတ်ကျသည့်တိုင် ငယ်ရွယ်စဉ်တုန်းက ဖြစ်ပျက်ခဲ့သော အရာများအားလုံးက မှတ်တမ်းထဲတွင် မပါဝင်ခဲ့ပါ။

ထို့ကြောင့် ဝူစန်းထောင်သည် ဆုကျိုးနှင့် စကားပြောနေသော အခါ၌ အလွန်အမင်း သတိထားနေခဲ့ပါသည်။ သူသည် စန်းယွမ်ခန်းမမှ ရရှိခဲ့သော အချက်အလက်များတွင် ပါဝင်သည့်ကိစ္စများကို တိကျစွာ ပြောပြီး သူမသိသော ကိစ္စများကိုတော့ ယောင်ဝါးဝါးသာ ဖြေခဲ့ပါသည်။ သူတို့နှစ်ဦးသည် နာရီဝက်ခန့်ကြာအောင် စကားပြောဆိုပြီးသည့်နောက်တွင် ဆုကျိုးက ပြုံးရင်း ပြောလိုက်၏။

“အစ်ကိုချီ.. လီယွင်ကို မှတ်မိသေးလား..”

“လီယွင် ဟုတ်လား..”

ဝူစန်းထောင်သည် စန်းယွမ်ခန်းမမှ ရရှိသော အချက်အလက်များ အားလုံးကို ပြန်တွေးခဲ့သည်။ သို့သော် လီယွင်ဟူသော အမည်နှင့် လူတစ်ယောက်မှ အချက်အလက်ထဲတွင် မပါခဲ့ပါ။ ရုတ်တရက် ဝူစန်းထောင်သည် ဆုကျိုး၏ အဓိက ရည်ရွယ်ချက်မှာ ထိုမေးခွန်းဆိုသည်ကို သတိပြုမိလိုက်သည်။

အစပိုင်းတွင် ပြောနေခဲ့သော အရာများသည် ယခုမေးခွန်းကို မေးလိုသောကြောင့် စကားလမ်းကြောင်း ခင်းနေခဲ့ခြင်းပင် ဖြစ်သည်။ ဒါပေမဲ့ လီယွင်ဆိုတာက ဘယ်သူများလဲ..။

“လောလောဆယ်တော့ ငါမမှတ်မိဘူး..”

ဝူစန်းထောင်က မရေမရာ ဖြေလိုက်သည်။

“အဲ့လိုလား.. “

ဆုကျိုးက အပြုံးနှင့် ပြောလိုက်သည်။

“အဲ့အချိန်တုန်းကတော့ ဒီကောင်က ကျုပ်တို့ ဆုမိသားစုမှာ အစောင့်တစ်ယောက်အနေနဲ့ အလုပ်လုပ်တယ်လို့ ပြောတယ်။ ပြီးတော့ တစ်ကြိမ်တုန်းကတော့..”

ဆုကျိုးက စတင်၍ လီဟမ်ရှန်း ပြောပြခဲ့သော ဇာတ်လမ်းကို ပြောပြလိုက်သည်။ ထို့နောက်တွင် ဝူစန်းထောင်၏ အမူအရာကို အကဲခတ်နေခဲ့၏။ ဝူစန်းထောင်က တိတ်တဆိတ် နားထောင်နေခဲ့သည်။ သို့သော် သတင်းအချက်အလက်ထဲတွင် ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး လုံးဝ မပါဝင်ခဲ့ပါ။

ဒါပေမဲ့ ရုတ်တရက် ထိုဇာတ်လမ်းသည် ရင်းနှီးနေသလို သူခံစားနေခဲ့ရသည်။

“ဟား..ဟား ကောင်လေး ငါကလည်း မူဟိုင်ဖုန်းတောင်ရဲ့ တပည့်ပဲလေကွာ..။ မင်းငါ့ကို အခုချိန်ကစပြီးတော့ စီနီယာအစ်ကိုလို့ ခေါ်လိုက်တော့..။ မူဟိုင်ဖုန်းတောင်မှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်တာနဲ့ ငါ့နာမည်ကိုသာ ပြောလိုက်... ငါက မင်းကို ကာကွယ်ပေးမယ်။

ဟ သူက တောင်သခင်ရဲ့ တိုက်ရိုက်တပည့်လား.. “

အတိတ်တုန်းက ဖြစ်ရပ်များကို ပြန်တွေးပြီးသည့်နောက်တွင် ဝူစန်းထောင်၏ မျက်ဝန်းများသည် အရောင်တောက်ပသွားသည်။ ထိုဖြစ်ရပ်သည် လီဟမ်ရှန်းနှင့် သူ ပထမဦးဆုံးအကြိမ် ဂိုဏ်း၌ တွေ့စဉ်အခါက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပင် ဖြစ်သည်။ ထိုအချိန်တုန်းက မျောလွင့်ပုံရိပ်ခန်းမ၏ အရှေ့တွင် သူက လီဟမ်ရှန်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ခဲ့သည်။

ထိုအချိန်က သူသည် လီဟမ်ရှန်းကို တပည့်အသစ်ဟု ထင်ခဲ့ပြီး သူ့လက်အောက်သို့ ဝင်ရန်အတွက် ပြောပြခဲ့ဖူးသည်။ နောက်ပိုင်းတွင်တော့ လီဟမ်ရှန်းသည် သူ့ထက် အဆင့်မြင့်သော တိုက်ရိုက်တပည့်ဖြစ်နေသည်ကို အံ့အားသင့်စွာဖြင့် သူသိခဲ့ရပါတော့သည်။ ယခုတွင် ဆုကျိုးပြောပြသော ဇာတ်လမ်းမှာလည်း ထိုဖြစ်ရပ်နှင့် အတိအကျနီးပါးကို တူညီနေခဲ့သည်။

“လီယွင်...ဟုတ်လား..။အဲ့ဒီလူက ရှိခဲ့လား..။”

ဆုကျိုးက ဝူစန်းထောင်၏ အမူအရာကို အကဲခတ်ကာ မေးလိုက်သည်။

“ကျုပ်က စစ်သားတွေ ပြောနေတဲ့စကားကို ကြားလို့ပါ။ အဲ့တာနဲ့ စိတ်ဝင်စားပြီးတော့ ဒီအတိုင်းလာပြောမိတာပါ။”

“အဲ့ဒါ အမှန်ပဲ..”

ဝူစန်းထောင်က ပြုံးရင်းနှင့် ပြောပြလိုက်သည်။

“အဲ့အချိန်တုန်းက ငါက ဒီလူ့ကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့တောင် တွေးခဲ့မိသေးတယ်”

“အဲ့လိုကိစ္စမျိုး တကယ်ရှိခဲ့တာလား”

ဆုကျိုးက အံ့အားသင့်သွားသည်။

“အမှန်ပဲ..လီယွင်ကိုတော့ ငါကောင်းကောင်းကြီးကို မှတ်မိပါတယ်..။ သူက လုပ်ရည်ကိုင်ရည်ရှိတဲ့ ကောင်လေးတစ်ယောက်ပဲ..။ ဘာလို့လဲ..သူနဲ့ပတ်သက်ပြီးတော့ သတင်းတစ်ခုကို မင်းကြားလို့လား”

ဝူစန်းထောင်က ပြန်မေးလိုက်သည်။

“မဟုတ်ပါဘူး. တခြားလူတွေက အဲ့အကြောင်းကို ပြောနေတာကို ဒီအတိုင်းပဲ နားစွန်နားဖျား ကြားမိရုံပါ”

ဆုကျိုးက ပြုံးရင်းနှင့် ပြောလိုက်သည်။ ထို့နောက်မှ သူသည် စကားနည်းနည်း ဆက်ပြော၏။ ထို့နောက်တွင်တော့ ဆုကျိုးသည် အကြောင်းပြချက် တစ်ခုရှာကာ ပြန်သွားခဲ့ပါတော့သည်။ ဝူစန်းထောင်က ဆုကျိုး၏ ထွက်ခွာနေသော ပုံရိပ်ကို ကြည့်လိုက်၏။ ထိုအချိန်တွင်တော့ သူသည် သူ့နှလုံးသားထဲ၌ ပို၍ သေချာနေခဲ့သည်။

တစ်စုံတစ်ဦးသည် လီဟမ်ရှန်းကို ရှာတွေ့နေပြီ ဖြစ်သည်။ သို့သော် ထိုသူသည် လီဟမ်ရှန်း၏ သရုပ်မှန်ကို မသေချာသောကြောင့် တောင်ဘက်လွင်ပြင်ဒေသရှိ ဆုမိသားစု အထိကိုပါ ရောက်လာကာ လီဟမ်ရှန်း ပြောပြသော ဇာတ်လမ်းကို သေချာအောင် စုံစမ်းရခြင်းပင် ဖြစ်မည်။

" စီနီယာအစ်ကို...လောလောဆယ် ကျုပ်ဒီလောက်ပဲ ကူညီပေးနိုင်ဦးမယ်...ကိုယ့်ကိုယ်ကို ဂရုစိုက်မှ ရမယ်နော်.."

ဝူစန်းထောင်က လွန်စွာ လေးနက်စွာဖြင့် ရေရွတ်လိုက်ပါတော့၏။

All Chapters