အခန်း (၄၄၈)
Vol. 37 Ch. 448
ဝူစန်းထောင်သည်လည်း လီဟမ်ရှန်းဘယ်ရောက်နေလဲဆိုတာကို သိချင်နေသည်။ ထိုမှသာ သူက ကူညီပေး၍ ရမည် ဖြစ်သည်။ ဒါပေမယ့် အခုချိန်မှာ သူက ထိုမေးခွန်းကိုမမေးသင့်သည်ကို ဝူစန်းထောင်သိပါသည်။
ဆုကျိုးက တစ်စုံတစ်ဦး၏ လာဘ်ထိုးငွေကို လက်ခံပြီး သူ့အား ထိုအကြောင်းကိုမေးခြင်းပင်ဖြစ်မည်။ သူက ဘာလို့ ဒီမေးခွန်းကိုမေးရလဲ ဆိုတာကိုပင် သိချင်မှ သိပေလိမ့်မည်။ထိုသဲလွန်စနောက်ကို သူက လိုက်စုံစမ်းလိုက်ပါက လီဟမ်ရှန်းကို ဒုက္ခရောက်စေမည်ကို စိုးရွံ့ပါသည်။
ထို့ကြောင့် ဝူစန်းထောင်သည် သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ပြီးနောက်တွင် လီဟမ်ရှန်းက အန္တရယ်ကျရောက်နေသော အခြေအနေမှ ဘေးကင်းသည့်အခြေအနေသို့ပြောင်းပြန်လှန်နိုင်မည်ဟု မျှော်လင့်နေခဲ့မိပါသည်။
နောက်တနေ့မနက်စောစောတွင် လီဟမ်ရှန်းက အိပ်ရာမှ နိုးလာသည့်အချိန်တွင် အပြင်မှ ဆူညံပွက်လောရိုက်နေသော အသံများကို ကြားလိုက်ရပါတော့သည်။
"ဘာဖြစ်တာလဲ"
လီဟမ်ရှန်းသည် အပြင်သို့ထွက်ပြီးနောက်ကြည့်လိုက်ပါသည်။
"ခေါင်းဆောင်"
ဟွမ်လီက အလျင်အမြန်ပြေးလာပြီးနောက် အပြုံးနှင့်ပြောလိုက်၏။
"နိုးပြီလား မြို့အရှင်ပြန်ရောက်နေပြီ"
"မြို့အရှင် ပြန်ရောက်နေပြီ ဟုတ်လား"
လီဟမ်ရှန်းက အနည်းငယ် အံ့သြသွားသည် သူသည် မြို့အရှင်၏ အကြောင်းကို ဟုန်ရှန်းထံမှ ကြားခဲ့ဖူးသည်။
တစ္ဆေမြို့တော်၏ မြို့အရှင် အမည်သည် ရှုကျီအန်းဟုခေါ်သည်။ သူက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ သူသည် အတိတ်တုန်းက သာမန်တစ္ဆေမျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး ရွာငယ်လေးတစ်ရွာ၌ နေထိုင်ပါသည်။ ရှုကျီအန်းသည် ကျင့်ကြံရာ၌လည်း ပါရမီမပါပါ။ သူ၏ သက်တူရွယ်တူများက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ရောက်နေသော်လည်း သူသည် တက်လှမ်းခြင်းအဆင့်၏ တတိယအဆင့်တွင်သာပိတ်မိနေခဲ့သည်။
နောက်ပိုင်းတွင်တော့ သူ၏ တစ်ရွာလုံးကို သွေးတစ္ဆေမျိုးနွယ်ဝင်များက ရွာလုံးကျွတ်တိုက်ခိုက်ခဲ့သည်။ သူက အသက်ဘေးကို လုကာ ထွက်ပြေးပြီးနောက် ဆန်းကြယ်သော လှိုင်ဂူတစ်ခုထဲသို့ရောက်သွားခဲ့၏ ။ သူမမျှော်လင့်ခဲ့သည်က ထိုလှိုင်ဂူအတွင်းတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိနေခြင်းပင်ဖြစ်သည်။ ထို့နောက်တွင်တော့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှတစ်ဆင့် ရှုကျီအန်းသည် အဖြူအနက် လျှို့ဝှက်နယ်မြေသို့ရောက်သွားခဲ့ပါသည်။ ထိုနေရာသည် အလွန်အမင်းအန္တရာယ်များသော်လည်း အလွန်အမင်းကို အခွင့်အလမ်းကောင်းများနှင့် ပြည့်နှက်နေပါသည်။
နောက်ဆုံး၌ ရှုကျီအန်းသည် ကြီးမားလှသော အခွင့်အရေးတစ်ခုကို ရရှိခဲ့၏။ ထိုအခွင့်အရေးရရှိပြီးနောက်တွင် သူသည် အပြင်လောကသို့ ချက်ချင်းထွက်မလာဘဲ နှစ်ပေါင်းများစွာကြာသည်အထိ ကျင့်ကြံနေခဲ့သည်။
နောက်ပိုင်းတွင်တော့ ရှုကျီအန်းသည် အပြင်သို့ပြန်လည်ထွက်လာပြီးနောက်တွင် တစ္ဆေမြို့တော်ကို စတင်တည်ထောင်ခဲ့သည်။ သူက သူ၏ မွေးရပ်ဇာတိဖြစ်သော ရွာကို ရွာလုံးကျွတ်သတ်ဖြတ်ခဲ့သည့် သွေးတစ္ဆေမျိုးနွယ်ဝင်များကို အလွန်အမင်း မုန်းတီးသည်။ လက်စားလည်း ပြန်ချေခဲ့သည်။
အဖြူအနက် လျှို့ဝှက်နယ်မြေ၌ သူရရှိခဲ့သော အမွေအနှစ်သည် လူသားမျိုးနွယ်မှ အမွေအနှစ်ဖြစ်သောကြောင့် သူသည် တိမ်ကန္တာရနယ်မြေ တစ္ဆေမြို့တော်၌ အမွေအနှစ်ကျေးဇူးကို ပြန်ဆပ်လိုသော စိတ်ထားကြောင့် လူသား မျိုးနွယ်ဝင်များကိုလည်း ကြည့်ရှုစောင့်ရှောက်ခဲ့ပါသည်။ သို့သော် သွေးတစ္ဆေမျိုးနွယ်ဝင်များကိုတော့ လုံးဝအလွတ်မပေးခဲ့ပါ။
ယခုတစ်ကြိမ်တွင် ရှုကျီအန်းသည် မြို့အပြင်သို့ ထွက်သွားပြီး တစုံတခုကို သွားလုပ်ခြင်းဖြစ်သည်။ ဘာသွားလုပ်လဲဆိုတာကို ဘယ်သူမှ မသိပါ။ သူပြန်ရောက်ပြီဖြစ်သောကြောင့်သူ့လက်အောက်တွင်ရှိသော စစ်သူကြီးသုံးဦးကလည်း ခပ်မြန်မြန်ပင် သွားရောက် နှုတ်ဆက်ခဲ့၏။
"လီယွင်"
ထိုအခိုက်တွင် အပြင်မှ အသံတစ်သံထွက်လာသည်။ ထို့နောက် ဟုန်ရှန်းက လီဟမ်ရှန်းရှိရာနေရာသို့ ဝင်ရောက်လာခဲ့သည်။
"ခေါင်းဆောင်"
လီဟမ်ရှန်းက လက်ယှက်ကာ အရိုအသေပေးလိုက်သည်။ ကျန်သော ခေါင်းဆောင်များသည် ဟုန်ရှန်းကို မြင်သည်နှင့် ဒူးထောက်ကာ အရိုအသေပေးရသည်။ ဒါပေမယ့် လီဟမ်ရှန်းက ထိုသို့လုပ်ရန်မလိုအပ်ပါ။
"ဟားဟားဟားဟား ...မင်းကတော့ ကံကောင်းတော့မှာပဲကောင်လေးရေ"
ဟုန်ရှန်း သည် လီဟမ်ရှန်း နားသို့ရောက်လာပြီး ပုခုံးကို တစ်ဖြတ်ဖြတ်ပုတ်ကာ ပြောလိုက်၏။ လီဟမ်ရှန်းသည် ဟုန်ရှန်းအားမေးခွန်းထုတ်နေသော အကြည့်ဖြင့်ကြည့်လိုက်၏။ ဟုန်ရှန်းက ပြုံးရင်းပြောလိုက်သည်။
"မြို့အရှင်ပြန်လာပြီကွ စစ်သူကြီးသုံးဦးက မြို့အရှင်ကိုသွားတွေ့ပြီးတော့ လတ်တလောတစ္ဆေမျိုးနွယ်မှာ ဖြစ်နေခဲ့တဲ့ ကိစ္စတွေကို သွားတင်ပြတယ်။ မြို့အရှင်ကလည်းအရင်းအမြစ်တွေနဲ့ပက်သက်ပြီးတော့ အချက်အလက်တွေကို ဖတ်ရှုနေတယ် မင်းလုပ်သမျှ ကောင်းကျိုးတွေ အကုန်လုံးမြို့အရှင် နားထဲပြန်
ရောက်မှာပဲ နောက်ပိုင်းကျရင် မြို့အရှင်က မင်းကိုရက်ရက်ရောရော ဆုချလိမ့်မယ်ကွ"
"ဒီလိုမျိုးကြီးကြီးမားမားတွေ ဆောင်ရွက်နိုင်တယ်ဆိုတာက ခေါင်းဆောင်ဟုန်ရဲ့ ညွှန်ပြမှုတွေကြောင့်ပါပဲ"
လီဟမ်ရှန်းက ပြုံးရင်းပြောလိုက်သည်
"ဟားဟား"
မြို့အရှင်က ဒီနေ့ည စားသောက်ပွဲတစ်ခုကျင်းပလိမ့်မယ်။ တပ်မှူးတယောက်ဖြစ်တဲ့မင်းကလည်း အဲ့စားသောက်ပွဲကို တက်ရောက်ရလိမ့်မယ် အဲ့အချိန်ကျရင် မြို့အရှင်က မင်းကို ဆုချီးမြင့်လိမ့်မယ်လို့ ငါထင်တာပဲကွ"
ဟုန်ရှန်းသည် လီဟမ်ရှန်း ၏ ဂုဏ်ကို ထပ်မံ၍ ပုတ်သတ်လိုက်ပြီးနောက် အပြုံးနှင့်ပြောလိုက်သည်။
"ကောင်းတယ်"
လီဟမ်ရှန်းကခေါင်းညိမ့်ပြလိုက်၏။ သို့သော် စိတ်ထဲတွင်တော့ အနည်းငယ်ကြောက်ရွံ့နေသည်။
မြို့အရှင်သည် အပြင်လောကသို့ထွက်သွားသည်မှာ ကြာပြီဖြစ်သည်။ အပြင်လောကရှိ တခြားနေရာများတွင် သူ၏ ပုံတူပန်းချီကားကို တွေ့ကောင်းတွေ့ခဲ့လိမ့်နေမည် မြို့အရှင်သာ သူ၏ ပုံတူပန်းချီကားကို တွေ့ခဲ့ပြီး သူ့ကို မှတ်မိနေပါက မြို့အရှင်ကို သွားတွေ့ခြင်းသည် ကိုယ့်ကိုကိုယ် သတ်သေခြင်းနှင့်မခြားပါ
ထို့ကြောင့် လီဟမ်ရှန်းသည် ဤ အခြေအနေအကျပ်အတည်းမှ လွတ်မြောက်အောက် ဘယ်လိုလုပ်ရမလဲလို့ တနေကုန်စဥ်းစားနေခဲ့သည်။ ထွက်ပြေးရမလား ဘယ်ကို ထွက်ပြေးရမလဲ ။ သူသာ တစ္ဆေမြို့တော်မှ ထွက်ပြေးပါက အပြင်လောကတွင် ခပ်ကြာကြာ အသက်ရှင်နိုင်မည်မဟုတ်ပါ။သူအဖမ်းခံလိုက်ရပါက ကျိန်းသေကို သေမည်ဖြစ်သည်။
လောလောဆယ်တော့ မြို့အရှင်က သူ၏ ပုံတူပန်းချီကားကိုမမြင်ဖူးပါစေနဲ့လို့သာ ဆုတောင်းရန်သာရှိသည်။
ညသို့ရောက်ပြီ..
မြို့အရှင် စံအိမ်တော်၌ စားသောက်ပွဲကားကျင်းပနေပါသည်။ ယင်းမှာ မြို့အရှင်က အပြင်ထွက်ရာမှပြန်လာပြီးတိုင်း ပြုလုပ်နေကျ အခမ်းအနား တစ်ခုပင်ဖြစ်၏။ လီဟမ်ရှန်း သည် စားသောက်ပွဲသို့ ပထမဦးဆုံးတက်ရောက်ခြင်းလည်းဖြစ်ပါသည်။ သူသည် ဟုန်ရှန်း၏ နောက်သို့လိုက်လာပြီး မြို့အရှင် စံအိမ်တော်ရှိ ကျယ်ပြန့်လှသော ရင်ပြင် တစ်ခုရှေ့သို့ရောက်လာခဲ့သည်။
ရင်ပြင်ကျယ်ကြီး၌ စားပွဲများချထားသည်။ ညစာစားသောက်ရန် စားပွဲများ ပြင်ဆင်ထားပါသည်။
စစ်သူကြီးသုံးဦးမှာ သက်ဆိုင်ရာ စားပွဲ၌ ထိုင်နေပြီးဖြစ်၏။ စစ်သူကြီး သုံးဦးကို ဝန်းရံပြီး ထိုင်နေသည့်နေရာတွင်တော့ လက်အောက်တွင်ရှိသော ခေါင်းဆောင်များ၏ စားပွဲဝိုင်းများရှိပါသည်။ ခေါင်းဆောင်များ၏ စားပွဲဝိုင်းအနောက်တွင်တော့ တပ်မှူးများ၏ စားပွဲများရှိပါသည်။ သူတို့နှင့်အတူ ခေါ်ဆောင်လာသော စစ်သားများကတော့ မတ်တပ်ရပ်ကာ အစောင့်အကြပ်တာဝန်ကို ထမ်းဆောင်နေရသည်။ သူတို့ကတော့ စားသောက်ပွဲ၌ ဝင်ရောက်စားသုံးရန် အရည်အချင်းမပြည့်မီပါချေ။
လီဟမ်ရှန်း ကလည်း အခြားသော စစ်သူကြီးနှစ်ဦးကိုမြင်လိုက်ရသည်။ စစ်သူကြီးတဲကောင်းအပြင် အသစ်ရောက်ရှိနေသော စစ်သူကြီးနှစ်ဦးကလည်း ပြင်းထန်လှသော ဖိအားများထုတ်လွှတ်နေခဲ့၏ ။
စစ်သူကြီးတစ်ဦးသည် လွန်စွာ ဝတုတ်သော လူတစ်ယောက်ဖြစ်ပြီး ကျဥ်းမြောင်းသော မျက်ဝန်းများရှိ၏။ ထိုမျက်ဝန်းကျဥ်းကျဥ်းလေးများထံမှ ပြင်းထန်လှသော ဖိအားများက ထွက်ပေါ်နေခဲ့သည်။
နောက်ဆုံးစစ်သူကြီးမှာ အမျိုးသမီးတစ်ဦးဖြစ်၏။ သို့သော် အလွန်အမင်း အိုမင်းနေခဲ့ပြီဖြစ်သည်။ သူမ၏ ဦးခေါင်းထက်တွင်တော့ နတ်ဆိုးများကဲ့သို့ ဂျိုနှစ်ချောင်းထွက်နေခဲ့သည်။ သူမ၏ မျက်ဝန်းများတွင်တော့ တိုက်ခိုက်လိုစိတ်များနှင့်တောက်လောင်နေခဲ့သည်။
"ဝတုတ်နေတဲ့စစ်သူကြီးနာမည်ကို စစ်သူကြီး ဖန်လင်းလို့ခေါ်တယ် အမျိုးသမီးစစ်သူကြီးကတော့ စစ်သူကြီး ရှန်ကျောင်းလို့ခေါ်တယ်။ သူမက အထူးသွေးမျိုးဆက်ရှိတဲ့ တစ္ဆေမျိုးနွယ်ဝင်တယောက်ပဲ"
ဟုန်ရှန်းသည် လီဟမ်ရှန်း ၏ နားထဲသို့ အသံပို့လွှတ်ပြီး မိတ်ဆက်ပေးလိုက်သည်
လီဟမ်ရှန်း က ခေါင်းညိမ့်ပြီး ဘာမှမပြောပါ။ သူက တခြားသော တပ်မှူးများကိုကြည့်လိုက်သည်။ တပ်မှူးများ၏ ခွန်အားများသည် မတိမ်းမယိမ်းရှိသော်လည်း မူလအဆင့်တွင်သာရှိပါသည် လီဟမ်ရှန်း ကိုနားမလည်နိုင်သည်မှာ တပ်မှူးများက မူလအဆင့်၏ နှောင်းပိုင်းသို့ ရောက်မနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုမေးခွန်းကို လီဟမ်ရှန်းသည် ဟုန်ရှန်းအားမေးလိုက်သည်။
"ဘာလို့လဲဆိုတော့ မူလအဆင့်အနှောင်းပိုင်းရောက်တာနဲ့တပ်မှူးမလုပ်ရတော့ပဲ မြို့အရှင် လက်အောက်မှာတိုက်ရိုက်တာဝန်ထမ်းဆောင်ရတယ်လေ လောလောဆယ် ဆရာသခင်အဆင့်က မြို့အရှင်လက်အောက်မှာ ခုနစ်ယောက်ရှိတယ်"
"အော် အဲ့လိုကိုး"
လီဟမ်ရှန်းက ထိုအချိန်မှသာ သတိပြုမိသွားသည်။ညစာစားပွဲက မစသေးပါ စစ်သူကြီးသုံးဦးက တစုံတခုကို ဆွေးနွေးနေကြသည်။ သို့သော် စစ်သူကြီးများ၏ လက်အောက်တွင်ရှိသော တပ်မှူးများကြားတွင်တော့ လေးနက်စွာ ဖိအားတစ်ခုရှိနေခဲ့သည်။ တပ်မှူး ဆယ့်နှစ်ယောက်ရှိနေခဲ့သည်။ အပြိုင်အဆိုင်များလည်းရှိကြ၏။ တပ်မှူးများကြားတွင် တယောက်နှင့်တယောက် မသိကြပေ။
လီဟမ်ရှန်း ကလည်းသူတို့ကို မသိပါ။ သူက အခြားသောစစ်သူကြီးလက်အောက်မှ တပ်မှူးများကိုမသိသည့်အပြင် ဟုန်ရှန်း၏ လက်အောက်မှ တပ်မှူးများကိုလည်း မသိပါ။ ထို့ကြောင့် သူသည် မျက်လုံးမှိတ်ကာ ကျင့်ကြံနေခဲ့သည်။ သို့သော် သူမျက်လုံးမှိတ်ပြီး တခဏအကြာတွင်တော့ သူ့အား စူးရှစွာ စိုက်ကြည့်နေသည်ကို ခံစားမိလိုက်သည်။
"လီယွင် အခုနောက်ပိုင်းမှာ မင်းရဲ့ အောင်မြင်မှုတွေက ကြီးမားတာကြောင့်မို့လို့ တချို့လူတွေက မင်းကို ပစ်မှတ်ထားပြီ"
ဟုန်ရှန်းက ပြုံးရင်းပြောလိုက်သည်။ ထိုစူးရှသော အကြည့်များသည် အခြားသောစစ်သူကြီးလက်အောက်မှ တပ်မှူးများထံမှ လာသည်ကို လီဟမ်ရှန်းသိလိုက်၏။ ဟုန်ရှန်း၏ စကားကိုကြားသော် လီဟမ်ရှန်းက မေးလိုက်သည်။
"ဒါဆိုရင် ကျုပ်ရဲ့ခွန်အားတွေကို ဝှက်ပြီးတော့ နှိမ့်ချပြီးနေသင့်လား"
"နှိမ့်ချပြီးနေမယ် ဟုတ်လား"
ဟုန်ရှန်းသည် လီဟမ်ရှန်း အား ထူးဆန်းစွာဖြင့်ကြည့်လိုက်သည်။ ထို့နောက်မှမေးလိုက်၏ ။
"မင်းက ဘာလို့နှိမ့်ချပြီးနေချင်တာလဲ အာဟုတ်သားပဲ ငါမေ့သွားတယ် မင်းက လူသားတယောက်ပဲ"
ဟုန်ရှန်းက ပြုံးရင်းပြောလိုက်သည်။ မင်းတို့လူသားမျိုးနွယ်တွေရဲ့ လောကမှာဆိုရင်တော့ နှိမ့်နှိမ့်ချချနေတာက ကိုယ့်ရဲ့အဆင့်အတန်းကို မြှင့်တင်ရာရောက်တယ် ဒါမယ့်အခုရောက်နေတာက တစ္ဆေမျိုးနွယ်ဝင်တွေရဲ့နေရာ တစ္ဆေမျိုးနွယ်ဝင်တွေမှာတော့ အလုပ်လုပ်ပုံက မတူဘူး တစ္ဆေမျိုးနွယ်ဝင်တွေမှာ ကိုယ့်ရဲ့ခွန်အားကိုပြနိုင်တာနဲ့ အကုန်လုံးက ကြောက်လန့်ပြီး ကိုယ့်ကိုမလေးမစားမလုပ်ရဲတော့ဘူး တစ္ဆေမျိုးနွယ်ဝင်တွေရဲ့ပုံစံက ခွန်အားကြီးတဲ့သူတွေကို ကိုးကွယ်တယ် အဲ့တာကြောင့် ကိုယ့်ခွန်အားကို နှိမ့်ချတာထက်ပြသထားတာ ပိုကောင်းတယ်"
ဟုန်ရှန်းက လီဟမ်ရှန်း ၏ မျက်လုံးများကို လေးနက်စွာ စိုက်ကြည့်ပြီးနောက် ထပ်မေးလိုက်သည်။
"ငါပြောတာကို ရှင်းလား"
"နားလည်ပါပြီ"
လီဟမ်ရှန်း သည် ထို့ကြောင့်သူ့ကို မကောင်းကြံသော အကြည့်နှင့် ကြည့်နေသော တပ်မှူးများကို မောက်မာသောအကြည့်နှင့် ချက်ချင်းပြန်ကြည့်လိုက်သည်။
သူ၏ မျက်လုံးမှအကြည့်က
ဟေ့ကောင် မင်း ဘာဖြစ်ချင်တာလဲ ချချင်လို့လား အခုထလာခဲ့ ဟူသော အဓိပ္ပါယ်သက်ရောက်ပါသည်။