အခန်း (၄၅၁)
Vol. 37 Ch. 451
ထိုအသံကို ကြားသော် လူတိုင်းသည် ဒုတိယအထပ်ကို မော့ကြည့်လိုက်သည်။ သို့သော် ပြောလိုက်သော် သူကိုတော့ သေချာမမြင်ရ။ သူတို့သည် မြို့အရှင် ရှုချီအန်း၏ အနောက်တွင် ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေသည်ကိုသာ တွေ့ရသည်။ မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရ။
“ယာယီမြို့အရှင်ကို ဂါရဝပြုပါတယ်”
လူတိုင်းက လက်ယှက်ကာ မတ်တပ်ထရပ်လိုက်ပြီး အရိုအသေပြုလိုက်သည်။ ယာယီမြို့အရှင်သည် တစ္ဆေမြို့တော်သို့ ရောက်သည်မှာ မကြာသေးချေ။ သို့သော် သူသည် အာဏာအများအပြားကို ကိုင်ဆောင်ထားသည်။ ရှုချီအန်းက မြို့တော်၌ မရှိသည့် အချိန်တွင် မြို့အရှင်စံအိမ်တစ်ခုလုံးနှင့် တစ္ဆေမြို့တော်နှင့် ပတ်သက်သမျှ အရာများအားလုံးကို ယာယီမြို့အရှင်က ကိုင်တွယ်ရသည်။
စစ်သူကြီး သုံးဦးပင်လျှင် ယာယီမြို့အရှင်၏ အမိန့်ကို နာခံရပါသည်။ မည်သူကမှ ထိုဆန်းကြယ်သော ယာယီမြို့အရှင်ကို မလေးမစား မပြုလုပ်ရဲပါ။ ထို့အပြင် ယာယီမြို့အရှင်ကို အလွန်တရာမှကို စွမ်းအားကြီးမားသော တစ်စုံတစ်ဦးက ကာကွယ်စောင့်ရှောက်နေပါသေးသည်။
“အားလုံးပဲ ထိုင်ကြပါ…”
ယာယီမြို့အရှင်က တည်ငြိမ်စွာ ပြောလိုက်၏။ ယာယီမြို့အရှင်၏ မျက်နှာကို သေချာမမြင်ရသော်လည်း လီဟမ်ရှန်းက ဆန်းကြယ်သော ခံစားချက်ကို ရရှိနေပါသည်။
“ယာယီမြို့အရှင် သူ့ကို ဘာဆုချသင့်တယ်လို့ ထင်လဲ”
ရှုချီအန်းက အနောက်သို့လှည့်ကာ ယာယီမြို့အရှင်ကို လှမ်းမေးလိုက်သည်။
“သူက လူငါးယောက်ကိုတောင် တပြိုင်တည်း တိုက်ခိုက်နိုင်တယ်။ ဒီလိုခွန်အားမျိုးက ငါတို့ တစ္ဆေမြို့တော်ကို ကြီးကြီးမားမား အားဖြစ်စေမှာပဲ..။ မြို့အရှင်တစ်ယောက်အနေနဲ့ မင်းက သူ့ကို ကောင်းမွန်တဲ့ ပစ္စည်းတွေ ဆုချသင့်တယ်”
ယာယီမြို့အရှင်က ပြုံးရင်းနှင့် ပြောလိုက်သည်။
“အဲ့ဒါ အမှန်ပဲ…”
ရှုချီအန်းကလည်း မငြင်းဆန်ခဲ့ပါ။ ထို့နောက်တွင် သူသည် သိုလှောင်လက်စွပ်အတွင်းမှ သေတ္တာ သေးသေးလေး တစ်လုံးကို ကောက်ထုတ်လိုက်၏။ ထို့နောက်တွင်တော့ ဒုတိယထပ်မှ လီဟမ်ရှန်းထံသို့ သေတ္တာလေးကို ပစ်ပေးလိုက်ပါသည်။ လီဟမ်ရှန်းက သေတ္တာကို လှမ်းဖမ်းလိုက်ရာ သေတ္တာ၏ အလေးချိန်မှာ လေးလံသည်ကို သူသတိထားမိလိုက်သည်။ ရှုချီအန်းက ပြုံးရင်း ပြောလိုက်၏။
“လီယွင် ဒါက မင်းအတွက် ဆုပဲ..။ ကောင်းကောင်း အသုံးချပါ”
“မြို့အရှင်ကို ကျေးဇူးတင်ပါတယ်”
လီဟမ်ရှန်းသည် အတွင်း၌ မည်သည့်အရာ ရှိသည်ကို ဖွင့်ရန်အတွက် အလျင်မလိုပါသေးချေ။ သူက သေတ္တာကို ကိုင်သာ ကိုင်ထားလိုက်သည်။ ဒါပေမဲ့ ထိုဖြစ်ရပ်က ရောက်ရှိနေတဲ့ လူတော်တော်များများကို လီဟမ်ရှန်းအား မနာလိုဖြစ်သွားစေခဲ့ပါသည်။
မြို့အရှင်ထံမှ တိုက်ရိုက် ဆုချီးမြှင့်ခံရခြင်းသည် အင်မတန် ဂုဏ်ယူရမည့် ဖြစ်ရပ်ပင် ဖြစ်ပါသည်။ သို့သော် ဘယ်သူကမှ လီဟမ်ရှန်းထံမှ ထိုပစ္စည်းကို မလုယူရဲပါ။ မြို့အရှင်ရှေ့တွင် သူဆုချသော ပစ္စည်းကို လုယူမိသည်နှင့် သေဒဏ်ပေးခံရမည် ဖြစ်ပါသည်။
“မြို့အရှင်ကတောင်မှ တန်ဖိုးကြီးတဲ့ ပစ္စည်းပေးလိုက်ပြီ ဆိုမှတော့ ငါလည်း ကပ်စီးနှဲနေလို့ မဖြစ်ဘူး…”
ထိုအခိုက်တွင် ယာယီမြို့အရှင်က စကားပြောလိုက်၏။
“မင်းက လှံသိုင်းကျင့်ကြံတဲ့သူဆိုတာကို ငါသတိထားမိတယ်။ ဒီလှံက သိပ်မကြာခင်တုန်းက ငါမတော်တဆ ရထားတာပဲ..။ လှံက သိပ်မဆိုးတာမို့လို့ မင်းကို ဆုအဖြစ်နဲ့ ငါချလိုက်မယ်။ ဒီလှံကို အသုံးပြုပြီးတော့ တစ္ဆေမြို့တော်ကို ကောင်းကောင်း ကာကွယ်ဖို့အတွက် ငါမျှော်လင့်တယ်”
ထိုသို့ ပြောပြီးနောက်တွင် ယာယီမြို့အရှင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ထက်မြလှသော လှံတစ်ချောင်းသည် လေထုကို ထိုးခွဲကာ လမ်းခင်း ကျောက်တုံးများကို အက်ကွဲကာ ထိုးစိုက်သွားခဲ့ပါသည်။ လူတိုင်း၏ မျက်လုံးများသည် လှံကို မြင်သော် အရောင်တောက်သွားသည်။
လှံသည် အလွန်အင်မတန်ကို ကောင်းမွန်လှပါ၏။ လှံ၏ ပုံစံသည် အပြင်းအထန် လွှမ်းမိုးနိုင်စွမ်း ရှိပြီး ကြည့်လိုက်သော လူတိုင်းကို မသိမသာ ဖိအားရသွားစေခဲ့သည်။
“ဒီလှံက ဘာလို့ အင်မော်တယ် အရှင်သခင်လှံနဲ့ အရမ်းတူနေရတာလဲ..”
တစ်ယောက်ယောက်က ပြောလိုက်၏။
“အင်မော်တယ် အရှင်သခင်လှံကို အရင်က မြင်ဖူးတယ်…။ ဒီလှံနဲ့ တော်တော်တူတာပဲ..။ ဖြစ်နိုင်တာက ဒီလှံက အင်မော်တယ် အရှင်သခင်လှံကို အတုယူပြီးတော့ ပုံစံတူအောင် ထုထားတာပဲ ဖြစ်ရမယ်လေ”
သို့သော် လီဟမ်ရှန်းကတော့ လှံကို မြင်သည်နှင့် ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်။ ထိုလှံမှာ သူ၏ အင်မော်တယ် ပုံဖော်ခြင်း လှံပင် ဖြစ်ပါသည်။ သူ၏ ပျောက်ဆုံးသွားသော အင်မော်တယ် ပုံဖော်ခြင်းလှံသည် ရုတ်တရက် သူ့ရှေ့သို့ ပြန်ရောက်လာသည် မဟုတ်ပါလား။ ဒါပေမဲ့ လီဟမ်ရှန်းက ချက်ချင်း ထိုလှံကို မဆွဲထုတ်ပါ။
သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ကြီးစိုးနေခဲ့သည်။ ယာယီမြို့အရှင်က ဘာအဓိပ္ပာယ်နဲ့ ဒါကို လုပ်လိုက်တာလဲ..။ ငါ့ရဲ့ အင်မော်တယ် ပုံဖော်ခြင်း လှံက သူ့ဆီ ဘာလို့ ရောက်နေရတာလဲ။ ပြီးတော့ အခုလိုအချိန်မှာ အင်မော်တယ် ပုံဖော်ခြင်းလှံကို ငါ့ကို ဘာလို့ပေးရတာလဲ..။ စမ်းသပ်ချက် တစ်ခုလား..။ ငါယူလိုက်ရင် ဘာဖြစ်မှာလဲ…။
ဆန်းကြယ်သော ယာယီမြို့အရှင်သည် သူဘယ်သူလဲဆိုတာကို သိနေသည်ဟု လီဟမ်ရှန်းက ခံစားနေခဲ့ရသည်။ ထိုခံစားချက်သည် လီဟမ်ရှန်းကို လွန်စွာမှကို ခက်ခဲစေခဲ့ပါသည်။
“ဘာလို့လဲ…မင်းမကြိုက်ဘူးလား”
ယာယီမြို့အရှင်က တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“မဟုတ်ပါဘူး…။ ကျုပ်အရမ်း ကြိုက်ပါတယ်..။ ယာယီမြို့အရှင်ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”
လီဟမ်ရှန်းက ရှေ့သို့ တိုးလိုက်ပြီးနောက်တွင် အင်မော်တယ် ပုံဖော်ခြင်းလှံကို ဆွဲယူလိုက်သည်။ အင်မော်တယ် ပုံဖော်ခြင်းလှံက သူ့လက်ထဲသို့ ရောက်သည်နှင့် တချက် တုန်ယီသွား၏။ ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို လီဟမ်ရှန်းက ပြန်ရလိုက်သည်။
အင်မော်တယ် ပုံဖော်ခြင်းလှံက သူ့လက်ထဲသို့ ပြန်ရောက်လာသည်နှင့် သူ၏ခွန်အားက အနည်းငယ် တိုးတက်သွားပြီဟု လီဟမ်ရှန်းက ခံစားလိုက်ရသည်။ ထိုလှံသည် သူနှင့် အချိန်တော်တော်ကြာမြင့်အောင် အတူရှိခဲ့သော လှံပင် ဖြစ်သည်မဟုတ်လား..။
“ကဲ… အဲ့ဒါဆိုရင် ဆက်ပြီးတော့ ပြိုင်ပွဲလုပ်တာပေါ့..။ သူ့ကို ဘယ်သူ စိန်ခေါ်ချင်သေးလဲ..”
မြို့အရှင်က တည်ငြိမ်စွာ မေးလိုက်သည်။ သို့သော် ယခုအချိန်တွင်တော့ ဘယ်သူကများ လီဟမ်ရှန်းကို မိုက်ရူးရဲ ပြီးတော့ စိန်ခေါ်ချင်မှာလဲ…။ လီဟမ်ရှန်းက ငါးယောက် တစ်ယောက်တောင် ချခဲ့တာလေ။ လီဟမ်ရှန်း၏ ခွန်အားက တပ်မှူးအဆင့် မဟုတ်တော့ဘဲနဲ့ ခေါင်းဆောင်အဆင့်တွေနဲ့တောင် တန်းညှိလို့ ရနေပြီ မဟုတ်ဘူးလား…။
လီဟမ်ရှန်းကို စိန်ခေါ်လိုက်ပါက မိမိကိုယ် မိမိ သတ်သေလိုက်တာနဲ့ မခြားပင် ဖြစ်ပေလိမ့်မည်။ စိန်ခေါ်သူ မရှိတော့သောကြောင့် လီဟမ်ရှန်းသည် မိမိ၏စားပွဲသို့ ပြန်သွားပြီး ထိုင်ချလိုက်သည်။ ညစာစားပွဲ ပြီးသည့်အချိန်ထိ ယာယီမြို့အရှင်ကို လီဟမ်ရှန်းမတွေ့တော့ပါ။ မိမိနေထိုင်ရာ နေရာသို့ ပြန်လာပြီးသည့်နောက်တွင် လီဟမ်ရှန်းသည် သိပ်၍ စိတ်မပူတော့ပါ။ ယာယီမြို့အရှင်က မည်သည့်လှုပ်ရှားမှုမှ မလုပ်လာသောကြောင့်ပင် ဖြစ်သည်။ ယခုအခြေအနေကို ကြည့်ရသည်မှာ ထိုသူသည် သူ၏သရုပ်မှန်ကို အမှန်တကယ် မသိတာလည်း ဖြစ်နိုင်တယ်..။
ဒါမှမဟုတ် သူ၏ သရုပ်မှန်ကို သိပြီးတော့ တမင်သက်သက် ကာကွယ်ပေးထားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလူရဲ့ ရည်ရွယ်ချက်က ဘာများလဲ..။ မြို့အရှင်ပေးသော သေတ္တာကို လီဟမ်ရှန်းဖွင့်ကြည့်လိုက်သောအခါတွင် အတွင်း၌ စိတ်ဝိဉာဉ်ဆေးများကို တွေ့လိုက်ရသည်။ ထိုစိတ်ဝိဉာဉ်ဆေးများသည် ပြင်းထန်လှသော စိတ်ဝိဉာဉ်စွမ်းအားများ ပါဝင်လှပါသည်။
ထိုဆေးလုံးများကို သန့်စင်လိုက်ပါက မိမိ၏ခွန်အားကို တိုးမြှင့်စေပြီး အတွင်းအားများကို မူလအတွင်းအားများအဖြစ်သို့ ပြောင်းလဲနိုင်မှုမှ အထောက်အကူရမည် ဖြစ်သည်။ ထိုဆေးလုံးများကို မြင်သော် လီဟမ်ရှန်း အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။ လီဟမ်ရှန်းသည် စစ်သူကြီး သူ့ကို ပေးခဲ့သော ရတနာကို သန့်စင်ပြီးသည့် အချိန်တွင် သူ၏ အတွင်းအား တစ်ဝက်ခန့်သာ ပြောင်းလဲပြီးသား ဖြစ်ပါသည်။
ယခုစိတ်ဝိဉာဉ်ဆေးများတွင် ပြင်းထန်လှသော စိတ်ဝိဉာဉ်စွမ်းအားများ ပါဝင်သောကြောင့် ထိုဆေးလုံးများကို သန့်စင်လိုက်ပါက သူ၏ခွန်အား နှစ်ဆယ်ရာခိုင်နှုန်းခန့် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် သူသည် အတွင်းအား လေးပုံ တစ်ပုံခန့်ကို အပြည့်အဝ မူလချီအဖြစ်သို့ ပြောင်းလဲနိုင်ပါသည်။
ဟိုင်ဒေါင်ရှန်ကလည်း သူ၏စံအိမ်သို့ ပြန်ရောက်ပြီးသည့် အချိန်တွင် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ စာကို ရသည်နှင့် ဟိုင်ဒေါင်ရှန်က အလွန်အမင်း စိတ်လှုပ်ရှားသွားပြီးနောက် ခပ်မြန်မြန် ဖွင့်ဖတ်လိုက်သည်။
ဟမ်….။ စာထဲတွင် ရေးသားထားသော အကြောင်းအရာများကို ဖတ်ရှု့ပြီးသော် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ စာထဲတွင် ရေးသားထားသူမှာ ဆုမိသားစု၏ ဆုရှန်းချီက လီယွင်ဟူသော လူကို အမှန်တကယ် သိသည်ဟုပင် ဖြစ်ပါသည်။
ငါတကယ်ပဲ အမှားလုပ်မိတာလား..။ ဟိုင်ဒေါင်ရှန်က စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူ၏မသိစိတ်က လီယွင်သည် လီဟမ်ရှန်းပင် ဖြစ်ကြောင်းကို အသည်းအသန် ပြောနေခဲ့သည်။ ထို့ကြောင့် သူစုံစမ်းလိုက်သည်နှင့် ထိုကိစ္စက ဘူးပေါ်သလို ပေါ်လာမည်ဟုကို ကွက်တိ တွေးထားခဲ့ပါသည်။
ဒါပေမဲ့ သူမမျှော်လင့်ထားတာက လီယွင်က လီဟမ်ရှန်း မဟုတ်ဘူးဆိုသည့် အချက်ကိုပင် ဖြစ်သည်။ ဟိုင်ဒေါင်ရှန်၏ ယုံကြည်မှုသည် စတင်၍ ဝေဝါးလာပြီ ဖြစ်သည်။ ငါတကယ်ပဲ မှားသွားတာလား…။ ဟိုင်ဒေါင်ရှန်သည် စာကို လုံးချေလိုက်ပြီးနောက် မီးရှို့လိုက်သည်။ ထို့နောက်တွင် သူက သူ၏ လူများကို မြို့ပြင်သို့ လွှတ်ပြီး လီဟမ်ရှန်း၏ ပုံတူ ပန်းချီကားကို ရှာဖွေထားသည့်အကြောင်းကို ပြန်တွေးလိုက်သည်။ ထိုပုံတူ ပန်းချီကားကို ရရှိပြီးသည်နှင့် သူက အသေအချာကို အတည်ပြုနိုင်မည် ဖြစ်သည်။
ပုံတူပန်းချီကားကပါ လီယွင်နှင့် မတူညီနေပါက သူအ မှန်တကယ်ပဲ အမှားလုပ်မိတာ ဖြစ်ရပေမည်။ တကယ်လို့သာ ပန်းချီကားက လီယွင်နှင့် တူနေပါက လီဟမ်ရှန်းက ထျန်းဟိုင်မြို့တော်သို့ ဖမ်းဆီးပြီးတော့ ပို့ခံရမည့်အပြင် မြို့အရှင်စံအိမ်တော်၌ သစ္စာဖောက်တစ်ယောက် ရှိနေသည်ကိုပါ ဟိုင်ဒေါင်ရှန်က ထောက်ပြနိုင်မည် ဖြစ်သည်။
ထိုအတွေးများ တွေးပြီးသည့်နောက်တွင် ဟိုင်ဒေါင်ရှန်က စတင်၍ ကျင့်ကြံလိုက်ပါတော့သည်။