အခန်း (၄၅၂)
Vol. 37 Ch. 452
နောက်ရက်များတွင်တော့ ဟွမ်လီသည် ဟိုင်ဒေါင်ရှန် အမိန့်ပေးသည့်အတိုင်း လီဟမ်ရှန်းအား မေးခွန်းများ တစ်ခုပြီး တစ်ခု မေးမြန်းနေဆဲ ဖြစ်သည်။ ယခုလိုမျိုး အခြေအနေများ ကြာမြင့်သည်အထိ ဟိုင်ဒေါင်ရှန်က လက်မလွှတ်သေးသည်ကို လီဟမ်ရှန်းက မမျှော်လင့်ခဲ့ပါ။ ဟိုင်ဒေါင်ရှန်သည် သူ့အား အလွန်အမင်း သံသယဝင်နေသည်ဟု လီဟမ်ရှန်းက တွေးမိလိုက်သည်။
“ခေါင်းဆောင်… ခေါင်းဆောင်ရဲ့ မိဘတွေက ဘာအလုပ်လုပ်တာလဲဗျ..”
တိုက်ပွဲတစ်ခု သွားတိုက်နေသည့် လမ်းခရီးတွင် ဟွမ်လီက ပုံမှန်အတိုင်းပင် မေးလိုက်သည်။ လီဟမ်ရှန်းက မြင်းကို စီးနေရင်းနှင့် အဝေးကို ကြည့်လိုက်၏။ သူက ထိုမေးခွန်း၏ အဖြေကို မဖြေပါ။ ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်၏။
“ဟွမ်လီ မင်းက တော်တော်ကို မေးခွန်းတွေ များနေတာပဲ”
“မဟုတ်ပါဘူးဗျာ… ကျွန်တော်က ဒီအတိုင်းပဲ သိချင်လို့ မေးတာပါ..”
ဟွမ်လီက ပြုံးရင်း ဖြေလိုက်၏။
“ဒီတစ်ခေါက် ငါတို့သွားတိုက်ရမယ့် တိုက်ပွဲက အန္တရာယ်အရမ်းများတယ်။ မင်းကိုယ်မင်း ဂရုစိုက်ဖို့ လိုလိမ့်မယ်နော်..ဟွမ်လီ..”
လီဟမ်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ဟင်… လီဟမ်ရှန်းပြောသည့် အဓိပ္ပာယ်ကို ဟွမ်လီ နားမလည်ပါ။ သူတို့ သွားတိုက်ခိုက်မည့် မျိုးနွယ်က အရမ်းကြီး စွမ်းအားကြီးလို့လား.. ။ မဟုတ်ပါဘူး..။
သို့သော် လီဟမ်ရှန်းသည် ထိုမျိုးနွယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး တစ္ဆေမြို့တော်သို့ ပြန်လာသည့်အခါတွင် သူ၏စစ်သားတစ်ဦးမှ မဆုံးရှုံးသည့် စံချိန်သည် ဖောက်ဖျက်ခြင်း ခံလိုက်ရသည်။
ယခုအကြိမ်တွင်တော့ စစ်သားတစ်ဦးက မတော်တဆမှုတွင် သေဆုံးခဲ့ရသည်။ သေဆုံးသွားသည့် စစ်သားမှာ ဟွမ်လီပင် ဖြစ်သည်။ လီဟမ်ရှန်း၏ နောက်သို့ တောက်လျှောက်လိုက်နေသော ကိုယ်ရံတော်ပင် ဖြစ်ပါသည်။ တိုက်ပွဲ၌ သူက အသတ်ခံခဲ့ရ၏။ ထိုသတင်းကြားသော် ဟိုင်ဒေါင်ရှန်က ပို၍ သံသယများလာခဲ့သည်။
လီဟမ်ရှန်းက ဟွမ်လီကို တမင်သက်သက် သတ်လိုက်တာပဲ ဖြစ်မယ်။ ဒါပေမဲ့ ဟိုင်ဒေါင်ရှန်က ဘာမှ မလှုပ်ရှားခဲ့ပါ။ သူ၏အဆက်အသွယ်များ ရောက်ရှိလာမည်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်း၏ စစ်ပွဲ ရလဒ်များသည် ပို၍ ပို၍ ထူးချွန်လာသောကြောင့် သူက စစ်သူကြီးတဲကောင်း စံအိမ်တော်၌ နာမည်ကြီး တစ်ဦး ဖြစ်လာခဲ့သည်။ စစ်သူကြီး တဲကောင်းပင်လျှင် လီဟမ်ရှန်းကို အမြင်တစ်မျိုး ပြောင်းလဲပြီး ကြည့်လာခဲ့ရပြီ ဖြစ်သည်။
သူသာ သက်သေမရှိဘဲ လီယွင်က လီဟမ်ရှန်းဟု ခေါင်းမာပြီးတော့ ပြောလိုက်ပါက နောက်ဆုံးတွင် သူပင်လျှင် ထိခိုက်ရမည် ဖြစ်ပါသည်။ သို့သော် ဟိုင်ဒေါင်ရှန် မသိသည်က လီဟမ်ရှန်းသည် ဟိုင်ဒေါင်ရှန်၏ လူများထဲမှ တစ်ဦးကို လာဘ်ထိုးပြီး သူ့လူဖြစ်အောင် လုပ်ထားခြင်းပင် ဖြစ်သည်။ သူက ထိုသူထံမှ တစ်ဆင့် ဟိုင်ဒေါင်ရှန်၏ လှုပ်ရှားမှု အားလုံးကို စောင့်ကြည့်နေခဲ့သည်။
ဟိုင်ဒေါင်ရှန်လိုမျိုး ဗီလိန်တစ်ဦးကိုတော့ လီဟမ်ရှန်းက သေချာကို စောင့်ကြည့်နေမှ ဖြစ်မည်။ ထိုကဲ့သို့သော ဗီလိန်များသည် ပုံမှန်မဟုတ်သော နည်းလမ်းများကို အသုံးပြုပြီး ဒုက္ခပေးတတ်လေ့ ရှိကြ၏။ နောက်တစ်လ စောစောတွင် ဟိုင်ဒေါင်ရှန်သည် သူစောင့်နေသော စာတစ်စောင်ကို သူရရှိလာခဲ့သည်။
ထိုစာသည် မြို့ပေါ်သို့ လူလွှတ်ထားပြီး ပုံတူပန်းချီကား ရှာခိုင်းသည့်လူများထံမှ ပို့လိုက်ခြင်း ဖြစ်ပါသည်။ ပုံတူပန်းချီကားနှင့် ငွေတုံးများ လဲလှယ်မည်ဟုလည်း စာထဲတွင် ပါထားသည်။ လီဟမ်ရှန်း၏ ပုံတူပန်းချီကားကို ရှာဖွေ တွေ့ရှိပြီး နောက်ယောင်ခံ သက်သေ မလိုက်နိုင်ရန်အတွက် ပုံတူ ပန်းချီကားကို နောက်ထပ် ပန်းချီဆရာတစ်ဦးအား ပေးပြီး ပြန်လည်ကူးပြီးတော့ ဆွဲခိုင်းခဲ့ပါသည်။
နောက်ထပ် ဆွဲသော ပန်းချီဆရာသည် သိပ်မကျွမ်းကျင်သောကြောင့် မူလပန်းချီကား၏ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်သာ တူအောင် ဆွဲနိုင်ခဲ့ပါ၏။ ထိုမျှလောက်ကပင် ဟိုင်ဒေါင်ရှန်အတွက် လုံလောက်နေပြီ ဖြစ်သည်။ စာရရှိပြီးသောအခါတွင် ဟိုင်ဒေါင်ရှန်သည် စစ်သူကြီးစံအိမ်မှ ခပ်မြန်မြန် ထွက်ပြီး မြို့ပြင်သို့ အသည်းအသန် ပြေးပါတော့သည်။
ဟိုင်ဒေါင်ရှန် ထွက်သွားသည်နှင့် ဟိုင်ဒေါင်ရှန်မြို့တော်မှ တိတ်တဆိတ် ထွက်သွားသည့် သတင်းကို လီဟမ်ရှန်း၏ နားသို့ ရောက်ရှိသွားပါတော့သည်။ သတင်းကို ကြားသည်နှင့် ဟိုင်ဒေါင်ရှန်က သူနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု လုပ်တော့မည်ဟု ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ဟွမ်လီသေပြီးနောက်တွင် ဟိုင်ဒေါင်ရှန်မှာ ဘာတစ်ခုမှ မလုပ်ဘဲ တိတ်ဆိတ်နေသောကြောင့်ပင် ဖြစ်သည်။
လီဟမ်ရှန်းထင်ထားသည်မှာ ဟွမ်လီသေသွားသည်နှင့် ဟိုင်ဒေါင်ရှန်က သူ့ကို ပြင်းပြင်းထန်ထန်ကို စစ်ဆေးတော့မည်ဟု ထင်ထားခြင်း ဖြစ်သည်။ သို့သော် လီဟမ်ရှန်း ထင်ထားသည်နှင့် ခြားနားစွာ ဟိုင်ဒေါင်ရှန်မှာ ဘာမှ မလုပ်ဘဲနှင့် တိတ်ဆိတ်နေခဲ့သည်။ ဟိုင်ဒေါင်ရှန်လိုမျိုး လူစားမျိုးသည် မဟောင်သော ခွေးနှင့် တူသည်။
သူသည် အမြဲတမ်း ဟောင်မနေဘဲ ကိုက်စရာရှိသည့်အခါမှ ထိထိမိမိ ကိုက်လိုက်သော ခွေးမျိုးပင် ဖြစ်သည်။ ထို့ကြောင့် လီဟမ်ရှန်းက တစ်စက်ကလေးမှပင် စိတ်မလျော့ရဲဘဲ အင်မော်တယ် ပုံဖော်ခြင်းလှံကို ကိုင်ဆွဲကာ ဟိုင်ဒေါင်ရှန်၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့ပါတော့သည်။
ဟိုင်ဒေါင်ရှန် ဘာတွေလုပ်နေလဲဆိုတာကို ငါသိချင်တယ်..။
ယခုအခြေအနေသည် ဟိုင်ဒေါင်ရှန်ကို တိတ်တဆိတ် ရှင်းပစ်ရန်အတွက် အခွင့်အရေးလည်း ဖြစ်ပါသည်။ သို့သော် အခြေအနေများက သိပ်မလွယ်ကူပါ။ သူသာ ဟိုင်ဒေါင်ရှန်ကို သတ်လိုက်ပါက စစ်သူကြီးများနှင့် မြို့အရှင်က သူသတ်လိုက်သည်ဆိုတာကို တစ်နည်းမဟုတ် တစ်နည်းနဲ့ သိသွားမည် ဖြစ်သည်။
သူက သူ၏ သိုင်းပညာများကို အသုံးချပြီး သတ်ပစ်လိုက်ပါက သတ်ဖြတ်လိုက်သူမှာ လီဟမ်ရှန်းဖြစ်သည်ကို သိရှိပြီး မြို့တော်တစ်ခုလုံးကို တင်းကြပ်စွာ စစ်ဆေးတော့မည် ဖြစ်သည်။ အချိန်ကျလျှင် သူ၏ သရုပ်မှန်ကလည်း ပေါ်သွားနိုင်၏။ ဒီပြဿနာကို နောက်မှပဲ စဉ်းစားပြီးတော့ လောလောဆယ် အခုပြဿနာကို အရင်ရှင်းတာပေါ့..။
မြို့ပြင်သို့ ရောက်သော် ဟိုင်ဒေါင်ရှန်သည် အရှေ့ဘက်သို့ ဆက်သွားသည်။ မလှမ်းမကမ်းမှ တိတ်တဆိတ် လိုက်ပါနေသော လီဟမ်ရှန်းမှလည်း ဆက်လက်၍ လိုက်ပါနေခဲ့သည်။ အရှေ့ဘက်သို့ မိုင်လေးဆယ်ခန့် သွားပြီးသည့်နောက်တွင် ပြိုကျလုဆဲဆဲ ရှိသော မျှော်စင်တစ်ခုအောက်တွင် မတ်တပ်ရပ်လိုက်သည်။ လီဟမ်ရှန်းကလည်း တောင်ကုန်းတစ်ခုပေါ်တွင် တိတ်တဆိတ် ပုန်းကွယ်နေခဲ့၏။ အဝေးမှ နေ၍ ဟိုင်ဒေါင်ရှန်သည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသည်ကို လီဟမ်ရှန်း သိလိုက်ရသည်။
နာရီဝက်ခန့်စောင့်ပြီးသောအခါတွင် မျှော်စင်နားသို့ ပုံရိပ်တစ်ခုရောက်လာသည်ကို သူတွေ့လိုက်ရ၏။
“ဟိုင်ဒေါင်ရှန်လား..”
ရောက်လာသောလူသည် သွေးတစ္ဆေပင် ဖြစ်သည်။ ဟိုင်ဒေါင်ရှန်က လူသားတစ်ဦးဖြစ်နေသောကြောင့် သူ၏မျက်လုံးထဲတွင် လောဘကြီးသော ပုံရိပ်များ ပေါ်လွင်လာခဲ့သည်။ သူက လူသားများ၏ ရနံ့ကို အလွန်အမင်း နှစ်ခြိုက်လှပေသည်။
“မင်းမျက်နှာပေါ်က သွေးစုပ်ချင်တဲ့ အကြည့်ကို ဖယ်လိုက်စမ်း..။ မဟုတ်ရင် တစ်ချက်တည်းနဲ့ ငါမင်းကို သတ်ပစ်မယ်”
သွေးတစ္ဆေ၏ သားကောင်တစ်ကောင်ကို ကြည့်သလိုမျိုး အကြည့်ကို ဟိုင်ဒေါင်ရှန်က မနှစ်မြှို့ပါ။ ထို့ကြောင့် ချက်ချင်းပင် သတိပေးလိုက်ခြင်း ဖြစ်ပါသည်။
“ဟား…ဟား.. ငါက ဖောက်သည်တွေကို မစားပါဘူး..”
သွေးတစ္ဆေက သူ၏ ချွန်ထက်နေသော အစွယ်များကို လျှာနှင့် သတ်ရင်းနှင့် ဝတ်ရုံစတွင် ရှိသော ပန်းချီကား စာလိပ်ကို ထုတ်ယူလိုက်သည်။
“စာလိပ်ကို ယူလာပြီ ငွေဘယ်မှာလဲ..”
“အရင်ဆုံး ပန်းချီကားကို ကြည့်မယ်”
ဟိုင်ဒေါင်ရှန်သည် လက်ဆန့်တန်းပြီး ပန်းချီကားကို လှမ်းဆွဲလိုက်သည်။ ဒါပေမဲ့ သွေးတစ္ဆေက ပန်းချီကား ကိုင်ထားသော လက်ကို ရှောင်လိုက်၏။ သူက လှောင်ပြောင်လိုက်ပါတော့သည်။
“မင်းကိုငါ ပန်းချီကား ပြလိုက်မယ်ဆိုရင် လုပ်ထားသမျှ အရာရာ အကုန်လုံးက အလကား ဖြစ်သွားမှာပဲ..။ ပေါက်ကရတွေ ပြောမနေနဲ ..။ ငွေပြား သုံးသိန်း အရင်ပေး..။ ငွေပြား တစ်ချပ်တောင် လျော့နေလို့ မရဘူး..။ ပိုက်ဆံပေးမှ ပန်းချီကားကို ကြည့်ရမယ်”
“ကောင်းပြီလေ..”
ဟိုင်ဒေါင်ရှန်သည် အရင်ဦးဆုံး ပုံတူပန်းချီကားကို အလကား ရနိုင်မလားဆိုပြီး ကြိုးစားလိုက်ခြင်း ဖြစ်ပါသည်။ ဒါပေမဲ့ သူ၏အစီအစဉ် ကျဆုံးသွားပြီ ဖြစ်သောကြောင့် သိုလှောင်လက်စွပ်ထဲမှ ငွေစများကို မထုတ်ချင် ထုတ်ချင်နှင့်သာ ထုတ်ယူလိုက်ရပါတော့သည်။
မလှမ်းမကမ်းတွင် ပုန်းအောင်းနေသော လီဟမ်ရှန်းကလည်း ပန်းချီကား စာလိပ်ကို မြင်သည်နှင့် တစ်စုံတစ်ခုက မှားယွင်းနေပြီဟု စတင်၍ ခံစားခဲ့ရသည်။
ဖြစ်နိုင်တာက အထဲမှာ ရှိတဲ့ ပုံတူ ပန်းချီကားက ငါများလား..။
ပန်းချီစာလိပ်ကို ဖြန့်ပြီး ကြည့်လိုက်ပြီးသည့်အခါတွင် ဟိုင်ဒေါင်ရှန်၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး သူ၏အသက်ရှုသံများကလည်း လေးလံလာခဲ့သည်။
“ဟား..ဟား ဟား..ဟား လီယွင် လီယွင် ဒီတစ်ခါတော့ မင်းငါ့လက်ကနေ မလွတ်တော့ပါဘူးကွာ..။ လီဟမ်ရှန်းက မင်းပဲ..”