အခန်း (၄၅၃)
Vol. 37 Ch. 453
ဟိုင်ဒေါင်ရှန်၏ လက်ထဲတွင် ရှိသော ပုံတူ ပန်းချီကားတွင် လီဟမ်ရှန်း၏ မျက်နှာ ရှိပါသည်။ မလှမ်းမကမ်းမှ ပန်းချီကား ပုံတူထဲရှိသော ပုံရိပ်ကို လီဟမ်ရှန်း မြင်လိုက်ရသည်။ ပုံတူသည် သူနှင့် ခုနှစ်ဆယ် ရှစ်ဆယ် ရာခိုင်နှုန်းခန့်သာ တူသော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုပုံရိပ်က သူဖြစ်နိုင်မှန်းကို သိနိုင်ပေသည်။
သွားပြီပဲ.. ။ လီဟမ်ရှန်း၏ နှလုံးသားမှာ ပြင်းပြင်းထန်ထန် တုန်လှုပ်လာခဲ့သည်။ ဟိုင်ဒေါင်ရှန်ကို တစ္ဆေမြို့တော်သို့ အသက်ရှင်လျက် ပြန်ခွင့်ပြုလိုက်ပါက သူသေတော့မည် ဖြစ်သည်။ ဘယ်သူပဲ ဖြစ်ဖြစ် အင်မော်တယ် အဆင့်ရှိသော ပန်းချီရတနာကို လိုချင်ကြမည်သာ ဖြစ်၏။ ဟိုင်ဒေါင်ရှန်သာ ပြန်ရောက်ပြီး မြို့အရှင်ကို သူသာ လီဟမ်ရှန်းဖြစ်ကြောင်း သတင်းပို့လိုက်ပါက မြို့အရှင်သည် ကိုယ်တိုင်ကိုယ်ကျ သူ့ကို ဖမ်းဆီးပြီး ထျန်းဟိုင်မြို့တော်သို့ ပို့ကာ အင်မော်တယ် ပန်းချီရတနာကို လက်လွှဲယူမည် ဖြစ်သည်။
ထိုဆိုးရွားလှသော အခြေအနေများကို တွေးပြီးသည့်နောက်တွင် လီဟမ်ရှန်း၏ နှလုံးသား တစ်ခုလုံးက သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ဟိုင်ဒေါင်ရှန်ရော သွေးတစ္ဆေရော နှစ်ယောက်လုံး သေကို သေရမယ်။ သူတို့နှစ်ယောက်လုံးက မူလအဆင့်ဆိုမှတော့ နေလအစစ်အမှန်မီးတောက်ကို အသုံးပြုလိုက်လို့ရှိရင် သူတို့နှစ်ယောက်လုံးကို တစ်ချက်တည်းတော့ ငါသတ်နိုင်ကောင်းပါရဲ့..။
ထိုသို့တွေးပြီးနောက်တွင် လီဟမ်ရှန်းသည် အင်မော်တယ် ပုံဖော်ခြင်းလှံကို ဆွဲယူလိုက်သည်။ သူက စတင်တိုက်ခိုက်တော့မည် ဖြစ်ပါ၏။
“ကောင်းပြီ.. ငါတို့နှစ်ယောက် အလုပ်လုပ်ရတာ ပြီးပြီ..”
လက်ထဲတွင် ရှိသော ငွေသုံးသိန်းကို ကြည့်ပြီးနောက်တွင် သွေးတစ္ဆေက အားပါးတရ ပြုံးလိုက်၏။ ထို့နောက်တွင် လှည့်ထွက်ရန် ပြင်လိုက်သည်။
“ကောင်းတယ်..”
ဟိုင်ဒေါင်ရှန်ကလည်း သူအသုံးပြုခဲ့သော ငွေစသုံးသိန်းမှာ တန်လွန်းလှသည်ဟု ခံစားရသည်။ လီဟမ်ရှန်းကလည်း စတင်၍ သတ်ဖြတ်တော့မည်။ သူ၏စိတ်ထဲ၌ အစီအစဉ်တစ်ခုကို ပြည့်စုံစွာ ချထားပြီးသား ဖြစ်သည်။ လီဟမ်ရှန်းက လှုပ်ရှားတော့မည့် အချိန်မှာပင် အဝေးမှ အသံများ ကြားလိုက်ရ၏။ နောက်တခဏတွင် များစွာသော တစ္ဆေစစ်သားများသည် ဟိုင်ဒေါင်ရှန်နှင့် သွေးတစ္ဆေကို ဝန်းရံလိုက်သည်ကို တွေ့လိုက်ရ၏။
ထိုအဖြစ်အပျက် ဖြစ်သွားသည့်အခါတွင် လီဟမ်ရှန်းက နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ ထို့ကြောင့် လီဟမ်ရှန်းသည် ခပ်မြန်မြန်ပင် တောင်ကုန်း၌ ပုန်းကွယ်လိုက်ပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို ကြည့်လိုက်သည်။ ဟိုင်ဒေါင်ရှန်ကလည်း စိတ်ရှုပ်သွား၏။ နောက်တခဏတွင် ဝေါယာဉ်တစ်ခုက သူ့တို့အနားသို့ ကပ်လာသည်ကို တွေ့လိုက်ရသည်။
ဝေါယာဉ်၏ အရှေ့တွင်တော့ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုကြီး တစ်ဦးကို တွေ့ရသည်။ ဟိုင်ဒေါင်ရှန်က ထိုလူကို သိသည်။ သူက မြို့အရှင်စံအိမ်မှ လူပင် ဖြစ်ပါသည်။ သူသည် ယာယီမြို့အရှင်နှင့် နီးကပ်သော ဆက်ဆံရေးတွင် ရှိပါသည်။ ဒါဆိုရင် ဝေါယာဉ်ထဲမှာ ရှိတာက ယာယီမြို့အရှင်များလား..။
“ယာယီမြို့အရှင်ကို ဂါရဝပြုပါတယ်”
ဟိုင်ဒေါင်ရှန်က လက်ယှက်ကာ အရိုအသေပြုလိုက်ပါသည်။
“ဟိုင်ဒေါင်ရှန်”
ယာယီမြို့အရှင်၏အသံသည် အတွင်းမှ ထွက်ပေါ်လာပါသည်။
“တစ္ဆေမြို့တော်ကလူဖြစ်ပြီးတော့ မင်းက သွေးတစ္ဆေနဲ့ ဆက်ဆံနေတယ်ပေါ့လေ…မင်းကိုငါ လက်ပူးလက်ကြပ်မိပြီ..။ မင်းဘာပြောချင်လဲ”
“အာ…”
ထိုစကားကို ကြားသော် ဟိုင်ဒေါင်ရှန်က တခဏမျှ တုံ့ဆိုင်းသွား၏။ သူက ရှေ့သို့ ခပ်မြန်မြန် တိုးလာပြီးနောက် ပြောလိုက်သည်။
“ယာယီမြို့အရှင် …ယာယီမြို့အရှင် ဆုံးဖြတ်ချက်ချလိုက်တာက မတရားပါဘူး..။ ကျုပ်က သူနဲ့ ဆက်ဆံနေတယ်ဆိုတာက မြို့ရဲ့ သတင်းအချက်အလက်တွေကို ရောင်းစားနေတာ မဟုတ်ပါဘူး..။ သူနဲ့တွေ့တာက အကြောင်းရှိပါတယ်။ ကျုပ်က သူ့ဆီက သတင်းဝယ်နေတာပါ”
“မင်းပြောတာကို ငါက ယုံမယ်ထင်နေလို့လား”
ယာယီမြို့အရှင်၏ ခနဲ့သည့်အသံသည် ဝေါယာဉ်ထဲမှ ထွက်ပေါ်လာသည်။
“အဲ့ဒါ အမှန်တရားပါပဲ.. ယာယီမြို့အရှင်ခင်ဗျား..”
ဟိုင်ဒေါင်ရှန်က နံဘေးတွင်ရှိသော လူများ၏ တင်းမာသော မျက်နှာထားကို သတိပြုမိသွားပြီးနောက် ယနေ့တွင် သူသည် အပြစ်ကင်းစင်ကြောင်း သက်သေမပြနိုင်ဘူးဆိုလျှင် ဤနေရာတွင် အသတ်ခံရမည်ဖြစ်ကြောင်း သိသွားခဲ့သည်။ အဲ့ဒါကြောင့် သူခပ်မြန်မြန် ပြောလိုက်၏။
“ယာယီမြို့အရှင်ခင်ဗျား .. ကျွန်တော်မှာ အရမ်းအရေးကြီးတဲ့ သတင်းအချက်အလက် ပါလာခဲ့ပါတယ်။ မြို့တော်ကို ပြန်လာပြီးတာနဲ့ ယာယီမြို့အရှင်ကို တင်ပြမလိုပါ။ ဒါပေမဲ့ ယာယီမြို့အရှင်ကိုယ်တိုင်က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတယ်ဆိုမှတော့ အခုချက်ချင်းပဲ တင်ပြ ပါရစေ။ ဒါက ကောင်းကင်ရဲ့ ဆန္ဒပဲ ဖြစ်ပါလိမ့်မယ်”
“အို..ဟုတ်လား”
ယာယီမြို့အရှင်က အံ့အားသင့်သွားသလို ပြောလိုက်သည်။
“မင်းက ငါ့ကို အရေးကြီး သတင်းအချက်အလက် ပြောပြမယ်ပေါ့လေ”
“ဒါကတော့..”
ဟိုင်ဒေါင်ရှန်သည် ပတ်ပတ်လည်တွင် ရှိသော လူများကို ကြည့်ပြီး ခက်ခဲနေသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
“ဒီသတင်းအချက်အလက်က အရေးကြီးတာမလို့ ယာယီမြို့အရှင်ကိုပဲ နှစ်ကိုယ်ကြား ပြောလို့ရပါတယ်”
“အဲ့ဒါဆိုရင်လည်း အထဲဝင်ပြီး လာပြော”
ယာယီမြို့အရှင်က ဖြေလိုက်၏။
“အမိန့်အတိုင်းပါ”
ဟိုင်ဒေါင်ရှန်၏ မျက်ဝန်းများတွင် စိတ်အားတက်ကြွနေသော အရိပ်အယောင်များ တွေ့ရမည် ဖြစ်သည်။ သူက မြို့အရှင်ကို ချက်ချင်း မပြောနိုင်ဘူးဆိုလျှင်တောင်မှ ယာယီမြို့အရှင်ကို တင်ပြနိုင်မည် ဖြစ်သောကြောင့် သူရရှိမည့် ဆုလာဘ်များမှာ မကြာတော့ပါချေ။ ထိုမြင်ကွင်းကို မြင်လိုက်သော လီဟမ်ရှန်းသည် မျှော်လင့်ချက်များ အားလုံး ပြိုလဲသွားသလို ခံစားလိုက်ရ၏။
သွားပြီ… သွားပြီ…။ သူ၏ သရုပ်မှန်ကို လူများများ သိသွားပါက သူက အန္တရာယ်ပိုများနေမည် ဖြစ်သည်။ ဟိုင်ဒေါင်ရှန်က ဝေါယာဉ်ထဲသို့ ဝင်သွားသည့်အခါတွင် လူငယ်လေးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရ၏။
“ပြောတော့..”
ထိုလူငယ်လေးက သူ၏မျက်လုံးများကိုပင် မဖွင့်ထားပါ။
“ယာယီမြို့အရှင်ကို ဂါရဝပြုပါတယ်..။ လီယွင်က လီဟမ်ရှန်းပါ..”
ဟိုင်ဒေါင်ရှန်က တိုးတိတ်စွာ ပြောလိုက်သည်။
“ဘယ်လို”
လူငယ်လေးက မျက်လုံးဖွင့်လိုက်ပါသည်။
“လီယွင်က လီဟမ်ရှန်းလို့ ပြောလိုက်တယ်ပေါ့လေ…။ မင်းမှာ သက်သေရှိလား”
“ဒါက သက်သေပါ..”
ဟိုင်ဒေါင်ရှန်သည် ပုံတူပန်းချီကားကို ယာယီမြို့အရှင်အား ပေးလိုက်၏။ ထို့နောက်တွင် ပြုံးရင်း ပြောလိုက်သည်။
“လီယွင်က လီဟမ်ရှန်းဖြစ်တယ်ဆိုတာကို ကျုပ်က အစောကြီးတည်းက သံသယဝင်နေခဲ့တာ..။ သက်သေပြဖို့ သက်သေမရှိဘူး..။ ဒါကြောင့်မလို့ ကျုပ်က ငွေကြေး အမြောက်အမြား သုံးပြီးတော့ လီဟမ်ရှန်းရဲ့ ပုံတူပန်းချီကားကို တခြားမြို့တော်တွေက ရနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့တာပါ။
တခြားမြို့တော်က ရလာခဲ့တဲ့ ပုံတူပန်းချီကားကို ကြည့်ပြီးတော့ လီယွင်က လီဟမ်ရှန်းဖြစ်တယ်ဆိုတာ သေချာသွားပါပြီ..။ ဒီပန်းချီကားကို ကြည့်ခြင်းအားဖြင့် အချက်နှစ်ချက်ကို ထောက်ရှု့နိုင်တယ်။ လီဟမ်ရှန်းက လီယွင်ဖြစ်တယ်ဆိုတဲ့ အချက်အပြင်ကိုမှ မြို့အရှင် စံအိမ်မှာ သစ္စာဖောက်တစ်ယောက် ရှိနေပြီဆိုတာပါပဲ။
တစ်ယောက်ယောက်က မြို့အရှင် စံအိမ်တော်က ပုံတူ ပန်းချီကားကို လဲလှယ်လိုက်တဲ့ပုံရတယ်။ ကျုပ်ထင်တာကတော့ လီဟမ်ရှန်းကို နောက်ကွယ်ကနေ တိတ်တဆိတ် ကူညီပေးနေတဲ့ သူက မြို့အရှင်စံအိမ်တော်က အကြီးပိုင်း အထက်လူကြီးတွေထဲက တစ်ယောက်ပဲ ဖြစ်ရလိမ့်မယ်”
ဟိုင်ဒေါင်ရှန်က သူ၏ခန့်မှန်းချက်များကို ဆက်လက်၍ပြောလိုက်သည်။ ယာယီမြို့အရှင်က ပုံတူပန်းချီကားကို ဖွင့်လိုက်၏။ ပန်းချီကားထဲတွင်တော့ လူငယ်တစ်ယောက်၏ ပုံကို ဆွဲထားသည်။ ထိုလူငယ်သည် လီဟမ်ရှန်းနှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီပါသည်။
“အင်း.. လီယွင်နဲ့တော့ တူသားပဲ”
ယာယီမြို့အရှင်က ခေါင်းငြိမ့်လိုက်၏။
“တူတာမဟုတ်ဘူး..။ သူတို့နှစ်ယောက်က တစ်ယောက်တည်းပါ”
ဟိုင်ဒေါင်ရှန်က စိတ်အားတက်ကြွစွာ ပြောလိုက်သည်။
“စန်းယွမ်နယ်မြေ အရှင်သခင်က လီဟမ်ရှန်း ဘယ်မှာရှိလဲဆိုတာကို အသည်းအသန်လိုက်ရှာနေတယ်..။ ယာယီမြို့အရှင်သာ လီဟမ်ရှန်းကို ပေးလိုက်မယ်ဆိုရင် အင်မော်တယ်အဆင့်ရှိတဲ့ ပန်းချီကားကို စန်းယွမ်နယ်မြေအရှင်သခင်ဆီကနေ ရမှာပါပဲ..”
“အမှန်ပဲပေါ့”
ယာယီမြို့အရှင် အားရပါးရ ပြုံးလိုက်၏။
“မင်းလုပ်တာ တော်တယ်..။ အ ခုအခြေအနေကို ကြည့်ရတာတော့ ငါတကယ်ပဲ မင်းကို ကောက်ချက်ချလွဲခဲ့တာပဲ..။ ပြဿနာ မရှိပါဘူး..။ ပြဿနာမရှိပါဘူး.. “
ဟိုင်ဒေါင်ရှန်က သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းပြီး ဆက်ပြောလိုက်သည်။
“ယာယီမြို့အရှင်က ဆုလက်ခံယူတဲ့အချိန်မှာ ကျွန်တော်မျိုးရဲ့ လုပ်ဆောင်ချက်လေးကို မမေ့လျော့ရင် ရပါပြီ..”
“ဒါမျိုးက ငါဘယ်မေ့လို့ရပါ့မလဲ”
ယာယီမြို့အရှင်က ဟိုင်ဒေါင်ရှန်ကို အနားသို့ တိုးလာရန်အတွက် အချက်ပြလိုက်သည်။
“ယာယီမြို့အရှင် ပြောပါ”
ဟိုင်ဒေါင်ရှန်က ခပ်မြန်မြန် အနားသို့ ကပ်လာပြီး နောက်တခဏတွင် အေးစက်သော လေသံတစ်ချက် ဖြတ်သွားပြီးနောက်တွင် ယာယီမြို့အရှင်က မိုးကြိုးတစ်ချက် ပစ်ချသလိုမျိုး လှုပ်ရှားလိုက်သည်။ ဓားမြှောင်တစ်ချောင်းက ဟိုင်ဒေါင်ရှန်၏ လည်ပင်းကို လှီးဖြတ်သွားသည်။
ဟိုင်ဒေါင်ရှန်၏ မျက်ဝန်းများက ချက်ချင်းပင် အကြောက်တရားအပြည့်ဖြင့် ဖြစ်သွား၏။ သူက သွေးများကို ဆက်တိုက်အန်လိုက်ပြီးနောက် ယာယီမြို့အရှင်ကို လက်ညှိုးထိုးလိုက်သည်။ သူက တစ်စုံတစ်ခုကို ပြောလိုသော်လည်း လည်ပင်းထဲမှ သွေးများ ပန်းထွက်လာသောကြောင့် မပြောနိုင်ခဲ့ပါ။ သူ့မျက်ဝန်းများက မယုံကြည်မှုများ အပြည့်နှင့် ဖြစ်နေခဲ့သည်။ ယာယီမြို့အရှင်က သူ့ကို တိုက်ခိုက်မည်ဟု သူမမျှော်လင့်ထားခဲ့ပါ။
ယာယီမြို့အရှင်သည် ဆုကြေးများကို တစ်ယောက်တည်း ရလိုသောကြောင့် သူ့ကို သတ်ဖြတ်ပြီး နှုတ်ပိတ်သည်ဟု ဟိုင်ဒေါင်ရှန်က ထင်နေခဲ့သည်။ ထိုအခိုက်တွင် ယာယီမြို့အရှင်က ရုတ်တရက် အော်ဟစ်လိုက်၏။
“ဟိုင်ဒေါင်ရှန် ခွေးသား မင်းကငါ့ကို သတ်ဖို့ ကြံတယ်ပေါ့လေ…”
ထိုသို့ ပြောပြီးနောက်တွင် ပြင်းထန်လှသော အသံတစ်သံ ထွက်ပေါ်လာပြီး ဟိုင်ဒေါင်ရှန်၏ ခန္ဓာကိုယ်သည် ဝေါယာဉ်မှ အပြင်သို့ လွင့်ထွက်လာ၏။ စစ်သားများစွာတို့က ဟိုင်ဒေါင်ရှန်ကို ဝန်းရံလိုက်ပြီး လက်နက်များပင် ချိန်ရွယ်လိုက်၏။ သို့သော် ဟိုင်ဒေါင်ရှန်က လည်ပင်းပြတ်ကာ သေနေပြီ ဖြစ်သည်။
“အတင့်ရဲလိုက်တဲ့ ခွေးသား.. တစ္ဆေမြို့တော်ကို သစ္စာဖောက်ပြီးတော့ ယာယီမြို့အရှင်ကိုတောင် လုပ်ကြံဝံ့တယ်..။ တော်တော်သတ္တိကောင်းနေတာပဲ..”
ယာယီမြို့အရှင်၏ အသံထွက်ပေါ်လာသည်။
“အခုရှိနေတဲ့ သွေးတစ္ဆေကိုလည်း ချက်ချင်းဖမ်းဖို့ လိုမယ်။ သတ်လိုက်”
ယာယီမြို့အရှင်ထံမှ အမိန့်ထွက်လာပြီးသည့်နောက်တွင် သွေးတစ္ဆေ၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားသည်။ တခြားလူက သူ့ကို ချက်ချင်းသတ်ဖြတ်မည်ဟု မထင်ထားခဲ့မိပါ။ ထို့ကြောင့် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် စစ်သားများ၏ဝန်းရံထားမှုမှ ထွင်းဖောက်ရန်အတွက် ပြင်လိုက်သည်။ ထို့နောက်တွင် သူသည် အတင်းအကြပ် ဖောက်ထွက်ပြီး ထွက်ပြေးပါတော့သည်။
သို့သော် သူဝေးဝေးသို့ မပြေးနိုင်ခင်မှာပင် အဝါရောင်ဝတ်စုံ ဝတ်ထားသော လူအိုကြီးက လက်ဆန့်တန်းလိုက်၏။ ချက်ချင်းပင်လျှင် လက်ဝါးပုံရိပ်ကြီးသည် လေထဲမှ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးချက်ကြီးက လေဟာနယ်ကို ယိုယွင်းသွား၏။ ချက်ချင်းပင်လျှင် သွေးတစ္ဆေက အသားအပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် တစစီ ပြိုကွဲသွားခဲ့သည်။ ထိုမြင်ကွင်းကို မြင်သော် လီဟမ်ရှန်းက ထိတ်လန့်သွားခဲ့၏။ ဒီလူအိုကြီးရဲ့ စွမ်းအားက အရမ်းကို စွမ်းအားကြီးလွန်းတာ မဟုတ်ဘူးလား..။ ငါသာ သူနဲ့ ယှဉ်တိုက်ရမယ် ဆိုရင်တော့ လုံးဝ နိုင်မှာ မဟုတ်ဘူး..။ တစ်ခါတည်း အသတ်ခံရမှာ..။
ပြီးတော့ ဟိုင်ဒေါင်ရှန်က ဘာလို့ ယာယီမြို့အရှင်ကို ထသတ်ရတာလဲ..။ လီဟမ်ရှန်းသည် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သို့သော် ဟိုင်ဒေါင်ရှန်၏ အလောင်းတွင် ပန်းချီကား ပုံတူကို မတွေ့သောကြောင့် ပုံတူပန်းချီကားသည် ယာယီမြို့အရှင်လက်ထဲသို့ ရောက်သွားသည်ကို လီဟမ်ရှန်း ခန့်မှန်းမိပါသည်။
ယာယီမြို့အရှင်က ဘာလုပ်ဖို့ ကြံနေတာလဲ..။ လီဟမ်ရှန်းက နားမလည်နိုင်အောင် ဖြစ်နေသည့်အခါတွင် ယာယီမြို့အရှင်၏ အသံက ထွက်ပေါ်လာ၏။
“တပ်မှူး လီယွင် … မင်းပုန်းနေတာ ကြာပြီ ဟုတ်တယ်မလား.. အခုချိန်ကစပြီးထွက်လာလို့ ရပါပြီ..။ ဟိုင်ဒေါင်ရှန်က ရန်သူတွေနဲ့ ပေါင်းစည်းနေတဲ့ ကိစ္စကို ငါဖြေရှင်းပြီးသွားပြီ.။ မင်းသာ လာမပြောရင်တော့ ငါကိုယ်တော်က ဒီကိစ္စကို သိမှာတောင် မဟုတ်ဘူး။ အခုလိုမျိုး လာပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။
ဝေါယာဉ်ထဲကို လာပြီးတော့ ဝိုင်လာသောက်ပါဦး…”
ထိုစကားကို ကြားသော် လီဟမ်ရှန်းက ထိတ်လန့်သွား၏။ ယာယီမြို့အရှင်က သူဒီမှာရှိနေတာကို သိနေတာတဲ့လား..။ ပြီးတော့ လုပ်ကြံဇာတ်လမ်းတစ်ခုကိုပါ ချက်ချင်းထွင်လိုက်သေးတယ်…။ လီဟမ်ရှန်းသည် လှံကိုတင်းတင်းကိုင်ရင်း တောင်ကုန်းမှ ဆင်းချလာပြီး ဝေါယာဉ်နားသို့ သတိကြီးကြီးထားကာ ကပ်သွားခဲ့သည်။
ယနေ့ပြဿနာကိုတော့ မဖြစ်မနေ ဖြေရှင်းရမည်ကို သူသိနေခဲ့၏။
“အထဲကို လာခဲ့”
ယာယီမြို့အရှင်၏ အသံထွက်ပေါ်လာပါတော့သည်။ အတွင်းသို့ ဝင်လာသောအခါတွင် ယာယီမြို့အရှင်၏ အသံမှာ အနည်းငယ် ရင်းနှီးနေသည်ဟု လီဟမ်ရှန်း ခံစားလိုက်ရသည်။ အတွင်းသို့ ဝင်လိုက်သည်နှင့် ဟိုင်ဒေါင်ရှန်လိုမျိုး ကံကြမ္မာက သူ့ကို စောင့်ကြိုနေမလားဟု လီဟမ်ရှန်းက တွေးလိုက်မိပါ၏။
“ကျေးဇူးပြုပြီး… ဝင်ပါ”
ဝတ်စုံအဝါဝတ် လူအိုကြီးက လက်ဟန်ပြုကာ လီဟမ်ရှန်းကို ဖိတ်ခေါ်လိုက်သည်။ လီဟမ်ရှန်းသည် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် ဝေါယာဉ်အတွင်းသို့ ဝင်သွားလိုက်သည်။ အတွင်းသို့ ဝင်သောအခါတွင် အတွင်းရှိ လူက ပုံတူပန်းချီကားကို စိန်ပြေနပြေ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ပန်းချီကားက ထိုလူ၏ မျက်နှာကို ကွယ်ဝှက်ထားသောကြောင့် ထိုသူဘယ်သူလဲဆိုတာကို လီဟမ်ရှန်းက ကောင်းကောင်းမမြင်ရပါ။
“မင်းသိလား.. ဒီပန်းချီကားက ပြန်ဆွဲထားတာ ဆိုပေမဲ့ သေချာကြည့်မယ်ဆိုရင် မင်းပဲဆိုတာကို တန်းသိနိုင်တယ်ကွ..”
ထိုသို့ပြောပြီးနောက်တွင် ယာယီမြို့အရှင်သည် ပန်းချီကားချပ်ကို ပစ်ချလိုက်သည်။ မြို့အရှင်၏ မျက်နှာကို မြင်သောအခါတွင် လီဟမ်ရှန်းက ပါးစပ်ကြီးဟကာ အံ့အားသင့်သွားခဲ့၏။
“ငါပြောတာ ဟုတ်တယ်မလား.. ညီ၄”