← Chapters

အခန်း (၄၅၇)

Vol. 37 Ch. 457

အခန်း (၄၅၇)

Vol. 37 Ch. 457

“ငါ့ကို လူတစ်ယောက်ကို ရှာပေးပါ”

လီချန်ချင်းက ရွှယ်ချမ်းပိုင်အား သူ၏ အစီအစဉ်များ အားလုံးကို ရှင်းပြလိုက်ပါသည်။ လီချန်ချင်း၏ အစီအစဉ်ကို ကြားသော် ရွှယ်ချမ်းပိုင်မှာ အလွန်တရာ ထိတ်လန့်သွား၏။

“မင်းကို နောက်ကွယ်က ဘယ်သူက ချုပ်ကိုင်နေလဲ ဆိုတာကို မသိသေးတဲ့အချိန်ကတည်းကိုက ဒီအစီအစဉ်ကြီး တစ်ခုလုံးကို မင်းချခဲ့တာလား…”

ရွှယ်ချမ်းပိုင်သည် လီချန်ချင်း၏ အစီအစဉ်ကို ကြားပြီးသည့်နောက်တွင် မနေနိုင်ဘဲနှင့် မေးခဲ့ပါသည်။

“လူသားတွေက ဒီလိုပဲလေကွာ… ကိုယ့်ကို တစ်ယောက်ယောက်က မကောင်းကြံနေတယ်ဆိုမှတော့ တန်ပြန်အစီအစဉ်ချရတာ သဘာဝပဲ မဟုတ်ဘူးလား..”

လီချန်ချင်းက ပြုံးရွှင်နေသော အသံနှင့် ပြောလိုက်၏။

“ဒီလူမှုဆက်ဆံရေး အသိုင်းအဝိုင်းက တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း အစီအစဉ်တွေချပြီး မကောင်းကြံနေရတဲ့ အနေအထားလေ..။ အဲ့ဒါကြောင့်မလို့ အမြဲ သတိရှိနေဖို့ လိုတယ်”

နံဘေးတွင် ရှိသော လီဟမ်ရှန်းပင်လျှင် သူ၏ သာမန်အရက်သမား ဖခင်က ဤမျှလောက်ပင် အကြံကြီးမည်ဟု လုံးဝ မထင်ထားခဲ့မိပါ…။

“အဖေ … ကျွန်တော် ဘာလုပ်ရမလဲ..”

လီဟမ်ရှန်းက မေးလိုက်၏။

“မင်းကတော့ မူလအဆင့်ကို မြန်မြန်ရောက်အောင် ကြိုးစားပေးတော့…။ မင်းမူလအဆင့်ရောက်မှပဲ ငါ့ရဲ့အစီအစဉ်တွေကို မင်းကူညီပေးနိုင်မှာ..”

လီချန်ချင်းက လီဟမ်ရှန်းကို ပြောလိုက်၏။

“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားဖီးနစ် အရိုးရှိတယ်..။ မူလအဆင့်ကို ရဖို့အတွက် မင်းက အချိန်တစ်ခုပဲ လိုတာပါ။ မင်းမူလအဆင့်ကို ရောက်ပြီဆိုတာနဲ့ ငါတို့ သားအဖနှစ်ယောက် ပြန်ဆုံတွေ့နိုင်ပြီပဲ..။ သိပ်ကောင်းတယ်”

လီဟမ်ရှန်းက လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်၏။

“အဲ့ပစ္စည်းကို ရွှယ်ချမ်းပိုင်ကို ပေးလိုက်”

လီချန်ချင်းက ပြောလိုက်၏။ လီချန်ချင်း၏ အမိန့်ကို ကြားရသည်နှင့် လီဟမ်ရှန်းသည် သိုလှောင်လက်စွပ်အတွင်းမှ သေတ္တာတစ်ခုကို ဖွင့်ပြလိုက်သည်။ ထိုသေတ္တာထဲတွင် နောက်ထပ် သိုလှောင်လက်စွပ်တစ်ခု ရှိသည်ကို သူတွေ့လိုက်ရ၏။ သိုလှောင်လက်စွပ်ကို အာရုံခံကြည့်မိသည့်အခါမှသာ လီချန်ချင်းက မူလအဆင့်သို့ ရောက်မှသာ ဤသိုလှောင်လက်စွပ်ကို ဖွင့်နိုင်မည်ဟု ဘာကြောင့် ပြောခဲ့လဲဆိုတာကို နားလည်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သိုလှောင်လက်စွပ်အတွင်း၌ ရှိသော ရတနာများသည် လီဟမ်ရှန်းကို အကူအညီ မပေးနိုင်ရုံသာမက အန္တရာယ်ပင် ဖြစ်နိုင်ပါသေးသည်။ သိုလှောင်လက်စွပ်အတွင်းတွင်တော့ လီချန်ချင်း ယခင်တုန်းက ထုလုပ်ခဲ့သည့် ပန်းပုရုပ်ထုများစွာသည် စီစီရီရီ ရှိနေခဲ့သည်။ ထိုကဲ့သို့သော မြောက်မြားစွာသော ရတနာများသည် မူလအဆင့်သို့ ရောက်မှသာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ လီဟမ်ရှန်းသည် မူလအဆင့်သို့ ရောက်ရန်အတွက် အလျင်အမြန် ကြိုးစားမည်ဟု စိတ်ထဲ၌ တိတ်တဆိတ် သံန္နိဌာန်ချလိုက်သည်။

“မင်းမူလအဆင့်ကို ရောက်မှ ဖြစ်မယ်”

ထိုအခိုက်တွင် လီချန်ချင်းက ထပ်မံ၍ သတိပေးလိုက်၏။

“မင်းက အခုထက်ထိ ပုန်းကွယ်ပြီး နေနေတယ်ဆိုပေမဲ့ အမှန်တရားက မကြာခင်မှာ ထွက်ပေါ်လာလိမ့်မယ်။ တစ်နေ့နေ့မှာ မင်းရဲ့ သရုပ်မှန်ထွက်ပေါ်လာတဲ့အခါကျရင် ငါကလည်း မင်းအနားမှာ ရှိနေမှာ မဟုတ်ဘူး..။ အဲ့အချိန်ကျရင် ကာကွယ်ပေးမယ့်သူ မရှိလို့ မင်းဒုက္ခရောက်လိမ့်မယ်။ မင်းမူလအဆင့်ကို ရောက်တဲ့အချိန်မှပဲ လွတ်မြောက်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို ရှာတွေ့ကောင်းတွေ့လိမ့်မယ်”

“အဖေစိတ်မပူပါနဲ့ ကျွန်တော် မူလအဆင့်ကို ရောက်အောင် ကြိုးစားပါ့မယ်”

လီဟမ်ရှန်းသည် အလွန်လေးနက်နေပြီ ဖြစ်သည်။

“လောလောဆယ်တော့ ငါမင်းကို ဘာမှ မကူညီနိုင်သေးဘူး။ ငါ့ဆီမှာ ရှားပါးတဲ့ ရတနာပစ္စည်းတွေ အကာအကွယ်ပစ္စည်းတွေ ဘာတစ်ခုမှ ရှိမနေသေးဘူး”

ရွှယ်ချမ်းပိုင်ကလည်း လီဟမ်ရှန်းကို ကူညီပေးချင်ပါသည်။ သို့သော် ရွှယ်ချမ်းပိုင်၌ ငွေကြေးများ မရှိသလိုမျိုး ရတနာပစ္စည်းများလည်း မရှိပေ။ သူက ဓားတာအိုကိုသာ တစိုက်မတ်မတ် လိုက်စားသော သူဖြစ်၏။ သူ့တွင် ချင်းရွှယ်အာဏာဓား ရှိရုံနှင့် လုံလောက်ပါသည်။

“ပြဿနာမရှိဘူး..”

လီချန်ချင်းက ပြုံးရယ်ရင်း ပြောလိုက်သည်။

“အရာအားလုံးက သူ့အပေါ်ပဲ မူတည်တာပါ..။ ကောင်းပြီ.. အဲ့ဒါဆိုရင် ငါအရင်သွားတော့မယ်”

ရွှယ်ချမ်းပိုင်က လီဟမ်ရှန်းထံမှ ပစ္စည်းများကို ယူပြီးနောက်တွင် ကြာပန်းမီးအိမ်ကို လီဟမ်ရှန်းထံသို့ ပြန်ပေးလိုက်၏။ ကြာပန်းမီးအိမ်သည် ရွှယ်ချမ်းပိုင်၏ လက်မှ လွတ်သည်နှင့် ချက်ချင်းပင် မှိန်ဖျော့သွားကာ သစ်သားအပိုင်းအစ တစ်ခုကဲ့သို့ ဖြစ်သွား၏။ လီချန်ချင်း၏ အသံသည်လည်း လေထုထဲတွင် လွင့်ပါးကာ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွှယ်ချမ်းပိုင်က ထွက်သွားရန် ဟန်ပြင်လိုက်၏။

ထိုအခိုက်မှာပင် လီဟမ်ရှန်းက ရွှယ်ချမ်းပိုင်ကို ရုတ်တရက် လှမ်းခေါ်လိုက်၏။

“ဒုဂိုဏ်းချုပ်”

“ပြော”

ရွှယ်ချမ်းပိုင်က လှည့်ကြည့်လိုက်၏။

“ထာဝရရှင်သန်ခြင်းဂိုဏ်းကို အခုခရီးမှာ သတိထားပါ”

လီဟမ်ရှန်းက ရွှယ်ချမ်းပိုင်ကို သတိပေးလိုက်၏။ ရွှယ်ချမ်းပိုင်က ထိုစကားကို ကြားသော် သူ့မျက်လုံးထဲတွင် အလင်းရောင် တချက်လတ်သွား၏။ ထို့နောက်မှ သူက ပြောလိုက်သည်။

“ငါနားလည်ပြီ”

သူသည် ကောင်းကင်ထက်သို့ ပျံသန်းကာ ထွက်သွားခဲ့၏။ ရွှယ်ချမ်းပိုင် ထွက်သွားသည်ကို မြင်သောအခါ လီဟမ်ရှန်းက လက်ထဲရှိ ကြာပန်းမီးအိမ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ ထို့နောက်တွင်မှ သူသည် ပြန်သိမ်းလိုက်သည်။ ချက်ချင်းပင် သူသည် တစ္ဆေမြို့တော်သို့ ပြန်လာခဲ့၏။

နောက်ပိုင်းရက်များတွင် လီဟမ်ရှန်းသည် မူလအဆင့်သို့ ရောက်ရှိရန်အတွက် ကြိုးကြိုးစားစားနှင့် ကျင့်ကြံနေခဲ့၏။ တစ်ချိန်တည်းမှာပင် မြို့ကြီးများတွင် ဈေးဝယ်ပြီး ပြန်လာသော စစ်သားများ ပြန်ရောက်လာသောအခါတွင် လီဟမ်ရှန်းက သူမှာလိုက်သော ပစ္စည်းများ ပြန်ပါလာလားဆိုတာကို သွားကြည့်ခဲ့သည်။

ထိုစစ်သားများထံမှ လီဟမ်ရှန်းလိုအပ်သော ဆေးလုံးများ ဆေးပင်များ ပါလာခဲ့ပါသည်။ ယခုအချိန်တွင်တော့ လီဟမ်ရှန်း၏ အတွင်းအား စွမ်းအားသည် အလွန်အမင်း သန်မာနေပြီ ဖြစ်သည်။ ငွေတုံး ဆယ်သိန်းခန့် အသုံးပြုပြီး ရှားပါးစိတ်ဝိဉာဉ်ဆေးလုံးများနှင့် ဆေးပင်များကို ဝယ်ယူခဲ့သည့်တိုင် လီဟမ်ရှန်းသည် သူ့ခန္ဓာကိုယ် တစ်ခုလုံး၏ အတွင်းအား လေးဆယ်ရာခိုင်နှုန်းကိုသာ အသွင်ပြောင်းနိုင်ခဲ့ပါသေးသည်။

လဝက်ကြာပြီးသောအခါ ခေါင်းဆောင် တစ်ဦးဖြစ်သော လီဟမ်ရှန်းသည် စစ်သူကြီးတဲကောင်းနှင့်အတူတူ စစ်တိုက် ထွက်ခဲ့ရပါသည်။ တစ္ဆေမြို့တော် အပြင်ဘက်တွင် သွေးတစ္ဆေမျိုးနွယ်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရ၏။ နှစ်ဖက်စလုံးသည် ပြင်းထန်စွာဖြင့် တိုက်ခိုက်ခဲ့သည်။ စစ်ပွဲ၌ လီဟမ်ရှန်းကလည်း ထုံးစံအတိုင်းပင် ပြောင်မြောက်သော အရည်အချင်းကို ပြသနိုင်ခဲ့သည်။ သူက လှံချက်တစ်ချက်တည်းဖြင့် သွေးတစ္ဆေမျိုးနွယ်ဝင်များ၏ အင်အားကို သတ်ဖြတ်နိုင်ခဲ့ပါသည်။

လီဟမ်ရှန်း၏ လက်ထဲတွင် သွေးတစ္ဆေမျိုးနွယ်ဝင် မူလအဆင့် နှစ်ဦးပင်လျှင် အသက်သေဆုံးခဲ့ရ၏။ လီဟမ်ရှန်း၏ ပြိုင်ဘက်ကင်းသော အမူအရာသည် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင် ရန်သူများအားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့စေခဲ့ပါသည်။ စစ်သူကြီး တဲကောင်းကလည်း လီဟမ်ရှန်းကို ရှားပါးသော ဆေးလုံးများဖြင့် ဆုချခဲ့ပါသေး၏။ ထိုအချိန်တွင် လီဟမ်ရှန်း၏ အတွင်းခွန်အားများသည် ငါးဆယ်ရာခိုင်နှုန်းခန့် အသွင်ပြောင်းခဲ့ပြီ ဖြစ်ပါသည်။

သူသည် မူလအဆင့်၏ တစ်ဝက်ခန့် ရောက်ရှိနေပြီဟု ပြော၍ ရသည်။ တစ်ချိန်တည်းမှာပင်လျှင် တိမ်ကန္တာရ နယ်မြေ၏ လွန်စွာ နက်ရှိုင်းသော အပိုင်းထဲတွင် အေးချမ်းသာယာသော ရွာငယ်လေးများစွာ ရှိသည်။ ထိုရွာငယ်လေးများတွင် နေထိုင်သော ပြည်သူများသည် ကျင့်ကြံခြင်းမရှိသော သာမန် တစ္ဆေမျိုးနွယ်ဝင်များ ဖြစ်၏။ ထိုရွာများတွင် စွမ်းအားကြီးသောလူဟူ၍ တစ်ဦးမှ မရှိပါ။

ပတ်ပတ်လည်တွင် ကြီးမားသော ရွာ၊ သေးငယ်သော ရွာဟူ၍ ရွာများသာ ရှိပါသည်။ လူဦးရေသည် ဆယ်သန်းခန့်တော့ ရှိလိမ့်မည်။ သူတို့သည် ဤနေရာတွင် တိတ်တဆိတ်နှင့် နေထိုင်ပြီး ဘဝကို အေးချမ်းသာယာစွာဖြင့် ဖြတ်သန်း၏။ သူတို့၏ အဓိက စားဝတ်နေရေးကို ဖြေရှင်းပုံမှာ ငါးမျှားခြင်းနှင့် အမဲလိုက်ခြင်းမှာပင် ဖြေရှင်းခဲ့ပါသည်။ သူတို့သည် တစ္ဆေမျိုးနွယ်၏ တိမ်ကန္တာရ နယ်မြေတွင်ပင်လျှင် အေးချမ်းစွာဖြင့် နေထိုင်နေကြသည်။ ဤနေရာသည် တစ်ဦးနှင့် တစ်ဦး တွေ့တာနဲ့ အချင်းချင်း ဇာတ်တူသားကိုပင် သတ်စားသော နေရာပင် ဖြစ်ပါသည်။

ဤကဲ့သို့သော နေရာတွင် ယခုကဲ့သို့ငြိမ်းချမ်းသော ပတ်ဝန်းကျင် ရှိသည်မှာ အင်မတန် ထူးဆန်းလှသည်ဟု ပြော၍ ရသည်။ ထိုကဲ့သို့ ငြိမ်းချမ်းနေရခြင်းမှာလည်း ဤရွာများသည် တောင်တန်းတစ်ခု၏ အကာအကွယ်ကို ရရှိထားသောကြောင့်ပင် ဖြစ်သည်။ ထိုတောင်၏ အမည်မှာတော့ ချီရှန်းတောင်တန်းပင် ဖြစ်ပါသည်။

ဤနေရာသည် တိမ်ကန္တာရနယ်မြေ၏ တားမြစ်နယ်မြေ တစ်ခု ဖြစ်ပါသည်။ ဤနေရာတွင် တစ်စုံတစ်ဦးက ပြဿနာ ရှာမိပါက အမေးအမြန်း မရှိဘဲ တစ်ခါတည်း အသတ်ခံရမည် ဖြစ်သည်။ ထိုအမည်ကြောင့်ပင် ဤနေရာသည် တားမြစ်နယ်ပယ်တစ်ခု ဖြစ်နေရခြင်း ဖြစ်၏။ ထိုအ‌ကြောင်းတရားများကို ထောက်ရှု့သော် ချီရှန်းတောင်တန်းသည် လွန်မင်းစွာ ကြောက်မက်ဖွယ်ကောင်းပါသည်။

ချီရှန်းတောင်တန်း၏ သခင်သည် ချီရှန်းတစ္ဆေအရှင်ပင် ဖြစ်ပါသည်။ ဟိုးရှေးရှေးကတည်းက ကောလဟာလများ ရှိခဲ့ပါသည်။ ကောလဟာလများအတွင်း၌ ချီရှန်းတစ္ဆေအရှင်သည် စန်းယွမ်နယ်မြေ အရှင်သခင် ဖြစ်ချင်သည်ဟု ကောလဟာလ ရှိပါသည်။ အကယ်၍ သူသာ စန်းယွမ်နယ်မြေ အရှင်သခင်သာ ဖြစ်ချင်ပါက အရှင်သခင်ဟောင်း ကျန်းထျန်းယွမ်ပင် တားမြစ်နိုင်မည် မဟုတ်ပါ။

တကယ့်တကယ်တမ်းမှာတော့ ချီရှန်းတစ္ဆေအရှင်သည် မည်သည့်အရာကိုမျှ စိတ်ပါဝင်စားမှု မရှိပါ။ သူသည် ဘုရင်လုပ်ရမှာကိုလည်း စိတ်မဝင်စား နယ်မြေအရှင်သခင်ကိုလည်း မလုပ်ချင်ပါ။ သူက မည်သည့်အင်အားစုများကြားထဲမှ ဝင်ပါလေ့ မရှိပါ။ သူက သူနေထိုင်ရာ တောင်တန်းနှင့် ရွာငယ်လေးကိုသာ ကာကွယ်တတ်သည်။

ချီရှန်းတစ္ဆေအရှင်က ဘာကိုလိုချင်လဲဆိုတာကို ဘယ်သူမှ မသိပါ။ သူက ဆန်းကြယ်မှု ပြယုဂ်ထဲက တစ်ခုပဲ ဖြစ်၏။ ယနေ့တွင် ချီရှန်းတောင်တန်းထံသို့ လူသားတစ်ဦး ရောက်လာသည်။ စွတ်စွတ်ဖြူသော ငွေဝတ်ရုံနှင့် လူတစ်ယောက် ဓားတစ်လက်က ချီရှန်းတောင်တန်းပေါ်သို့ တစ်လှမ်းချင်း တက်လာခဲ့သည်။ သူက တောင်ထိပ်ကို ဦးတည်နေဟန် ရှိပါ၏။

တောင်အလယ်သို့ ရောက်သော် ထူထဲလှသော မြူခိုးများက ချက်ချင်းကျရောက်လာပြီး လမ်းကြောင်းကို ထင်ရှားအောင် မမြင်ရတော့ပါ။ ရွှယ်ချမ်းပိုင်က တောင်အလယ်သို့ ရောက်သောအခါတွင် ခြေသံများစွာ ကြားလိုက်ရ၏။ ချောမောလှပသည့် အစေခံ မိန်းမပျို နှစ်ဦးသည် မြူခိုးများကြားမှ နတ်သမီးများအလား ထွက်ပေါ်လာသည်။ သူတို့သည် ရွှယ်ချမ်းပိုင်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“ရပ်လိုက်စမ်း.. တစ္ဆေအရှင်သခင်က ဧည့်သည်လက်မခံဘူး..။ ဒီကနေ ပြန်လှည့်သွားဖို့ အကြံပေးချင်တယ်။ ပြန်မလှည့်သွားချင်ရင်တော့ ရှင့်အသက်ကို ဒီမှာ ထားခဲ့လိုက်တော့…”

သူတို့နှစ်ဦးသည် လွန်စွာအေးစက်သော အရှိန်အဝါများ ရှိ၏။ ရွှယ်ချမ်းပိုင်က သူတို့နှစ်ဦးကို အကဲခတ်လိုက်ရာ ထိုအမျိုးသမီး နှစ်ဦးသည် မူလအဆင့်၏ နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီကို သတိထားမိလိုက်သည်။ ရွှယ်ချမ်းပိုင်က စကားပြောမနေဘဲ သူ၏ သိုလှောင်လက်စွပ်ထဲမှ အမိန့်ပြားတစ်ခုကို ထုတ်ပြလိုက်၏။

အမိန့်ပြားထွက်ပေါ်လာသည်နှင့် အစေခံမိန်းမပျိုနှစ်ဦး၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားသည်။

“ဒါသခင်ရဲ့ ချီရှန်းအမိန့်ပြားပဲ… အထဲကို ကြွပါ ဂုဏ်သရေရှိ လူကြီးမင်း”

အစေခံမိန်းမပျိုနှစ်ဦး၏ သဘောထားများသည် ပြောင်းလဲသွားပါတော့သည်။ ရွှယ်ချမ်းပိုင်သည် ချီရှန်းအမိန့်ပြားနှင့် လာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဆက်ဆံပုံကလည်း ပြောင်းလဲမှ ဖြစ်မည်။ ရွှယ်ချမ်းပိုင်သည် အစေခံမိန်းမပျိုနှစ်ဦး၏ နောက်မှ တောင်ထိပ်သို့ လိုက်ပါသွားသည်။ တောင်ထိပ်တွင်တော့ မြူခိုးများကို လုံးဝ မတွေ့ရပါ။ တောင်ထိပ်တွင် လွန်စွာလှပသော စံအိမ်တော်ကြီးတစ်ခု ရှိသည်ကို ရွှယ်ချမ်းပိုင် မြင်လိုက်ရ၏။ ဤနေရာသည် မြင့်မားလှသော ချီရှန်းတောင်ထိပ်တွင် ရှိသော်လည်း တောင်ထိပ်ဖြစ်သောကြောင့် အေးစက်သော ခံစားချက်ကို မရရှိပါ။

ဤနေရာသည် နွေဦးရာသီကဲ့သို့ပင် နွေးထွေးကာ လှပပါသည်။ တိုက်ခတ်နေသော လေသည် ရောက်ရှိနေသော လူများ၏ ခံစားချက်ကို အလွန်အင်မတန် ကောင်းမွန်စေပါသည်။ စံအိမ်တော်အတွင်း၌ လူသားများစွာ မရှိပါ။ ဤနေရာတွင် လွန်စွာ ရှားပါးလှသော ရတနာပစ္စည်းများ ဆေးပင်များနှင့် ရှားပါးလှသည့် စိတ်ဝိဉာဉ်သားရဲများစွာကို တွေ့ရှိရပါသည်။

တချို့သော စိတ်ဝိဉာဉ်သားရဲများကို ရွှယ်ချမ်းပိုင်က သိသည်။ တချို့သော စိတ်ဝိဉာဉ်သားရဲကိုတော့ ရွှယ်ချမ်းပိုင် ဘဝတစ်လျှောက်လုံး မမြင်ဖူးခဲ့ပါ။ တချို့ စိတ်ဝိဉာဉ် သားရဲများသည် တောင်တန်းကြီးတစ်ခုကဲ့သို့ပင် ကြီးထွားလှပါသည်။ တချို့မှာမူ မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ စွမ်းအားကြီးသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ထိုစိတ်ဝိဉာဉ်သားရဲများကို မြင်ပြီးနောက် ရွှယ်ချမ်းပိုင်သည် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ ချီရှန်းတစ္ဆေအရှင်သည် ဂုဏ်သတင်းထဲကအတိုင်း အမှန်တကယ်ပင် စွမ်းအားကြီးမားသည့် သဘောတွင် ရှိသည်။ ထိုအခိုက်တွင် ခပ်လှမ်းလှမ်းမှာ ကုချင်းတီးခတ်နေသည့် အသံကို ကြားလိုက်ရ၏။ ကုချင်းတေးသံသည် ညင်သာသည်။ ပျော့ပျောင်းသည်။ ရွှယ်ချမ်းပိုင်သည် လွန်စွာ ချိုသာသော သံစဉ်၌ နစ်မြှုပ်နေပြီး ဘယ်တော့မှ မရုန်းထွက်နိုင်သကဲ့သို့ ဖြစ်နေ၏။

ကံကောင်းသွားတာက အရေးကြီးသော အချိန်တွင် ရွှယ်ချမ်းပိုင်၏ ဓားနှလုံးသားက ပြင်းပြင်းထန်ထန်နှင့် တုန်လှုပ်လာပြီး စူးရှသော ဓားအရှိန်အဝါကို ဖြစ်ပေါ်စေခဲ့သည်။ ဓားအရှိန်အဝါက ကုချင်းတေးသံ၏ သံစဉ် ရေယာဉ်ကြောကို ဖြတ်တောက်ပစ်လိုက်သည်။ ထိုအချိန်မှသာ ရွှယ်ချမ်းပိုင်၏ ဝေဝါးနေသော မျက်လုံးများက ချက်ချင်း ကြည်လင်လာခဲ့ပါတော့သည်။

သူသည် ယခုမှ ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိသွားသည်။

“သခင်ကြီး… ဧည့်သည် ရောက်လာပါတယ်”

လှပသော အစေခံ မိန်းမပျို နှစ်ဦးသည် တပြိုင်နက်တည်းပင် လွန်စွာ ရိုသေသော အမူအရာနှင့် ရေကန်ဘက်တွင် ရှိသော စံအိမ်တော် တစ်ခုကို လှမ်းပြောလိုက်သည်။

“နောက်ဆုံး ချီရှန်းအမိန့်ပြားက ရောက်လာပြီပဲ…”

အသံတစ်သံ ထွက်ပေါ်လာသည်။ အသံပိုင်ရှင်သည် လွန်စွာ ငယ်ရွယ်လှ၏။ စံအိမ်ခန်းမကို အပြင်ဘက်မှ ပိုးသားကန့်လန့်ကာများဖြင့် ကာရံထား၏။ ထိုအခိုက်မှာပင် အေးမြသော လေပြေလေညင်းတစ်ခု တိုက်ခတ်လာပြီး ကန့်လန့်ကာများကို လှုပ်ရှားသွားစေခဲ့၏။ ကန့်လန့်ကာက လေအဝှေ့တွင် လွင့်ပျံသွားချိန်တွင် အတွင်းတွင် ရှိသော ပုံရိပ်ကို ရွှယ်ချမ်းပိုင် မြင်လိုက်သည်။

အတွင်း၌ အမျိုးသားတစ်ဦးက ကုချင်းကို တီးခတ်နေသည်။ ထိုအမျိုးသားသည် အသက်သုံးဆယ် လေးဆယ်ခန့်တော့ ရှိပေလိမ့်မည်။ သူ၏မျက်နှာထားသည် လွန်စွာမှကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အင်မော်တယ် တစ်ပါးကဲ့သို့ ချောမောခန့်ညားလွန်းလှပေသည်။ ထိုအမျိုးသားက သူ့လက်ထဲက ကုချင်းကိုသာ စိုက်ကြည့်နေသော်လည်း သူ့မျက်လုံးထဲတွင် နက်နဲကာ ဆန်းကြယ်လှသော အဆုံးအစမဲ့သော အရှိန်အဝါများကို မြင်တွေ့ရမည် ဖြစ်သည်။

ရွှယ်ချမ်းပိုင်သည် ထိုခံစားချက်ကို ပထမဦးဆုံး ခံစားရခြင်း ဖြစ်ပါ၏။ ထိုသူသည် သွားထိ၍ မရသော အနက်ရောင်တွင်းနက်ကြီးအလား ဖြစ်နေ၏။ ချီရှန်းတစ္ဆေအရှင်၏ လှုပ်ရှားမှု တစ်ချက်ကိုပင်လျှင် သူခံနိုင်မည် မဟုတ်ဟု ရွှယ်ချမ်းပိုင်က ခံစားမိနေခဲ့သည်။ သူ၏ ချင်းရွှယ်အာဏာဓားကို ကိုင်ဆွဲပြီး အစွမ်းကုန် ထုတ်သုံးမည် ဆိုလျှင်ပင် ချီရှန်းတစ္ဆေအရှင်၏ တစ်ကွက်ကိုပင် သူခံနိုင်မည် မဟုတ်ပါ။

ရွှယ်ချမ်းပိုင်မှာ သူ၏ အာရုံမှာ တိကျလှသည်ဟု တွေးထားပါသည်။ ထိုကဲ့သို့သော ခံစားချက်မျိုးကို ဆုမိသားစု၏ ဘိုးဘေးများနှင့် ရင်ဆိုင်ရစဉ်အခါတုန်းကပင် မရခဲ့ပါ။

“ချီရှန်းတစ္ဆေအရှင်ကို ဂါရဝပြုပါတယ်”

ရွှယ်ချမ်းပိုင်က ရိုသေစွာ ပြောလိုက်၏။

“မင်းအကူအညီလိုတယ်ဆိုရင် ငါ့ကို တစ်ခါတည်း ပြောလိုက်ရတယ်”

ချီရှန်းတစ္ဆေအရှင်က ကုချင်းကို မတီးခတ်တော့ပါ။ သူက ကုချင်းမျက်နှာပြင်ပေါ်တွင် လက်ကို တင်ထားရင်း ပြောလိုက်ခြင်း ဖြစ်သည်။ ထို့နောက် အစေခံ မိန်းမပျို နှစ်ဦးက ကုချင်းကို အဝေးသို့ သိမ်းသွားခဲ့သည်။

“ချီရှန်းတစ္ဆေအရှင်ကို တစ်ခုခု ရှာပေးဖို့အတွက် တောင်းဆိုလိုပါတယ်”

ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာ ပြောလိုက်၏။

“ဒါပေမဲ့ အဲ့ပစ္စည်းက အဖြူအနက် လျှို့ဝှက်နယ်မြေထဲမှာပဲ ရှိတာပါ”

“ငါကမင်းရဲ့ ချီရှန်းအမိန့်ပြားကို ယူပြီးတော့ မင်းအပေါ်မှာရှိတဲ့ ကံအကြွေးကို ချေဖျက်ပေးမယ်”

ချီရှန်းတစ္ဆေအရှင်က ခေါင်းငြိမ့်ပြပြီး ပြောလိုက်၏။

“အဖြူအနက် လျှိုု့ဝှက်နယ်မြေက လူတိုင်းအတွက် အိပ်မက်ဆိုးကြီးပဲ..။ ဒါပေမဲ့ အဲ့လောက်ကြီး ကြောက်ဖို့တော့ မကောင်းပါဘူး။ ငါအဲ့ကို ခရီးတစ်ချက် ထွက်ပေးမယ်။ မင်းဘာလိုချင်တာလဲ”

ရွှယ်ချမ်းပိုင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဤနေရာသည် ချီရှန်းတစ္ဆေအရှင်ပိုင်ဆိုင်သော နေရာဖြစ်သောကြောင့် ဘယ်သူကမှ ခိုးနားမထောင်လောက်ဘူးဟု သူတွေးလိုက်သည်။ သို့သော် ပို၍ လုံခြုံစေရန်အတွက် ရွှယ်ချမ်းပိုင်သည် အတွင်းအားကို အသံလှိုင်းအဖြစ် အသုံးပြုပြီး ချီရှန်းတစ္ဆေအရှင်ထံသို့ အသံလှိုင်းကို ပိုးချည်မျှင် တစ်စကဲ့သို့ ပို့လွှတ်လိုက်သည်။

ရွှယ်ချမ်းပိုင် ရှာခိုင်းသော အရာကို ကြားသော် မူလက တည်ငြိမ်နေသော ချီရှန်းတစ္ဆေအရှင်၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ငါသိပြီ.. လာကြစမ်း..။ ဧည့်သည်ကို ပြန်ပို့လိုက်”

ချီရှန်းတစ္ဆေအရှင် ပြောပြီးသည့်အခါတွင် အစေခံမိန်းမပျို နှစ်ဦးသည် ရွှယ်ချမ်းပိုင်ကို တောင်ခြေသို့ ပြန်လိုက်ပို့ခဲ့သည်။

“ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”

ရွှယ်ချမ်းပိုင်က တစ္ဆေအရှင်ထံသို့ ဦးညွှတ်ပြီး ထွက်ခွာလိုက်သည်။ လေးဆယ့်ငါးမိနစ်ခန့် ကြာပြီးသောအခါ ရွှယ်ချမ်းပိုင်သည် ချီရှန်းတောင်ပေါ်မှ ဆင်းလာ၏။ ရွှယ်ချမ်းပိုင်သည် ချီရှန်းတောင်တန်း၏ ပိုင်နက် နယ်မြေမှ ထွက်လာပြီးသည့်အခါတွင် ကောင်းကင်နှင့် မြေကြီး၏ အပြောင်းအလဲကို သူခံစားမိလိုက်သည်။

“အဟင်းဟင်း…ဟင်း ငါ့ကို စောင့်နေတာ မင်းတို့ ကြာလောက်ပြီပေါ့.. ထွက်လာခဲ့စမ်း”

ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ ချက်ချင်းပင်လျှင် လေဟာနယ်အတွင်းမှ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။ ပုံရိပ်များသည် စုစုပေါင်း လေးခု ရှိသည်။ ထိုလေးယောက်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါ အတက်အကျများက အလွန်ကို စွမ်းအားကြီး၏။ သန်မာလှ၏။

ထိုလူလေးယောက်အတွင်း၌ အမျိုးသမီးတစ်ဦးလည်း ပါပါသည်။ သူမက ရွှယ်ချမ်းပိုင်ကို မြင်သောအခါ ရယ်မောလိုက်ပြီးနောက် ပြောလိုက်၏။

“ချင်းရွှယ်အာဏာဓားအရှင်ဆိုတဲ့အတိုင်းပဲ ရှင်က အရမ်းထက်မြက်လွန်းတာပဲ..။ ကျွန်မတို့လေးယောက်က ဒီလောက်ထိ အပုန်းကောင်းတယ်လို့ ထင်ထားတာ..။ဒါတောင် ရှင်က ကျွန်မတို့ကို ရှာတွေ့ဖြစ်အောင် ရှာတွေ့သွားသေးတယ်”

ရွှယ်ချမ်းပိုင်က သူ့အရှေ့တွင် ရှိသော လူလေးယောက်ကို ကန်ရေပြင်လိုမျိုး အကြည့်ဖြင့် ကြည့်ရင်း တစ်ချက်ပြုံးလိုက်၏။

“ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါဘယ်မှာ ရှိလဲဆိုတဲ့ အချက်အလက်ကို သိဖို့ အတွက် ငွေကုန်ကြေးကျ တော်တော်ခံခဲ့တာပဲ…”

“ကျွန်မတို့လည်း မတတ်နိုင်ဘူးလေရှင် ..။ ချင်းရွှယ်အာဏာဓား လို ရှင့်လိုလူကို သတ်ဖို့က ကျွန်မတို့အတွက် အရမ်းခက်လွန်းတယ်လေ။ ဒီနေ့ ရှင့်ကို သတ်ဖို့အတွက် ကျွန်မတို့ရဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းက တမန်တော်လေးပါးလုံး ရောက်လာခဲ့ရတာပဲ..”

အမျိုးသမီးက ပြုံးရင်း ပြောလိုက်၏။ ထိုလူလေးဦးသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ စောင့်ရှောက်သူ တမန်တော် လေးပါးဖြစ်ပါသည်။ သူတို့အားလုံး၏ ကျင့်ကြံခြင်းအဆင့်က မဟာသိုင်းဂိုဏ်းအဆင့်တွင် ရှိပါသည်။ သူတို့လေးဦးထဲမှ မိုးပြာနဂါးနတ်ဘုရားအရှင်သည် လီရွှမ်းရှီ၏ ဓားချက်နှင့် အသက်ဆုံးရှုံးခဲ့ရသည်။

သို့သော် ထာဝရရှင်သန်ခြင်းဂိုဏ်းက လစ်လပ်သွားသော မိုးပြာနဂါးနတ်ဘုရားအရှင် နေရာတွင် တခြားသူတစ်ဦးကို ချက်ချင်းအစားထိုးခဲ့ပါသည်။ တမန်တော်လေးပါးက စကားများများ မပြောတော့ပါ။ သူတို့က ရွှယ်ချမ်းပိုင်ကို သတ်ဖြတ်ရန်အတွက် အပြင်းအထန်ဆုံးသော လှုပ်ရှားမှုများဖြင့် လှုပ်ရှားလိုက်၏။

ယခုအကြိမ်တွင် သူတို့သည် ရွှယ်ချမ်းပိုင်ကို သတ်ကို သတ်ကြမည်။

“အခုကြည့်ရသလောက်က ချင်းရွှယ်အာဏာဓားသခင်က ငါတို့ရောက်လာမှာကို ကြိုသိနေတဲ့ပုံပဲ..။ ဒါကိုတော့ ငါမမျှော်လင့်ထားဘူး”

ကျားဖြူတမန်တော်အရှင်က ပြောလိုက်၏။ သူသည် ဓားတစ်လက်ကို ခါးတွင် ချိတ်ဆွဲထားပြီး အလောင်းကောင်ကဲ့သို့ အေးစက်နေခဲ့သည်။ သူက အေးစက်စွာဖြင့် ထပ်ပြောလိုက်၏။

“ချင်းရွှယ်အာဏာဓားအရှင်ရဲ့ ဓားချက်တွေကို ကျုပ်မြင်ဖူးချင်နေတာ ကြာပြီ”

“ဟင်းဟင်းဟင်း…. ဒါပေမဲ့မင်းတို့တွေ ကံဆိုးတာပဲ။ ဒီနေ့ငါ မင်းတို့နဲ့ တိုက်ခိုက်ဖို့အတွက် စိတ်မပါဘူး..။ ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်”

ရွှယ်ချမ်းပိုင်က ခေါင်းခါလိုက်၏။

“ချင်းရွှယ်အာဏာဓားအရှင် ဒါမျိုးကို ရှင်ဆုံးဖြတ်ရမှာ မဟုတ်ဘူး”

မီးငှက်တမန်တော်က ပြောပြီးသည့်အချိန်တွင် လောကကြီး တစ်ခုလုံးကို အရောင်ပြောင်းလဲသွားစေမည့် သွေးနီရောင် အလင်းတိုင်လုံးများက ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။ ထိုသွေးနီရောင် အလင်းတိုင်လုံးများသည် လေဟာနယ်တစ်ခုလုံးကို ပိတ်ဆို့လိုက်ပြီး ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးအုပ်လိုက်ပါသည်။

“မင်းမှာ ဒီနေ့ အတောင်ပေါက်နေတယ်ဆိုရင်တောင်မှ ဒီကနေ ထွက်သွားဖို့ မဖြစ်နိုင်ဘူး”

မိုးပြာနဂါးနတ်ဘုရားအရှင်ကလည်း လှံတံတစ်လက်ကို ကိုင်ဆွဲထားပြီးနောက် လှံတံကို ရွှယ်ချမ်းပိုင်ထံ ချိန်ရွယ်ပြီး ပြောလိုက်၏။ သူ၏တိုက်ခိုက်လိုစိတ်မှာလည်း တောက်လောင်လာခဲ့သည်။

“ငတုံးတွေပဲ..”

ရွှယ်ချမ်းပိုင်က ခေါင်းခါလိုက်၏။ ထို့နောက်တွင် လက်ဖျောက်တစ်ချက်တီးလိုက်ပြီးသည့်နောက်တွင် သူ့လက်ထဲ၌ ပန်းပုရုပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပန်းပုရုပ်၏ ပုံစံသည် တိမ်တိုက်ပုံစံရှိပါသည်။ ပန်းပုရုပ်၏ အောက်ခြေတွင်တော့ “စွန်းဝူခုန်း၏ မိုင်ခုနှစ်သိန်း အသွားအပြန်ခရီး”ဟု စာတန်းရေးထိုးထားသည်။

ရွှယ်ချမ်းပိုင်၏ အတွင်းအားစွမ်းအားများသည် ပန်းပုရုပ်ကို ချိုးဖျက်လိုက်၏။ ချက်ချင်းပင်လျှင် ရွှယ်ချမ်းပိုင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မြူခိုးများအသွင်ပြောင်းသွားပြီး နေရာတွင် ချက်ချင်းပျောက်ကွယ်သွား၏။ သူ၏အသက်ရှုသံပင်လျှင် မရှိတော့ပါ။ ထိုမြင်ကွင်းကို မြင်သောအခါ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ တမန်တော်လေးပါးစလုံးက အထိတ်တလန့် ဖြစ်သွား၏။

သူတို့သည် တည်နေရာကို ချိတ်ပိတ်ထားသော အစီအရင်ကိုလည်း နှိုးဆွထားပြီးပြီ။ လေးယောက်လုံး၏ အရှိန်အဝါများကလည်း ရွှယ်ချမ်းပိုင်ကို ဖိနှိပ်ထားပြီးပြီ။ ဒါပေမဲ့ ရွှယ်ချမ်းပိုင် ဘယ်ရောက်သွားတာလဲ။ ဘာလို့ ချက်ချင်းကြီး သရဲလို ပျောက်သွားရတာလဲ။ သူတို့လေးဦးသည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်၏။ သို့သော် နတ်ဘုရားအာရုံနှင့် ရှာသည့်တိုင် ရွှယ်ချန်းပိုင်းကို ဘယ်လိုမှ ရှာမတွေ့ပါ။

ရွှယ်ချမ်းပိုင်သည် လေထဲ၌ ပျောက်ကွယ်သွားသလို ပျောက်ကွယ်သွား၏။ ဤ ပန်းပုရုပ်ထုသည် ရွှယ်ချမ်းပိုင်သည် တစ်စုံတစ်ခု မဖြစ်စေရန်အတွက် လီချန်ချင်းက အစောကတည်းက ကြိုတင်၍ စီစဉ်ပေးထားသော ပန်းပုရုပ်ထု ဖြစ်၏။ တမန်တော် လေးပါးကို ရွှယ်ချမ်းပိုင်က မကြောက်ပါ။ တစ်ယောက်ချင်း ယှဉ်ရမည် ဆိုလျှင် တမန်တော်များကို အသာလေး သတ်ဖြတ်နိုင်၏။ နှစ်ယောက် တစ်ယောက် တိုက်ရမည် ဆိုလျှင်တောင်မှ ချင်းရွှယ်အာဏာဓားကို ဆွဲထုတ်လိုက်သည်နှင့် ရွှယ်ချမ်းပိုင်က ထိုနှစ်ယောက်လုံးကို အဖေ အမေကို ပြန်တရလောက်တဲ့အထိ ငိုသွားအောင်လို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

သို့သော် မဟာသိုင်းဂိုဏ်းအဆင့်ရှိသော ကျင့်ကြံသူ လေးဦးကို တစ်ယောက်တည်း ယှဉ်ရမည် ဆိုလျှင်တော့ သူ့အတွက် အရေးမသာပါ။ လောလောဆယ် သူသေ၍ မဖြစ်။ သူသည် တိမ်ကန္တာရနယ်မြေသို့ ရောက်လာပြီး အဖြူအနက်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ကာ မင်းသမီးချင်းယန်အတွက် တစ်စုံတစ်ဦးကို ရှာဖွေ ပေးရဦးမည်။

ထို့အပြင် သူ၏ညီနောင်ကောင်းဖြစ်သော လီချန်ချင်းကို အသက်ပြန်ရှင်အောင် လုပ်ရပါဦးမည်။ ယနေ့ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ တမန်တော် လေးဦးစလုံး ရွှယ်ချမ်းပိုင်ကို ပိတ်ဆို့ကာ တိုက်ခိုက်ခြင်း၏ နောက်ကွယ်မှ လက်မည်းကြီးသည် ကျိုးကျွင်းသာ ဖြစ်သည်။ ကျိုးကျွင်းက လီဟမ်ရှန်းကို ငါးစာအဖြစ် အသုံးပြုပြီး ရွှယ်ချမ်းပိုင်ကို ထွက်ပေါ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရွှယ်ချမ်းပိုင်ကို သတ်ဖြတ်ရန်အတွက် သူက ကြံရွယ်ခဲ့ခြင်း ဖြစ်၏။ သူ၏အစီအစဉ်တွင် ထွက်ပေါက် တစ်ပေါက်မှ မရှိဟု ကျိုးကျွင်းက ယုံကြည်မှု ရှိစွာ တွေးခဲ့သည်။ သို့သော် ကျိုးကျွင်း မမျှော်လင့်ထားခဲ့သည်က လီဟမ်ရှန်းက အရင်တုန်းကလိုမျိုး အရာရာတိုင်းကို ယုံတတ်သည့် ငနုံငအလေး မဟုတ်တော့ပါ။

သူက ကျိုးကျွင်းကို လုံးဝ မယုံခဲ့။ ထို့ကြောင့် လီဟမ်ရှန်းသည် ယခုအချိန်တွင် ကျိုးကျွင်းက သူ့ကို ပစ်မှတ်ထားသည် မဟုတ်ဘဲ သူနှင့် ဆက်စပ်သော တစ်စုံတစ်ဦးကို ပစ်မှတ်ထားသည်ဟု ခံစားခဲ့ရ၏။

ရွှယ်ချမ်းပိုင်ကို မြင်သည်နှင့် လီဟမ်ရှန်းသည် အရာအားလုံးကို ရှင်းလင်းသွားခဲ့သည်။ ထို့ကြောင့် ရွှယ်ချမ်းပိုင်အား လီဟမ်ရှန်းက မထွက်ခွာခင်၌ ထာဝရရှင်သန်ခြင်းဂိုဏ်းကို သတိကြီးကြီးထားရန်အတွက် သတိပေးခဲ့ခြင်း ဖြစ်ပါသည်။ လီဟမ်ရှန်း၏ အထင်မှာ လုံးဝကို မှန်ကန်ခဲ့သည် မဟုတ်ပါလား။

All Chapters