ကြောက်စရာကောင်းသော ကိုယ်ခန္ဓာ
Vol. 76 Ch. 1127
သမာဓိတာအိုမီးက ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်လေသည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် ၎င်း၏အကန့်အသတ်နီးပါးထိ တွန်းတင်ထားရပြီး သူ့မျက်နှာက ပို၍ ဖြူလျော့လာခဲ့၏။
ဂူဂိုဏ်းတစ်ဂိုဏ်းလုံးသည် မီးပင်လယ်ဖြစ်နေပြီး ကျန်ရစ်နေသော ဂူကောင်များများစားစား မရှိတော့ပေ။ ဆူဇီမိုသည် သူတို့အားလုံးကို အမြစ်ဖြတ်ပြီးမှသာ ညဝိညာဥ်ကို ကူညီနိုင်ပေလိမ့်မည်။
ဤတစ်ခေါက် သမာဓိတာအိုမီးကို ထုတ်လွှတ်ထားသော အတိုင်းအတာက အလွန်တရာကျယ်ပြန့်ပြီး အဲ့ဒါက အတော်လေးလည်း အချိန်ကြာမြင့်ခဲ့လေသည်။ သူ၏အမြုတေစိတ်ဝိညာဥ်က အားအင်ကုန်ခန်းလုနီးပါး ဖြစ်နေခဲ့လေပြီ။ သူသည် မည်သည့်ဓမ္မစွမ်းအား သို့မဟုတ် မည်သည့် ဓမ္မအတတ်ကိုမှ ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။
သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က များသောအားဖြင့် ဓမ္မပညာရပ်များအပေါ်မှာသာ မှီခိုအားထားရလေသည်။
သမာဓိတာအိုမီးနှင့် ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်က သူ၏ ရုန်းကန်ပေါက်ကွဲစွမ်းအား အမြင့်ဆုံး ဓမ္မပညာရပ်နှစ်ခုဖြစ်လေသည်။
ဆိုလိုသည်မှာ ဆူဇီမိုက ညဝိညာဥ်ကို ဝင်ကူမည်ဆိုလျှင်တောင် သတ္တုဝါးမျိုဂူကောင်နှင့် အနီးကပ်တိုက်ခိုက်ဖို့အတွက် သူ၏ ခန္ဓာကိုယ်ကိုသာ မှီခိုအားထားရပေတော့မည်။
သို့သော်လည်း လက်ရှိအခြေအနေအရ ညဝိညာဥ်ပင်လျှင် အနီးကပ်တိုက်ခိုက်ရည်မှာ မည်သည့် အားသာချက်မှ မရရှိပေ။
သူတို့ကြားမှာ အဆင့်ကြီးနှစ်ဆင့် ကွာဟနေလေသည်။
သတ္တုဝါးမျိုဂူကောင်သည် ရှေးဟောင်းထိပ်တန်း ဂူပိုးကောင်ဆယ်မျိုးထဲမှ တစ်မျိုးဖြစ်လေသည်။ သတ္တုငါးမျိုးကို ဝါးမျိုပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က ဖျက်ဆီး၍ မရနိုင်တော့ဘဲ ၎င်း၏ ခွန်အားနှင့် အမြန်နှုန်းက ညဝိညာဥ်၏ အထက်သို့ ရောက်ရှိနေလေသည်။
သူက ညဝိညာဥ်နှင့်အတူ ဝင်ရောက်ပူးပေါင်းမည်ဆိုလျှင်တောင် သတ္တုဝါးမျိုဂူကောင်ကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်ပေလိမ့်မည်။
သူက စဥ်းစားတွေးတောနေစဥ်မှာပင် ရွှေရောင်အလင်းစက်တစ်ခုက သူ့မျက်လုံးရှေ့မှာ ဖျပ်ခနဲလှုပ်သွားပြီး သူက အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ ဆူဇီမိုက များစွာစဥ်းစားတွေးတောခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ကို အနည်းငယ်စောင်းချလိုက်လေသည်။
သူ၏ အထွတ်အထိပ်အခြေအနေမှာဆိုလျှင် သူက အဲ့ဒါကို ရှောင်ရှားနိုင်ကောင်း ရှောင်ရှားနိုင်ပေလိမ့်မည်။
သို့သော် ယခုအခါ သူ၏အမြုတေစိတ်ဝိညာဥ်က အားနည်းနေပြီး သူက စိတ်စွမ်းအင်အမြောက်အမြားကို သုံးစွဲထားရလေသည်။ သူ၏ အာရုံခံသတိစိတ်နှင့်ပင်လျှင်တောင် သူ၏ခန္ဓာကိုယ်က သူ၏တုံ့ပြန်မှုနောက်ကို အမီမလိုက်နိုင်တော့ပေ။
သူက သေကွင်းသေကွက် ထိခိုက်မှုကို ရှောင်ရှားဖို့အတွက်သာ အတတ်နိုင်ဆုံး ကြိုးစားနိုင်လေသည်။
ဖောင်း...
ရွှေရောင်အလင်းက ဆူဇီမိုပေါ်သို့ ကျရောက်လာခဲ့လေသည်။
သွေးစက်များက ပြန့်ကျဲသွားခဲ့၏...။ ဆူဇီမိုသည် ခပ်သဲ့သဲ့ညည်းတွားပြီး သူ၏မျက်နှာက ချွေးများဖြင့် စိုလာခဲ့လေသည်။
ရွှေရောင်အလင်းသည် သတ္တုဝါးမျိုဂူကောင်၏ ဦးမှင်များထဲမှ တစ်ခုပင် ဖြစ်လေသည်။
စောစောက တိုက်ခိုက်ဖလှယ်မှုအတွင်း ဦးမှင်နှစ်ခုသည် ညဝိညာဥ်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။
ညဝိညာဥ်က ပထမတစ်ခုကို ရှောင်ရှားလိုက်ပြီး ဒုတိယတစ်ခုဖြင့် ထိခတ်ခြင်းခံခဲ့ရလေသည်။ ပထမဦးမှင်သည် ၎င်း၏ ပစ်မှတ်ကို လွဲချော်သွားပြီးနောက် ရုတ်တရက် ပေအတော်အတန်ရှည်ထွက်လာကာ ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲ၍ ဆူဇီမိုပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့လေသည်။
ဥိးမှင်ဆင်းသက်ရာ ဆူဇီမို၏ ပုခုံးပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုရှိနေခဲ့ပြီး သွေးများက မနည်းမနေ စီးထွက်လာခဲ့လေသည်။
သူ၏အရေပြားသည် အဆင့်ခြောက် ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာရွက်များဖြင့် ပြုလုပ်ထားလေသည်။
မူလတာအိုအရှင်ဓမ္မလက်နက်များပင်လျှင် သူ၏အရေပြားကို လှီးဖြတ်နိုင်ချင်မှ လှီးဖြတ်နိုင်ပေလိမ့်မည်။
သို့သော်လည်း နူးညံ့ပျော့ပြောင်းသည်ဟုထင်ရသော ဦးမှင်က ဆူဇီမို၏ လက်တစ်ဖက်လုံးကို ပြတ်ထွက်လုနီးပါးဖြစ်စေခဲ့လေသည်။
သူ၏ ခန္ဓာကိုယ်က ခဏမျှယိမ်းထိုးသွားပြီး အံကိုတင်းတင်းကြိတ်ကာ ကျန်ရှိနေသော ဂူကောင်အချို့ကို သတ်ဖြတ်ဖို့အတွက် သမာဓိတာအိုမီးကို ဆက်လက်လှည့်ပတ်လိုက်ရ၏။
မည်သည့်ဂူကောင်မဆို ဤနေရာကနေ ထွက်ခွာသွားပါက မရေမတွက်နိုင်သော သက်ရှိများက သေကြေပျက်စီးရပေလိမ့်မည်။
ညဝိညာဥ်က ဒဏ်ရာရရှိထားသည်ဆိုလျှင်တောင် သူ၏အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏အကြည့်က အေးစက်နေဆဲ ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုဒဏ်ရာရရှိသွားသည်ကို မြင်သောအခါ နောက်ဆုံးတွင် ဒေါသမီးလုံးတစ်လုံးက သူ၏ မျက်လုံးထဲမှာ လျှံထွက်လာခဲ့လေသည်။ သူက နက်နက်ရှိုင်းရှိုင်း မာန်ဖီဟိန်းဟောက်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ဖော်လိုကိလေသည်။
ထိုအရာသည် ရှေးကျသော ကမ္ဘာဦးခေတ်ကနေ ရောက်ရှိလာပုံရပြီး အလွန်တရာကြောက်စရာကောင်းနေလေသည်။
သူတို့ကြားမှာ အဆင့်ကြီးနှစ်ဆင့် ကွာဟချက်ရှိလေသည်။ သို့သော်လည်း သတ္တုဝါးမျိုဂူကောင်သည် ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်တွင် စိုးတထိတ်ထိတ် ဖြစ်လာခဲ့လေသည်။
ဤဖိအားက သူ့ကိုဦးညွတ်စေဖို့ လှုံ့ဆော်ပေးနေလေသည်။ အဲ့ဒါက မျိုးဆက်သွေးဖိနှိမ်မှုတစ်ခု ဖြစ်လေသည်။ အဲ့ဒါသည် ရှေးကျသော မှတ်ဉာဏ်တစ်ခုနှင့်အတူ တစ်စုံတစ်ယောက်၏ မျိုးဆက်သွေးထဲမှာ ကိန်းဝပ်နေသော လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းဖြစ်လေသည်။
“အဲ့ဒါက ဘာပါလိမ့်...”
သတ္တုဝါးမျိုဂူကောင်သည် ညဝိညာဥ်ကို စိုက်ကြည့်ပြီး အလေးအနက်တွေးသောအခါ သူ၏မျက်လုံးထဲတွင် သတ္တုဆန်ဆန်အလင်းက ပိုမိုနက်ရှိုင်းလာခဲ့လေသည်။
စောစောက သူတို့၏ တိုက်ခိုက်မှုသည် တိုတောင်း၍ သူက ပကတိအသာစီးရရှိခဲ့သော်လည်း အဲ့ဒါက တကယ့်ကို တုန်လှုပ်ရလေသည်။
ထက်ရှသော ခရမ်းရောင်အမြီးသည် ညဝိညာဥ်၏ နောက်ဘက်မှာ ရုတ်တရက် ပေါ်ထွက်လာပြီး ပြင်းထန်အားကောင်းသော သေခြင်းရနံ့ကို ထုတ်ပေးလာခဲ့လေသည်။
သတ္တုဝါးမျိုဂူကောင်သည် အလွန်တရာ ဝေခွဲမရဖြစ်သွားလေသည်။
သူသည် စုန်းမျိုးနွယ်ထံမှာတောင် မည်သည့်ဖိအားကိုမှ မခံစားရပေ။ ယခု ညဝိညာဥ်က ဒေါသထွက်လာသောအခါ သတ္တုဝါးမျိုဂူကောင်က ပို၍ပင် ထိတ်လန့်လာခဲ့လေသည်။
ရွှစ်....
ညဝိညာဥ်၏ ပုံရိပ်က ယိမ်းနွဲ့၍ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ နေရာကနေ ချက်ချင်းပျောက်ကွယ်သွားခဲ့လေသည်။
ဤအမြန်နှုန်းက မူလနတ္ထိအဆင့်၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့လေပြီ...။
ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် ညဝိညာဥ်၏လမ်းကြောင်းကို ခြေရာကောက်နိုင်ချင်မှာ ကောက်နိုင်ပေတော့မည်။
သို့သော်လည်း သတ္တုဝါးမျိုဂူကောင်၏ မျက်လုံးများက ရွှေရောင်အလင်းဖြင့် တောက်ပလာပြီး သူ၏အမြင်အာရုံက အဆင့်မြင့်တက်လာခဲ့၏။ ၎င်းက ညဝိညာဥ်ဆင်းသက်ရာနေရာကို တိကျစွာဆုံးဖြတ်နိုင်ပြီး ၎င်း၏ ရှေ့လက်သည်းများကို ဝှေ့ယမ်းလိုက်လေသည်။
အေးစက်စက်အလင်းများက ဖြာလက်သွား၏။
၎င်း၏ ရှေ့လက်သည်းသည် ဧရာမခေါင်းဖြတ်စက်တစ်ခုကဲ့သို့ ညဝိညာဥ်ဆီသို့ ခုတ်ပိုင်းကျလာခဲ့လေသည်။
သူက လေထဲမှာရှိနေသော်လည်း ညဝိညာဥ်သည် ရှောင်တိမ်းနိုင်ဆဲ ဖြစ်ပြီး ဝင်ရောက်လာသော လက်သည်းကို ရှောင်ရှားဖို့အတွက် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ်တွန့်လိမ်လိုက်လေသည်။ အဲ့ဒီနောက် ချက်ချင်းပင် နောက်ထပ်အေးစက်စက်အလင်းက ဖြာလက်လာခဲ့လေသည်။
၎င်း၏ အခြားသောရှေ့လက်သည်းတစ်ဖက်သည် ရှေ့ကနေ ကြိုတင်၍ ခုတ်ပိုင်းပြီး ညဝိညာဥ်၏ ထွက်လမ်းကို လုံးဝပိတ်ဆို့ထားလေသည်။
ရုတ်တရက် ညဝိညာဥ်၏ ခန္ဓာကိုယ်က လေထဲတွင် သေးငယ်သော ဘောလုံးတစ်လုံးအဖြစ် ကွေးညွတ်သွားပြီး ရှေ့လက်သည်းကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်လေသည်။
ဝှစ်ဝှစ်...
ရွှေရောင်အလင်းတန်းတစ်ခုက လေထဲကနေ ဖြတ်သန်းလာပြီး ရင်ဖိုဖွယ် လေခွင်းသံကို ထွက်ပေါ်လာစေခဲ့လေသည်။
သတ္တုဝါးမျိုဂူကောင်၏ တိုက်ခိုက်မှုများက အဆက်မပြတ် ကျဆင်းလာစေခဲ့လေသည်။
ထက်ရှသော ရှေ့လက်သည်းများကို ခုတ်ပိုင်းပြီးနောက် ၎င်း၏ ကြောက်စရာကောင်းသော ဦးမှင်များက ဆက်လက်ဝင်ရောက်လာခဲ့၏။
ဦးမှင်များသည် တစ်မူထူးခြားအောင် ပေါ့ပါးပြီး အသက်ရှိနေသည့်အလား ညဝိညာဥ်ဆီသို့ လိုက်ပါကျဆင်းလာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ညဝိညာဥ်က နောက်ဆုတ်မည်ဆိုလျှင် ဦးမှင်နှစ်ခုကို ရှောင်တိမ်းနိုင်ဦးမည် ဖြစ်လေသည်။
သို့သော်လညိး သူနောက်ဆုတ်မည်ဆိုလျှင် ဆူဇီမိုက သတ္တုဝါးမျိုဂူကောင်နှင့် တစ်ဖန်ရင်ဆိုင်ရပေတော့မည်။
ဖျပ်ခနဲဆို နက်မှောင်နေသော ကြေးခွံများသည် ညဝိညာဥ်၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာခဲ့လေသည်။ ဦးမှင်များ၏ ဆင်းသက်လာမှုကို လျစ်လျူရှုပြီး သူက အောက်သို့ထိုးဆင်းကာ သတ္တုဝါးမျိုဂူကောင်၏ နောက်ကျောကို ကုတ်ဆွဲလိုက်လေသည်။
ဖောင်း...
တစ်ချိန်တည်းနီးပါးမှာပင် ဦးမှင်နှစ်ခုက ညဝိညာဥ်ပေါ်သို့ ရက်ရက်စက်စက် ကျဆင်းလာပြီး ကျွတ်ဆတ်ဆတ်အသံတစ်သံကို ထွက်ပေါ်လာစေလေသည်။
ညဝိညာဥ်က ဆတ်ခနဲတုန်ယင်သွားလေသည်။
ဤတစ်ကြိမ်တွင်တော့ ကြေးခွံများ၏ ခံစစ်နှင့်ပင်လျှင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲဒဏ်ရာနှစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
သူ၏အဝတ်အစားများက စုတ်ပြဲသွားခဲ့လေပြီ။
အခွင့်အရေးကို ချိန်ဆပြီး ညဝိညာဥ်က သတ္တုဝါးမျိုဂူကောင်ရှေ့သို့ ရောက်ရှိလာကာ တိုက်ခိုက်လိုက်လေသည်။
ဝှစ်...
ခရမ်းရောင်အရိပ်တစ်ခုက ဖျပ်ခနဲ လက်သွားလေသည်။
ညဝိညာဥ်၏ အမြီးသည် သတ္တုဝါးမျိုဂူကောင်၏ ဦးခေါင်းဆီသို့ ထိုးစိုက်လိုက်လေသည်။
“ပြိုကွဲစမ်း...”
သတ္တုဝါးမျိုဂူကောင်က အလွန်တရာအလျင်အမြန်တုံ့ပြန်ပြီး ဟိန်းဟောက်လိုက်လေသည်။ ၎င်း၏ရှေ့လက်သည်းများက ဧရာမကပ်ကြေးတစ်စုံကဲ့သို့ ရုတ်တရက် ညဝိညာဥ်၏အမြီးကို ရှေ့နောက်ညှပ်၍ ပြက်းထန်စွာ ပိုင်းဖြတ်ချလိုက်၏။
ရှေ့လက်သည်းနှစ်ချောင်းသည် သတ္တုဝါးမျိုဂူကောင်၏ အမာကြောဆုံးနှင့် အထက်ရှဆုံးလက်နက်များ ဖြစ်လေသည်။နတ်ဘုရားလက်နက်များပင်လျှင် သူတို့ကို မယှဥ်နိုင်ပေ။
သို့သော်လည်း ဤကဲ့သို့ ကြောက်စရာကောင်းသောလက်သည်းများကို ပေါင်းစည်းခန္ဓာအဆင့်၏ ခွန်အားနှင့် ပေါင်းစပ်ထားတာတောင် ၎င်းက ညဝိညာဥ်၏ အမြီးကို ပိုင်းဖြတ်နိုင်ခြင်း မရှိပေ။ ၎င်းက အဘက်ဘက်သို့ လွင့်စင်ထွက်သွားလေသည်။
ညဝိညာဥ်၏ အကြည့်က အေးစက်လာပြီး သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သတ္တုဝါးမျိုဂူကောင်၏ နောက်ကျောကို ပြင်းထန်စွာ ကုတ်ဆွဲလိုက်လေသည်။
ထက်ရှသော လက်သည်းများက ညဝိညာဥ်၏ လက်ချောင်းထိပ်ကနေ ဆန့်တန်းထွက်လာခဲ့လေသည်။
ထိုလက်သည်းများက သတ္တုဝါးမျိုဂူကောင်၏ ကျောနှင့် ထိတွေ့မိသောအခါ နားကွဲမတတ် ဂျစ်ဂျစ်ကျက်ကျက်အသံများက စူးရှစွာ ထွက်ပေါ်လာခဲ့လေသည်။
ညဝိညာဥ်၏ လက်သည်းများသည် သတ္တုဝါးမျိုဂူကောင်၏ ကျောပေါ်တွင် ဒဏ်ရာဆယ်ခုကို ကျန်ရစ်ခဲ့စေလေသည်။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် သတ္တုဝါးမျိုဂူကောင်က နောက်ဆုံးမှာ ဒဏ်ရာရရှိသွားခဲ့လေပြီ။ သို့သော်လည်း ဆူဇီမိုနှင့် ညဝိညာဥ်က စိတ်ကို လုံးဝလျှော့ချရဲခြင်း မရှိပေ။
သတ္တုဝါးမျိုဂူကောင်၏ ဒဏ်ရာမှ စီးထွက်နေသော သွေးများသည် ရွှေညိုရောင်သတ္တုဆန်ဆန်အလင်းဖြင့် တလက်လက်တောက်ပနေသည်ကို ဆူဇီမိုက ရှင်းလင်းစွာ မြင်နေရ၏။
ဤရှေးကျသော ဂူပိုးကောင်၏ အသားသည် လုံးဝသတ္တုများ ဖြစ်နေလေသည်။
ညဝိညာဥ်၏ ကုတ်ဆွဲမှုသည် ဟန့်တားနှောက်ယှက်မှုနှင့် ကြုံတွေ့ခဲ့ရလေသည်။ သူက သတ္တုဝါးမျိုဂူကောင်၏ အပေါ်ယံအသားလွှာကိုသာ ဆုတ်ဖြဲနိုင်ပြီး ၎င်းကို ဒဏ်ရာအပြင်းအထန်ရရှိစေနိုင်ခြင်း မရှိပေ။
ပို၍ကြောက်စရာကောင်းသည့် အချက်မှာ ဆူဇီမို၏အကြည့်အောက်မှာပင် သတ္တုဝါးမျိုဂူကောင်၏ နောက်ကျောပေါ်ရှိ ဒဏ်ရာဆယ်ခုက မြင်နိုင်သော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေ၏။
ဟင်း...
အဲ့ဒါက ကြောက်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်း ဖြစ်လေသည်။
၎င်း၏ ပြန်လည်ကုသနိုင်နှုန်းက သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်နှင့်ပင် နှိုင်းယှဥ်နိုင်လုနီးပါး ဖြစ်လေသည်။
ဆူဇီမိုသည် ဂူပိုးကောင်များမှင့်ပတ်သက်၍ များစွာမသိရှိသော်လည်း ရှေးကျသော ထိပ်တန်းဂူပိုးကောင် ဆယ်မျိုးထဲမှ တစ်မျိုးအနေဖြင့် သတ္တုဝါးမျိုဂူကောင်၏ မူလခန္ဓာကိုယ်သည် ဤအဆင့်ထိ ရောက်ရှိနိုင်လိမ့်မည်မဟုတ်ဟု ဆူဇီမိုက ယုံကြည်လေသည်။
မဟုတ်ပါက ကမ္ဘာဦးမျိုးနွယ်ကိုးစုတွင် ဂူပိုးကောင်များက နေရာတစ်နေရာ တစ်နေရာ ရရှိနေပေလိမ့်မည်။
ဤသတ္တုဝါးမျိုဂူကောင်က ၎င်း၏ ခန္ဓာကိုယ်ကို ဤမျှအထိ ကြောက်စရာကောင်းသောအဆင့်ထိ ရောက်အောင် ဘယ်လိုတောင်ကျင့်ကြံထားခဲ့တာလဲ..။