ကမ္ဘာဦး တဗူး
Vol. 76 Ch. 1128
“ဟီးဟီးဟီးဟီး”
သတ္တုဝါးမျိုဂူကောင်က လှောင်ရယ်လိုက်လေသည်။
အပေါ်ယံကြည့်လျှင်တော့ စောစောက တိုက်ပွဲသည် နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာရခြင်း ဖြစ်လေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ သတ္တုဝါးမျိုဂူကောင်အပေါ် လုံးဝ သက်ရောက်စေခဲ့ခြင်း မရှိပေ။
၎င်း၏ စွမ်းအားကြီးသော ပြန်လည်ကုသနိုင်စွမ်းအရ.. ၎င်း၏ကျောပေါ်ရှိ ဒဏ်ရာများက သိပ်ကြာခင် ပျောက်ကင်းသွားပေလိမ့်မည်။
သို့သော်လည်း ညဝိညာဉ်၏ အခြေအနေက ကွဲပြားလေသည်။
ညဝိညာဉ်၏ ခန္ဓာကိုယ်ကလည်း အရမ်းကို ကြောက်စရာကောင်း၏။
အချိန်တိုအတွင်း.. သတ္တုဝါးမျိုဂူကောင်ကြောင့် ဖြစ်ပေါ်လာသော သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအချို့က တဖြည်းဖြည်း သက်သာပျောက်ကင်းလာနေလေသည်။
သို့သော်လည်း ပေါင်းစည်းခန္ဓာအဆင့်၏ စွမ်းအားက သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီဖြစ်ပြီး ထိုကဲ့သို့သော အတွင်းဒဏ်ရာမျိုးကို အချိန်တိုအတွင်း ပြန်လည်ကုသနိုင်ဖို့ ခဲယဉ်းလေသည်။
သတ္တုဝါးမျိုဂူကောင်၏ ဦးမှင်များဖြင့် ထပ်တလဲလဲ ရိုက်နှက်ခံရပြီးနောက် ညဝိညာဉ်၏ နှုတ်ခမ်းထောင့်တွင် သွေးစတချို့က စီးကျလာခဲ့လေပြီ။
ထိုစဉ်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူ၏ သမာဓိတာအိုမီးကို ပြန်လည်ရုတ်သိမ်းကာ အနည်းငယ် မောဟိုက်နေလေသည်။
ဂူကောင်များ အားလုံးက သေဆုံးသွားခဲ့လေပြီ။
ယခုအချိန်တွင် သတ္တုဝါးမျိုဂူကောင် တစ်ကောင်တည်းသာလျှင် ကျန်ရစ်ခဲ့လေသည်။
ဆူဇီမိုသည် လှုပ်ရှား၍ ညဝိညာဉ်နှင့်အတူ ဖိုခနောက်ဆိုင် နေရာယူကာ ဤတောကောင်ကို အသေအကြေ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်လေသည်။
“ဂရုစိုက်နော်.. သူ့ရဲ့ ရှေ့လက်သည်းနဲ့ ဦးမှင်တွေက အရမ်းကို ထက်ရှတယ်”
ညဝိညာဉ်က သတိပေးလိုက်၏။
“ပုရွက်ဆိတ်နှစ်ကောင်ပဲ”
သတ္တုဝါးမျိုဂူကောင်၏ အေးစက်စက် မျက်လုံးများက အပျက်အစီးပုံများကို လှည့်ပတ်ကြည့်ရှုလိုက်လေသည်။ ၎င်းက သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ကာ ဆူဇီမိုကို အရင်စ၍ တိုက်ခိုက်လိုက်၏။
ဝှစ်.. ဝှစ်..
ဦးမှင်နှစ်ခုက လေထုကို ဆုတ်ဖြဲ၍ ပျံသန်းလာခဲ့၏။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
ယခုအခါမှသာလျှင်.. ဤသတ္တဝါက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ.. သူ အမှန်တကယ် နားလည်လာခဲ့ခြင်း ဖြစ်လေသည်။
အဲဒါက အရမ်းကို မြန်ဆန်လေသည်။
အဲဒါသည် ပေါင်းစည်းခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားနှင့် ရုန်းကန်ပေါက်ကွဲအား ဖြစ်လေသည်။
သူသည် ဦးမှင်နှစ်ခု၏ လမ်းကြောင်းကို သူ၏မျက်လုံးနှင့် စိတ်ဝိညာဉ်အသိစိတ်တို့ဖြင့် ဖမ်းမိနိုင်ခြင်း မရှိတော့ပေ။
သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးနေသော်လည်း ဆူဇီမိုသည် အားနည်းသော အခြေအနေမှာ ရှိနေပြီး သူ၏ ဓမ္မစွမ်းအားများကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။ ထိုသို့ဖြင့် သူသည် လျှပ်စီးထွက်ပြေးခြင်း သို့မဟုတ် ဆန်းကြယ်တောင်ပံများကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။
အစိမ်းရောင်ကြာပန်းခန္ဓာကိုယ်၏ မျိုးဆက်သွေးက အရမ်းမသန်မာပေ။
သူက သူ၏ ကိုယ်ကာယသက်သက်ဖြင့်သာ အဲဒါကို ရှောင်တိမ်းရပေလိမ့်မည်။
ဖောက်.. ဖောက်..
အဲဒီမှာ ကြွပ်ဆတ်ဆတ် အသံနှစ်သံက ထွက်ပေါ်လာခဲ့၏။
ဆူဇီမို၏ ခန္ဓာကိုယ်မှ သွေးရောင်က ဖြာထွက်လာခဲ့လေသည်။ သူက ယခုတင် ရှေ့သို့ ပြေးဝင်လာပြီးနောက် ပို၍ မြန်ဆန်စွာဖြင့် လွင့်စင်ထွက်သွားခဲ့၏။
သူ၏ရင်ဘတ်က အသွေးအသားများ ရောထွေး၍ ကြေမွစုတ်ပြဲသွားလေသည်။
“ဂါး.. “
ညဝိညာဉ်က မာန်ဖီဟိန်းဟောက်လိုက်၏။ သူက သတ္တုဝါးမျိုဂူကောင်၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်သည်းများကို တစ်ဖန်ဆန့်ထုတ်လိုက်လေသည်။
ဒီတစ်ကြိမ်မှာတော့ သူ၏လက်သည်းများပေါ်တွင် ခရမ်းရောင်မီးတောက်များ ပေါ်ထွက်လာခဲ့လေသည်။
နှစ်ဖက်စလုံးက အနီးကပ်တိုက်ခိုက်ရေးမှာ ဆင်နွှဲလိုက်ကြ၏။
သတ္တုဝါးမျိုဂူကောင်၏ ရှေ့လက်သည်းက ခုတ်ပိုင်းကျလာပြီး ညဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ကျန်ရစ်စေခဲ့လေသည်။
ညဝိညာဉ်ကလည်း သူ၏ လက်သည်းများဖြင့် သတ္တုဝါးမျိုဂူကောင်အပေါ်မှာ ဒဏ်ရာတစ်ခု ကျန်ရစ်စေရန် ကုတ်ဆွဲလိုက်၏။
ထိုဒဏ်ရာက အရမ်းကို နက်ရှိုင်းလေသည်။
သတ္တုဝါးမျိုဂူကောင်က နာကျင်စွာဖြင့် အော်ဟစ်လိုက်ရ၏။
ညဝိညာဉ်၏ ကုတ်ချက်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာပေါ်တွင် ခရမ်းရောင်မီးတောက်အချို့ ရှိနေလေသည်။
သတ္တုဝါးမျိုဂူကောင်၏ သန်မာအားကောင်းသော ကုသနိုင်စွမ်းနှင့်ပင်လျှင် ၎င်းက အဲဒါကို အချိန်တိုအတွင်း ပြန်လည်ကုသနိုင်ခြင်း မရှိပေ။
ဘန်း..
၎င်း၏ ခြေ ၆ ချောင်းကို လှုပ်ရှားပြီး သတ္တုဝါးမျိုဂူကောင်က ရှေ့သို့တက်ကာ ညဝိညာဉ်ကို လွင့်စင်ထွက်သွားအောင် တစ်ဖန်ပစ်တိုက်ချလိုက်လေသည်။
ဖောင်း…
ညဝိညာဉ်က သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
“ဂါး….”
သတ္တုဝါးမျိုဂူကောင်က သူ၏ ဦးခေါင်းကို မော့၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ဆူဇီမိုသည် မြေပြင်ကနေ လူးလဲကာ ကျုံးထလာခဲ့ပြီဖြစ်၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက တုန်လှုပ်စရာကောင်းသော်လည်း သတ္တုဝါးမျိုဂူကောင်၏ ဦးမှင်များက သူ၏အရိုးများကို ထိခိုက်စေနိုင်ခြင်း မရှိပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ အမာကြောဆုံး အပိုင်းက ၎င်း၏အရိုးများ ဖြစ်လေသည်။
အခြားတစ်စုံတစ်ယောက်သာဆိုလျှင်.. ဤကဲ့သို့သော ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးသွားရပေလိမ့်မည်။
သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်က အဆင့် ၆ ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်လေသည်။ ဒါ့အပြင် သူ၏ အရိုးထဲသို့ များစွာသော နတ်ဘုရားလက်နက်များကို ထည့်သွင်းပေါင်းစည်းထားလေသည်။
သတ္တုဝါးမျိုဂူကောင်က ညဝိညာဉ်ကို လွင့်စင်ထွက်သွားစေသည့် တစ်ချိန်တည်းမှာပင်.. ဆူဇီမိုက အခွင့်အလမ်းကို ချိန်ဆပြီး ချဉ်းကပ်လာခဲ့လေသည်။ သူ၏လက်ဝါးကို လှုပ်ရှားပြီး ဆေဘာတစ်လက်ကဲ့သို့ သုံးကာ သတ္တုဝါးမျိုဂူကောင်၏ လည်ပင်းကို ခုတ်ပိုင်းချလိုက်၏။
ဘန်း..
ခုတ်ချက် ကျဆင်းလာသောအခါ သတ္တုဝါးမျိုဂူကောင်က လုံးဝ လှုပ်ရှားခြင်း မရှိပေ။
တစ်ဖက်မှာတော့ ဆူဇီမို၏ လက်ဖဝါးသည် ပြန်ကန်ထွက်သွားပြီး နာကျင်သွားရလေသည်။ သတ္တုဝါးမျိုဂူကောင်က မည်သည့် ပျက်စီးထိခိုက်မှုကိုမှ ခံစားရခြင်း မရှိပေ။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားရ၏။
ဆိုလိုသည်မှာ.. သတ္တုဝါးမျိုဂူကောင်က လှုပ်ရှားခြင်း မရှိလျှင်တောင် သူ့အနေဖြင့် သူ၏ လက်ရှိအခြေအနေအရ ၎င်းကို ထိခိုက်ဒဏ်ရာရရှိစေဖို့ ခဲယဉ်းလေသည်။
ဖောက်..
ထိုစဉ်မှာပင် အေးစက်စက် အလင်းက ဖြာလက်သွားလေသည်။
ဆူဇီမို၏ မျက်လုံးက ပြူးကျယ်သွားပြီး တစ်စုံတစ်ရာဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည့်အလား.. သူ၏ရင်ဘတ်ထံမှ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရ၏။
သူက ခေါင်းကို အလိုလိုငုံ့ကြည့်လိုက်လေသည်။
လက်မောင်းလောက် တုတ်ခိုင်သော သတ္တုချောင်းတစ်ချောင်းက သူ၏ ရင်ဘတ်ကို ထုတ်ချင်းဖောက် ထိုးဖောက်ထားပြီးလေပြီ။
အဲဒါက သတ္တုဝါးမျိုဂူကောင်၏ နောက်ခြေထောက်တစ်ချောင်း ဖြစ်လေသည်။
သတ္တုဝါးမျိုဂူကောင်၏ နောက်ခြေထောက်များက ၎င်း၏ရှေ့လက်များလောက် တိုက်ခိုက်စွမ်းအား မမြင့်မားသော်လည်း အဲဒါက အရမ်းကို ထက်ရှပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်လေသည်။
လူနှင့် ဂူကောင်က အရမ်းကို နီးကပ်နေကြလေသည်။
ဆူဇီမို၏ စိတ်အာရုံသည် သတ္တုဝါးမျိုဂူကောင်၏ ရှေ့လက်သည်းများနှင့် ဦးမှင်များအပေါ် လုံးလုံးလျားလျား ရောက်ရှိနေပြီး သူက အဲဒါကို လုံးဝ သတိမထားမိခဲ့ပေ။
သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးချိန်တွင် နောက်ခြေထောက်က သူ၏ရင်ဘတ်ကို ထိုးဖောက်ပြီးသွားခဲ့လေပြီ။
ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။
ထိုသည်ကိုကြည့်ပြီး ညဝိညာဉ်၏ မျက်လုံးများက ပြူးကျယ်လာခဲ့လေသည်။
သူ၏ ခန္ဓာကိုယ်ကို ကွေးညွတ်ချပြီး လက်နှစ်ဖက်ဖြင့် မြေပြင်ကို ထောက်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အောက်သို့ထိုးဆင်းလာပြီး သူ၏ အနက်ရောင် ဆံပင်များက ပြန့်ကျဲကာ သူ၏အကြည့်က အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်ဖြင့် တလိပ်လိပ် တက်လာခဲ့လေသည်။
“အို.. ကြည့်ရတာတော့.. မင်းက မင်းရဲ့ အစစ်အမှန်ပုံစံကို ပြောင်းလဲတော့မယ် ထင်တယ်”
သတ္တုဝါးမျိုဂူကောင်က လှောင်ရယ်လိုက်လေသည်။
“ငါကလည်း မင်းဘာကောင်လဲ ကြည့်ချင်နေတာနဲ့ အတော်ပဲ ဟဲဟဲ”
ညဝိညာဉ်က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရပြီး သူ၏မျက်လုံးများက ပြတ်သားသော အကြည့်ဖြင့် ဖျပ်ခနဲလက်သွားလေသည်။
ဖျောက်.. ဖျောက်..
ညဝိညာဉ်၏ ခန္ဓာကိုယ်အတွင်းမှ အရိုးမြည်သံများက တဖျောက်ဖျောက် ထွက်ပေါ်လာခဲ့လေသည်။
ကြောက်စရာကောင်းသော အော်ရာတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး လောကက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ကမ္ဘာဦးခေတ်မှ ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင်က ညဝိညာဉ်၏ ခန္ဓာကိုယ်ထဲမှာ နိုးထလာသည့်အလားပင်။
သတ္တုဝါးမျိုဂူကောင်က ရင်ထဲမှာ စိုးတထိတ်ထိတ် ဖြစ်လာခဲ့လေသည်။
သူသည် ရုတ်တရက် နောင်တရမိသလို ခံစားလိုက်ရလေသည်။
သူ၏ အကြည့်အောက်တွင် ညဝိညာဉ်၏ ခန္ဓာကိုယ်က ပြန့်ကားလာပြီး အလွန်တရာ ကြီးမားစွာ အသွင်ပြောင်းလဲလာခဲ့၏။
တစ်ခဏအတွင်းမှာပင်.. ညဝိညာဉ်သည် ပေတစ်ရာမြင့်မားသော သားရဲတောကောင် တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။ ၎င်းက ၎င်း၏ ခန္ဓာကိုယ်ကို နက်မှောင်နေသော ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏ အမြီးက ခရမ်းရောင်ဖြစ်လေသည်။
၎င်း၏ အမြီးရိုးက ထက်ရှပြီး မည်သည့် အခုအခံကိုမဆို ထိုးဖောက်နိုင်သည့်အလားပင်။
ဤသားရဲတောကောင်၏ ဦးခေါင်းသည် အလွန်ကြီးမားပြီး ဝံပုလွေဦးခေါင်းတစ်ခုနှင့် ဆင်တူလေသည်။ သို့သော်လည်း ၎င်းက ဝံပုလွေဦးခေါင်းထက် များစွာပို၍ ကြောက်စရာကောင်းလေသည်။ ၎င်း၏ပါးစပ်ကို ဟလိုက်သောအခါ ထက်ရှသော သွားတန်းများသည် တစ်ခုကိုတစ်ခု ယှက်လိမ်၍ ပေါ်ထွက်လာခဲ့လေသည်။ သူတို့က အေးစက်စက် အလင်းဖြင့် တလက်လက် တောက်ပနေလေသည်။
သူ၏ ထက်ရှသော သွားများကပင်.. မည်သည့် သက်ရှိကိုမဆို အပိုင်းပိုင်း ကြိတ်ချေနိုင်လေသည်။
ညဝိညာဉ်၏ ခြေလက်လေးဖက်က နက်မှောင်နေပြီး မကောင်းဆိုးဝါးဆန်ဆန် ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းတောက်လောင်နေ၏။
သူ၏ မျက်လုံးများကလည်း ခရမ်းရောင်ဖြစ်ပြီး သတ္တုဝါးမျိုဂူကောင်ကို ပုရွက်ဆိတ်တစ်ကောင်အလား ကြည့်နေလေသည်။
အဲဒါက အလွန်တရာ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်လေသည်။
ညဝိညာဉ်သည် မူလနတ္ထိအဆင့်ဖြစ်ပြီး သတ္တုဝါးမျိုဂူကောင်ထက် အဆင့်ကြီးနှစ်ဆင့် နိမ့်ကျသည်မှာ သိသာလေသည်။ သို့သော်လည်း သတ္တုဝါးမျိုဂူကောင်သည် ညဝိညာဉ်နှင့် ရင်ဆိုင်ရချိန်တွင် နိမ့်ကျသွားသည်ဟု ထင်ရလေသည်။
ဆူဇီမိုက ညဝိညာဉ်ကို မျက်တောင်မခတ် စိုက်ကြည့်လိုက်၏။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်.. ညဝိညာဉ်က သူ၏အစစ်အမှန်ပုံစံကို နောက်ဆုံးမှာ ထုတ်ပြလာခဲ့လေပြီ။
နှစ်ပေါင်းများစွာ ကြာပြီးနောက်.. ညဝိညာဉ်က ကြီးမားစွာ ပြောင်းလဲသွားခဲ့လေသည်။
သူကိုယ်တိုင် မြင်တွေ့ရခြင်းကြောင့်သာ မဟုတ်လျှင်.. အရင်တုန်းက လက်တစ်ဝါးသာသာအရွယ် ခွေးနက်လေးတစ်ကောင်သည် အရာရာတိုင်းကို ဖိနှိမ်နိုင်သည့်အလား.. လောကကို အထက်စီးကနေ ငုံ့ကြည့်နေသည့် ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်လာလိမ့်မည်ဟု ယုံကြည့်လက်ခံဖို့ ခဲယဉ်းလေသည်။
“ဂါး…”
သတ္တုဝါးမျိုဂူကောင်ကို ငေးကြည့်နေရင်း ညဝိညာဉ်သည် သူ၏ဦးခေါင်းကို မော့၍ နောက်ထပ် ကမ္ဘာတုန်လောက်ဖွယ်ရာ ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်လေသည်။
ဆူဇီမိုသည် သတ္တုဝါးမျိုဂူကောင်၏ နောက်ခြေထောက်ဖြင့် ထိုးဖောက်ခြင်းခံထားရပြီး တန်းလန်းဖြစ်နေဆဲ ဖြစ်လေသည်။
ထိုဟိန်းဟောက်သံနှင့် ရင်ဆိုင်ရချိန်တွင် ဤပေါင်းစည်းခန္ဓာအဆင့် သတ္တုဝါးမျိုဂူကောင်က တဆတ်ဆတ် တုန်ယင်နေသည်ကို သူက ရှင်းလင်းစွာ ခံစားမိလေသည်။
သတ္တုဝါးမျိုဂူကောင်က မျက်စိပျက် မျက်နှာပျက် ဖြစ်လာခဲ့လေသည်။
“မင်း.. မင်းက.. ဒဏ္ဍာရီလာ တဗူးလား..”
“ကမ္ဘာဦး တဗူးတစ်ကောင်လား..”
(တဗူး-Taboo ၏ မူလဇာစ်မြစ်က ပိုလီနီရှန်းလူမျိုးတို့၏ ဝေါဟာရတစ်ခုဖြစ်၏။ တားမြစ်စကားလုံးတစ်ခုဆိုတာထက် ပို၍ လေးနက်ပြီး တင်းကျပ်မှု ရှိလေသည်။ သမိုင်းဖျောက်ခံရလောက်အောင် လုံးဝထုတ်ဖော်မပြောရဟု တင်းကျပ်တားမြစ်ပိတ်ပင်ထားသော ဝေါဟာရ၊ အမည်နာမ၊ အကြောင်းအရာတစ်ခု ဖြစ်လေသည်။ ထုတ်ဖော်ပြောမိလျှင် သေဒဏ်ဆိုတာမျိုး ဖြစ်လေသည်။)
သတ္တုဝါးမျိုဂူကောင်၏ အသံက တုန်ယင်နေပြီး ၎င်း၏ သတ္တုဆန်ဆန် အလင်းက ၎င်း၏မျက်လုံးထဲရှိ သံသယ၊ ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုတို့ကို ဖုံးကွယ်နိုင်ခြင်း မရှိပေ။
“အဲ.. အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..”
သတ္တုဝါးမျိုဂူကောင်က နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး မလှမ်းမကမ်းတွင်ရှိသော ညဝိညာဉ်ကို စိုက်ကြည့်ကာ တတွတ်တွတ် ရေရွတ်ပြောဆိုလိုက်လေသည်။
“မင်းက ဘယ်လိုကြောင့် အသက်ရှင်နိုင်နေသေးတာလဲ.. မင်းလိုမျိုး သတ္တဝါက ကမ္ဘာဦးခေတ်ကတည်းက ဆိတ်သုဉ်းပျောက်ကွယ်သွားသင့်တာ မဟုတ်ဘူးလား..”