ညဝိညာဉ်၏ စွမ်းပကား
Vol. 76 Ch. 1129
ညဝိညာဉ်၏ အကြည့်သည် အေးစက်လာပြီး သူ၏ ပေတစ်ရာကျော် မြင့်မားသော ခန္ဓာကိုယ်က လုံးဝ ထုံထိုင်းခြင်းမရှိဟု ထင်ရလေသည်။ သူသည် အလွန်တရာ ပေါ့ပါးဖျတ်လတ်ပြီး ချက်ချင်းပင် ချဉ်းကပ်လာခဲ့လေသည်။
သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီးနောက်.. ညဝိညာဉ်၏ ခွန်အားနှင့် အမြန်နှုန်းက များစွာတိုးပွားလာခဲ့သည်ကို ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိနိုင်၏။
သတ္တုဝါးမျိုဂူကောင်၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိပ်တိုက်ရင်ဆိုင်ဖို့ မဟုတ်ဘဲ နောက်ဆုတ်ထွက်ပြေးဖို့ ဖြစ်လေသည်။
သတ္တုဝါးမျိုဂူကောင်သည် ဘာပဲပြောပြော ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိလေသည်။ သူ၏ ကျင့်ကြံမှုအဆင့်အရ သူက သူ၏ခွန်အားအပြည့်အဝဖြင့် ထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျှင်.. ညဝိညာဉ်က သူ၏ အစစ်အမှန်ပုံစံနှင့်ပင်လျှင် ၎င်းကို ဖမ်းမိနိုင်ဖို့ ခဲယဉ်းလေသည်။
သတ္တုဝါးမျိုဂူကောင်က ထွက်ပြေးလွတ်မြောက်သွားလျှင် ညဝိညာဉ်က အန္တရာယ်ရှိလာနိုင်လေသည်။
ညဝိညာဉ်သည် အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ယက္ခများ၏ ဝန်းရံတိုက်ခိုက်ခြင်း ခံနေရစဉ်မှာတောင် သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်မပြသဘဲ သတိကြီးကြီး ထားနေခဲ့ရသည့် အကြောင်းရင်းမှာ သူက သူ၏ သရုပ်သကန်အတွက် စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်လေသည်။
သို့သော် ယခုအခါ ညဝိညာဉ်သည် သူက ဘယ်မျိုးနွယ်က လာသည်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း တဗူးဟူသော စကားတစ်ခုကပင် များစွာသော အချက်အလက်များကို ရှင်းပြနိုင်ဖို့ လုံလောက်လေသည်။
လူသားများသည် ကမ္ဘာဦးမျိုးနွယ် ၉ စုကို စိုးရိမ်ထိတ်လန့်ကြသော်လည်း သူတို့ကို တဗူးများဟု ဘယ်တုန်းကမှ မခေါ်ဆိုခဲ့ကြပေ။
သို့သော်လည်း ညဝိညာဉ်က ကမ္ဘာဦးခေတ်က တဗူးတစ်ခု ဖြစ်လေသည်။
ညဝိညာဉ်သည် သူ၏ အစစ်အမှန်ပုံစံသို့ မပြောင်းလဲရသည့် အဓိကအကြောင်းရင်းမှာ.. ထိုသို့ပြုလုပ်လျှင် သူက အန္တရာယ်ရှိလာမည် ဖြစ်သောကြောင့်ပင်။
ယခု ထုတ်ဖော်ပြသလာသည်မှာ ဤနေရာတွင် သူတို့သုံးယောက်ကလွဲ၍ အခြားမည်သည့်သက်ရှိမှ ရှိမနေသောကြောင့်ပင်။
ညဝိညာဉ်သည် သတ္တုဝါးမျိုဂူကောင်ကို သတ်ဖြတ်နိုင်သည်နှင့်အမျှ သူ၏ လျှို့ဝှက်ချက်က ပေါက်ကြားတော့မည် မဟုတ်ပေ။
သို့သော်လည်း သတ္တုဝါးမျိုဂူကောင်က ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လျှင် ညဝိညာဉ်က အလွန်တရာ အန္တရာယ်ရှိလာပေလိမ့်မည်။
ဖျတ်ခနဲဆို ထိုအတွေးများက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။ သူက ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချပြီး သူ၏ အသိစိတ်ထဲရှိ အစိမ်းရောက် ကြာစေ့ ၅၄ စေ့ကို လှည့်ပတ်လိုက်လေသည်။
များစွာသော အရောင်များက လေထဲမှာ ပြည့်နှက်သွားလေသည်။
များစွာသော အစိမ်းရောင်ကြာစေ့များသည် လျင်မြန်စွာ စုစည်း၍ တစ်ခဏအတွင်းမှာပင်.. ထက်ရှသော အစိမ်းရောင် ဓားတစ်လက်ကို ဖြစ်ပေါ်လာစေ၏။
အမြုတေစိတ်ဝိညာဉ် သတ်ဖြတ်ခြင်းဓား.. အစိမ်းရောင်ကြာပန်းဓား။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် အားနည်းနေပြီး သူ၏ခန္ဓာကိုယ်က ထိုးဖောက်ခြင်း ခံထားရလေသည်။ ယခုအချိန်တွင် သတ္တုဝါးမျိုဂူကောင်ကို ခြိမ်းခြောက်နိုင်သော နည်းလမ်း သူ့မှာ မရှိသလောက်ပင်။
“သတ်ဖြတ်စမ်း”
ဆူဇီမိုက အော်ဟစ်လိုက်လေသည်။
သူ၏ အသိစိတ်က ပြန့်ကားလာပြီး အလင်းတန်းတစ်ခုက လေထုကို ဆုတ်ဖြဲလာခဲ့၏။
သတ္တုဝါးမျိုဂူကောင်သည် ညဝိညာဉ် ခုန်အုပ်လာသည်ကို ကြည့်နေရင်း နောက်ဆုတ်တော့မည် ပြုစဉ်မှာပင်.. သူ၏ မျက်လုံးထောင့်ကနေ အစိမ်းရောင် အလင်းတန်းတစ်ခု ခုတ်ပိုင်းကျဆင်းလာသည်ကို မြင်လိုက်ရလေသည်။
တစ်ချိန်တည်းမှာပင်.. ၎င်းက ပြင်းထန်အားကောင်းသော စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခုကို ခံစားမိလိုက်လေသည်။
“ဟမ်.. “
သတ္တုဝါးမျိုဂူကောင်က ထိတ်လန့်သွားလေသည်။
အစိမ်းရောင် အလင်းတန်း ပေါ်ထွက်လာသည့် ခဏမှာပင်.. ၎င်း၏ အမြုတေစိတ်ဝိညာဉ်က စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သတ္တုဝါးမျိုဂူကောင်သည် စဉ်းစားနေဖို့ အချိန်မရဘဲ ၎င်းကို ခုခံဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို အလောတကြီး ထုတ်ဖော်လိုက်ရလေသည်။
ရွှေရောင်အလင်းတစ်ခုက ၎င်း၏ အသိစိတ်ထဲကနေ ရုန်းကန်ထွက်ပေါ်လာခဲ့၏။
ရွှေရောင်အလင်းသည် ကမ္ဘာပေါ်ရှိ အမာကြောဆုံး သတ္တုဖြင့် ပြုလုပ်ထားသည်ဟု ထင်ရလေသည်။ အဲဒါက တမူထူးခြားစွာ သိပ်သည်းလေးလံပြီး ကိုင်လှုပ်၍ မရနိုင်ဘဲ အစိမ်းရောင်ကြာပန်းဓားနှင့် ထိတွေ့ရိုက်ခတ်လိုက်လေသည်။
ချွမ်း..
လေဟာနယ်က တုန်ခါသွားလေသည်။
အစိမ်းရောင်ကြာပန်းဓားသည် များစွာသော အစိမ်းရောင် ကြာစေ့များအဖြစ် ပြိုကွဲပြန့်ကျဲသွားလေသည်။
ရွှေရောင်အလင်းကလည်း အရောင်အနည်းငယ် မှိန်ဖျော့သွားလေသည်။
သို့သော်လည်း ရွှေရောင်အလင်းပေါ်ရှိ စိတ်ဝိညာဉ်အသိစိတ် အတက်အကျသည် အလွန်တရာ အားကောင်း၍ ကြောက်စရာကောင်းနေဆဲ ဖြစ်၏။
ရွှေရောင်အလင်းသည် ရပ်တန့်ခြင်းမရှိဘဲ ဆူဇီမို၏ နှာရောင်ဆီသို့ တိုးဝင်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ဆူဇီမို၏ ခန္ဓာကိုယ်က သတ္တုဝါးမျိုဂူကောင်၏ ကျောပေါ်မှာ တွဲလောင်းဖြစ်နေပြီး သူက ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိပေ။ သူ့အနေဖြင့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ရှောင်ရှားနိုင်ဖို့ လုံးဝ မဖြစ်နိုင်တော့ပေ။
ပေါင်းစည်းခန္ဓာတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်က ဆူဇီမို ခုခံရင်ဆိုင်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
အစိမ်းရောင် ကြာပန်းဓားသည် ရွှေရောင်အလင်းကို ခဏကြာ ခုခံနိုင်ခဲ့သည့် အချက်ကပင် မဆိုးလှဟု ဆိုရပေမည်။
ထိုစဉ်မှာပင် ခရမ်းရောင်အလင်းတစ်ခုက ဖြာလက်လာခဲ့လေသည်။
ညဝိညာဉ်သည် ၎င်း၏ အမြီးကို လှုပ်ရှားပြီး ၎င်း၏ ထက်ရှသော အမြီးရိုးက လေထဲတွင် ရွှေရောင်အလင်းဖြင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွားလေသည်။
ဘုန်း..
ရွှေရောင်အလင်းများက ပျက်ပြယ်သွားလေသည်။
ညဝိညာဉ်ကလည်း ဆတ်ခနဲ တုန်လှုပ်သွား၏။
ဆူဇီမို၏ အကြည့်က အေးခဲသွားပြီး သူက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
သူ၏ အသိပညာအရ.. အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုသည် စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုတစ်မျိုးပင် ဖြစ်လေသည်။ ဓမ္မလက်နက်များဖြစ်စေ.. ကိုယ်ကာယဖြစ်စေ.. လက်သည်းများဖြစ်စေ.. မည်သည့်အရာကမှ အဲဒါကို ခုခံနိုင်ခြင်း မရှိပေ။
ခုခံဖို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ စိတ်ဝိညာဉ်အသိစိတ် သို့မဟုတ် တစ်မူထူးခြားသော အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်များကို အသုံးပြုခြင်း ဖြစ်လေသည်။
ညဝိညာဉ်၏ အမြီးက အလွန်တရာ သန်မာပြီး သူ၏ သွားစွယ်များနှင့် လက်သည်းများထက် ပို၍ပင် ထက်ရှသည်ကို ဆူဇီမိုက အမြဲတမ်း သိရှိထားခဲ့လေသည်။
သို့သော်လည်း ထိုအမြီးက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကိုပါ ခုခံရင်ဆိုင်နိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
သူတို့နှစ်ယောက်သည် သူတို့၏ခွန်အားကို ပူးပေါင်းခြင်းဖြင့် သတ္တုဝါးမျိုဂူကောင်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ခဲခဲယဉ်းယဉ်း ခုခံနိုင်လိုက်ကြလေသည်။
ထိုကဲ့သို့ နှောင့်နှေးကြန့်ကြာမှုဖြင့် သတ္တုဝါးမျိုဂူကောင်က ထွက်ပြေးချင်လျှင်တောင် ထွက်ပြေးလွတ်မြောက်ဖို့အတွက် နောက်ကျသွားခဲ့လေပြီ။
ဝှစ်…
ဦးမှင်နှစ်ခုက လေထုကို ဆုတ်ဖြဲ၍ ညဝိညာဥ်ဆီသို့ ရက်ရက်စက်စက် ပစ်ဝင်လာခဲ့လေသည်။
ညဝိညာဉ်က နောက်ဆုတ်ခြင်း၊ ရှောင်တိမ်းခြင်း မရှိပေ။ သူက ရှေ့သို့ တည့်တည့်ခုန်ဝင်ပြီး ဦးမှင်နှစ်ခု၏ ရိုက်ချက်ကို ခံယူကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာနှစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား.. ညဝိညာဉ်သည် သူ၏ ထက်ရှသော ရှေ့လက်သည်းများကို ဆန့်ထုတ်ပြီး သတ္တုဝါးမျိုဂူကောင်၏ ရှေ့လက်သည်းနှစ်ဖက်ကို မြေပြင်ပေါ်သို့ ဖိချလိုက်၏။
ထို့နောက် တစ်ဆက်တည်းဆိုသလိုပင်.. ညဝိညာဉ်သည် သူ၏ဦးခေါင်းကို ငုံ့ပြီး သူ၏ပါးစပ်ကို ဖွင့်ဟကာ ကြောက်စရာကောင်းသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသ၍ သတ္တုဝါးမျိုဂူကောင်၏ လည်ပင်းဆီသို့ သူ၏ ထက်ရှသော သွားစွယ်များဖြင့် ကိုက်ချလာလေသည်။
“ဂါး…”
အန္တရာယ်ကို ခံစားမိသွားပြီး သတ္တုဝါးမျိုဂူကောင်က စူးစူးဝါးဝါး အော်ဟစ်ကာ ၎င်း၏ ခြေ ၆ ချောင်းကို လှုပ်ရှား၍ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး ညဝိညာဉ်၏ ဖိနှိမ်မှုအောက်ကနေ ရုန်းထွက်ဖို့အတွက် ကြိုးပမ်းလိုက်လေသည်။
ထိုစဉ်မှာပင်.. ဆူဇီမို၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတစ်ချက်က ဖျပ်ခနဲလက်သွားပြီး သူ၏ ရင်ဘတ်ထဲသို့ စိုက်ဝင်နေသော ၎င်း၏ နောက်ခြေထောက်တစ်ချောင်းကို သူက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လေသည်။ အဲဒီနောက် သူ၏ခန္ဓာကိုယ်ကို လှည့်၍ ခွန်အားကို ဖျစ်ညှစ်ထုတ်လိုက်လေသည်။
သူသည် အစိမ်းရောင်ကြာပန်းခန္ဓာကိုယ်၏ အရိုးများကို သုံးပြီး သတ္တုဝါးမျိုဂူကောင်၏ နောက်ခြေထောက်တစ်ချောင်းကို ချုပ်နှောင်ထားချင်လေသည်။
သူ၏ရင်ဘတ်မှာ စုတ်ပြဲသွားသော နာကျင်မှုက ဖြန့်ကြက်လာပြီး သူ၏ အရိုးများထဲထိ စိမ့်ဝင်သွားလေသည်။
သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ အရိုးများသည် ကြာရိုးများနှင့် များစွာသော နတ်ဘုရားလက်နက်များနှင့် ပြုလုပ်ထားလျှင်တောင်.. သူတို့သည် သတ္တုဝါးမျိုဂူကောင်၏ စွမ်းအားကို ခံနိုင်ရည် မရှိကြပေ။
သူ၏ရင်ဘတ်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာခဲ့လေသည်။
သတ္တုဝါးမျိုဂူကောင်၏ ရှေ့လက်သည်းများကို ညဝိညာဉ်က ဖိချထားလေသည်။
၎င်း၏ ခြေချောင်း ၆ ချောင်းတွင် နောက်ခြေထောက်တစ်ချောင်းကို ဆူဇီမိုက တုပ်နှောင်ထားလေသည်။ သတ္တုဝါးမျိုဂူကောင်၏ ခန္ဓာကိုယ်သည် ၎င်း၏ ဟန်ချက်ကို ဆုံးရှုံးသွားပြီး ၎င်း၏ လှုပ်ရှားမှုက လေးကန်သွားခဲ့လေသည်။
ညဝိညာဉ်က ရက်ရက်စက်စက် ကိုက်ချလိုက်လေသည်။
“ဗြီး..”
ထိုကိုက်ချက်သည် သတ္တုဝါးမျိုဂူကောင်၏ လည်ပင်းပေါ်သို့ ဆင်းသက်သွားခဲ့၏။
ညဝိညာဉ်၏ ပါးစပ်သည် ထက်ရှသော သွားများဖြင့် ပြည့်နှက်နေပြီး တစ်ခဏအတွင်းမှာပင်.. သတ္တုဝါးမျိုဂူကောင်၏ လည်ပင်းပေါ်တွင် လက်ညိုးအရွယ် အပေါက်များက ရာနှင့်ချီ၍ ပေါ်ထွက်လာခဲ့လေသည်။
သတ္တုဝါးမျိုဂူကောင်၏ ဦးခေါင်းသည် ဘေးတစ်ဖက်သို့ လည်ကျသွားသည်ကို ဆူဇီမိုက ရှင်းလင်းစွာ မြင်လိုက်ရလေသည်။
ညဝိညာဉ်၏ ကိုက်ချက်က အရမ်းကို ပြင်းထန်လေသည်။
သတ္တုဝါးမျိုဂူကောင်သည် မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်နှင့်အတူ ပေါင်းစည်းခန္ဓာအဆင့် ဂူပိုးကောင်တစ်ကောင် ဖြစ်နေသည်ဆိုလျှင်တောင် ထိုကိုက်ချက်က ၎င်း၏ လည်ပင်းကို ပြတ်ထွက်လုနီးပါး ဖြစ်သွားစေလေသည်။
သတ္တုဝါးမျိုဂူကောင်၏ လည်ပင်းအနက်ပိုင်းထဲမှ အလွန်တရာ နာကျင်ရသော စူးစူးဝါးဝါး အော်ဟစ်သံများက ထွက်ပေါ်လာခဲ့လေသည်။
ဘန်း…
၎င်းက အသက်အန္တရာယ်နှင့် ကြုံတွေ့နေစဉ်မှာ သတ္တုဝါးမျိုဂူကောင်၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ကြီးမားသော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ညဝိညာဉ်ကို လွင့်စင်ထွက်သွားစေလေသည်။
၎င်း၏ ခြေလက်ကို တုန်ခါ၍ ဆူဇီမိုကိုလည်း လွှဲယမ်းကာ ပစ်ထုတ်လိုက်လေသည်။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်းခန္ဓာကိုယ်သည် ထိုတိုက်ခိုက်မှုဖြင့် နှစ်ပိုင်းစုတ်ပြဲလုနီးပါး ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချကာ သူ၏သွေးချီ အမြောက်အများကို ဆုံးရှုံးသွားရလေသည်။
ညဝိညာဥ်သည်လည်း မလှမ်းမကမ်းသို့ ပစ်ကျ၍ သွေးများဖြင့် စိုရွှဲနေခဲ့လေသည်။
သို့သော်လည်း သူက မြေပြင်ပေါ်မှာ အနည်းငယ်သာ လူးလိမ့်၍ ချက်ချင်းကျုံးထလာခဲ့၏။
မလှမ်းမကမ်းတွင် သတ္တုဝါးမျိုဂူကောင်ကလည်း သည်းထန်စွာ မောဟိုက်နေလေသည်။
၎င်း၏ လည်ပင်းပေါ်ရှိ ဒဏ်ရာက အရမ်းကို ပြင်းထန်လွန်း၏။
စေးကပ်ကပ် သွေးများက ရွှေညိုရောင်အလင်း တဖျပ်ဖျပ်နှင့်အတူ အဆက်မပြတ် စီးကျနေလေသည်။
သူ၏ သန်မာသော ပြန်လည်ကုသနိုင်စွမ်းနှင့်ပင်လျှင် အဲဒါကို ပြန်လည်ကုသနိုင်ဖို့ ခဲယဉ်းလေသည်။
“ဂါး… “
ဟိန်းဟောက်သံနှင့်အတူ ညဝိညာဉ်က ရှေ့သို့တစ်ဖန် ပြေးဝင်လာ၏။
ဖောက်.. ဖောက်.. ဖောက်..
သူက သူ၏ထက်ရှသော လက်သည်းများကို ဝှေ့ယမ်းပြီး သူ၏ပုံရိပ်က တဖျပ်ဖျပ် လှုပ်ရှားသွားလေသည်။ သူ၏ လှုပ်ရှားမှု အမြန်နှုန်းကို အသုံးချ၍ သူက သတ္တုဝါးမျိုဂူကောင်၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာများစွာကို ကျန်ရစ်ခဲ့စေလေသည်။
သတ္တုဝါးမျိုဂူကောင်၏ ဦးမှင်များနှင့် ရှေ့လက်သည်းများက အသည်းအသန် ခါယမ်းနေ၏။
သို့သော်လည်း သူက ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ၎င်း၏ အော်ရာက ညဝိညာဉ်၏ အပြတ်အသတ် ဖိနှိမ်ခြင်းကို ခံထားရလေသည်။ ၎င်းက ခုခံတိုက်ခိုက်လျှင်တောင် ညဝိညာဉ်အပေါ် များစွာသက်ရောက်စေနိုင်ခြင်း မရှိတော့ပေ။
သတ္တုဝါးမျိုဂူကောင်၏ ဒဏ်ရာများက ပို၍ ဆိုးရွားလာလေသည်။
တစ်ဖက်မှာတော့ ညဝိညာဉ်သည် တည်ငြိမ်နေသော အမူအရာဖြင့် တိုက်ခိုက်ရင်း ပို၍ ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ညဝိညာဉ်က အခွင့်အလမ်းတစ်ခုကို ချိန်ဆပြီး သတ္တုဝါးမျိုဂူကောင်၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လိုက်၏။
သူ၏ ထက်ရှသော နောက်ခြေသည်းများဖြင့် သတ္တုဝါးမျိုဂူကောင်၏ သွေးထွက်နေသော လည်ပင်းကို တင်းကျပ်စွာ ဖမ်းညှစ်ပြီး သူ၏ ရှေ့လက်သည်းများဖြင့် ၎င်း၏ ဦးခေါင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ပြင်းထန်သော ခွန်အားကို ဖျစ်ညှစ်ထုတ်လိုက်လေသည်။
အလွန်ကြီးမားသည့် အားလှိုင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး သတ္တုဝါးမျိုဂူကောင်သည် မြေပြင်ပေါ်မှာ ပြားပြားဝပ်ကာ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
၎င်း၏ ဦးခေါင်းပေါ်ရှိ ဦးမှင်များပင်လျှင် ညဝိညာဉ်၏ လက်သည်းများအောက်မှာ ဖိနှိမ်ခြင်း ခံထားရလေသည်။
“ဂါး…”
ညကောင်းကင်အောက်တွင်…
ကြီးမားသော မဟူရာသားရဲတောကောင်တစ်ကောင်သည် ရွှေညိုရောင်ဂူကောင်၏ အပေါ်မှာ မတ်တတ်ရပ်နေပြီး ၎င်း၏ ခရမ်းရောင်အမြီးက ယိမ်းနွဲ့နေလေသည်။ ၎င်း၏ ခြေလက်လေးချောင်းက ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ၎င်း၏ ဦးခေါင်းကို မော့ကာ ကောင်းကင်ထက်သို့ မာန်ဖီဟိန်းဟောက်လိုက်၏။ သက်ရှိအားလုံးကို အထင်အမြင်သေးပြီး လောကကို လွှမ်းမိုးခြယ်လှယ်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် အော်ရာတစ်ခုက ဖြာထွက်လာခဲ့လေသည်။