ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း ပြန်လည်ပေါ်ထွက်လာခြင်း
Vol. 76 Ch. 1130
သတ္တုဝါးမျိုဂူကောင်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ညဝိညာဉ်၏ ခြေဖဝါးအောက်မှာ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
“ကမ္ဘာဦးတဗူးဆိုတဲ့…. အတိုင်းပါပဲလား..”
အဲဒါက သတ္တုဝါးမျိုဂူကောင်ထံမှ နောက်ဆုံးစကားလုံးများ ဖြစ်လေသည်။
ဖောင်း..
ညဝိညာဉ်၏ အမြီးက လှုပ်ရှားသွားလေသည်။
ခရမ်းရောင် အရိပ်တစ်ခုက ဖျပ်ခနဲလက်သွားပြီး သတ္တုဝါးမျိုဂူကောင်၏ ဦးခေါင်းကို ထိုးဖောက်လိုက်လေသည်။
၎င်း၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာတင် သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
ထိုသည်ကို ဆူဇီမို မြင်သောအခါ.. သူသည် စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်တစ်ချက်ချပြီး သူ၏ တင်းကျပ်နေသော စိတ်ဝိညာဉ်က ပြေလျှော့သွားခဲ့လေသည်။
သူ၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာက တုန်လှုပ်ချောက်ချားစရာကောင်းနေပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲနေလေသည်။
သတ္တုဝါးမျိုဂူကောင်၏ ရိုက်ချက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အရိုးထိတိုင်နက်သော ဒဏ်ရာများကို ဖြစ်ပေါ်စေခဲ့ပြီး သွေးများက စီးကျနေ၏။
ပြင်းထန်သော နာကျင်မှုက သူ့ကို တစ်ဖန်ဖိစီးနှိပ်စက်လာခဲ့လေသည်။ ဆူဇီမိုသည် ခပ်သဲ့သဲ့ ညည်းတွား၍ မြေပြင်ပေါ်တွင် လဲကျကာ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ သူ၏ အသိစိတ်က ဝေဝါးလာပြီး ပင်ပန်းနွမ်းနယ်မှုလှိုင်းများက သူ၏ရင်ထဲမှာ တလိပ်လိပ်တက်လာကာ သူ့ကို သတိလစ်မတတ် ဖြစ်သွားစေလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် မာကြောခက်ထန်သော်လည်း ၎င်း၏ မျိုးဆက်သွေးက သန်မာမှုမရှိဘဲ ပြန်လည်ကုသနိုင်စွမ်းလည်း မရှိပေ။
သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်သာဆိုလျှင် သူသည် လဝက်မျှ ပြန်လည်အားဖြည့်ပြီးနောက်.. ဤကဲ့သို့သော ပြင်းထန်သည့် ဒဏ်ရာများက လုံးဝ သက်သာပျောက်ကင်းသွားပေလိမ့်မည်။
သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်အတွက်တော့ အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့ဆိုလျှင် သူ့အနေဖြင့် အချိန်ဘယ်လောက်ကြာကြာ ယူရမလဲ မသိနိုင်တော့ပေ။
ထိုစဉ်မှာပင် အနက်ရောင် ပုံရိပ်တစ်ခုက သူ၏မျက်လုံးရှေ့မှာ ဖျတ်ခနဲ ထွက်ပေါ်လာလေသည်။
ညဝိညာဉ်က ဆူဇီမို၏ဘေးသို့ ရောက်ရှိလာခဲ့၏။
သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီး ခါးသက်စွာဖြင့် ပြုံးလိုက်ကြလေသည်။
ညဝိညာဉ်သည်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးများဖြင့် စိုရွှဲနေ၏။
သူသည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်လာကတည်းက ဤမျှအထိ အန္တရာယ်များသော တိုက်ပွဲတစ်ပွဲနှင့် ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးလောက်ပေ။ ယခုအခါ သူ၏ လျှို့ဝှက်ချက်ကိုပင် ထုတ်ဖော်ခဲ့ရလေသည်။
တကယ်တော့ ညဝိညာဉ်၏ ကိုယ်ကာယက အရမ်းကို သန်မာပြီး သူ၏ ပြန်လည်ကုသနိုင်စွမ်းရည်ကလည်း တုန်လှုပ်စရာကောင်းလေသည်။
သူက ဒဏ်ရာများဖြင့် ပြည့်နှက်နေလျှင်တောင် သူက လမ်းလျှောက်ဖို့အတွက် ခွန်အားကျန်ရှိနေဆဲ ဖြစ်၏။
သူ၏လက်ကို ဆန့်ထုတ်ပြီး ဆူဇီမိုကို ထူမပေးဖို့ ပြင်လိုက်လေသည်။
“မရဘူး.. ငါ ဆက်ပြီး လမ်းမလျှောက်နိုင်တော့ဘူး.. ငါက လောလောဆယ် ဒီနေရာမှာပဲ လှဲနေရလိမ့်မယ်”
ဆူဇီမိုက ခါးသက်စွာဖြင့် ရယ်မောပြောဆိုလိုက်လေသည်။
“ခင်ဗျားရဲ့ ခန္ဓာကိုယ်က သိသိသာသာ အားနည်းသွားတာပဲ.. အဲဒါက ဘယ်လိုဖြစ်…..”
ညဝိညာဉ်သည် မျက်မှောင် အနည်းငယ်ကြုတ်ပြီး ဆက်လက်ပြောဆိုခြင်း မရှိတော့ပေ။
အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ဆူဇီမိုသည် နဂါးအသွင်ပြောင်းလဲပြီး သူ၏သွေးချီကို ထုတ်ဖော်ကာ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို နေရာမှာပင် သတ်ဖြတ်ခဲ့ပုံကို သူက မြင်တွေ့ခဲ့ရလေသည်။
ဆူဇီမို၏ လက်ရှိခန္ဓာကိုယ်က များစွာ အားနည်းနေသည်မှာ သိသာလေသည်။
“အဲဒါက ပြောရရင်တော့ အရှည်ကြီးပဲ.. ရှင်းပြဖို့ မလွယ်ဘူး”
ဆူဇီမိုက ပြောလိုက်လေသည်။
“ရှင်းရှင်းပြောရရင်တော့.. ငါ့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို နှစ်ခုခွဲထုတ်ပြီးတော့ အစစ်အမှန် ခန္ဓာကိုယ်နှစ်ခု ပြုလုပ်လိုက်တယ်.. ငါ့ရဲ့ တခြား အစစ်အမှန် ခန္ဓာကိုယ်က အခု နဂါးမျိုးနွယ်မှာ ရှိနေတယ်”
တစ်စုံတစ်ယောက်သည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို နှစ်ခုခွဲထုတ်ပြီး အစစ်အမှန် ခန္ဓာကိုယ်နှစ်ခု ဖြစ်ပေါ်လာစေသည်ဟု ပြောမည်ဆိုလျှင် အခြားသူများက အဲဒါကို နားလည်ဖို့ ခက်ခဲလေသည်။
အံ့အားသင့်ဖို့ ကောင်းစွာပင်.. ညဝိညာဉ်က ခေါင်းညိတ်ပြလိုက်လေသည်။
“ကိုယ်ပွားလိုက်တာလား.. အဲဒါနဲ့ ပတ်သက်ပြီး ကျုပ် နည်းနည်းပါးပါးတော့ သိထားတယ်”
“ဟမ့်”
ဤတစ်ကြိမ်တွင်တော့ ဆူဇီမိုက အံ့အားသင့်သွားပြီး မနေနိုင်ဘဲ ပြောလိုက်လေသည်။
“ငါ့ရဲ့ အခြေအနေက ကျင့်ကြံရေးလောကက ကိုယ်ပွားတာနဲ့တော့ သိပ်မတူဘူး.. င့ါရဲ့ အစစ်အမှန် ခန္ဓာကိုယ်နှစ်ခုစလုံးမှာ အမြုတေစိတ်ဝိညာဉ် ကိုယ်စီရှိပြီးတော့ သီးခြားကျင့်ကြံနိုင်ကြတယ်”
ကျင့်ကြံရေးလောကတွင် ကိုယ်ပွားနည်းစနစ်အချို့ ရှိကြလေသည်။
သို့သော်လည်း ကိုယ်ပွားတစ်ခုချင်းစီ၏ တိုက်ခိုက်ရည်ခွန်အားသည် များစွာလျော့ကျသွားပြီး သူတို့တွင် သီးခြားအမြုတေစိတ်ဝိညာဉ်များ ရှိမနေပေ။ အဲဒါကြောင့် သူတို့တွင် အသိစိတ် များများစားစား ရှိမနေနိုင်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် ထိုကိုယ်ပွားများကို လွတ်လပ်သော သီးခြားသက်ရှိများဟု မသတ်မှတ်နိုင်ပေ။
သူတို့အနေဖြင့် အမှီအခိုကင်းစွာ သီးခြားကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေ။
“ကျုပ်သိပါတယ်”
ညဝိညာဉ်က ခေါင်းညိတ်ပြလိုက်လေသည်။
“တကယ်တော့ ကျင့်ကြံရေးလောကမှာရှိတဲ့ ကိုယ်ပွားခြင်း နည်းစနစ်တွေက အဆင့်အနိမ့်ဆုံးတွေပဲ”
“အို.. “
ဆူဇီမိုက သိချင်စိတ် ဖြစ်ပေါ်သွားမိ၏။
ညဝိညာဉ်က ဆက်ပြောလိုက်၏။
“ထိပ်တန်းအဆင့် ကိုယ်ပွားနည်းစနစ်တွေက ခင်ဗျားလိုမျိုးပဲ.. ကိုယ်ပွားတွေက အမြုတေစိတ်ဝိညာဉ် ကိုယ်စီရှိပြီးတော့ အစစ်အမှန် ခန္ဓာကိုယ်နဲ့ ခြားနားမှု မရှိဘူး.. သူတို့က လွတ်လပ်စွာနဲ့ သီးခြားကျင့်ကြံနိုင်ကြတယ်”
“ဥပမာအားဖြင့် အင်မော်တယ်ဂိုဏ်းတွေက အစစ်အမှန်သုံးကိုယ်၊ ဗုဒ္ဓကျောင်းတော်တွေက ခန္ဓာသုံးပါးနဲ့ မိစ္ဆာဂိုဏ်းတွေက အလောင်းသုံးဖော်တို့က အဲ့လိုမျိုးပဲ”
ဆူဇီမိုက အံ့အားသင့် မှင်တက်သွားခဲ့လေသည်။
အစစ်အမှန်သုံးကိုယ် သို့မဟုတ် အလောင်းသုံးဖော်ကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
သို့သော်လည်း ဗုဒ္ဓကျောင်းတော်များမှ ခန္ဓာသုံးပါးနှင့် ပတ်သက်၍ အတန်အသင့် သူနားလည်ထားတာ ရှိလေသည်။
ထိုခန္ဓာသုံးပါးသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ရည်ညွန်းပြောဆိုခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် ဗုဒ္ဓသုတ္တန်တစ်ခုမှာ ရိုးရှင်းသော ထိုဖော်ပြချက်ကို အမှတ်တမဲ့ ဖတ်ရှုခဲ့ဖူးလေသည်။ သူက ခန္ဓာသုံးပါး၏ အစစ်အမှန် အဓိပ္ပာယ်ကို ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။
ယခုအခါမှာသာ ဗုဒ္ဓကျောင်းတော်များ၏ ခန္ဓာသုံးပါးသည် ထိပ်တန်းအဆင့် ဓမ္မအစီအရင်တစ်ခု ဖြစ်သည်ဆိုတာကို သိရှိလိုက်ရလေသည်။
“အဲဒီ ဓမ္မအစီအရင်တွေက..”
ဆူဇီမိုက ခဏမျှ တွေဝေတုံ့ဆိုင်းသွားလေသည်။
ညဝိညာဉ်က သူ၏ခေါင်းကို ခါပြပြီး မိုးကောင်းကင်ကို လက်ညိုးထိုးပြလိုက်လေသည်။
“အဲဒီ ဓမ္မအစီအရင်တွေ အကုန်လုံးက အထက်ဘုံမှာပဲ ရှိတာ.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မရှိကြတော့ဘူး.. ကျုပ်ရဲ့ အမွေအနှစ်မှတ်ဉာဏ်ထဲမှာပဲ သူတို့ထဲက တချို့တလေကို တွေ့မြင်ခဲ့ရတာ”
“ငါ သိပြီ..”
ဆူဇီမို၏ မျက်လုံးထဲတွင် နှမျောတမ်းတမှု အရိပ်အယောင်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
“ကျုပ် ခင်ဗျားကို သယ်ပိုးပြီးတော့ အောက်ကို ဆင်းကြည့်ရမယ်”
ညဝိညာဉ်က ဆူဇီမို မလှုပ်ရှားနိုင်သည်ကို မြင်သောအခါ.. သူက ဆူဇီမိုကို သူ၏ကျောပေါ်မှာ ဂရုတစိုက် သယ်ပိုးပြီး မလှမ်းမကမ်းတွင်ရှိသော အက်ကွဲကြောင်းဆီသို့ လျှောက်လှမ်းလာခဲ့လေသည်။
“အောက်ကို ဘာဆင်းလုပ်မှာလဲ”
ဆူဇီမိုက သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေသည်။
သူတို့နှစ်ယောက်စလုံးသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး များများစားစား လှုပ်ရှားနိုင်ခြင်း မရှိကြပေ။
သို့သော်လည်း ဤကဲ့သို့ ဒဏ်ရာများနှင့်ပင် ညဝိညာဉ်က မရမနေ ပြုလုပ်ချင်နေသည်မှာ ထူးခြားလေသည်။
ဆူဇီမို၏ မေးခွန်းကို ကြားသောအခါ ညဝိညာဉ်၏ မျက်လုံးထဲတွင် ထူးဆန်းသည့် ပုံရိပ်တစ်ခုက ဖျပ်ခနဲလက်သွားပြီး တီးတိုးပြောဆိုလိုက်လေသည်။
“အဲဒီအောက်မှာ ကောင်းတာတစ်ခုခု ရှိနေလောက်တယ်”
ညဝိညာဉ်၏ အနံ့ခံအာရုံက အရမ်းကို ထက်ရှလေသည်။
သူသည် လက်တစ်ဖဝါးအရွယ် ခွေးနက်တစ်ကောင်အဖြစ် ဆူဇီမို၏ ရင်ခွင်ထဲမှာ ရှိနေစဉ်တုန်းကပင်.. သူသည် နဂါးအရိုးတောင်ကြားမှာ နဂါးဥ၏ အနံ့ကို ခံနိုင်ခဲ့လေသည်။
ဂူဂိုဏ်း၏ အပျက်အစီးပုံ အလယ်တွင် ကြီးမားသည့် အက်ကွဲကြောင်းတစ်ကြောင်း ဖြစ်ပေါ်နေလေသည်။ အဲဒါက နက်မှောင်၍ အောက်ခြေကို မမြင်ရပေ။
သတ္တုဝါးမျိုဂူပိုးကောင်က မြေကြီးထဲက ထိုးထွက်လာစဉ် ထိုအက်ကွဲကြောင်းက ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။
အက်ကွဲကြောင်း၏ အစပ်မှာ မတ်တတ်ရပ်၍ ညဝိညာဉ်သည် ခဏမျှ စစ်ဆေးကြည့်ရှုပြီးနောက်.. နှာခေါင်း တစ်ချက်နှစ်ချက် ရှုံ့ကာ အောက်သို့ ဖြည်းဖြည်းချင်း ခုန်ချလိုက်လေသည်။
ဘေးပတ်ဝန်းကျင်က မှောင်မည်းနေလေသည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က အားနည်းနေပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ အမြင်အာရုံကလည်း သိပ်ပြီးတော့ မသန်မာပေ။ သူသည် သူ၏ ပတ်ဝန်းကျင်ကို ခပ်ဝါးဝါးသာ မြင်နိုင်ပြီး သူက ညဝိညာဉ်အပေါ် မှီလှဲကာ အိပ်ငိုက်လာခဲ့လေသည်။
ဆူဇီမို၏ ဒဏ်ရာများက အလွန်တရာ ပြင်းထန်သည်ကို ညဝိညာဉ်က သိထားပြီး သူ၏ခြေထောက်ဖြင့် ကိုယ်ကိုဖော့ထားလေသည်။ သူက မနှေးလွန်း မမြန်လွန်းဘဲ တုန်ခါလှိုင်းကို တတ်နိုင်သမျှ အကောင်းဆုံး လျှော့ချထားလေသည်။
အချိန်တစ်ခု ကြာမြင့်ပြီးနောက်.. ညဝိညာဉ်က ဆတ်ခနဲ တုန်ယင်သွားလေသည်။
ဆူဇီမိုကလည်း နိုးထလာခဲ့လေသည်။
သူတို့နှစ်ယောက်စလုံးသည် မြေပြင်အောက်ခြေသို့ ဆင်းသက်လာခဲ့လေပြီ။
ညဝိညာဉ်က နောက်ထပ် ဦးတည်ဘက်တစ်ခုသို့ ဆက်လက်လျှောက်လှမ်းလိုက်၏။
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
သူတို့ရှေ့ လေထုက အနည်းငယ် စိုစွတ်နေပြီး သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား ပါဝင်နေလေသည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုများက လျော့ကျသွားသည်ဟု ထင်ရလေသည်။
နောက်ထပ် ခဏနေပြီးနောက်.. ညဝိညာဉ်က သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
သူတို့ရှေ့ရှိ နေရာက ရှင်းလင်းသွားပြီး အဲဒီမှာ အတော်အတန် ကြီးမားကျယ်ဝန်းသော လှိုဏ်ဂူတစ်ခု ရှိနေလေသည်။
လှိုဏ်ဂူ၏ အနက်ပိုင်းထဲတွင် ရွှေရောင်ဖျော့ဖျော့ ရေကန်တစ်ကန် ရှိနေပြီး လူတစ်ယောက်၏ စိတ်ကို လန်းဆန်းသွားစေနိုင်သော မြောက်များလှသည့် အသက်ဓာတ်အားကို ဖြာထုတ်ပေးနေလေသည်။
“ဒါက.. “
ညဝိညာဉ်၏ ကျောပေါ်မှာ မှီထားရင်း ဆူဇီမိုက မျက်လုံးပြူး၍ မနေနိုင်ဘဲ မေးလိုက်လေသည်။
“ကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းတစ်ခုလား..”
သည့်ယခင်တုန်းက သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်သည် နဂါးအရိုးတောင်ကြားမှာရှိသည့် အရာရာတိုင်းနှင့် ပတ်သက်၍ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်ကို ပြောပြာခဲ့ဖူးလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်သည် ကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်း၏ ဖော်ပြချက်နှင့် ပတ်သက်၍ အနည်းငယ် သိထားလေသည်။
သူ့ရှေ့ရှိ ရေကန်က သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ် ဖော်ပြခဲ့သော ကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းနှင့် အတော်လေး တူညီနေလေသည်။
တကယ်တော့ အဲဒါက သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ် ပြောဆိုသလို ဂမ္ဘီရဆန်ခြင်းနှင့် စွမ်းအားကြီးမားခြင်း သိပ်မရှိဟု ထင်ရလေသည်။
ညဝိညာဉ်က ခေါင်းညိတ်ပြလိုက်လေသည်။
“ဒါက ကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းပဲ.. ဒါပေမဲ့လို့ ဒီစိမ့်စမ်းရေက ရေသေတစ်ခု ဖြစ်နေပြီ.. သူ့ရဲ့ အကျိုးသက်ရောက်မှုက သာမန်လောက်ပဲ.. အဲဒါက စီးဆင်းနေတဲ့ ကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းရေတစ်ခုထက် အများကြီး နိမ့်ကျတယ်”
ဆူဇီမိုက နားလည်သဘောပေါက်သွားခဲ့လေသည်။
နဂါးအရိုးတောင်ကြားရှိ ကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းသည် ရွှေညိုရောင်ဖြစ်ပြီး မနှိုင်းယှဉ်သာအောင် သန့်စင်လေသည်။ ဂမ္ဘီရစိမ့်စမ်း၏ အလယ်ဗဟိုက အဆက်မပြတ် တလိပ်လိပ်တက်နေပြီး အသက်ဓာတ် အဆီအနှစ်က အလွန်ကြီးမား ကြွယ်ဝလေသည်။
သို့သော်လည်း ဤကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းက စီးဆင်းမှု မရှိဘဲ ရေများကလည်း ရေသေဖြစ်နေလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏ သက်ရောက်မှုက တဖြည်းဖြည်း လျော့ကျလာပေလိမ့်မည်။
တကယ်တော့ ဤကန်က ရေသေတစ်ခု ဖြစ်နေလျှင်တောင် အဲဒါက ကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းတစ်ခု ဖြစ်နေဆဲပင်။
အဲဒါက သေချာပေါက် ရှားရှားပါးပါး ရတနာတစ်ခု ဖြစ်လေသည်။
သတ္တုဝါးမျိုဂူပိုးကောင်သည် ထိုမျှအထိ သန်မာသော ပြန်လည်ကုသနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်မှာ ဤကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းနှင့် သေချာပေါက် ပတ်သက်ဆက်နွယ်နေပေလိမ့်မည်။
“သွားကြရအောင်..”
ညဝိညာဉ်က ပြောလိုက်လေသည်။
“ဒီကမ္ဘာဦးဂမ္ဘီရ စိမ့်စမ်းနဲ့ဆို ကျုပ်တို့ရဲ့ ဒဏ်ရာတွေက အလျင်အမြန် ပျောက်ကင်းသွားမှာပဲ”