← Chapters

အစိမ်းရောင်ကြာခုံ ပြန်လည်မွေးဖွား ပေါ်ထွက်လာခြင်း

Vol. 76 Ch. 1131

အစိမ်းရောင်ကြာခုံ ပြန်လည်မွေးဖွား ပေါ်ထွက်လာခြင်း

Vol. 76 Ch. 1131

ညဝိညာဉ်သည် ဆူဇီမိုကို ကျောထက်မှာ သယ်ဆောင်ပြီး ဂမ္ဘီရစိမ့်စမ်းထဲသို့ ခုန်ချလိုက်လေသည်။

စိမ့်စမ်းရေက နက်ရှိုင်းမှု မရှိဘဲ အထဲမှာ သူတို့ထိုင်နေစဉ် ရေမျက်နှာပြင်က သူတို့၏ ရင်ဘတ်အထိသာ ရောက်ရှိလေသည်။

ဆူဇီမိုသည် ဂမ္ဘီရစိမ့်စမ်းထဲသို့ ဝင်ရောက်သည့် ခဏမှာပင်.. ထိုထဲမှာ အလွန်တရာ ကြွယ်ဝသော အသက်ဓာတ်အားကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

စိမ့်စမ်းရေက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံပြီး အကန့်အသတ်မဲ့သော အသက်ဓာတ် အဆီအနှစ်များက သူ၏ ဒဏ်ရာများကို ဆေးကြောပေးလာလေသည်။

မျက်စိဖြင့် မြင်နိုင်သော ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းစက်များသည် ဆူဇီမို၏ အသားထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားပြီး သူ၏ ဒဏ်ရာများကို တဖြည်းဖြည်း ကုသပေးလာ၏။

သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုက သိသိသာသာ လျော့ကျသွားလေသည်။

“ဟမ်”

ဆူဇီမိုသည် သူ၏မျက်လုံးကို မှေးကျဉ်းပြီး သက်သောင့်သက်သာရှိစွာဖြင့် ညည်းတွားလိုက်လေသည်။

စိမ့်စမ်းရင်းမြစ် မရှိသော ဂမ္ဘီရစိမ့်စမ်းတစ်ခုကပင်လျှင် ဤကဲ့သို့သော အကျိုးသက်ရောက်မှု ရှိလေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ ကြီးမားပြင်းထန်သည့် စွမ်းအားကြောင့် အသက်ဓာတ်အား ပြတ်တောက်သွားသော သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်သည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။

ဂမ္ဘီရစိမ့်စမ်း မရှိဘဲ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ပြန်လည်ကုသဖို့အတွက် ဆယ်စုနှစ်အတော်အတန် ကြာနိုင်လေသည်။

ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းနှင့်အတူ သူ့ဒဏ်ရာများ၏ ပြန်လည်ကုသနှုန်းသည် များပြားစွာ တိုးတက်လာခဲ့လေသည်။ အဲဒါက လတစ်ဝက်အတွင်း ပြန်လည်သက်သာ ကောင်းမွန်လာနိုင်လေသည်။

အဲဒါက တကယ့်ကို ကျေနပ်စရာကောင်းသော အံ့အားသင့်စရာတစ်ခု​ ဖြစ်လေသည်။

တစ်ခဏအတွင်းမှာပင် တစ်ရက်တာက ကုန်ဆုံးသွားခဲ့လေသည်။

ဗွမ်းခနဲ မြည်သံနှင့်အတူ ညဝိညာဉ်က ရေကန်ထဲကနေ မတ်တတ်ထရပ်ပြီး ထွက်ခွာလာခဲ့လေသည်။

သူ၏ ဒဏ်ရာများက အရမ်းပြင်းထန်ခြင်း မရှိပေ။

သူ၏ သန်မာသော ပြန်လည်ကုသနိုင်စွမ်းနှင့် ဂမ္ဘီရစိမ့်စမ်း၏ အကူအညီနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားခဲ့လေပြီ။

သူက ဂမ္ဘီရစိမ့်စမ်းထဲမှာနေလျှင် ပို၍မြန်မြန် သက်သာပျောက်ကင်းမည် ဖြစ်သော်လည်း ညဝိညာဉ်က ကြိုတင်၍ ထွက်ခွာလိုက်လေသည်။

ဤဂမ္ဘီရစိမ့်စမ်းက စိမ့်စမ်းရင်းမြစ် မရှိဘဲ ရေသေတစ်ခု ဖြစ်လေသည်။

ဆိုလိုသည်မှာ.. ဂမ္ဘီရစိမ့်စမ်းထဲရှိ အသက်ဓာတ်အားသည် တိုးလာမည် မဟုတ်ဘဲ တဖြည်းဖြည်း လျော့ကျသွားမည် ဖြစ်လေသည်။

ညဝိညာဉ်၏ အပြုအမူသည် ဆူဇီမိုကို ဂမ္ဘီရစိမ့်စမ်းထဲရှိ အသက်ဓာတ်အားများ ပိုမိုစုပ်ယူနိုင်စေဖို့ ရည်ရွယ်လေသည်။

ဆူဇီမိုက ညဝိညာဉ်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

သူက ညဝိညာဉ်၏ ရည်ရွယ်ချက်ကို ပြောနိုင်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ.. ဆူဇီမို၏ ဒဏ်ရာများက နည်းနည်းချင်း သက်သာပျောက်ကင်းလာခဲ့လေသည်။

ဆယ်ရက်မြောက်နေ့တွင်.. သူ့ရင်ဘတ်ပေါ်ရှိ အကြီးမားဆုံး ဒဏ်ရာသည် သက်သာပျောက်ကင်းသွားခဲ့လေပြီ။ သူ၏ ရင်ဘတ်က မည်သည့် အမာရွတ်မှ မရှိဘဲ ကျောက်စိမ်းကဲ့သို့ ချောမွေ့သွားလေသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း.. ညဝိညာဉ်က ဝေးဝေးသို့ ထွက်ခွာသွားခြင်း မရှိဘဲ ဆူဇီမို၏ ဘေးမှာ စောင့်ကြပ်နေလေသည်။

ဆူဇီမိုသည် သူ၏ကြွက်သားများကို ဆန့်ပြီး သူ၏ခန္ဓာကိုယ်က ကောင်းမွန်၍ သက်သာပျောက်ကင်းလာသည်ကို ခံစားရ​လေသည်။ သူက မတ်တတ်ထရပ်တော့မည့်ဆဲဆဲမှာပင် မျက်မှောင်ကြုတ်လိုက်လေသည်။

“ဟမ်”

သူက ဂရုတစိုက် အာရုံခံကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ထူးဆန်းသည့် ပုံရိပ်တစ်ခုက ဖျပ်ခနဲလက်သွားလေသည်။

သူ၏ဒဏ်ရာများက သက်သာပျောက်ကင်းသွားခဲ့လေပြီ။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ဂမ္ဘီရစိမ့်စမ်းထဲရှိ အသက်ဓာတ်အားသည် သူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်နေပြီး သူ၏ အသားများ၊ အရိုးများနှင့် ပေါင်းစည်းနေလေသည်။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။

ဆူဇီမိုက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော ဒဏ်ရာများ ကျန်ရှိနေသေးတာများလား..။

ဂမ္ဘီရစိမ့်စမ်းထဲတွင် ကြည်လင်နေသော အလင်းစက်လေးများသည် ဆူဇီမို၏ မွေးညင်းပေါက်များမှတစ်ဆင့် အထဲသို့ စိမ့်ဝင်လာခဲ့လေသည်။

များစွာသော အလင်းစက်များသည် သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီး ဗလာကျင်းနေသော အစိမ်းရောင်ကြာခုံပေါ်သို့ ဆင်းသက်လာခဲ့လေသည်။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားခဲ့လေသည်။

…များ ဖြစ်နေမလား…။

သူသည် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး သူ၏နှလုံးခုန်သံက စတင်၍ မြန်ဆန်လာခဲ့လေသည်။

အပေါ်ယံကြည့်လျှင်တော့ သူ၏ခန္ဓာကိုယ်က ဆက်လက်၍ ဒဏ်ရာရရှိခြင်း မရှိတော့ပေ။

သို့သော်လည်း.. သူ၏ အစိမ်းရောင်ကြာပန်းခန္ဓာကိုယ်သည် ကြေမွနေသော ကြာရိုးများနှင့် ကြာရွက်များကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်လေသည်။

တစ်နည်းအားဖြင့် ဆိုရလျှင်.. ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းက အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးနေခြင်း ဖြစ်လေသည်။

အဲဒါက ဖန်တီးခြင်းကြာပဒုမ္မာကို ပြန်လည်ယူဆောင်လာမည်ဆိုလျှင် မည်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမလဲ.. ဆူဇီမိုက ဝိုးတဝါးသာ ခန့်မှန်းကြည့်နိုင်လေသည်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး စိမ့်စမ်းရေထဲမှာ ဆက်လက်၍ နေလိုက်လေသည်။ သူ၏စိတ်ကို တည်ငြိမ်စေပြီ ဂမ္ဘီရစိမ့်စမ်းထဲရှိ ကြွယ်ဝသော အသက်ဓာတ်အားများကို အဆက်မပြတ် စုပ်ယူလိုက်လေသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့၏။

နောက်ထပ် ဆယ်ရက်တာက ကုန်ဆုံးသွားခဲ့လေသည်။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်က မည်သည့်ပြောင်းလဲမှုမှ မရှိဟု ထင်ရသော်လည်း သူ၏ခန္ဓာကိုယ်နှင့် အရိုးများမှ ကြွယ်ဝသော အသက်ဓာတ်အားက ဖြာထွက်လာခဲ့လေသည်။

သူ၏ အသားနှင့် သွေးများက ပို၍ပင် တောက်ပကြည်လင်လာပြီး အသက်ဓာတ်အားက တလိပ်လိပ် တက်လာခဲ့လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်၏ မျိုးဆက်သွေးကလည်း တဖြည်းဖြည်း ပိုမိုသန်မာလာခဲ့လေသည်။

အဲဒါက သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ၎င်းက အရင်ကထက် များစွာ ပိုမိုသန်မာလာခဲ့လေသည်။

ဒါ့အပြင်.. အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်၏ ပြန်လည်ကုသနိုင်စွမ်းကလည်း ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းထဲမှာ စိမ်နေပြီးနောက် သိသိသာသာ တိုးလာခဲ့လေသည်။

တကယ်တော့ အကြီးမားဆုံး ပြောင်းလဲမှုများမှာ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ပေ။

အဲဒါက ဆူဇီမို၏ အသိစိတ်ပင်လယ်ထဲရှိ ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာခုံဖြစ်လေသည်။

အစိမ်းရောင်ကြာခုံသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ရိုက်နှက်ဖျက်ဆီးခြင်းကို ခံရပြီးနောက်.. မည်သည့် ပွင့်ဖတ်ပွင့်ချပ်မှ မရှိတော့ဘဲ ပြောင်တလင်းခါသွားခဲ့လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ အစိမ်းရောင်ကြာခုံ၏ အနားစွန်းတွင် စိမ်းညိုရောင် အလင်းစက်များက ပေါ်ထွက်လာခဲ့လေသည်။

ထိုအလင်းစက်များက တိတ်တဆိတ် ကြီးထွားလာရင်း တစ်လွှာပြီးတစ်လွှာ ဖြန့်ကြက်ပေါ်ထွက်လာခဲ့လေသည်။

တစ်ခဏအတွင်းမှာပင်.. ဆူဇီမိုသည် ဂမ္ဘီရစိမ့်စမ်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ တစ်လတိတိ ကြာသွားခဲ့လေပြီ။

မူလက ရွှေရောင်ဖျော့ဖျော့ စိမ့်စမ်းရေများသည် အလွန်တရာ ကြည်လင်လာပြီး ကန်၏အောက်ခြေကိုပင် မြင်လာရလေသည်။

ယခင်က ကြွယ်ဝသော အသက်ဓာတ်အားကလည်း လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။

ဤဂမ္ဘီရစိမ့်စမ်းကန်သည် အလွန်ဆုံး စိတ်ဝိညာဉ်ရေကန်တစ်ကန်မျှသာ ဖြစ်လာခဲ့လေသည်။

အတိအကျဆိုရလျှင်.. ဂမ္ဘီရစိမ့်စမ်းထဲရှိ အသက်ဓာတ်အားကို သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်က ဘာမှမကျန်အောင် စုပ်ယူပစ်လိုက်ခြင်း ဖြစ်လေသည်။

ဤအသက်ဓာတ် အဆီအနှစ်များက အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်အပေါ် ယူဆောင်လာသည့် ပြောင်းလဲမှုများက သိသာထင်ရှားလေသည်။

ဆူဇီမိုသည် သူ၏မျက်လုံးကို ရုတ်တရက်ဖွင့်ပြီး သူ၏အကြည့်က တောက်လောင်ပြင်းပြလာခဲ့၏။ အဲဒါက အလင်းတန်းနှစ်ခုအသွင် ပစ်လွင့်သွားပြီးနောက် လျင်မြန်စွာ ပြန်လည်ငြိမ်သက်သွားခဲ့လေသည်။

သူက ဖြည်းဖြည်းချင်း ထရပ်လိုက်လေသည်။

သူ၏ နှာရောင်က ပွင့်ဟသွားပြီး အစိမ်းရောင်ကြာခုံတစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။

ကြာခုံပေါ်တွင် နှင်းရည်များဖြင့် ပြည့်လျှမ်းနေသော ပန်းဖူးတစ်ခု ရှိလေသည်။ ၎င်းက သိပ်သည်းပြင်းထန်သော အသက်ဓာတ်အား ဖြာထွက်၍ ဖြည်းဖြည်းချင်း ဖူးပွင့်လာပြီး မြစိမ်းရောင်ရှိကာ တောက်ပနေလေသည်။

ကြာပွင့်ချပ်များက တစ်ခုပြီးတစ်ခု ပွင့်ဟလာပြီး အလင်းရောင်က ဖြန့်ကြက်၍ အင်မော်တယ် အော်ရာက မြင့်တက်လာခဲ့လေသည်။

အမြုတေစိတ်ဝိညာဉ်တစ်ခုက အဲဒီပေါ်မှာ ထိုင်နေပြီး သူ၏ အနက်ရောင်ဆံပင်က ကခုန်နေလေသည်။

ဤကြာခုံပေါ်တွင် ကြာစေ့ ၅၄ စေ့က ခြောက်ထပ်ဆင့်၍ ဝိုင်းပတ်ထားလေသည်။

တစ်ခါက ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်၍ အသက်ဓာတ်အားဖြင့် တောက်ပခဲ့သော ဖန်တီးခြင်းကြာပဒုမ္မာသည် ဖျက်ဆီးခံခဲ့ရသော်လည်း ဤအဆင့်-၆ ကြာခုံသည် ၎င်း၏ အသက်ဓာတ်အားကို ထိန်းသိမ်းထားပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာခဲ့လေသည်။

သူသည် ဖန်တီးခြင်းကြာပဒုမ္မာကို ဆုံးရှုံးရပြီးနောက်.. ဆူဇီမိုထံတွင် မည်သည့် မူပိုင်ဓမ္မလက်နက်မှ မရှိတော့ပေ။

ယခု ဖန်တီးခြင်းကြာခုံက ပြန်လည်မွေးဖွားပေါ်ထွက်လာပြီး သူက အဲဒါကို တကူးတက ပြန်လည်သန့်စင်နေစရာ မလိုအပ်ပေ။ အစကတည်းက သူနှင့် ဖန်တီးခြင်းကြာပဒုမ္မာကြားမှာ အလွန်တရာ ရင်းနှီးသော ဆက်သွယ်ချက်တစ်ခု ရှိလေသည်။

အဲဒါက သူ၏ မူပိုင်ဓမ္မလက်နက် ဖြစ်လေသည်။

ဆူဇီမိုသည် ကျေနပ်နှစ်ခြိုက်သွားပြီး အဆင့်-၆ ဖန်တီးခြင်းကြာခုံကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။

သူ့ကို တကယ်တမ်း ကျေနပ်နှစ်ခြိုက်စေသည့်အရာမှာ ဖန်တီးခြင်းကြာပဒုမ္မာ၏ ပြန်လည်မွေးဖွား ပေါ်ထွက်လာမှုသာ မဟုတ်ပေ။

အကြောင်းမှာ.. သူက ဤအခွင့်အလမ်းကနေ ဖြစ်နိုင်ခြေတစ်ခုကို မြင်မိသွားသောကြောင့် ဖြစ်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာ ပြန်လည်မွေးဖွားပေါ်ထွက်လာခြင်း၏ ဖြစ်နိုင်ခြေတစ်ခု…

ပုံမှန်အခြေအနေမှာဆိုလျှင်.. တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ ဖျက်ဆီးခြင်းခံရပြီး ၎င်း၏ ကြာရိုးများနှင့် ကြာရွက်များကို ခန္ဓာကိုယ်တစ်ခုအဖြစ် ပုံသွင်းခံထားရသော အဆင့်-၆ ဖန်တီးခြင်းကြာပဒုမ္မာသည် ပြန်လည်ကောင်းမွန်လာနိုင်စရာ အကြောင်းမရှိပေ။

သို့သော် ယခုအခါမှာတော့.. ဖန်တီးခြင်းကြာပဒုမ္မာက ပြန်လည်မွေးဖွားပေါ်ထွက်လာခဲ့လေပြီ။

တစ်ချိန်တည်းမှာပင်.. ဤခန္ဓာကိုယ်ကို ကြာရိုးများနှင့် ကြာရွက်များကို သုံးပြီး ဖန်တီးပြုလုပ်ထားခြင်း ဖြစ်လေသည်။

တစ်နည်းအားဖြင့် ဆိုရလျှင်.. ဤခန္ဓာကိုယ်ကို လုံလောက်သော အသက်ဓာတ်အားဖြင့် အဆက်မပြတ် ပြုစုပျိုးထောင်ပေးပါက.. ကြာရိုးများနှင့် ကြာရွက်များသည်လည်း ပြန်လည်မွေးဖွားပေါ်ထွက်လာနိုင်လေသည်။

ဤအစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်သည် ဖန်တီးခြင်းကြာပဒုမ္မာ ပြန်လည်မွေးဖွားလာခြင်း၏ နောက်ထပ်ပုံစံတစ်ခုပင် ဖြစ်လာနိုင်လေသည်။

တကယ်တော့ အဲဒါက ဆူဇီမို၏ ခန့်မှန်းချက်သာ ဖြစ်လေသည်။

သူ၏ ခန့်မှန်းချက်ကို အတည်ပြုဖို့ဆိုလျှင်.. သူသည် စီးဆင်းနေသော ဂမ္ဘီရစိမ့်စမ်းတစ်ခုကို လိုအပ်ပြီး သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်ကို အောင်မြင်သည်အထိ အဆက်မပြတ် အားဖြည့်ပေးရပေလိမ့်မည်။

ဖန်တီးခြင်းကြာပဒုမ္မာအတွက်တော့ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်ကို သုံးပြီး ပြန်လည်မွေးဖွားပေါ်ထွက်လာသည်နှင့်…။

ဆိုလိုသည်မှာ.. ဆူဇီမိုသည် လူပုံသဏ္ဌာန် ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်လာပြီး ၎င်း၏ အဆင့်ကိုလည်း အဆက်မပြတ် မြှင့်တင်လာနိုင်ပေလိမ့်မည်။

အဆင့်ခုနှစ်.. ပြီးလျှင် အဆင့်ရှစ်..။

သို့မဟုတ် အဆင့်ကိုးအထိ..။

ထိုအချိန်ကျလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်ကို ဘယ်သူကများ ခြိမ်းခြောက်နိုင်ပါဦးမည်နည်း။

ထိုသို့ အတွေးဖြင့် ဆူဇီမို၏ နှလုံးက တောက်လောင်ပြင်းပြလာခဲ့လေသည်။

တကယ်တော့ ဤအဆင့်ထိ ရောက်ရှိဖို့က အရမ်းကို ခဲယဉ်းလေသည်။

ပထမတစ်ချက်အနေဖြင့် အဲဒါက သူ၏ခန့်မှန်းချက်သာ ဖြစ်လေသည်။

ဒုတိယတစ်ချက်အနေဖြင့် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းများက ရှာဖွေတွေ့ရှိဖို့အတွက် အလွန်တရာ ခဲယဉ်းလေသည်။ သူတို့အားလုံးက ဆိတ်သုဉ်းပျောက်ကွယ်သွားကြလေပြီ။

အဲဒါက ရှိခဲ့လျှင်တောင်.. နဂါးအရိုးတောင်ကြားမှ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကဲ့သို့ ကြီးမားသော အဖွဲ့အစည်းတစ်ခုက အဲ့ဒါကို သေချာပေါက် စောင့်ကြပ်နေပေလိမ့်မည်။

ဆူဇီမိုသည် သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်နှင့် လှည့်စားမှုတစ်ခု ပြုလုပ်ဖို့ ကြိုးစားကြည့်နိုင်လေသည်။

ထိုအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်က နဂါးအရိုးတောင်ကြားသို့ ခိုးဝင်ပြီး ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းဆီသို့ ဝင်ရောက်ရမည် ဖြစ်လေသည်။

သို့သော်လည်း.. အဲဒါက မဖြစ်နိုင်လုနီးပါးပင်။

သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်က နဂါးအရိုးတောင်ကြားကနေ ထွက်ခွာနိုင်စရာ အကြောင်းမရှိပေ။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်ကလည်း နဂါးအရိုးတောင်ကြား၏ အပြင်ဘက်အစပ် အရိုးပင်လယ်ကို ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် နဂါးမျိုးနွယ်မှ ပညာရှင်များစွာ ရှိနေလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန် ခန္ဓာကိုယ်က ဝင်ရောက်လာသည့် အချိန်မှာပင် သူတို့၏ မျိုးဆက်သွေး ကြီးမားစွာ ကွာဟမှုကြောင့် သူ့ကို ချက်ချင်းပင် သံသယဝင်လာနိုင်လေသည်။ ထိုအခါ သူက ကိုယ့်ရှူးကိုယ်ပတ်သွားနိုင်လေသည်။

All Chapters