← Chapters

ဂူဂိုဏ်းကပ်ဘေး

Vol. 76 Ch. 1132

ဂူဂိုဏ်းကပ်ဘေး

Vol. 76 Ch. 1132

သူ၏အသိစိတ်ထဲတွင် အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်က ဖန်တီးခြင်းကြာခုံပေါ်မှာ ထိုင်နေလေသည်။ ၎င်း၏ အသက်ဓာတ်အားကို ပြန်လည်ရရှိလာခြင်းနှင့်အတူ ကြာခုံထံမှ အစိမ်းရောင်အလင်းတန်းများက ဖြာထွက်လာပြီး အမြုတေစိတ်ဝိညာဥ်ကို အဆက်မပြတ် အားဖြည့်ပေးနေလေသည်။

ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်လာခဲ့လေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်သည် တစ်လအတွင်း နောက်ပိုင်းမူလနတ္ထိအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်လေသည်။

ယခင်က သူသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်အပေါ် အာရုံစိုက်နေပြီး သူ၏ ကျင့်ကြံမှုအဆင့်ကို သတိမထားမိခဲ့ပေ။

ယခုအခါမှသာလျှင် သူက အဆင့်တစ်ခုကို ချိုးဖြတ်တက်လှမ်းခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်လေသည်။

တကယ်တော့ အဲ့ဒါက ဖြစ်သင့်ဖြစ်ထိုက်သည့် တစ်စုံတစ်ရာဖြစ်လေသည်။

သူသည် နဂါးသင်္ချိုင်းတောငိကြားကနေ ထွက်ခွာလာခဲ့စဥ်က သူ၏ ကျင့်ကြံမှုအဆင့်သည် အလယ်အလတ်မူလနတ္ထိအဆင့်၏ အထွတ်အထိပ်မှာ ရောက်ရှိနေခဲ့ပြီးလေပြီ။

သူသည် နောက်တစ်ဆင့်သို့ တက်လှမ်းဖို့အတွက် အခွင့်အလမ်းတစ်ခုကိုသာ လိုအပ်နေလေသည်။

ဤဂမ္ဘီရစိမ့်စမ်းက ထိုအခွင့်အလမ်းဖြစ်လေသည်။

နောက်ပိုင်းမူလနတ္ထိအဆင့်သို့ ရောက်ရှိလာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကလည်း ဆပွားတိုးလာခဲ့လေသည်။

သူစုဖွဲ့နိုင်သော ဓမ္မစွမ်းအားများကလည်း ပို၍များပြားလာခဲ့လေသည်။ ဖန်တီးခြင်းကြာပဒုမ္မာ၏ ပြန်လည်မွေးဖွားလာခြင်းနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ ကြံ့ခိုင်သန်မာလာခြင်းကြောင့် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် ဆပွားတိုးလာခဲ့လေသည်။ ဂူဂိုဏ်းသို့လာသော ဤခရီးစဥ်က ကပ်ဘေးကြားမှ ကောင်းချီးပေးခံရခြင်း ဖြစ်လေသည်။

တကယ်တော့ ဂမ္ဘီရစိမ့်စမ်းသည် မြေအောက်အနက်ပိုင်းထဲမှာ ဖုံးကွယ်နေပြီး အထက်တွင် ရွှံ့ညွန်အငွေ့အသက်များက လွှမ်းခြုံနေခြင်းကြောင့်သာ မဟုတ်လျှင် ဤနေရာကို သူ့အရင် အခြားသူများကရှာဖွေတွေ့ရှိသွားပေလိမ့်မည်။

ဆူဇီမိုက ထွက်ခွာတော့မည့်ဆဲဆဲမှာပင် သူက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။ ဤမြေပြင်အောက်မှာ အသက်ဓာတ်တစ်စုံတစ်ရာရှိနေသေးသည်ဟု ထင်ရလေသည်။

သူ၏ကျင့်ကြံမှုအဆင့်က တိုးတက်လာပြီးနောက် ​ဆူဇီမိုသည် သူ၏ဘေးပတ်ဝန်းကျင်အပေါ် အာရုံခံစိတ် ပိုမိုထက်ရှလာခဲ့လေသည်။

မြေအောက်လမ်းကြောင်းသည် အဘက်ဘက်သို့ ဖြန့်ကြက်နေပြီး စင်္ကြံလမ်းအနက်ပိုင်းထဲမှ အသက်ဓာတ်အားတချို့ ဖြာထွက်နေသည်ကို သူက ရိုးတိုးရိပ်တိတ် ခံစားမိနိုင်လေသည်။

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီးနောက် ထိုအော်ရာထွက်ပေါ်ရာနောက်သို့ လိုက်ပါပြီး စင်္ကြန်လမ်းအနက်ပိုင်းထဲသို့ ဝင်ရောက်လိုက်လေသည်။

ခဏကြာလမ်းလျှောက်ပြီးနောက် သူတို့သည် စင်္ကြံလမ်းအဆုံးသတ်သို့ ရောက်ရှိကာ သူတို့ရှေ့တွင် ကြီးမားသည့် လိုဏ်ဂူတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

လိုဏ်ဂူထဲမှာ ပိုးအိမ်သဏ္ဌာန်လှောင်ချိုင့်ပေါင်း တစ်သောင်းကျော်ရှိနေလေသည်။

သူတို့ထဲတွင် လှောင်ချိုင့်အများစုက အရိုးစုများသာ ကျန်ရစ်တော့လေသည်။

လှောင်ချိုင့်အချို့ထဲတွင် ပုပ်အက်ဆွေးမြေ့နေသော အသားများကျန်ရှိနေသေး၏။

လှောင်ချိုင့်အချို့မှာသာလျှင် အသက်ဓာတ်ကျန်ရှိတော့လေသည်။

ထိုကျင့်ကြံသူများသည် အသက်ရှင်နေသေးသော်လည်း သူတို့၏ အော်ရာများက အားနည်းနေပြီး သူတို့၏ မျက်နှာများက အဝါရောင်သန်းနေ၏။

“ဒါက....”

ဆူဇီမိုက သူ၏မျက်ခုံးနှစ်ဖက်ကို အနည်းငယ် ကြုတ်လိုက်လေသည်။

ထိုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျခြင်းမရှိဘဲ သူတို့အားလုံးက ဓမ္မဝိသေသအဆင့်မှာ ရှိနေကြသည်ကို သူက ခံစားမိနိုင်လေသည်။

ထိုဓမ္မဝိသေသ တာအိုအရှင်များအားလုံးသည် အားနည်းနေကြသော်လည်း သူတို့သည် ဂူကောင်များ၏ ထိန်းချုပ်ခြင်း ခံထားရသည့်ပုံ မပေါ်ပေ။

ထိုဓမ္မဝိသေသ တာအိုအရှင်များသည် ငေးတိငေးကြောင်အမူအရာများနှင့် ထုံထိုင်းထိုင်းအကြည့်များရှိကြလေသည်။ သူတို့သည် ဆူဖီမိုနှင့် ညဝိညာဥ်ဝင်ရောက်လာသည်ကို မြင်သောအခါ လှုပ်ခတ်မှုလုံးဝမရှိကြပေ။

အတန်ကြာပြီးနောက် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်သည် သူ၏ပါးစပ်ကို အနည်းငယ်ဖွင့်ဟ၍ လူးလဲကာ ကျုုံးထလိုက်၏။

“မင်း..... မင်းတို့က.. ဘယ်သူတွေလဲ...”

ဓမ္မဝိသေသ တာအိုအရှင်၏အသံက ခြောက်သွေ့အက်ကွဲနေပြီး အနည်းငယ်တုန်ယင်နေလေသည်။

“ခင်ဗျားကဘယ်သူလဲ...”

တကယ်တော့ ဆူဇီမိုက အဖြေတစ်ခုကို ဝိုးတဝါးခန့်မှန်းခဲ့ပြီးဖြစ်လေသည်။

သို့သော်လည်း သူက မေးလိုက်သေး၏။

“ကျုပ်က ဂူဂိုဏ်းက မဟာဂူသခင်တစ်ယောက်.. တာအိုအရှင်ကောင်းကင်ဘုံပိုးကောင်ပဲ...”

ဓမ္မဝိသေသ တာအိုအရှင်သည် ပိန်လှီ၍ ဖိုသီဖတ်သီပုံပေါ်နေသော်လည်း ဂူသခင်ဟူသောစကားကို ပြောချိန်တွင် သူ့မှာ မာန်မာနတစ်ခု ကျန်ရှိနေဆဲ ဖြစ်လေသည်။

ရှေးဟောင်းခေတ်တုန်းက ဂူနည်းစနစ်များသည် ကျင့်ကြံရေးနည်းလမ်းတစ်ခုဖြစ်ပြီး မိစ္ဆာမဆန်ကြောင်း ရှောင်းနင်က ဆူဇီမိုကို ပြောခဲ့ဖူးလေသည်။

ဂူနည်းစနစ်ကို ဖန်တီးခဲ့ခြင်းသည် လူများကို ကယ်တင်ဖို့ဖြစ်လေသည်။

“မင်းတို့တွေက ဂူဂိုဏ်းကမဟုတ်ဘူးဆိုရင် ဒီကိုဘာ့ကြောင့် ရောက်လာတာလဲ...”

တာအိုအရှင်ကောင်းကင်ဘုံပိုးကောင်က ထပ်မေးလိုက်လေသည်။

ဆူဇီမိုက ပြန်ဖြေခြင်းမရှိဘဲ ပြန်လှန်မေးလိုက်လေသည်။

“အပြင်ဘက်က သတ္တုဝါးမျိုဂူပိုးကောင်အကြောင်း ခင်ဗျားသိလား...”

သတ္တုဝါးမျိုဂူပိုးကောင်အကြောင်းပြောချိန်တွင် တာအိုအရှင်ကောင်းကင်ဘုံပိုးကောင်၏ အမူအရာက ရုတ်တရက် တွေဝေငေးမောသွား၏။

အမျက်ဒေါသ ၊ သတ်ဖြတ်လိုစိတ် ၊ အမုန်းတရား ၊ ကူကယ်ရာမဲ့မှုနှင့် အခြားသော စိတ်ခံစားချက်များက သူ၏မျက်လုံးထဲမှာ တဖျပ်ဖျပ် ပေါ်ထွက်လာခဲ့လေသည်။

အသက်ရှင်နေသေးသော အခြားကျင့်ကြံသူများကလည်း သူတို့၏တောင့်တင်းနေသော ခန္ဓာကိုယ်များကို လှုပ်ရှားပြီး အလိုလို လှမ်းကြည့်လာကြ၏။

“သူက အစတုန်းကတော့ ဂူဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ...”

တာအိုအရှင်ကောင်းကင်ဘုံပိုးကောင်၏အသံက လေးနက်လာပြီး ဂူဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ပြန်ပြောပြလိုက်လေသည်။

ဂူဂိုဏ်းတွင် ဤပြောင်းလဲမှု၏ မူလဇာစ်မြစ်က ဂိုဏ်းချုပ်ထံမှ လာခြင်းဖြစ်လေသည်။

ဂူဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်း သူသည် နှစ်ပေါင်းတစ်သောင်းကျော်ကြာအောင် အဆင့်ချိုးဖြတ်တက်လှမ်းနိုင်ခြင်းမရှိဘဲ ပေါင်းစည်းခန္ဓာ အဆင့်မှာ တစ်ဆို့နေခဲ့လေသည်။ သူက သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေပြီး ဤဘဝတွင် မဟာယာနအဆင့်သို့ တက်လှမ်းဖို့ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာ တွေ့မြင်ရပြီးနောက် ဂူဂိုဏ်း၏ ဂိုဏ်းချုပ်သည် မကျေမချမ်းဖြစ်လာပြီး သူ့စိတ်ထဲသို့ မကောင်းသော အတွေးအကြံများ ဝင်ရောက်လာလေသည်။ သူသည် ရှေးဟောင်းခေတ်က ဆိတ်သုန်းပျောက်ကွယ်သွားပြီဖြစ်သော ဂူပိုးကောင်အချို့ကို ပြုစုပျိုးထောင်ဖို့အတွက် ဂူဂိုဏ်း၏ လျှို့ဝှက်အတတ်များကို စတင်အသုံးပြုလာခဲ့၏။

သူတို့ထဲတွင် သတ္တုဝါးမျိုဂူပိုးကောင်လည်း ပါဝင်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ သတ္တုဝါးမျိုဂူပိုးကောင်က ပိုမိုသန်မာလာခဲ့လေသည်။

ဂူဂိုဏ်း၏ ဂိုဏ်းချုပ်သည် သတ္တုဝါးမျိုဂူပိုးကောင်ကို သူ၏ မူပိုင်ဂူကောင်အဖြစ် သန့်စင်ပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်စည်းကာ သူ၏တိုက်ခိုက်ရည်ခွန်အားနှင့် ဘဝသက်တမ်းကို မြှင့်တင်ဖို့ ကြိုးစားခဲ့လေသည်။

သို့သော်လည်း သတ္တုဝါးမျိုဂူပိုးကောင်က ရှေးဟောင်းခေတ် ထိပ်တန်းအဆင့် ဂူပိုးကောင်းဆယ်မျိုးထဲမှ တစ်မျိုးဖြစ်ပြီး အလွန်တရာအသိဉာဏ်မြင့်မားလေသည်။ ၎င်းကို ထိန်းချုပ်ဖို့က မလွယ်ကူပေ။

သန့်စင်နေသည့်ကာလအတွင်း သတ္တုဝါးမျိုဂူပိုးကောင်က တန်ပြန်တိုက်ခိုက်ခဲ့လေသည်။

အဆုံးသတ်မှာတော့ ဂူဂိုဏ်း၏ဂိုဏ်းချုပ်သည် အောင်မြင်သွားပြီး သတ္တုဝါးမျိုဂူပိုးကောင်ကို သူ၏ခန္ဓာကိုယ်နှင့် အမှန်တကယ်ပင် ပေါင်းစည်းသန့်စင်နိုင်ခဲ့လေသည်။ သူ၏ တိုက်ခိုက်ရည်ခွန်အားနှင့် ဘဝသက်တမ်းကလည်း ဆပွားများစွာတိုးလာခဲ့လေသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သတ္တုဝါးမျိုဂူပိုးကောင်နှင့် ဂူဂိုဏ်းချုပ်၏ အမြုတေစိတ်ဝိညာဥ်က ပေါင်းစည်းသွားပြီး သူ၏စိတ်နေစရိုက်က သိသိသာသာပြောင်းလဲလာတော့၏။

အတိအကျဆိုရလျှင် ညဝိညာဥ်၏ လက်ထဲမှာ သေဆုံးသွားခဲ့သော သတ္တုဝါးမျိုဂူပိုးကောင်သည် ဂူဂိုဏ်းချုပ်နှင့် သတ္တုဝါးမျိုဂူပိုးကောင်၏ နှစ်စိတ်တစ်ကိုယ်ဖြစ်လေသည်။

သတ္တုဝါးမျိုဂူပိုးကောင်း၏ အသိစိတ်အရ ၎င်းသည် ဂူပိုးကောင်များကို တတ်နိုင်သမျှ များများ ပြုစုပျိုးထောင်ချင်လေသည်။

သို့သော်လည်း ဂူဂိုဏ်းချုပ်၏ အသိစိတ်သည် ဤကိစ္စက အလွန်တရာအန္တရာယ်များပြီး ဂိုဏ်းသို့ ကပ်ဘေးတစ်ခုကို ယူဆောင်ကာ ပရမ်းပတာဖြစ်လာစေနိုင်ကြောင်း သိရှိထားလေသည်။

ထိုအသိစိတ်နှစ်ခုသည် အဆက်မပြတ်လွန်ဆွဲတိုက်ခိုက်နေကြပြီး နောက်ဆုံးမှာတော့ သတ္တုဝါးမျိုဂူပိုးကောင်၏ အသိစိတ်က အသာစီးရရှိသွားခဲ့လေသည်။

ထိုအချိန်မှစ၍ ဂူဂိုဏ်းက ပြောင်းလဲသွားခဲ့လေသည်။

ဂူဂိုဏ်းချုပ်၏ မူမမှန်မှုကို သတိထားမိသော ပေါင်းစည်းခန္ဓာအဆင့် ဂူသခင်အချို့သည် မညှာမတာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။

ဂိုဏ်းမှ ဂူသခင်အများစုကလည်း ဂူပိုးကောင်များ ပြုစုပျိုးထောင်ဖို့အတွက် အငှားခန္ဓာများဖြစ်လာကြ၏။

ဂူဂိုဏ်းချုပ်၏ အသိစိတ်ကလည်း ကျန်ရှိနေသေးသောကြောင့် ကျန်ရစ်နေသော ဂူသခင်များကို ဤလိုဏ်ဂူထဲမှာ အကျဥ်းချထားပြီး သတ်ဖြတ်ခဲ့ခြင်းမရှိတော့ပေ။ သူတို့က ဤကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့သည်မှာ ကံကောင်းလေသည်။

ထိုသို့ဆိုလျှင်တောင် သူတို့၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးသွားခဲ့ရလေသည်။ သူတို့ကြားတွင် ဂူသခင်များစွာက သူတို့၏ဘဝသက်တမ်းကုန်ဆုံးပြီးနောက် သေဆုံးကုန်ကြ၏။

သူတို့၏ အရိုးများနှင့် အလောင်းများသာလျှင် ကျန်ရစ်ခဲ့တော့လေသည်။

ဘဝသက်တမ်းနှစ်တစ်သောင်းရှိသော ဓမ္မဝိသေသ တာအိုအရှင်များသာလျှင် ယခုအချိန်ထိ တောင့်ခံနေနိုင်ခြင်းဖြစ်လေသည်။

ထိုသည်ကိုကြားသောအခါ ဆူဇီမိုက စိတ်ထဲမှာ ခံစားသွားရ၏။

ဂူဂိုဏ်း၏ ဂိုဏ်းချုပ်ထံမှ အမှားတစ်ခုကြောင့် နှစ်ပေါင်းများစွာ အဓွန့်ရှည်လာခဲ့သော ဤဂိုဏ်းသည် ဤကဲ့သို့သော ကပ်ဘေးတစ်ခုနှင့် တွေ့ကြုံခံစားရလိမ့်မည်ဟု မည်သူက တွေးထင်မိပါမည်နည်း။

မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီထဲမှ တစ်ခုဖြစ်သော ဂူဂိုဏ်းက အမှန်တကယ် အဆုံးသတ်သွားရလေပြီ။

ဆူဇီမိုသည် ညင်သာစွာ သက်ပြင်းချ၍ သူ၏လက်ချောင်းထိပ်မှ ဓားချီအချို့ကို ပစ်ထုတ်ကာ လှောင်ချိုင့်များကို ကြေမွစေပြီး ကျန်ရှိနေသော ဂူသခင်များကို လွတ်မြောက်ခွင့်ပေးလိုက်လေသည်။

ဤဂူသခင်များသည် ဓမ္မဝိသေသ တာအိုအရှင်များဖြစ်ကြသော်လည်း သူတို့အများစုက သူတို့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေကြလေပြီ။

သူတို့ထဲမှအချို့သည် သူတို့၏ ဘဝသက်တမ်းကုန်ဆုံးသွားပြီး နေရဖို့အတွက် နှစ်များစွာမကျန်ရှိတော့ပေ။

ဤဂူသခင်များသည် နှစ်ပေါင်းထောင်ချီ၍ ဤနေရာမှာ အကျဥ်းချခံထားရလေသည်။ ယခုအခါ သူတို့က လွတ်လပ်မှုကို ရုတ်တရက် ပြန်ရလာပြီး သူတို့ထံတွင် ဝမ်းသာပျော်ရွှင်သည့်ပုံများပေါ်မလာပေ။ သူတို့က ကြောင်အ,မှင်တက်နေပြီး တုန်လှုပ်မှုကနေ ရုန်းမထွက်နိုင်ကြသေးပေ။

“သတ္တုဝါးမျိုဂူပိုးကောင်က သေသွားပြီ...”

ဆူဇီမိုက ထိုစကားကို ပြောလိုက်လေသည်။

ထိုသတင်းကိုကြားသောအခါ ဂူသခင်များ၏ မျက်လုံးက စတင်၍လှုပ်ခတ်လာ၏။

ဆူဇီမိုသည် လေတစ်ချက်ကို ရှုရှိုက်ပြီး မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော စုန်းဂူကပ်ဘေးအကြောင်းကို ရိုးရှင်းသောပုံစံဖြင့် ပြန်ပြောပြလိုက်၏။

“ကျုပ်က ဂူဂိုဏ်းတစ်ဂိုဏ်းလုံးကို လောင်ကျွမ်းပြာချပစ်လိုက်ပြီ... ခင်ဗျားတို့တွေက အခုချိန်မှာ ထွက်ခွာလို့ရပြီ... ဂရုလည်းစိုက်ကြဦး”

ထိုသို့ပြောပြီးသည်နှင့် သူက ညဝိညာဥ်နှင့်အတူ လှည့်ထွက်သွားလေသည်။

ဂူဂိုဏ်းတွင် ဤဂူသခင်များသာလျှင် ကျန်ရစ်ခဲ့လေသည်။ ဂူနည်းစနစ်ကိုယ်တိုင်က မှားယွင်းခြင်းမရှိပေ။

ဤဂူသခင်များကလည်း အပြစ်ကင်းစင်ကြလေသည်။

ဆူဇီမိုက သူတို့အားလုံးကို မသတ်ဖြတ်ခဲ့ပေ။

ထိုသူများက ဂူနည်းစနစ်၏အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ရလေသည်။

“ကျေးဇူးတင်ပါတယ် ကယ်တင်ရှင်...”

​တာအိုအရှင်ကောင်းကင်ဘုံပိုးကောင်သည် ဆူဇီမို၏ လေသံမှ သနားကြင်နာမှုကို ခံစားမိနိုင်လေသည်။ ဂူဂိုဏ်း၏ ကြီးမားသော ပြောင်းလဲမှုနှင့် သူ၏ တစ်ဖန်ပြန်လည်လွတ်မြောက်လာမှုကြောင့် သူသည် စိတ်ခံစားချက်များ မြင့်တက်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချကာ အော်ပြောလိုက်လေသည်။

ကျန်ရှိနေသောဂူသခင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်ကြလေသည်။

“ခင်ဗျားရဲ့... တာအိုဘွဲ့ကို သိပါရစေ... ကယ်တင်ရှင်”

တာအိုအရှင်ကောင်းကင်ဘုံပိုးကောင်က ဆူဇီမို ထွက်ခွာတော့မည်ကိုမြင်သောအခါ အလောတကြီးမေးလိုက်လေသည်။

“အထီးကျန်သိုင်းသခင်...”

အတန်ကြာပြီးနောက် ခပ်လှမ်းလှမ်းကနေ အသံတစ်သံထွက်ပေါ်လာခဲ့လေသည်။

လူတိုင်းက တစ်ဖန်မော့ကြည့်လိုက်သောအခါ ဆူဇီမိုနှင့် အခြားသူက နေရာကနေ ပျောက်ကွယ်သွားကြလေပြီ။

All Chapters