← Chapters

ဆိတ်သုဉ်းပျောက်ကွယ်သွားပြီဖြစ်သော မျိုးနွယ်

Vol. 76 Ch. 1133

ဆိတ်သုဉ်းပျောက်ကွယ်သွားပြီဖြစ်သော မျိုးနွယ်

Vol. 76 Ch. 1133

ဆူဇီမိုသည် သတ္တုဝါးမျိုဂူကောင်၏ အလောင်းကို ကြည့်ပြီး ခဏမျှ တွေးဆကာ ၎င်းကို သိမ်းဆည်းလိုက်လေသည်။

သတ္တုဝါးမျိုဂူကောင်သည် သေဆုံးသွားပြီး ၎င်း၏ သွေးချီက ခမ်းခြောက်သွားပြီဖြစ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်က အလွန်တရာ သန်မာလေသည်။

ဥပမာအားဖြင့် သတ္တုဝါးမျိုဂူကောင်၏ ရှေ့လက်သည်းတစ်စုံသည် ထပ်မံသန့်စင်ခြင်း မရှိလျှင်တောင် ရှားရှားပါးပါး နတ်ဘုရားလက်နက်တစ်ခု ဖြစ်လေသည်။

တစ်လတာ ကုန်ဆုံးသွားခဲ့လေသည်။

ထိုနေရာတွင် ရှိသော ရွှံ့ညွန်အငွေ့အသက်များက ပျက်ပြယ်သွားခဲ့လေပြီ။

သူတို့အများစုသည် သမာဓိတာအိုမီးဖြင့် လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်လေသည်။

ဂူတစ်သောင်းရွှံ့ညွန်တောသည် ယခုအခါ အတိတ်ကာလမှာ ကျန်ခဲ့ပြီး ဂူကောင်များကလည်း မြောက်ပိုင်းဒေသကို ဆက်လက်၍ ဒုက္ခပေးနိုင်ခြင်း မရှိတော့ပေ။

ဆူဇီမိုနှင့် ညဝိညာဉ်က ပြန်လည်ရောက်ရှိလာခဲ့လေသည်။

ဆူဇီမိုသည် သတ္တုဝါးမျိုဂူကောင်ပြောသော တဗူးနှင့် ပတ်သက်၍ သိချင်စိတ်ရှိပြီး တွေဝေရှုပ်ထွေးနေသော်လည်း သူက စတင်၍ မေးမြန်းခြင်း မရှိပေ။

သူက ညဝိညာဉ်အပေါ် လေးစားမှု ရှိလေသည်။

ညဝိညာဉ်က မည်သည့်အရာကိုမှ ပြောဆိုခြင်း မရှိလျှင် သူကလည်း စတင်၍ မေးမြန်းလိမ့်မည် မဟုတ်ပေ။

သိပ်မကြာမီ.. ညဝိညာဉ်က ထုတ်ဖော်ပြောဆိုဖို့ ဆုံးဖြတ်လိုက်လေသည်။

“တကယ်တော့ ကျုပ်ရဲ့ မှတ်ဉာဏ်တွေက မပြီးပြည့်စုံသေးဘူး”

သူက ခဏမျှ တွေဝေတုံ့ဆိုင်းနေလေသည်။

“ဒါပေမဲ့လို့ ကမ္ဘာဦးခေတ်တုန်းက ကျုပ်ရဲ့ မျိုးနွယ် ဆိတ်သုဉ်းပျောက်ကွယ်သွားတာက ကမ္ဘာဦးမျိုးနွယ် ၉ စုနဲ့ အတော်လေး ပတ်သက်ဆက်နွယ်နေတာကိုတော့ ကျုပ်သိထားတယ်”

“ကျုပ်က ယက္ခမျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်နဲ့ စုန်းမျိုးနွယ်က သက်ရှိတွေကို မြင်တဲ့အခါ.. ကျုပ်ရဲ့ မှတ်ဉာဏ်အနက်ပိုင်းထဲမှာ အမုန်းတရားတွေနဲ့ သတ်ဖြတ်လိုစိတ်တွေက ထကြွလာခဲ့တယ်”

“အဲဒါက ကျုပ်ရဲ့ မျိုးနွယ်ကို ဖျက်ဆီးချေမှုန်းခဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ အမုန်းတရားပဲ”

ညဝိညာဉ်၏ အကြည့်က အေးစက်လာပြီး သူ၏လေသံက မကောင်းဆိုးဝါးဆန်နေလေသည်။

ယက္ခမျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်နှင့် စုန်းမျိုးနွယ်အကြောင်း ဖော်ပြချိန်တွင် သူ့ထံမှ ဖြာထွက်လာသော သတ်ဖြတ်လိုစိတ်သည် ဆူဇီမိုကိုပင် ရင်ထိတ်သွားစေလေသည်။

သို့သော်လည်း.. ထို့နောက် ချက်ချင်းပင် ညဝိညာဉ်၏ မျက်လုံးများက ပူဆွေးဝမ်းနည်းမှု တစ်စွန်းတစ်စကို ထုတ်ဖော်ပြသပြီး တီးတိုးရေရွတ် ပြောဆိုလိုက်၏။

“ကျုပ်ရဲ့ မျိုးနွယ်ဝင်တွေ အကုန်လုံးက သေကုန်ကြပြီဆိုတာ ကျုပ်ခံစားနိုင်တယ်.. ကျုပ်အဖေနဲ့ အမေကလည်း သေဆုံးသွားခဲ့ကြပြီ”

“ဒီကမ္ဘာမှာ ကျုပ်ရဲ့ မျိုးနွယ်ဝင် တစ်ယောက်မှ မရှိကြတော့ဘူး”

အခြားသူများသည် ညဝိညာဉ်၏ အထီးကျန်မှုကို နားလည်နိုင်ချင်မှ နားလည်နိုင်ပေလိမ့်မည်။

ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် လူသားဟူ၍ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပါက ဘယ်လောက်တောင် စိတ်ပျက်ဝမ်းနည်းစရာကောင်းမလဲ စဉ်းစားမကြည့်ရဲပေ။

သူသည် အဲဒါကို ခံနိုင်ရည်မရှိဘဲ လုံးဝ ပြိုလဲသွားနိုင်ကောင်းလေသည်။

ညဝိညာဉ်သည် အခြားသူများအပေါ် အမြဲတမ်း အေးစက်နေပြီး သူ့ထံမှ ဤကဲ့သို့သော စိတ်ခံစားချက်မျိုးကို တွေ့မြင်ရသည်မှာ ရှားရှားပါးပါး ဖြစ်လေသည်။

ဆူဇီမိုက သူ့ပခုံးကို ပုတ်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။

“မင်းရဲ့ဘေးမှာ သွေးသားတော်စပ်တဲ့ မျိုးနွယ်ဝင်တွေ ရှိချင်မှ ရှိတော့မယ်.. ဒါပေမဲ့လို့ မင်းမှာ ငါတို့ရှိနေသေးတာပဲ.. မျောက်၊ စိတ်ဝိညာဉ်ကျားနဲ့ ငါတို့အားလုံးပေါ့.. ငါတို့အားလုံးက ညီအစ်ကိုတွေပဲ”

“အင်း.. ဟုတ်တယ်”

ညဝိညာဉ်က ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်မှာ ခင်ဗျားတို့တွေ ရှိနေသေးတယ်.. အဲဒါကြောင့်လည်း ကျုပ်က ကျုပ်ရဲ့မျိုးနွယ်နဲ့ အစစ်အမှန်ပုံစံကို တခြားသူတွေရှေ့မှာ ထုတ်ဖော်မပြရဲခဲ့တာပဲ.. ကျုပ်ရဲ့ ရန်သူတွေက ယက္ခမျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်နဲ့ စုန်းမျိုးနွယ်ပဲ.. အဲဒီမှာ တခြားမျိုးနွယ်တွေတောင် ပါချင်ပါနေဦးမယ်.. ကျုပ်က…”

သူက ဆက်လက်ပြောဆိုခြင်း မရှိတော့ပေ။

သို့သော်လည်း ညဝိညာဉ်က သူတို့ကို ရောပါဒုက္ခရောက်စေမည်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း ဆူဇီမို ပြောနိုင်လေသည်။

“ငါတို့က သွေးသောက်ညီအစ်ကိုတွေပဲ”

ဆူဇီမို၏ အကြည့်က ပြတ်သား၍ သူက ပြုံးပြလိုက်၏။

“မင်းရဲ့ ရန်သူတွေက ယက္ခမျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်နဲ့ စုန်းမျိုးနွယ်တွေဆိုရင်တောင်.. အဲဒါက ကမ္ဘာဦးမျိုးနွယ် ၉စုနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်.. ငါတို့က မင်းဘေးမှာ ရပ်တည်ပေးနေမှာ”

“ကမ္ဘာတစ်ခုလုံးက မင်းရဲ့ ရန်ဘက်ဆိုရင်တောင်.. ငါတို့က မင်းနဲ့အတူ ရင်ဘောင်တန်းပြီး တိုက်ခိုက်ပေးမှာ”

ညဝိညာဉ်က သူ၏လက်သီးကို တင်းကျပ်စွာ ဆုပ်ပြီး သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ကာ အလေးအနက် ခေါင်းညိတ်ပြလိုက်လေသည်။

သူသည် ဤနှစ်များအတွင်း.. ဆူဇီမိုနှင့် အခြားသူများနှင့် သွေးသောက်ညီအစ်ကိုများ ဖြစ်လာခဲ့သော်လည်း သူသည် အကျိုးအပြစ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေပြီး စိတ်သောကတစ်ခု ဖိစီးနေခဲ့လေသည်။

သူသည် ဆူဇီမိုနှင့် အခြားသူများနှင့် အချိန်ကုန်ဆုံးရသည်ကို နှစ်သက်သဘောကျလေသည်။

သို့သော်လည်း သူက သူ၏ညီအစ်ကိုများဆီ ကပ်ဆိုးတစ်ခု ဆောင်ကြဉ်းပေးလာမိမည်ကို စိုးရိမ်ပူပန်နေခဲ့လေသည်။

ယခု သူ့ရင်ထဲရှိ အထုံးတစ်ခုကို ဖြေထုတ်ပြီးနောက် ညဝိညာဉ်က များစွာပို၍ စိတ်လက်ပေါ့ပါးလာခဲ့၏။

ယခု ဂူပိုးကောင် ပြဿနာက ဖြေရှင်းပြီးသွားပြီဖြစ်ပြီး သူတို့နှစ်ယောက်သည် မဟာကျိုးဆီသို့ ဦးတည်ကာ ရယ်မောပြောဆိုလာခဲ့ကြလေသည်။ သူတို့က အလောတကြီး ရှိမနေကြပေ။

လွန်ခဲ့သည်း တစ်လက.. မြောက်ပိုင်းဒေသသည် ဂူပိုးကောင်ကပ်ဘေးနှင့် တွေ့ကြုံရပြီး အသက်ဓာတ် ကင်းမဲ့လာခဲ့လေသည်။ ဂူပိုးကောင်များကြောင့် ထိခိုက်ပျက်စီးသော အလောင်းများကို နေရာတိုင်းမှာ တွေ့မြင်နိုင်ခဲ့လေသည်။

သို့သော် ယခုအခါ လမ်းတစ်လျှောက်တွင်.. မြောက်ပိုင်းဒေသက ၎င်း၏ အသက်ဓာတ်ကို တဖြည်းဖြည်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သူတို့နှစ်ယောက်သည် ရှင်းလင်းစွာ ခံစားမိနိုင်၏။

အရာရာတိုင်းက ပိုမိုကောင်းမွန်ဖို့အတွက် စတင်လာခဲ့လေပြီ။

မြို့တစ်မြို့ကို သူတို့ ဖြတ်သွားသောအခါ.. သူတို့နှစ်ယောက်သည် စုန်းဂူကပ်ဘေးကို ဖြေရှင်းနိုင်မည့် နတ်မိုးကို ရွာသွန်းစေရန် ရောက်ရှိလာသော မဟာကျိုးမှ ကျင့်ကြံသူများနှင့်ပင် ပက်ပင်းတိုးခဲ့သေးလေသည်။

“ဒီတစ်ခေါက် ကိစ္စမှာ ရှောင်းနင်ကို ကျေးဇူးတင်ရမှာပဲ”

ထိုသည်ကို မြင်သောအခါ ဆူဇီမိုက မနေနိုင်ဘဲ ပြုံးလိုက်လေသည်။

“အင်း..”

ညဝိညာဉ်က ခေါင်းညိတ်ပြလိုက်၏။

“ရှောင်းနင်က ဒီနှစ်တွေထဲမှာ လူပေါင်းများစွာကို ကယ်တင်ပေးခဲ့တယ်”

“အို.. ဟုတ်လား”

ဆူဇီမိုက ဘေးဘက်သို့ တစ်ချက်ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“ဒါနဲ့.. ပြီးခဲ့တဲ့ နှစ်တစ်ရာအတွင်း မင်းတို့နှစ်ယောက်က ဘယ်လိုရှင်သန်နေထိုင်ခဲ့ကြလဲ”

အသင်္ချေနယ်မြေမြို့တော်တွင် သူတို့ ခွဲခွာခဲ့ကြသည်မှာ နှစ်ပေါင်းတစ်ရာကျော် ကြာသွားခဲ့လေပြီ။

ဤနှစ်များအတွင်း.. ရှောင်းနင်က အလယ်ပိုင်းတိုက်သို့ ပြန်ရောက်မလာခဲ့ပေ။

ထို့ကြောင့်ပင်.. ဆူဇီမိုသည် လွန်ခဲ့သည့် ဆယ်နှစ်က ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲတွင် ဖက်တီးလေး၊ လမ့်ရိုနှင့် အခြားသူများနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသော်လည်း ရှောင်းနင်နှင့် ညဝိညာဉ်ကို​ မတွေ့မြင်ခဲ့ရပေ။

ညဝိညာဉ်က ပြန်ဖြေလိုက်၏။

“သူမက လူတွေကို ကယ်တင်နေခဲ့တာ”

“လူတွေကို ကယ်နေတာလား”

ဆူဇီမိုက ခဏမျှ မှင်တက်သွားလေသည်။

ညဝိညာဉ်က ပြောလိုက်၏။

“သူမက ဆူဟုန်ကို အရိုအသေ သွားပေးခဲ့တယ်.. ပင်ယန်းမြို့ကနေ ထွက်ခွာလာပြီးတဲ့နောက် သူမက မြောက်ပိုင်းဒေသတစ်ခွင် လှည့်ပတ်သွားလာခဲ့တယ်.. သူမက နေရာတစ်ခုကို ဖြတ်သွားတိုင်း အဲဒီနေရာမှာ ယာယီအခြေချပြီးတော့ အဲဒီမှာရှိတဲ့ လူနာတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ကုသပေးခဲ့တယ်”

“ယန်ဆေးဂိုဏ်းက တပည့်တစ်ယောက်ဆိုတဲ့ သူမရဲ့ အဆင့်အတန်းနဲ့ ဆေးယန်ဂိုဏ်းရဲ့ အမွေအနှစ်ကြောင့် သူမက မော်တယ်တွေကို ကုသပေးဖို့ အခက်အခဲ မရှိခဲ့ဘူး”

“သူမရဲ့ ကယ်တင်တဲ့ လုပ်ဆောင်ချက်က နှစ်ပေါင်းတစ်ရာကျော် ကြာသွားခဲ့တယ်.. ဒီနှစ်တွေထဲမှာ ကျုပ်တို့က နေရာဒေသပေါင်းစုံကို သွားလာခဲ့ပြီး သူမ ကယ်တင်ခဲ့တဲ့ မော်တယ်တွေ ဘယ်လောက်များလဲဆိုတာ ရေလို့တောင် မရဘူး”

ညဝိညာဉ်က တည်ငြိမ်နေသော လေသံဖြင့် ဖြစ်ပျက်သမျှကို ပြန်ပြောင်းပြောပြလေသည်။

သို့သော်လည်း ထိုစကားများကို ကြားသောအခါ ဆူဇီမိုက ရင်ထဲမှာ နာကျင်သွားလေသည်။

ဆူဟုန်၏ သေဆုံးမှုသည် ရှောင်းနင်အပေါ် သူတွေးထင်ထားသည်ထက် များစွာပို၍ ရိုက်ခတ်မှုတစ်ခု ရှိခဲ့လေသည်။

ရှောင်းနင်သည် ဆူဟုန်ကို အချိန်မီ ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။ တကယ်ဆို သူသေဆုံးချိန်မှာ သူမသည် သူ့ဘေးမှာပင် ရှိမနေနိုင်ခဲ့ပေ။ အဲဒါက သူမ လွှတ်မချနိုင်သည့် နောင်တတစ်ခု ဖြစ်လေသည်။

ပြီးခဲ့သည့် နှစ်တစ်ရာအတွင်း.. ရှောင်းနင်က လူများကို ကယ်တင်နေခဲ့လေသည်။

အဲဒါက သူမကိုယ်သူမ ကယ်တင်နေသည့် ပုံစံတစ်ခုလည်း ဖြစ်လေသည်။

တကယ်ဆို.. ရှောင်းနင် ကယ်တင်ခဲ့သော မော်တယ်များသည် ဆူဟုန်၏ ရောင်ပြန်ဟပ်မှုတစ်ခုမျှသာ ဖြစ်လေသည်။

သူမသည် သူမ၏ နောင်တများကို ဖာထေးဖို့အတွက် ဤနည်းလမ်းကို အသုံးပြုနေခဲ့၏။

ဆူဟုန်၏ သေဆုံးမှုသည် ရှောင်းနင်အပေါ်ကိုသာမက ဆူဇီမိုအပေါ်မှာလည်း သက်ရောက်မှု ရှိခဲ့လေသည်။

အတိအကျဆိုရလျှင်.. ဆူဇီမိုသည် လူတိုင်းကို ကျင့်ကြံ၍ အင်မော်တယ်ဖြစ်လာစေဖို့ သူ၏တာအိုကို တည်ဆောက်ချင်ရသည့် အကြောင်းရင်းမှာ.. သူက ဆူဟုန် အိုမင်းရင့်ရော်လာသည်ကို မြင်သောအခါ ဘာမှ လုပ်မပေးနိုင်ခဲ့သောကြောင့် ဖြစ်လေသည်။

သူသည် လူတိုင်းကို ကယ်တင်ပေးဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပေ။

သူ ပြုလုပ်ပေးချင်သည်မှာ သူ၏ ပတ်ဝန်းကျင်တွင် ရှိသော လူတိုင်းကို ကောင်းကောင်း ရှင်သန်နိုင်စေဖို့ ဖြစ်လေသည်။

ဖြစ်နိုင်လျှင် သူက လူတိုင်းကို အခွင့်အရေးတစ်ခု ပေးချင်လေသည်။

အဲဒါက သူတို့၏ ကံကြမ္မာကို သူတို့ကိုယ်တိုင် ပြောင်းလဲနိုင်မည့် အခွင့်အရေးတစ်ခုပင်။

နောက်ဆုံးမှာတော့ ညဝိညာဉ်သည် ချီးကျူးလိုသော ပုံစံဖြင့် ပြုံးလိုက်လေသည်။

“ကျင့်ကြံရေးလောကမှာဆို ခင်ဗျားက ခင်ဗျားရဲ့ အထီးကျန်သိုင်းသခင်ဆိုတဲ့ ဘွဲ့နဲ့ ကျော်ကြားကောင်း ကျော်ကြားလိမ့်မယ်.. ဒါပေမဲ့လို့ မြောက်ပိုင်းဒေသက မော်တယ်တွေကြားမှာတော့ ရှောင်းနင်က ခင်ဗျားထက်ပိုပြီး ကျော်ကြားတယ်”

“ဒီတစ်ခေါက် စုန်းဂူကပ်ဘေးမှာလည်း ရှောင်းနင်ရဲ့ အကျိုးဆောင်မှုကို ကျေးဇူးတင်ရမယ်.. မဟုတ်ရင် ဒီကပ်ဘေးကြောင့် လူဘယ်လောက်များများ သေကြေပျက်စီးရမလဲ ဘယ်သူသိမလဲ”

ဆူဇီမိုကလည်း ညည်းတွားရေရွတ်လိုက်လေသည်။

အဲဒါက ဤကမ္ဘာအပေါ် စစ်မှန်သော အကျိုးဆောင်မှုတစ်ခု ဖြစ်လေသည်။

အသက်တစ်ခုကို ကယ်တင်ခြင်းသည် ခုနှစ်လွှာ စေတီတစ်ဆူ တည်ခြင်းထက် ပို၍ကောင်းမွန်သည်ဟု ဗုဒ္ဓသုတ္တန်များမှ ဆိုထားလေသည်။

ရှောင်းနင်၏ အကျိုးဆောင်မှုက တိုင်းတာ၍ မရနိုင်အောင်ပင်။

ထိုစဉ်မှာပင်.. သူတို့ရှေ့မှာ ကြီးမားသည့် ရှေးဟောင်းမြို့တစ်မြို့က ပေါ်ထွက်လာခဲ့လေသည်။

မြို့က လူများ၊ ရထားလုံးများဖြင့် ပျားပန်းခတ်မျှ စည်ကားနေလေသည်။

မြို့၏ ထောင့်တစ်နေရာတွင် လူတစ်အုပ်စုက စုဝေးနေကြလေသည်။ လူအုပ်ကြီး၏ အလယ်တွင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ရှိပြီး သူ၏ခေါင်းပေါ်တွင် ပညာရှင်သရဖူတစ်ခုကို ဆောင်းထားလေသည်။ သူက နီစပ်စပ် အသားအရေရှိပြီး ကုလားထိုင်တစ်လုံးကို မှီထိုင်နေလေသည်။

အဘိုးအို၏ ဘယ်ဘက်လက်က သစ်သားတုံးတစ်တုံးပေါ်မှာ တင်ထားပြီး သူ၏ ညာဘက်လက်ဖြင့် သူ၏ ခေါက်ယပ်တောင်ကို ခတ်နေလေသည်။ သူက ညက်ညောသော အသံဖြင့် စကားပြောဆိုနေပြီး ဘေးပတ်ဝန်းကျင်တွင်ရှိသော မော်တယ်များက သူပြောသည့် အကြောင်းအရာမှာ နစ်မျောနေကြလေသည်။

ဆူဇီမိုက အဘိုးအိုကို မြင်သောအခါ အံ့အားသင့်သွားရလေသည်။

All Chapters