← Chapters

သတ်ဖြတ်လိုစိတ်

Vol. 76 Ch. 1134

သတ်ဖြတ်လိုစိတ်

Vol. 76 Ch. 1134

“တစ်ဖက်မှာတော့ တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်က မိစ္ဆာဆန်တဲ့စိတ်နေစရိုက်ရှိတယ်... သူပြန်ရောက်လာတဲ့အခါ သူက ပြည်သူလူထုတွေကြားမှာ မွှေနှောက်ဖျက်ဆီးဖို့အတွက် ကြမ်းကြုတ်ခက်ထန်တဲ့ ဂူကောင်များစွာကို ထုတ်လွှတ်ပေးခဲ့တယ်... ရလဒ်အနေနဲ့ ကပ်ဘေးတစ်ခု ဆင်းသက်လာပြီး လူပေါင်းများစွာက သေကြေပျက်စီးခဲ့ရတယ်...”

အဖိုးအို၏လေသံက ကြောက်စရာကောင်းလာခဲ့လေသည်။

“ဂူပိုးကောင်တွေကို စိတ်​ကြိုက်သောင်းကျန်းခွင့်ပေးလိုက်မယ်ဆိုရင် ဒီမြို့တစ်မြို့ကို မပြောနဲ့ မျိုးနွယ်စုတွေအားလုံးက သေကြေပျက်စီးပြီးတော့ ဒီလောကက ဧရာမသုသာန်သင်္ချိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်”

“အား..”

လူအုပ်ကြီးထဲမှ အံအားတသင့်ရေရွတ်သံများက ထွက်ပေါ်လာခဲ့၏။

အဖိုးအိုသည် စကားပြောဆိုရာမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး လူတိုင်း၏ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်သည်မှာ သိသာလေသည်။ သူ၏ ဇာတ်ကြောင်းပြောဆိုမှုတွင် လူတိုင်းက အဖြစ်အပျက်များကို ကိုယ်တိုင်တွေ့ကြုံနေရသည့်အလား ခံစားရလေသည်။

“အဲ့ဒါဆို ကျုပ်တို့က ဘယ်လိုလုပ်ရမလဲ...”

လူအုပ်ကြီးထဲမှတစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်ခြင်းဖြစ်၏။

အဖိုးအိုက အလောတကြီးမရှိဘဲ သူ၏ဘယ်ဘက်လက်ကို ဘန်းခနဲ ပစ်ရိုက်ချလိုက်လေသည်။ ထိုအသံနှင့်အတူ သူက စကားလမ်းကြောင်းပြောင်းလိုက်၏။

“ အဲ့လိုမျိုး သေရေးရှင်ရေးအ​ခြေအနေမှာဘဲ အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာခဲ့တယ်...”

“အဲ့ဒီအမျိုးသမီးက အင်မော်တယ်သမားတော်တစ်ပါး ပြန်ဝင်စားတာလို့ ပြောလို့ရတယ်... သူမက အသက်ဓာတ်ကို ဆောင်ကြဥ်းပေးနိုင်တဲ့ စိမ့်စမ်းရေတွေကို ထုတ်ဖော်ပေးနိုင်တဲ့ အံ့မခန်းလက်တစ်စုံ သူမမှာရှိတယ်... သူမက အနားယူခြင်းမရှိဘဲနဲ့ မအိပ်မနေဆေးလုံးတွေကို ကြိုးစားဖော်စပ်ပြီးတော့ လောကကို ကယ်တင်ဖို့အတွက် ဆေးတွေကို မိုးနဲ့အတူ ရောနှောပြီးရွာသွန်းစေခဲ့တယ်”

အဖိုးအို၏ ဖော်ပြချက်မှတစ်ဆင့် စုန်းဂူကပ်ဘေးသည် အနိမ့်အမြင့်အတက်အကျများနှင့် ပြည့်နှက်နေပြီး လူတိုင်း၏ စိတ်နှလုံးကို အတိတ်ကာလဆီသို့ ခေါ်ဆောင်သွားနိုင်လေသည်။

တကယ်တော့ အဖိုးအိုသည် ဆန်းကြယ်တောင်ထွတ်နှင့် မဟာကျိုးမြို့တော်မှ တိုက်ပွဲအကြောင်းကို များများစားစားပြောဆိုခဲ့ခြင်းမရှိပေ။ သူက အဲ့ဒါကို အကျဥ်းချုံးမျှသာ ဖော်ပြခဲ့လေသည်။

အတန်ကြာပြီးနောက် သူသည် မုတ်ဆိတ်ကို သပ်ကာ စိတ်လက်ပေါ့ပါးသွားသော အမူအရာဖြင့် သူ့ကိုယ်သူယပ်ခတ်ပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

သို့သော်လည်း လူအုပ်ကြီးထဲမှ ဆွေးနွေးပြောကြားသံများက ထွက်ပေါ်လာ၏။

“လက်စသတ်သော အဲ့ဒါကြောင့်ကိုး... လွန်ခဲ့တဲ့ရက်အနည်းငယ်က မိုးတွေ ရုတ်တရက်ရွာသွန်းလာခဲ့တာ အံ့ဩစရာမရှိတော့ဘူး... အဲ့ဒါက အင်မော်တယ် သမားတော်ရဲ့လက်ချက်ကြောင့်ကိုး...”

“အမှန်ပဲ....ကျုပ်ရဲ့အိမ်ဘေးနားက ညီလေးတစ်ယောက်က သေတော့မလို့ဖြစ်နေတာ... သူက မိုးရေတစ်ခွက်နှစ်ခွက်ကို သောက်သုံးပြီးတဲ့နောက် ပြန်လည်သက်သာလာတာကို ကျုပ်ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်... သူက အခုဆို အတော်လေးပြန်ကျန်းမာနေပြီ”

လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးလိုက်ကြ၏။

“ထွီ.... ဘာလဲ အင်မော်တယ်သမားတော်ဆိုတာ... ခင်ဗျားတို့က အထူးတဆန်းလိုလုပ်ပြီး ​ပြောမနေစမ်းပါနဲ့”

လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က အထင်သေးစွာဖြင့် နှာတစ်ချက်ရှုံ့လိုက်လေသည်။

“မင်း... ဘာစကားပြောတာလဲ..”

လူတိုင်းက သူ့ကို ဒေါသတကြီးစိုက်ကြည့်လိုက်ကြ၏။

ထိုသူက တုန်လှုပ်သွားရ၏။

သူ့ထံမှ သာမန်ကာလျှံကာ မှတ်ချက်တစ်ခုက ဤကဲ့သို့ ကြီးမားသည့် တုံ့ပြန်မှုများကို ဖြစ်ပေါ်လာစေမည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

လူတိုင်း၏ အမူအရာကို ကြည့်ရသည်မှာ သူတို့က သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။

“ပုံပြောသမားရဲ့ ပါးစပ်ဆိုတာ ပေါက်ကရတွေနဲ့ ပြည့်နှက်နေတာ သူပြောတာကို ဘယ်လိုလုပ် အတည်အတံ့ယူလို့ရပါ့မလဲ...”

ထိုသူက တံတွေးကိုမျိုချပြီး မလုံမလဲခံစားချက်နှင့်အတူ သူ့အသံက တိုးညင်းသွားလေသည်။

“အဲ့ဒါက ဘာလို့အမှန် မဟုတ်ရမှာလဲ...”

တစ်စုံတစ်ယောက်က ချက်ချင်းပင် ထအော်လိုက်၏။

“အခြားအရာတွေကိုအသာထား အင်မော်တယ်သမားတော်က အစစ်အမှန်မဟုတ်စရာအကြောင်းမရှိဘူး..”

“သူပြောတာမှန်တယ်...”

နောက်ထပ်လူတစ်ယောက်က ပြောလိုက်လေသည်။

“အရင်တုန်းက အင်မော်တယ်သမားတော်က ဒီနေရာကို လာပြီးလူပေါင်းများစွာကိုတောင် ကယ်တင်ပေးခဲ့သေးတယ်... အဲ့ဒါကို ငါတို့ကိုယ်တိုင် ငါတို့မျက်လုံးနဲ့ မြင်တွေ့ခဲ့ရတာ... အင်မော်တယ်သမားတော်ကပဲ အဲ့လိုမျိုး သနားကြင်နာတတ်တဲ့နှလုံးသားနဲ့ အဲ့လိုမျိုး နည်းလမ်းတွေကို ပိုင်ဆိုင်နိုင်လိမ့်မယ်”

လူတိုင်းသည် မည်သည့်သံသယမှမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုလိုက်ကြ၏။

ထိုသူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာသွားရလေသည်။

လူတိုင်းက ဆက်လက်နားထောင်မည်ရှိစဥ်မှာပင် ပုံပြောအဖိုးအိုက ပျောက်ကွယ်သွားပြီဆိုတာကို သူတို့မြင်လိုက်ကြရ၏။

အဖိုးအိုက မည်သို့ထွက်ခွာသွားပြီး ဘယ်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူကမှ မမြင်လိုက်ရပေ။

ကောင်းကင်ထက်တွင်.. အဖိုးအိုတစ်ယောက်က တိမ်စိုင်တစ်ခုပေါ်မှာ စိတ်လက်ပေါ့ပါးစွာဖြင့် ထိုင်နေ၏။

ဆူဇီမိုကရှေ့သို့ အလောတကြီးရောက်ရှိသွားပြီး ဦးညွတ်လိုက်လေသည်။

“ကျုပ်က အထီးကျန်သိုင်းသခင်ပါ... စီနီယာကို နှုတ်ဆက်ပါတယ်”

အဖိုးအိုက လွန်ခဲ့သည့်နှစ်တစ်ရာကျော် မဟာကျိုးမြို့တော်မှာတုန်းက နတ်နဂါးကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်တွန်းလှန်ခဲ့သော ပုဂ္ဂိုလ်ပင်ဖြစ်လေသည်။

“စီနီယာ... ခင်ဗျားက ဘာလို့ဒီကိုရောက်နေတာလဲ”

ဆူဇီမိုက သိချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်၏။

ဤအဖိုးအိုက ပဟေဠိနန်းတော်မှ လာခြင်းဖြစ်လေသည်။

ပဟေဠိနန်းတော်မှ သူများ၏ အပြုအမူများသည် ထူးဆန်းကြလေသည်။

အဖိုးအို၏ ကျင့်ကြံမှုအဆင့်နှင့် တိုက်ခိုက်ရည်ခွန်အားအရ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အထွတ်အထိပ်မှာ ရှိနေခဲ့ပြီးလေပြီ။ သို့သော် ယခုအခါ သူသည် မော်တယ်ဘုံမှာ အရူးတစ်ယောက်ကဲ့သို့ လှည့်ပတ်သွားလာနေပြီး မြောက်ပိုင်း​ဒေသ၏ မြို့တစ်မြို့မှာပင် ပေါ်ထွက်လာခဲ့၏။

တကယ်ဆို သူက ရုပ်တည်ကြီးဖြင့် ပုံပြင်ဇာတ်လမ်းများကိုပင် ပြောဆိုနေခဲ့လေသည်။

“ငါ့ရဲ့ ဇာတ်လမ်းက... ဘယ့်နှယ့်ရှိစ”

အဖိုးအိုက ပြုံးစစဖြင့် မေးလိုက်လေသည်။

“ခမ်းနားတယ်.. ထည်ဝါတယ်...”

ဆူဇီမိုကလည်း ရယ်မောလိုက်လေသည်။

အဖိုးအိုက ခေါင်းညိတ်ပြလိုက်၏။

“တကယ်တော့... ကျင့်ကြံရေးလောကက အရေးကိစ္စတွေကို သတင်းဖြန့်ပေးတာက မဆိုးပါဘူး... အထူးသဖြင့် ဆူရှောင်းနင်လို တစ်စုံတစ်ယောက်အတွက်ပေါ့... သူမရဲ့ အကျိုးဆောင်မှုနဲ့အတူ သူမကို လူတိုင်းက အမှတ်ရနေသင့်တယ်”

ထိုကဲ့သို့သော ကိစ္စတစ်စုံတစ်ရာသည် ကျင့်ကြံရေးလောကရှိ သမိုင်းမှတ်တမ်းများမှာ မှတ်တမ်းတင်ခံရပေလိမ့်မည်။

သို့သော်လည်း မော်တယ်များသည် ထိုမှတ်တမ်းများနှင့် ထိတွေ့ခွငိ့ရဖို့ အခွင့်အရေးမရှိသလောက်ပင်။

အဖိုးအိုသည် မြောက်ပိုင်းဒေသတွင် ကျင်လည်ကျက်သားပြီး ပုံပြောသမားတစ်ယောက်အဖြစ် သတင်းများကို ဖြန့်ပေးနေလေသည်။

ဤပုံပြင်ဇာတ်လမ်းများက တစ်ဆင့်စကားတစ်ဆင့် ပျံ့နှံ့သွားမည်ဆိုလျှင် နှစ်ပေါင်းများစွာကြာမြင့်ပြီးတာတောင် လူတွေက အဲ့ဒါကို အမှတ်ရနေပေလိမ့်မည်။

အဖိုးအို၏ အမူအရာက လေးနက်တည်တံ့လာခဲ့၏။

“ငါက အစတုန်းက တံခါးပိတ်ကျင့်ကြံမလို့ဘဲ... ဒါပေမယ့်လို့ ရုတ်တရက် စိတ်ထဲမှာ တထင့်ထင့်ဖြစ်လာခဲ့တယ်... ငါက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အခါ မြောက်ပိုင်း​​ဒေသက မကျေမချမ်းမှုတွေ အသက်ဓာတ်ကင်းမဲ့မှုတွေနဲ့ ပြည့်နှက်နေတာကို နားလည်လိုက်တယ်..”

“မြောက်ပိုင်းဒေသမှာ ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာ ဖြစ်နေပြီဆိုတာကို ငါသိတဲ့အတွက် ငါက ဒီကိုအလောတကြီးရောက်လာခဲ့တယ်... ငါရောက်လာတဲ့အချိန်မှာတော့ မင်းတို့တွေက အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီးပြီ.... အဲ့ဒါသိပ်ကောင်းတယ်”

အဖိုးအိုက ပြုံး၍မေးလာ၏။

“တကယ်တော့ စုန်းဂူကပ်ဘေးမှာ မင်းကလည်း အရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့တာပဲ... ဒါပေမယ့်လို့ ငါက စောစောတုန်းက မင်းအကြောင်းကို ဘာလို့မပြောခဲ့တာလဲ သိလား”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

အဖိုးအိုက သူ့မျက်လုံးထဲရှိ နက်ရှိုင်းသော မျှော်လင့်စောင့်ဆိုင်းမှုဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။

“အဲ့ဒါက မင်းမှာ ပိုကောင်းတဲ့အကျိုးဆောင်မှုရှိနေလို့ပဲ... မင်းက အများလူထုအတွက် တာအိုတစ်ခုကိုတည်ဆောက်ပေးချင်တဲ့ အထီးကျန်သိုင်းသခင်ဖြစ်နေလို့ပဲ... အဲ့ဒါက အများလူထုနဲ့ လူသားမျိုးနွယ်အတွက် စစ်မှန်တဲ့ကံကြမ္မာအခွင့်အလမ်းပဲ...”

“မပူပါနဲ့... စီနီယာ ကျုပ်လုပ်နိုင်တာကို သေချာပေါက်အကောင်းဆုံးလုပ်မှာပါ ခင်ဗျားကို စိတ်မပျက်စေရပါဘူး...”

ဆူဇီမိုက လေးနက်ပြတ်သားသောအကြည့်ဖြင့် လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ကောင်းတယ်ကွာ... ကောင်းတယ်...ကောင်းတယ်”

အဖိုးအိုက ခေါင်းညိတ်၍ပြောလိုက်၏။

“ငါ အဲ့ဒီနေ့ကို စောင့်နေမယ်...”

ခဏမျှရပ်တန့်ပြီးနောက် အဖိုးအို၏အကြည့်က ညဝိညာဥ်ပေါ်သို့ ရွေ့လျားဆင်းသက်သွားခဲ့၏။

သူ၏ သူငယ်အိမ်နှစ်ဖက်က ရုတ်တရက်တင်းကျပ်သွားခဲ့၏။

“အဲ့ဒါက အရင်တုန်းက မင်းဘေးမှာရှိခဲ့တဲ့ ခွေးနက်ကလေးမလား...”

အဖိုးအိုက ရုတ်တရက်မေးလိုက်ခြင်းဖြစ်၏။

“အင်း...”

ဆူဇီမိုက ပြန်ဖြေလိုက်လေသည်။

ပဟေဠိနန်းတော်သည် လောက၏ လျှို့ဝှက်ချက်များကို ​​ဗေဒင်တွက်ချက်နိုင်သည်ဟု ကျော်ကြားပြီး သူတို့ထံမှ မည်သည့်အရာကိုမှ ထိန်ချန်၍ မရနိုင်ပေ။ ထိုကဲ့သို့သော ကိစ္စတစ်စုံတစ်ရာက သူ့ရှေ့တွင်ရှိသော အဖိုးအိုထံမှ ဖုံးကွယ်ထားလို့ရမည်မဟုတ်ပေ။

အဖိုးအိုက ညဝိညာဥ်၏ မျိုးနွယ်ကို မမှတ်မိနိုင်သရွေ့ အဲ့ဒါက ကိစ္စမရှိပေ။

ဆူဇီမိုက အတွေးနက်နေစဥ်မှာပင် ရုတ်တရက် အဖိုးအိုပြောလိုက်သောစကားက သူ့ကို ကြီးမားစွာ တုန်လှုပ်သွားစေလေသည်။

“တဗူး….”

ဆူဇီမိုက တုန်လှုပ်မှုဖြင့် ထခုန်မိသွား၏။

ညဝိညာဉ်၏ အကြည့်က အေးစက်လာပြီး အဖိုးအိုကို အထိန်းအကွပ်မဲ့စွာ တိုက်ခိုက်လုနီးပါးပင်။

အဖိုးအိုက ရုတ်တရက် ထိုစကားကို ပြောလိုက်ခြင်းဖြစိလေသည်။

ဆူဇီမို၏ အမူအရာက ရုတ်ချည်း​ပြောင်းလဲသွားခဲ့၏။

ညဝိညာဥ်က သူ၏အစစ်အမှန်ပုံစံကို ထုတ်ဖော်မထားတာတောင် သူ၏သရုပ်သကန်ကို အဖိုးအိုက ဖော်ထုတ်နိုင်ဆဲ ဖြစ်၏။

ညဝိညာဥ်သည် ခွေးမည်းလေးတစ်ကောင်အဖြစ် ရှိနေစဥ်တုန်းက အဖိုးအိုသည် သူ၏နောက်ခံကို မပြောနိုင်ခဲ့ပေ။

သို့သော် ယခုအခါမှာတော့ သူက ထုတ်ဖော်ခံလိုက်ရလေပြီ။

“ကမ္ဘာဦးတဗူး ဆိုတဲ့အတိုင်းပါပဲလား... မင်းရဲ့သတ်ဖြတ်လိုစိတ်က အရမ်းကိုအားကောင်းနေတာပဲ...”

အဖိုးအို၏ လေသံက တည်ငြိမ်နေပြီး စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ရယ်မောလိုက်လေသည်။

“ငါက မင်းရဲ့ သရုပ်မှန်ကိုဖော်ထုတ်ပြီးတဲ့နောက် မင်းက ငါ့ကိုတကယ်ပဲ တိုက်ခိုက်ချင်တယ်ပေါ့လေ.. ဟေး...”

ညဝိညာဥ်က အမူအရာကင်းမဲ့နေပြီး အဖိုးအိုကို အေးစက်စွာဖြင့်သာ ကြည့်လိုက်၏။

ညဝိညာဥ်၏ နှလုံးသားထဲတွင် ဆူဇီမိုနှင့် အခြားသူအချို့ကလွဲလျှင် လောကမှာ သူမသတ်နိုင်တာ ဘာမှမရှိပေ။

“စီနီယာ... ညဝိညာဥ်က...”

ဆူဇီမိုက စကားပြောမည်ပြုစဥ်မှာပင် အဖိုးအိုက ဟန့်တားပြောဆိုလိုက်လေသည်။

“မင်းက စိုးရိမ်စရာမလိုပါဘူး... သူ့ရဲ့အစစ်အမှန်ပုံစံကို ထုတ်ဖော်မပြသရွေ့ သူ့ရဲ့နောက်ခံကို မြင်နိုင်တဲ့သူက များများစားစားမရှိဘူး... ဒါပေမယ့်လို့...”

သူက စကားလမ်းကြောင်းပြောင်းပြီး ညဝိညာဥ်ကို လေးနက်စွာဖြင့် ကြည့်လိုက်၏။ သူက ဆက်လက်၍ ပြောဆိုခြင်းမရှိတော့ဘဲ သူ၏အင်္ကျီစကို လှုပ်ခါကာ ထွက်ခွာသွားလေသည်။

“ကံကောင်းပါစေ...” ကျောပေးထားသော အဖိုးအို၏ အသံက ထွက်ပေါ်လာခဲ့၏။

တစ်ခဏအတွင်းမှာပင် အဖိုးအိုက ပျောက်ကွယ်သွားလေသည်။

ထိုအခါမှသာလျှင် ဆူဇီမိုနှင့် ညဝိညာဥ်က စိတ်သက်သာစွာ သက်ပြင်းချနိုင်လေသည်။

မသိလိုက်မသိဘာသာနှင့်ပင် သူတို့နှစ်ယောက်စလုံးက ချွေးစေးများထွက်နေလေသည်။ ထိုအခါမှသာလျှင် ဆူဇီမိုသည် ဖြစ်ပျက်ခဲ့သည့်အရာကို နားလည်သွားခဲ့၏။

သူက ညဝိညာဥ်၏ နောက်ခံကို သိရှိသွားသည့်ခဏမှာပင် အဖိုးအို၏ သတ်ဖြတ်လိုစိတ်ကလည်း သေချာပေါက် ထကြွလာခဲ့ပေလိမ့်မည်။

မူလနတ္ထိအဆင့် ညဝိညာဥ်သည် ပဟေဠိနန်းတော်မှ အဖိုးအိုပင်လျှင် စိုးရိမ်ပူပန်ရပေသည်။ တကယ်ဆိုသူက ညဝိညာဥ်ကို သတ်ဖြတ်ချင်ခဲ့လေသည်။

ညဝိညာဥ်က စတင်တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူက ယခုအချိန်မှာ သက်မဲ့အလောင်းတစ်လောင်း ဖြစ်နေလောက်လေပြီ။

သို့သော်လည်း နောက်ပိုင်းမှာတော့ အဖိုးအိုသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး တိုက်ခိုက်ခြင်းမရှိဘဲ ထွက်ခွာသွားခဲ့လေသည်။

All Chapters