← Chapters

ပျက်စီးထိခိုက်ထားသော

Vol. 76 Ch. 1136

ပျက်စီးထိခိုက်ထားသော

Vol. 76 Ch. 1136

“မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲတဲ့လား...”

ဆူဇီမို၏ အမူအရာက ထိုစကားကိုကြားသောအခါ တည်ငြိမ်နေလေသည်။ သူက တုံ့ပြန်မှုများစွာမရှိဘဲ တီးတိုးရေရွတ်လိုက်ရုံမျှသာ ဖြစ်လေသည်။

နန်းကြည်က ဆက်ပြောလိုက်၏။

“အဲ့ဒါက မြောက်ပိုင်းဒေသမှာရှိတဲ့ မူလနတ္ထိတာအိုသက်ရှိတွေနဲ့ ဓမ္မဝိသေသတာအိုအရှင်တွေ စုစည်းကြမယ့်ပွဲပဲ... အဲ့ဒီမှာ သူတို့က လက်ရည်စမ်းတာတွေ ၊ ပြောဆိုဆက်ဆံတာတွေ၊ ပစ္စည်းချင်းဖလှယ်တာတွေတောင် ပြုလုပ်ကြလိမ့်မယ်”

“အဲ့ဒီမှာ မကြာခင်ကျရောက်လာတော့မယ့် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက် တိုက်ပွဲအတွက်လည်း ပြင်ဆင်ကြလိမ့်မယ်လို့ ကျွန်မကြားမိတယ်...”

ကျင့်ကြံသူများအတွက်တော့ ထိုကဲ့သို့ မဟာပွဲတော်တစ်ခုက သေချာပေါက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုပင်။

သူတို့သည် ထိုပွဲကိုတက်ရောက်နိုင်သည့်အမျှ သူတို့က သူတို့ကိုယ်တိုင် လက်ရည်စမ်းခြင်းမရှိကြလျှင်တောင် သူတို့သည် ဘေးကနေ စောင့်ကြည့်ခြင်းဖြင့် အခြားသောကျင့်ကြံသူများ၏ ဓမ္မပညာရပ်များနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်လာကြပေမည်။

သူတို့ကိုယ်တိုင် လက်ရည်စမ်းခြင်း ၊ တစ်ယောက်ကိုတစ်ယောက် အတည်ပြုခြင်း ၊ ဆွေးနွေးဖလှယ်ခြင်းပြုလုပ်နိုင်မည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီးအပေါ် သူတို့၏ နားလည်သဘောပေါက်မှုနှင့် သူတို့၏ဓမ္မပညာရပ်များက ပိုမိုနက်ရှိုင်းလာပေလိမ့်မည်။

ကျင့်ကြံသူအချို့သည် အဆင့်ချိုးဖြတ်တက်လှမ်းနိုင်ခြင်းမရှိဘဲ နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်နှင့်ချီ၍ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ တစ်,ဆို့နေတက်ကြလေသည်။ သို့သော်လည်း ဤပွဲတော်တွင် သူတို့သည် တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးဖလှယ်ခြင်းဖြင့် ဉာဏ်အလင်းပွင့်မှုရရှိပြီး အဆင့်ချိုးဖြတ်တက်လှမ်းနိုင်သည့် အခွင့်အရေးတစ်ခုကိုပင် ဖမ်းဆုပ်နိုင်ကောင်းလေသည်။

ဒါ့အပြင် မြောက်ပိုင်း​ဒေသရှိ မူလနတ္ထိတာအိုသက်ရှိများနှင့် ဓမ္မဝိသေသတာအိုအရှင်များက ဤကဲ့သို့သော မဟာပွဲတော်တစ်ခုမှာ စုဝေးလာကြပေလိမ့်မည်။

တကယ်တော့ အဲ့ဒါက ရှားရှားပါးပါးစျေးပွဲတော်တစ်ခုလည်းဖြစ်ပေသည်။

ကျင့်ကြံသူတစ်ယောက် လိုအပ်သော ရတနာသို့မဟုတ် ပစ္စည်းများသည် အခြားကျင့်ကြံသူတစ်ယောက်ထံမှာ ပိုလျှံတတ်လေသည်။

နှစ်ဖက်စလုံးက သူတို့၏ အသုံးလိုသော ပစ္စည်းများကို ဖလှယ်ရယူနိုင်ကြလေသည်။

“အဲ့ဒီကို ဖန်သားနန်းတော်က ကျင့်ကြံသူတွေရော လာမှာလား..”

ခဏမျှစဥ်းစားပြီးနေက် ဆူဇီမိုက ရုတ်တရက်မေးလိုက်၏။

“လာမယ်လို့တော့ ထင်တာပဲ...”

နန်းကြည်က ပြောလိုက်၏။

“ဖန်သားနန်းတော်က အင်မော်တယ်ဂိုဏ်းတွေထဲက တစ်ဂိုဏ်းဖြစ်တယ်ဆိုရင်တောင် သူတို့က အခုလိုမျိုး ရှားရှားပါးပါးပွဲတော်တစ်ခုကို လက်လွှတ်ခံမှာ မဟုတ်လောက်ဘူး...”

ဆူဇီမိုက အေးစက်စက်အလင်းနှင့်အတူ သူ၏မျက်လုံးကို မှေးကျဥ်းလိုကိ၏။

သူ၏ရင်ထဲမှာ အခဲမကျေသေးသော တစ်စုံတစ်ရာရှိနေသေးလေသည်။

ဖန်သားနန်းတော်မှ တာအိုသက်ရှိရွှမ်ယွီ....

ယန်တိုင်းပြည်၏ မြို့၁၃ မြို့ ဖျက်ဆီးခံရခြင်း၏ နောက်ကွယ်မှ လက်သည်တရားခံ...။

မဟာချွမ်အပျက်အစီးမှာတုန်းက တာအိုသက်ရှိရွှမ်ယွီသည် ဆူဇီမို၏ ရွှေအမြုတေကို ချေမွဖျက်ဆီးပစ်ပြီး သူ့ကိုနဂါးသင်္ချိုင်းတောင်ကြားထဲသို့ ခုန်ချစေဖို့ ဖိအားပေးခဲ့လေသည်။

တာအိုသက်ရှိရွှမ်ယွီသည် မြေခွေးလေး၏ သက်စောင့်ရတနာ မီးပိတ်ဆို့ခြင်းတောင်းကိုလည်း လုယူသွားခဲ့လေသည်။

သူတို့နှစ်ယောက်ကြား ရန်ငြိုးရန်စက အလွန်တရာနက်ရှိုင်းနေခဲ့လေပြီ။

ဆူဇီမိုနှင့် ဖန်သားနန်းတော်ကြား ရန်ငြိုးရန်စသည်ပင် တာအိုသက်ရှိရွှမ်ယွီကြောင့် အဓိကဖြစ်ပေါ်လာခဲ့ခြင်းပင်။

သူတို့နှစ်ယောက်ကြားတွင် အသေအကြေတိုက်ပွဲတစ်ခုကို သေချာပေါက်ဆင်နွှဲရပေလိမ့်မည်။

“ရွှမ်ယွီ.... နှစ်ပေါင်းတစ်ရာကျော်ကြာသွားခဲ့ပြီဆိုတော့... ငါသိချင်မိတယ် မင်က အခုချိန်မှာ တာအိုသက်ရှိလား... ဒါမှမဟုတ် တာအိုအရှင်လား...”

ဆူဇီမိုက သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်တစ်စွန်းတစ်နှင့်အတူ တီးတိုးရေရွတ်လိုက်လေသည်။

နှစ်ပေါင်းတစ်ရာကျော်ကြာပြီးနောက် ရွှမ်ယွီက မူလနတ္ထိအဆင့်မှာပဲ ရှိနေနိုင်ကောင်းလေသည်။ တကယ်တော့ သူက ဓမ္မဝိသေသ အဆင့်သို့ဝင်ရောက်ပြီး တာအိုအရှင်ဘွဲ့ကို ခံယူထားတာလည်း ဖြစ်ကောင်ဖြစ်နိုင်လေသည်။

သူက မူလနတ္ထိဖြစ်စေ ဓမ္မဝိသေသဖြစ်စေ ရွှမ်ယွီသည် မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ ပါဝင်လာဖို့အခွင့်များလေသည်။

အကြောင်းမှာ မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲသည် အထူးသဖြင့် မူလနတ္ထိများနှင့် ဓမ္မဝိသေသတာအိုအရှင်များအတွက် ပြင်ဆင်ပေးထားသော မဟာပွဲတော်တစ်ခုဖြစ်နေသောကြောင့်ပင်။

ထိုစဥ်မှာပင် ခပ်လှမ်းလှမ်းကနေ ပုံရိပ်နှစ်ခုက ပေါ်ထွက်လာပြီး တိမ်လွှာများကို စီးနင်းလာကြလေသည်။

သူတို့က တစ်ခဏအတွင်းမှာပင် ရောက်ရှိလာခဲ့ကြ၏။ သူတို့ထဲမှ တစ်ယောက်သည် အနက်ရောင်ဝတ်ဆုံကို ဝတ်ဆင်ထားပြီး ထက်ရှသော အမူအရာတစ်ခုရှိလေသည်။ သူ၏မျက်လုံးများက နက်ရှိုင်း၍ သူ၏အမူအရာက အေးစက်နေ၏။ အဲ့ဒါက ညဝိညာဥ်ပင် ဖြစ်လေသည်။

အခြားတစ်ယောက်က အရပ်ရှည်ရှည်နှင့် တုတ်တုတ်ခိုင်ခိုင်ဖြစ်ပြီး သူ၏ဦးခေါင်းတွင် တွန့်လိမ်နေသော ရွှေရောင်ဆံပင်များရှိလေသည်။ သူ၏ မုတ်ဆိတ်နှင့် ပါးသိုင်းမွေးများကလည်း ရွှေရောင်ဖြစ်ပြီး သူ၏ဆံပင်များနှင့် ထိစပ်နေလေသည်။

ထိုသူက ရင်ဘတ်​ပြောင်ဖြစ်ပြီး ၎င်းပေါ်တွင်လည်း အမွေးအမှင်တော်တော်များများရှိလေသည်။ သူက အလွန်တရာကြမ်းတမ်းသည့်ပုံပေါ်နေ၏။

ဆူဇီမိုသည် ရွှေရောင်ဆံပင်နှင့်လူကို တွေ့မြင်ပြီးနောက် တစ်ခဏမျှကြောင်အ,မှင်တက်သွား၏။ အဲ့ဒီနောက် သူက ဝမ်းသာပျော်ရွှင်သွားပြီး ရယ်မောမိလိုက်လေသည်။

“နံပါတ် ၇ မတွေ့ရတာတောင် တော်တော်ကြာပါပေါ့လား....”

ရွှေရောင်ဆံပင်လူက ဆူဇီမို ၊ ညဝိညာဥ်နှင့် အခြားသူများနှင့်အတူ သွေးသောက်ညီကိုမောင်နှမဖွဲ့ထားသော ရွှေခြင်္သေ့ပင်ဖြစ်လေသည်။

ရွှေခြင်္သေ့သည် သူတို့ညီကိုမောင်နှမ၇ယောက်ကြားတွင် နံပါတ် ၇ ဖြစ်ပြီး အောက်ဆုံးမှာ ရပ်တည်လေသည်။

သူသည်လည်းပဲ ဆူဇီမိုကို မြင်တွေ့သောအခါ စိတ်လှုပ်ရှားပျော်ရွှင်သွားလေသည်။

“အစ်ကိုကြီး....”

သူတို့နှစ်ယောက်သည် တိမ်လွှာများကိုပယ်ဖျက်ပြီး ဆင်းသက်လာကြရင်း ရွှေခြင်္သေ့က အော်ခေါ်လိုက်လေသည်။

ဆူဇီမိုက ရှေ့သို့တက်ပြီး.ရွှေခြင်္သေ့၏ ရင်ဘတ်ကိုပစ်ထိုးလိုက်လေသည်။ သူက ဟာသနှော၍ ဆူပူငေါက်ငမ်းလိုက်၏။

“မင်းက... မင်းကောင်မလေးနဲ့သွားပြီး တော်တော်ပျော်နေတယ်ပေါ့လေ... အခု နှစ်ပေါင်းတစ်ရာကျော်ကြာသွားတောင် ငါတို့ညီကိုတွေကို လာမကြည့်ဘူး...”

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ဆူဇီမိုနှင့် အခြားသူများသည် သားရဲတစ်ထောငိတောင်ကြားသို့ ဝင်ရောက်ဖို့ အစီအစဥ်ဆွဲခဲ့ကြလေသည်။

သို့သော်လည်း ရွှေခြင်္သေ့က သူ့ချစ်သူကောင်မလေးကို စိုးရိမ်ပူပန်နေသည့်အတွက် မြောက်ပိုင်းဒေသရှိ ခြင်္သေ့ရိုင်းတောင်ကြောရိုးသို့ ပြန်သွားဖို့ဆုံးဖြတ်လိုက်လေသည်။

ထိုခွဲခွာမှုက နှစ်ပေါင်းတစ်ရာကျော် ကြာသွားခဲ့လေပြီ။

“ကျုပ်လည်း အဲ့ဒါကို မှတ်မိသေးတယ်....”

ညဝိညာဥ်က သူ၏ ညီကိုနှင့် တွေ့ဆုံရသည့်အတွက် ကျေနပ်နှစ်ခြိုက်သွားပြီး ရှားရှားပါးပါး နောက်ပြောင်ကျီစယ်လိုက်လေသည်။

“သူမရဲ့ နာမည်ကဘာတဲ့... ခယ်ခယ်ဆိုလား... ဒီကမ္ဘာမှာ သူမထက်လှတာ မရှိတော့ဘူးဆိုပဲ...”

“ဟေးဟေး...”

ရွှေခြင်္သေ့က သူ၏ခေါင်းကို အနည်းငယ်ငုံ့၍ သူ၏လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ပြီး ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးလိုက်လေသည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

အခြားသူများသည် အဲ့ဒါကို သတိထားမိချင်မှ ထားမိပေလိမ့်မည်။ သို့သော်လည်း ရွှေခြင်္သေ့ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် တစ်စုံတစ်ရာရှိနေကြောင်း သူက ဝိုးတဝါးခန့်မှန်းမိလိုက်လေသည်။

အနည်းဆုံးတော့ ရွှေခြင်္သေ့သည် ခယ်ခယ်အကြောင်းပြောချိန်တွင် အရင်တုန်းကလို တူညီသောအမူအရာမျိုး ရှိမနေတော့ပေ။

ဆန့်ကျင်ဖက်အနေဖြင့် ရွှေခြင်္သေ့၏ မျက်လုံးထဲတွက် နာကျင်မှု ၊ အမျက်​ဒေါသနှင့် ကူကယ်ရာမဲ့သည့် အရိပ်အယောင်တို့က ရှိနေခဲ့လေသည်။

တကယ်တော့ ထိုအကြည့်က ဖျပ်ခနဲတစ်ချက်သာ ပေါ်ထွက်ခဲ့ခြင်းဖြစ်လေသည်။

ရွှေခြင်္သေ့က သူ၏ ခေါင်းကိုငုံလိုက်သောကြောင့် ဆူဇီမိုက အဲ့ဒါကို ရှင်းလင်းစွာ မမြင်လိုက်နိုင်ပေ။

သူသည် အချိန်အတော်ကြာပြီးမှ သူ၏ ညီကိုနှင့် ပြန်လည်ဆုံစည်းရသောကြောင့် ဝမ်းသာပျော်ရွှင်နေပြီး ထိုအကြောင်းနှင့်ပတ်သက်၍ များစွာမစဥ်းစားတော့ပေ။

“မင်းတို့တွေက ဘာလို့အတူတူ ရောက်လာတာလဲ...”

ဆူဇီမိုက ပြုံး၍ မေးလိုက်၏။

“ကျုပ်က မဟာကျိုးမြို့တော်မှာ နေရတာပျင်းလာလို့ ဒီကိုတစ်ချက်လာကြည့်တာ...”

ညဝိညာဥ်က ပြောလိုက်၏။

“ကျုပ်က ဆန်းကြယ်တောင်ထွတ်ရဲ့ အပြင်ဘက်အစပ်ကို ရောက်တဲ့အချိန်မှာပဲ အနီးနားမှာ တစ်ယောက်ယောက်က ဟိုချောင်းဒီချောင်းလုပ်နေတာကို တွေ့လိုက်ရတယ်...”

ထိုသည်ကိုကြားသောအခါ ဆူဇီမိုက ရယ်လိုက်မိ၏။ ဤလောကတွင် ညဝိညာဥ်၏ အာရုံခံမှုကနေ ဖုံးကွယ်ထားနိုင်သည့်အရာ များများစားစားမရှိပေ။

ပုန်းကွယ်ခြင်းမှာအတော်ဆုံးဖြစ်သော လျှို့ဝှက်မရဏဂိုဏ်းမှ ဂိုဏ်းသားများပင်လျှင် ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

ရွှေခြင်္သေ့ကို လက်ညိုးထိုးပြီး ညဝိညာဥ်က ဆက်ပြောလိုက်၏။

“ကျုပ်က တိတ်တိတ်လေးလျှောက်လာရင်းနဲ့ သူ့ကိုတွေ့လိုက်ရတာပဲ... သူ့ရဲ့ အမွေးဝါကြောင့်သာမဟုတ်ရင် ကျုပ်က သူ့ကိုသတ်မိသွားလောက်ပြီ”

အဲ့ဒါက ဟာသလုပ်ပြောဆိုနေခြင်း မဟုတ်ပေ။

ညဝိညာဥ်အနေဖြင့် တစ်စုံတစ်ယောက်ကို တိတ်တဆိတ်သတ်ဖြတ်ဖို့က အရမ်းလွယ်ကူလေသည်။

“ဟီးဟီး....”

ရွှေခြင်္သေ့က ရူးသွပ်စွာဖြင့် ရယ်မောလိုက်၏။

“ညဝိညာဥ်က တစ္ဆေတစ်ကောင်လို ရုတ်တရက်ပေါ်လာတာလေ... ကျုပ်ဖြင့် လန့်ဖြန့်သွားတာပဲ...”

“မင်းက... အခုတော့ အဲ့လိုပြောနိုင်ပြီပေါ့လေ”

ညဝိညာဥ်ကပြောလိုက်၏။

“မင်းက တောအုပ်ထဲမှာ ငေးတိငေးကြောင်နဲ့ ရပ်နေတာလေ... မင်းက ဘာတွေစဥ်းစားနေခဲ့တာလဲ...”

“ဒီတိုင်းပါပဲ...”

ရွှေခြင်္သေ့က သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ပြီး သူ၏ခေါင်းကို အလိုလိုငုံ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး....”

ဒီတစ်ကြိမ်မှာတော့ ဆူဇီမိုသာလျှင် မဟုတ်ပေ။ ညဝိညာဥ်နှင့် နန်းကြည်ပင်လျှင် ရွှေခြင်္သေ့က တစ်နည်းတစ်ဖုံမူမမှန်သည်ကို သတိထားမိသွားကြလေသည်။

သူတို့သုံးယောက်သည် ဘာစကားမှမပြောဘဲ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ရွှေခြင်္သေ့က ခရီးပန်းလာပြီး ပင်ပန်းနွယ်နယ်နေသည့်ပုံ ပေါက်တာကို ဆူဇီမိုမြင်သောအခါ သူက ထိုသူ၏ ပုခုံးကိုပုတ်လိုက်လေသည်။

“သွားကြရအောင်... ဒီမှာပဲရပ်မနေနဲ့...အထဲကိုဝင်ပြီး သောက်ကြစားကြရင်းနဲ့ စကားလေးဘာလေး ပြောကြတာပေါ့”

“အင်း...”

ရွှေခြင်္သေ့က ခေါင်းညိတ်ပြလိုက်၏။

သူတို့လေးယောက်သည် လိုဏ်ဂူခန်းဝထဲသို့ ဝင်ရောက်လိုက်ကြလေသည်။

ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ဆူဇီမိုသည် တစ်စုံတစ်ရာကို သတိထားမိသွားပြီး ဘေးသို့တစ်ချက်ကြည့်လိုက်လေသည်။

ယခင်က ရွှေခြင်္သေ့သည် တိမ်စိုင်ကို စီးနင်း၍ ရောက်ရှိလာသောကြောင့် မည်သူကမှ သတိမထားမိခဲ့ကြပေ။

သို့သော်လည်း သူတို့လမ်းလျှောက်လာသောအခါ ရွှေခြင်္သေ့၏ ခြေလှမ်းများသည် ပေါ့ပါးဖျတ်လတ်မှုမရှိဘဲ လေးကန်ထုံထိုင်းနေသည်ကို သူက သတိထားမိလိုက်၏။

ရွှေခြင်္သေ့က အတတ်နိုင်ဆုံးမာန်တင်း၍ သူ့ကိုယ်သူဟန်ဆောင်ထားသော်လည်း သူ၏ခြေထောက်များက ထိခိုက်ပျက်စီးထားသည်မှာ သိသာလေသည်။

“ဟမ်...”

ညဝိညာဥ်ကလည်း အဲ့ဒါကို သတိထားမိသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

တစ်ချိန်တည်းနီးပါးမှာပင် ဆူဇီမိုနှင့် ညဝိညာဥ်သည် သူတို့၏ခြေလှမ်းများကို ရပ်တန့်ပြီး လှည့်ကြည့်လိုက်ကြ၏။

သူတို့နှစ်ယောက်စလုံး၏ အမူအရာက တင်းမာခက်ထန်လာပြီး ရွှေခြင်္သေ့ကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြ၏။

“ဘာဖြစ်ခဲ့တာလဲ...”

ဆူဇီမိုက အေးစက်စွာဖြင့် မေးမြန်းလိုက်လေသည်။

“ကျုပ်...”

ရွှေခြင်္သေ့က တစ်စုံတစ်ရာကို ပြောဆိုချင်သည့်အလား အံကိုတင်းတင်းကြိတ်လိုက်လေသည်။ သို့သော်လည်း အတန်ကြာတုံ့ဆိုင်းပြီးနောက် သူကသက်ပြင်းချကာ ခေါင်းကိုငုံ့လိုက်လေသည်။

All Chapters