ယုဝမ်ဝူရွှမ်း
Vol. 76 Ch. 1137
“အဲဒါက.. ဘာမှမဟုတ်ပါဘူး”
ရွှေခြင်္သေ့က သူ၏ခေါင်းကို ငုံ့ပြီး ရှေ့ကို ဆက်တက်ချင်သော်လည်း ဆူဇီမိုက သူ့ကို ဖမ်းဆွဲထားလေသည်။
“ဘာဖြစ်ခဲ့တာလဲ ပြော”
သူက ရွှေခြင်္သေ့ကို စိုက်ကြည့်ပြီး လေးလံပြင်းထန်သော အသံဖြင့် ပြောလိုက်လေသည်။
ရွှေခြင်္သေ့က ဆူဇီမို၏ အကြည့်နှင့် ရင်မဆိုင်ရဲဘဲ အသံကို နှိမ့်၍ မသဲမကွဲ ပြောလိုက်လေသည်။
“ကျုပ်က တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့ပြီးတော့ သူ့လောက် မသန်မာလို့ ရှုံးခဲ့ရုံပါပဲ”
ရွှေခြင်္သေ့၏ စကားလုံးများက ရိုးရှင်းသော်လည်း ကိစ္စက ထိုထက်ပိုမိုကြောင်း ဆူဇီမိုက သိထားလေသည်။
မဟုတ်ပါက ရွှေခြင်္သေ့သည် ထိုကဲ့သို့သော အမူအရာတစ်ခု ရှိနေလိမ့်မည် မဟုတ်ပေ။
သူ့မျက်လုံး၏ အနက်ပိုင်းထဲတွင် တွေဝေရှုပ်ထွေးမှုတို့ ရှိနေပြီး သူ၏စိတ်ထဲတွင် တစ်ခုခုကို ထိန်ချန်ထားသည်မှာ သိသာလေသည်။
“အဲဒါကို ဘယ်သူလုပ်ခဲ့တာလဲ”
ညဝိညာဉ်၏ အကြည့်က အေးစက်လာပြီး သူ၏အသံက ကြမ်းကြုတ်ခက်ထန်နေလေသည်။
ညဝိညာဉ်သည် ဆန်းကြယ်တောင်ထွတ်မှာ မွေးဖွားလာကတည်းက သူ့မှာ မည်သည့်မျိုးနွယ်ဝင်မှ မရှိခဲ့ပေ။
သူသည် ဆူဇီမိုနှင့် အခြားသူများကို သူ၏ဆွေမျိုးများအဖြစ် အမြဲတမ်း ရှုမြင်ခဲ့လေသည်။
ရွှေခြင်္သေ့နှင့် သူသည် နောက်ပိုင်းမှ တွေ့ဆုံခဲ့ရသော်လည်း သူတို့သည် ရင်ဘောင်တန်း၍ တိုက်ခိုက်ခဲ့ကြပြီး သွေးသောက်ညီအစ်ကိုများ ဖြစ်လာခဲ့ကြလေသည်။
ယခု ရွှေခြင်္သေ့က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ညဝိညာဉ်၏ သတ်ဖြတ်လိုစိတ်က ထကြွလာခဲ့လေသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်၌ ရွှေခြင်္သေ့သည် စွမ်းအားကြီးသော မျိုးဆက်သွေးတစ်ခုနှင့်အတူ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်ဖြစ်ပြီး သူ၏ ပြန်လည်ကုသနိုင်စွမ်းက တုန်လှုပ်စရာကောင်းလေသည်။
တစ်စုံတစ်ယောက်က သူ၏ခြေထောက်ကို ချိုးခဲ့လျှင်တောင် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူပြီးနောက် သူက ပြန်လည်ကောင်းမွန်သွားပေလိမ့်မည်။
သို့သော် ယခုအခါ ရွှေခြင်္သေ့သည် ခြေတစ်ဖက်ဆာနေပြီး အဲဒါက ထိခိုက်ပျက်စီးထားခဲ့ပြီးလေပြီ။ ထိုစဉ်တုန်းက သူ၏ခြေထောက်သည် ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့သလဲ စဉ်းစားကြည့်နိုင်လေသည်။
ရွှေခြင်္သေ့က တိတ်တဆိတ်ဖြင့် သူ၏ခေါင်းကို အနည်းငယ် ငိုက်စိုက်ချထားလေသည်။
သို့သော်လည်း ဆူဇီမိုနှင့် အခြားသူများသည် ရွှေခြင်္သေ့၏ မျက်လုံးထဲရှိ လွန်ဆွဲနေခြင်းကို ပြောနိုင်လေသည်။
“နံပါတ်ခုနှစ်.. မင်းက ဘာကို ကြောက်နေတာလဲ.. မင်းက ဘာကိုမပြောနိုင်ရတာလဲ”
ညဝိညာဉ်က မျက်မှောင်ကြုတ်ပြီး ထပ်မေးလိုက်၏။
“အဲဒါက ကျုပ်မပြောချင်လို့ မဟုတ်ဘူး.. ကျုပ်ပြောရင်လည်း အလကားပဲ”
ရွှေခြင်္သေ့က ခါးသက်စွာဖြင့် ရယ်မောလိုက်၏။
“ခင်ဗျားတို့တွေက ကျုပ်ကို ကူညီပေးချင်တယ်ဆိုတာ သိပါတယ်.. ဒါပေမဲ့လို့ ဒီကိစ္စကို… ထားလိုက်တာပဲ ကောင်းပါတယ်”
“မင်းက ငါတို့ပါ ဒုက္ခရောက်မှာကို စိုးရိမ်နေတာမလား”
ဆူဇီမိုက မျက်ခုံးပင့်ပြီး ပြောလိုက်လေသည်။
“အရင်ဆုံး ငါ့ကို ပြောစမ်းပါ.. တစ်ဖက်သူက ဘယ်သူလဲ.. သူ့ရဲ့နောက်ခံက ဘာလဲ”
“သူက..”
ရွှေခြင်္သေ့သည် ခဏမျှ တွေဝေတုံ့ဆိုင်းနေလေသည်။ သူက ထိုလူအကြောင်း တွေးမိသောအခါ သူ၏မျက်လုံးထဲတွင် အကန့်အသတ်မဲ့သော အမျက်ဒေါသများက တလိပ်လိပ်တက်လာခဲ့လေသည်။ နောက်ဆုံးမှာတော့ သူက အဲဒါကို ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“သူက ယုဝမ်ကလန်ကပဲ”
“ယုဝမ်ကလန်ကလား..”
ဆူဇီမို၏ အမူအရာက ထူးမခြားနားပုံစံဖြင့် ရှိနေ၏။
“အထက်တန်းလွှာ ကလန်လေးခုထဲက ယုဝမ်ကလန်လား”
မြောက်ပိုင်းဒေသတွင် အဆင်မြင့်ဂိုဏ်း ဆယ်ဂိုဏ်းနှင့် ယှဉ်နိုင်သော အထက်တန်းလွှာ ကလန်ကြီးလေးခု ရှိလေသည်။ သူတို့က သန်မာတောင့်တင်းပြီး နက်ရှိုင်းသော အခြေခံအုတ်မြစ်တို့ ရှိကြလေသည်။
မဟာချွမ်အပျက်အစီးက တိုက်ပွဲအတွင်း ဆူဇီမိုသည် ထိုဂိုဏ်းများ၊ ထိုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခဲ့ရလေသည်။
“ဟုတ်တယ်.. အဲဒါပဲ”
ရွှေခြင်္သေ့က ခေါင်းညိတ်၍ မုန်းတီးစွာဖြင့် ပြောလိုက်လေသည်။
“ခယ်ခယ်နဲ့ ကျုပ်က ခြင်္သေ့ရိုင်းတောင်ကြောရိုးမှာ နှစ်တစ်ရာကြာအောင် အေးအေးချမ်းချမ်းနဲ့ နေထိုင်ခဲ့ကြတယ်.. လွန်ခဲ့တဲ့ ဆယ်နှစ်က အလယ်ပိုင်းတိုက်ရဲ့ ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ အစ်ကိုကြီးရဲ့ သတင်းကို ကျုပ်က ကြားခဲ့ရတယ်.. ကျုပ်က ခင်ဗျားတို့တွေကို သတိရနေလို့ ခယ်ခယ်နဲ့ တိုင်ပင်ပြီးတော့ ခင်ဗျားတို့နဲ့ တွေ့ဖို့အတွက် အလယ်ပိုင်းတိုက်ကိုလာဖို့ ပြင်ဆင်ခဲ့ကြတယ်”
“ဒါပေမဲ့လို့.. ကျုပ်တို့က ခြင်္သေ့ရိုင်းတောင်ကြောရိုးက ထွက်လာပြီး မကြာခင်မှာပဲ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်.. အဲဒါက ယုဝမ်ဝူရွှမ်းပဲ”
ဤလူအကြောင်း ပြောဆိုချိန်တွင် အမျက်ဒေါသနှင့် အမုန်းတရားတို့အပြင် ရွှေခြင်္သေ့၏ မျက်လုံးထဲမှာ အကြောက်တရားနှင့် ကူကယ်ရာမဲ့မှုတို့ကလည်း ရောထွေးနေလေသည်။
“ခယ်ခယ်က ရွှေခြင်္သေ့ကလန်ရဲ့ မူကွဲသက်ရှိတစ်မျိုးပဲ.. သူမက တစ်ကိုယ်လုံး သန့်စင်တဲ့ ရွှေရောင်ရှိပြီးတော့ တစ်မူထူးခြားတယ်.. ယုဝမ်ဝူရွှမ်းက ခယ်ခယ်ကို မြင်တဲ့အခါ.. သူက သူမကို သူ့ရဲ့ အစီးအနင်းတောကောင်အဖြစ် ယူဖို့ ဆုံးဖြတ်ခဲ့တယ်”
ရွှေခြင်္သေ့က ခဏမျှ ရပ်တန့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
“သူက အရမ်းကို သန်မာတယ်.. ကျုပ်တို့တွေက မူလနတ္ထိအဆင့်မှာ ရှိနေပေမဲ့လို့ ကျုပ်တို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်တာတောင် သူ့ရဲ့ လှုပ်ရှားကွက် ဆယ်ကွက်ထက်ပိုပြီး မခုခံနိုင်ခဲ့ကြဘူး”
ထိုနေရာအရောက်တွင်.. ဆူဇီမိုနှင့် ညဝိညာဉ်က တည်ငြိမ်သည့်ပုံပေါ်နေလေသည်။
မူလနတ္ထိများက သူတို့အပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
နန်းကြည်က ဝင်ရောက်ပြောဆိုလိုက်လေသည်။
“မူလနတ္ထိအဆင့်ဆို ဘာမှ စိုးရိမ်ပူပန်နေစရာ မလိုဘူး.. သခင်လေးရဲ့ အစွမ်းအစနဲ့ဆို ကျွန်မတို့က ခယ်ခယ့်ကို အချိန်မရွေး သွားပြန်ခေါ်လို့ ရတာပဲ”
ရွှေခြင်္သေ့က ခါးသီစွာဖြင့် ထပ်မံရယ်မောလိုက်၏။ သူက ခေါင်းကိုခါပြီး ပြောလိုက်လေသည်။
“ခင်ဗျားတို့တွေက သူနဲ့ မတိုက်ခိုက်ဖူးတဲ့အတွက် သူ ဘယ်လောက်သန်မာလဲဆိုတာ သိမှာမဟုတ်ဘူး”
“အစ်ကိုကြီးရဲ့ မူလခန္ဓာကိုယ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကြောင့် မပျက်စီးခဲ့ဘူးဆိုရင် သူက သူ့ကို နိုင်လောက်တယ်.. အခုတော့ အစ်ကိုကြီးရဲ့ မူလခန္ဓာကိုယ်က ပျက်စီးသွားပြီး နတ်ဖီးနစ်အရိုးနဲ့ ဖန်တီးခြင်းကြာပဒုမ္မာတွေလို အဆုံးစွန်ရတနာတွေလည်း မရှိတော့ဘူး.. သူက သူ့ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”
မဟာကျိုးမြို့တော်မှ တိုက်ပွဲအတွင်း အင်ပါယာသုံးခုမှ ကျင့်ကြံသူများသည် သေသူသေ.. ဒဏ်ရာရသူ ရခဲ့ကြလေသည်။ ရှင်သန်ကျန်ရစ်ခဲ့သော သူများကလည်း ကျိယောင်ရွှယ်ထံမှာ အညံ့ခံသွားကြလေသည်။
ဆန်းကြယ်တောင်ထွတ်တိုက်ပွဲမှာဆိုလျှင်.. ကျားနဂါးဂိုဏ်းမှ ကျင့်ကြံသူများ အားလုံးက အပြတ်ရှင်းခံလိုက်ရလေသည်။
ဤတိုက်ပွဲနှစ်ပွဲစလုံးကို အပြင်လူများက တွေ့မြင်ခဲ့ခြင်း မရှိကြပေ။
မြောက်ပိုင်းဒေသရှိ ကျင့်ကြံသူများသည် ခန့်မှန်းခြေ သတင်းအချို့ကိုသာ လက်ခံရရှခဲ့ပြီး တာအိုသက်ရှိ အထီးကျန်သိုင်းသခင် ပြန်ရောက်လာပြီဆိုတာကိုသာ သိလိုက်ကြလေသည်။ သို့သော်လည်း တိုက်ပွဲနှစ်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိသည့်သူက များများစားစား မရှိပေ။
အပြင်လောကမှာတော့ တာအိုသက်ရှိ အထီးကျန်သိုင်းသခင်က သူ၏ ဂုဏ်ကျက်သရေကနေ လျှောကျသွားပြီး သာမန်အညတရတစ်ယောက်နှင့် မခြားနားတော့ဟု လူတိုင်းက တွေးထင်နေကြဆဲ ဖြစ်လေသည်။
ရွှေခြင်္သေ့ပင်လျှင် ထိုကဲ့သို့ တူညီစွာ ခံစားရလေသည်။
ဘာပဲပြောပြော.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ဆူဇီမို၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ပြီး သူ၏ ဖန်တီးခြင်းကြာပဒုမ္မာကိုပါ ကြေမွပျက်စီးစေခဲ့သည်ကို များစွာသော ကျင့်ကြံသူများက မျက်မြင်ကိုယ်တွေ့ခဲ့ကြလေသည်။
ရွှေခြင်္သေ့က ဆက်ပြောလိုက်၏။
“အဲဒီ ယုဝမ်ဝူရွှမ်းက ယုဝမ်ကလန်ရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုပြီး ကျော်ကြားတယ်.. သူ့ရဲ့ ပါရမီအရည်အချင်းက ကောင်းကင်ကိုတောင် ဖီဆန်နိုင်တယ်.. သူက ကောင်းချီးပေးခံထားရတဲ့သူပဲ.. သူက အခုဆိုရင် မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ် တာအိုသက်ရှိဆိုပြီးတောင် နာမည်ရနေပြီ”
“အို.. အဲ့လိုဆိုရင် သူက အစွမ်းအစတချို့တော့ ရှိသားပဲ”
ဆူဇီမိုက ခေါင်းညိတ်၍ ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။
အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ဖန်သားနန်းတော်သည် မြောက်ပိုင်းဒေသမှာ တည်ရှိလေသည်။ ယုဝမ်ဝူရွှမ်းကို မြောက်ပိုင်းဒေသ၏ နံပါတ်တစ် တာအိုသက်ရှိဟု ခေါ်ဆိုကြသည်ကို ကြည့်ခြင်းဖြင့် သူ၏ တိုက်ခိုက်ရည်ခွန်အားက ဖန်သားနန်းတော်မှ အရိုက်အရာဆက်ခံသူ များစွာထက် သာလွန်ကြောင်း သိမြင်နိုင်လေသည်။
ထိုကဲ့သို့သော အောင်မြင်မှုကို ရရှိဖို့က မလွယ်ကူပေ။
သို့သော်လည်း ထိုဘွဲ့များ၊ ဂုဏ်ပုဒ်များက ဆူဇီမိုအတွက် ဘာမှမဟုတ်ပေ။
လွန်ခဲ့သည့် ဆယ်နှစ်က သူ၏လက်ထဲမှာ သေဆုံးခဲ့ရသော မူလနတ္ထိများက ဘယ်သူတွေပါလဲ..။
သူတို့က ထိပ်သီးဂိုဏ်းကြီးများ၏ မည်ကာမတ္တ တပည့်များ ဖြစ်ကြလေသည်။
လူသားဧကရာဇ်နှင့် နှိုင်းယှဉ်နိုင်သည်ဟုပင် လူအများက ထောက်ခံပြောဆိုကြသော သီယင်းပင်လျှင် ဘာဖြစ်ခဲ့ပါသလဲ..။
ယုဝမ်ဝူရွှမ်းက မည်သို့ပင် သန်မာပါစေ.. သူက သီယင်းနှင့် ယှဉ်နိုင်ပါမည်တဲ့လား..။
ဆူဇီမိုသည် ရှင်းပြမနေတော့ဘဲ ထပ်မံ၍ မေးလိုက်လေသည်။
“အဲဒီနောက် ဘာဖြစ်သွားလဲ.. သူက ခယ်ခယ့်ကို အတင်းအဓမ္မခေါ်ဆောင်ပြီး မင်းခြေထောက်ကို ချိုးပစ်ခဲ့တာလား”
“မဟုတ်ဘူး”
ရွှေခြင်္သေ့က ခေါင်းခါပြလိုက်၏။
“အဲဒီအချိန်တုန်းက ကျုပ်က ဒဏ်ရာအပြင်းအထန် ရရှိပြီးတော့ သေလုမတတ် ဖြစ်ခဲ့ရတယ်.. ကံကောင်းထောက်မစွာနဲ့ ရှေးဟောင်းတိုက်ပွဲမြေကနေ ကျုပ်ရလာတဲ့ ရတနာတစ်ခုက ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တယ်”
“ကျုပ်နိုးလာတဲ့အချိန်မှာ ယုဝမ်ဝူရွှမ်းနဲ့ ခယ်ခယ်က မရှိတော့ဘူး”
“နှစ်ဝက်ကြာပြီးတဲ့နောက်.. ကျုပ်က ဒဏ်ရာတွေကနေ သက်သာပျောက်ကင်းလာတဲ့နောက် ယုဝမ်ကလန်ထဲကို ခိုးဝင်ခဲ့တယ်.. ဒါပေမဲ့လို့ ယုဝမ်ဝူရွှမ်းက ကျုပ်ကို ရှာတွေ့သွားပြီး သူက ကျုပ်ကို ဖိနှိမ်ခဲ့တယ်.. ခယ်ခယ်ကသာ ကျုပ်အတွက် အသနားခံ တောင်းပန်ခဲ့ခြင်း မရှိဘူးဆိုရင် ကျုပ်က လွန်ခဲ့တဲ့ ကိုးနှစ်တည်းက သေသွားရလိမ့်မယ်”
ထိုစကားကို ပြောချိန်တွင် ရွှေခြင်္သေ့၏ မျက်လုံးထဲမှာ မဖော်ပြနိုင်သော နာကျင်မှုများက ပေါ်ထွက်လာခဲ့လေသည်။
သူ၏ ရန်သူရှေ့တွင် သူချစ်ခင်မြတ်နိုးရသောသူက သူ့အတွက် အသနားခံတောင်းပန်ပေးနေသည်ကို ကြည့်နေရခြင်းမှာ ဘယ်လောက်တောင် ခံစားရခက်.. ဘယ်လောက်တောင် နာကျင်ရမလဲ စဉ်းစားကြည့်နိုင်လေသည်။
ရွှေခြင်္သေ့သည် အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်လေသည်။
“ယုဝမ်ဝူရွှမ်းက ပြောခဲ့တယ်.. ကျုပ်က သေခြင်းတရားကို ရှောင်လွှဲနိုင်ပေမဲ့လို့.. အပြစ်ပေးမှုကနေ ရှောင်လွှဲလို့ မရဘူး.. ကျုပ်ကို သင်ခန်းစာတစ်ခု ပေးဖို့အတွက် သူက ကျုပ်ညာဘက်ခြေထောက်မှာ ရှိတဲ့ အရိုးတွေ အားလုံးကို တစ်လက်မအရွယ်စီ အပိုင်းပိုင်း ချေမွပစ်ခဲ့တယ်”
“သူက ကျုပ်ရဲ့ တံကောက်ကြောကိုပါ အပိုင်းပိုင်း ဖြတ်တောက်ပစ်ခဲ့တယ်”
ဤနေရာအရောက်တွင် ရွှေခြင်္သေ့၏ အသံက တုန်ယင်လာခဲ့လေသည်။ သူ၏ မျက်လုံးများက နီရဲလာပြီး သူသည် လွန်ခဲ့သည့် ကိုးနှစ်က ထိုညကို ပြန်လည်ရောက်ရှိသွားသည့်အလား.. သူ၏ အမူအရာက အမုန်းတရားများဖြင့် ပြည့်နှက်လာခဲ့လေသည်။
ယုဝမ်ဝူရွှမ်းက သူ့အပေါ်သို့ တက်နင်းပြီး သူ့ကို အထက်စီးကနေ ငုံ့ကြည့်ခဲ့ပုံကို သူက ဘယ်တော့မှ မေ့လျော့လိမ့်မည် မဟုတ်ပေ။
ယုဝမ်ဝူရွှမ်း၏ မျက်လုံးထဲမှ အထင်သေးမှုနှင့် လှောင်ပြောင်သရော်လိုမှုကို သူက ဘယ်တော့မှ မေ့လျော့လိမ့်မည် မဟုတ်ပေ။
ယုဝမ်ဝူရွှမ်း၏ ဆိုးယုတ်သော စကားသံများကို သူက ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။
ခြင်္သေ့လေး.. မင်းက ငါ့ကို ဘယ်တော့မှ ရန်လာမစဖို့.. ငါ မင်းကို အမြဲတမ်း မှတ်ထားစေချင်တယ်.. ဒီတစ်ခေါက်တော့ ငါက သတိပေးတဲ့အနေနဲ့ မင်းခြေထောက်တစ်ချောင်းကိုပဲ ဖျက်ဆီးလိုက်မယ်.. နောက်တစ်ခါဆိုရင် မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးတွေ အကုန်လုံးကို ငါက အပိုင်းပိုင်း ချေမွဖျက်ဆီးပစ်မယ်..။
ခယ်ခယ်သည် ယုဝမ်ဝူရွှမ်း၏ ခြေရင်းမှာ ဒူးထောက်ထိုင်ချပြီး သနားညှာတာပေးဖို့အတွက် ကျယ်လောင်စွာ ငိုယိုအော်ဟစ် တောင်းပန်ခဲ့ပုံကို သူက ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။
ထိုမြင်ကွင်းသည် သူ၏ရင်ဘတ်ထဲမှာ ထိုးစိုက်နေသော ထက်ရှသော ဓားတစ်လက်ကဲ့သို့ ဖြစ်လေသည်။ ထိုနာကျင်မှုက မည်သို့မှ မခံမရပ်နိုင်အောင်ပင်။
စိတ်နှလုံးကွဲကြေဖွယ်ရာ နာကျင်မှုကို ကိုးနှစ်တိုင်တိုင် ကြိတ်မှိတ်ခံစားပြီးနောက်.. သူရဲကောင်းဆန်ခဲ့သော ဤလူသည် အရာရာတိုင်းကို ကြောက်ရွံ့လာခဲ့လေသည်။ သူက အတိတ်ကာလတုန်းကလို စိတ်အားမာန်တက်ကြွမှုမျိုး မရှိတော့ပေ။
နန်းကြည်၏ မျက်လုံးများက နီရဲလာပြီး ရွှေခြင်္သေ့ကို ဆက်လက်၍ မကြည့်ရက်တော့ဘဲ တစ်ဘက်သို့ မျက်နှာလွှဲလိုက်လေသည်။
အေးစက်စက် အမူအရာနှင့်ပင် ဆူဇီမိုက ရွှေခြင်္သေ့၏ ပခုံးကို ညင်သာစွာ ပုတ်၍ ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။
“ဆက်ပြောမနေနဲ့တော့.. ငါတို့ မနက်ဖြန် ခရီးထွက်ကြမယ်.. မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲကို ငါနဲ့အတူ လိုက်ခဲ့”