← Chapters

မင်းမျိုးမင်းနွယ်

Vol. 76 Ch. 1140

မင်းမျိုးမင်းနွယ်

Vol. 76 Ch. 1140

ယာဉ်ဦးစွန်းတွင် ယွီလန်က အဘိုးအိုကို ဖေးမ၍ ထွက်ခွာသွားပြီး မကြာမီ.. အစက ခေါင်းငုံ့၍ တိတ်ဆိတ်ငြိမ်သက်နေသော ညဝိညာဉ်က တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေသည့်အလား သူ့မျက်လုံးက တဖျပ်ဖျပ်လက်သွား၏။

“အစ်ကိုကြီး.. အဲဒီ ယွီလန်က မင်းသမီးတစ်ပါးပဲ”

ညဝိညာဉ်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဆူဇီမိုထံသို့ အသံတစ်ခု ပို့လွှတ်လိုက်လေသည်။

သင်္ဘောခန်း အပြင်ဘက်တွင်.. စိတ်ဝိညာဉ်အသိစိတ်နှင့် အသံကို ပိုင်းခြားပေးနိုင်သည့် အစီအရင် ဝင်္ကပါတစ်ခု အမှန်တကယ်ပင် ရှိလေသည်။ တကယ်ဆို ဆူဇီမိုပင်လျှင် ယွီလန်နှင့် အဘိုးအိုကြား ပြောဆိုနေသည့် အသံကို ကြားနိုင်ခြင်း မရှိပေ။

သို့သော်လည်း ညဝိညာဉ်က အဲဒါကို ကြားနိုင်လေသည်။

“အင်း”

ဆူဇီမိုက အံ့အားသင့်မှု မရှိဘဲ ပြန်ဖြေလိုက်၏။

“ခင်ဗျားက အဲဒါကို သိပြီးသားပေါ့လေ.. အစ်ကိုကြီး”

ညဝိညာဉ်က အံ့အားသင့်ဟန်ဖြင့် ပြောလိုက်လေသည်။

ဆူဇီမိုက ညင်သာစွာ ပြုံး၍ အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။

“ယွီလန်က မင်းသမီးတစ်ပါးပဲ.. ဟိုနှစ်ယောက်ကလည်း မင်းသားနှစ်ပါး.. ငါထင်တာ မမှားဘူးဆိုရင် သူတို့သုံးယောက်က မဟာယွီ၊ မဟာရှနဲ့ မဟာရှန်မင်းဆက်နိုင်ငံတွေက ဖြစ်လိမ့်မယ်”

“အာ..”

ညဝိညာဉ်က ပို၍ပင် အံ့အားသင့်သွားရ၏။

ဆူဇီမိုက ရှင်းပြလိုက်လေသည်။

“ဒီစိတ်ဝိညာဉ်ယာဉ်ပျံက အထက်တန်းစားဆန်ပြီးတော့ ကိန်းကြီးခန်းကြီးနိုင်နေတယ်.. ဒီပေါ်မှာ ကျောက်မျက်ရတနာ​တွေလည်း ရှိနေတယ်.. မင်း သေချာအနီးကပ် ကြည့်မယ်ဆိုရင် အဲဒီမှာ တော်ဝင်မိသားစုရဲ့ အသွင်အပြင် တော်တော်များများကို တွေ့မြင်ရလိမ့်မယ်.. နောက်ပြီး သူတို့သုံးယောက်ရဲ့ ပြုမူပြောဆို နေထိုင်ပုံတွေကလည်း သာမန်ကျင့်ကြံသူတွေနဲ့ မတူဘူး.. တော်ဝင်မိသားစုက လူတွေကပဲ အဲ့လိုမျိုး အမူအကျင့် ရှိကြလိမ့်မယ်”

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ညဝိညာဉ်က နားလည်သဘောပေါက်သွားခဲ့၏။

သူတို့သုံးယောက်ကို သူမြင်သောအခါ သူက တစ်နည်းတဖုံ ရင်းနှီးမှုရှိနေသည်ကို ခံစားမိလေသည်။

တကယ်တော့.. သူတို့သည် တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသော ကျိယောင်ရွှယ်နှင့် ဆင်တူနေကြခြင်း ဖြစ်လေသည်။

“အဲဒါတွေတင် မဟုတ်သေးဘူး”

ဆူဇီမိုက ဆက်ပြောလိုက်၏။

“ဒီစိတ်ဝိညာဉ်ယာဉ်ပျံက မဟာကျိုးနယ်မြေထဲကနေ ထွက်လာခဲ့တာ.. ဒီပေါ်မှာ ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်လည်း ပါလာတယ်.. မဟာကျိုးထဲမှာ ဓမ္မဝိသေသ တာအိုအရှင်တွေ ရှိတဲ့ အဖွဲ့အစည်းက သုံးခုပဲ ရှိတယ်”

သည့်ယခင်က သူသည် သိချင်စိတ်ပြင်းပြနေခဲ့ပြီး ဖြစ်လေသည်။

ပုံမှန်အားဖြင့်.. အင်ပါယာသုံးခုတွင် သူတို့ကို စောင့်ကြပ်နေသော ဓမ္မဝိသေသ တာအိုအရှင်များ ရှိသင့်လေသည်။

သို့သော်လည်း အင်ပါယာသုံးခုသည် ဖျက်ဆီးခံရပြီးနောက်.. ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်က တစ်စွန်းတစ်စ မကျန် ပျောက်ကွယ်သွားခဲ့လေသည်။

ယခု သူတို့က တော်ဝင်မိသားစုမှ အရိုက်အရာဆက်ခံသူများနှင့်အတူ ပုန်းကွယ်နေကြခြင်း ဖြစ်လေသည်။ ယခု သူတို့က မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲသို့ ရည်ရွယ်ချက်တစ်ခုနှင့် ဦးတည်ကာ သွားနေခြင်း ဖြစ်ပုံရလေသည်။

အင်ပါယာသုံးခုသည် မဟာကျိုး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရလေသည်။ တစ်နည်းအားဖြင့် ပြောရလျှင်.. အင်ပါယာသုံးခုမှ အရိုက်အရာဆက်ခံသူများသည် ကျိယောင်ရွှယ်အတွက် ခလုတ်ကန်သင်းတစ်ခု ဖြစ်လာနိုင်လေသည်။

“အစ်ကိုကြီး.. ကျုပ်တို့က.. လုပ်သင့်လား”

သူတို့၏ သရုပ်သကန်ကို သိရှိသွားသောအခါ.. ညဝိညာဉ်၏ လေသံက ရုတ်တရက် မကောင်းဆိုးဝါးဆန်လာခဲ့၏။

“နည်းနည်းလောက် စောင့်ကြည့်ပါဦး.. သူတို့မှာ ဘာအစီအစဉ်ရှိလဲ ကြည့်ရသေးတာပေါ့”

ဆူဇီမိုက ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

ဤလူများစည် ယခုကစပြီး အေးအေးချမ်းချမ်း ကျင့်ကြံ၍ မင်းဆက်နိုင်ငံများကြား တိုက်ပွဲမှာ ဝင်မပါတော့ဘူးဆိုလျှင် သူက သူတို့အားလုံးကို သတ်ဖြတ်စရာ မလိုပေ။

ဆူဇီမိုနှင့် ညဝိညာဉ်သည် စိတ်ဝိညာဉ်အသိစိတ်မှတဆင့် ဆက်သွယ်ပြောဆိုနေကြ၏။

အခြားတစ်ဖက်မှာတော့.. မင်းသားနှစ်ပါးသည်လည်း စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဆက်သွယ်ပြောဆိုနေကြလေသည်။

အတန်ကြာပြီးနောက်.. သူတို့က အကြည့်ချင်းဖလှယ်၍ မကောင်းဆိုးဝါးဆန်ဆန် အပြုံးများကို ထုတ်ဖော်ပြသလိုက်ကြ၏။

“မိန်းကလေး.. အဲဒီမှာ ရပ်မနေပါနဲ့.. ဒီကိုလာပြီး ထိုင်ပါဦး”

အနည်းငယ် ဝဖိုင့်သော ဘရိုကိတ်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်က သူ၏မျက်လုံးကို မှေးကျဉ်းပြီး နန်းကြည်ကို ပြောင်ပြောင်တင်းတင်း ချိန်ဆကြည့်ကာ ရယ်မောပြောဆို ဖိတ်ခေါ်လိုက်၏။

နန်းကြည်က ထိုလူကို တစ်ချက်မျှသာ ကြည့်ပြီး မည်သည့်အရာမှ ပြောဆိုခြင်း မရှိသလို.. လှုပ်ရှားခြင်းလည်း မရှိပေ။

သူသည် မဟာရှန်၏ မင်းသားများထဲမှ တစ်ပါးဖြစ်ပြီး မရေမတွက်နိုင်သော အမျိုးသမီးများကို တွေ့မြင်ခဲ့ဖူးလေသည်။

သို့သော်လည်း ထိုအမျိုးသမီးများသည် ယခု သူ့ရှေ့မှ မိန်းကလေးနှင့်ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

မင်းသားသည် နန်းကြည်၏ အေးစက်ခက်ထန်မှုနှင့် ချောမောလှပသော သွင်ပြင်တွင် ဒေါသထွက်သွားခြင်း မရှိရုံသာမက သူက ပို၍ပင် စိတ်လှုပ်ရှားလာခဲ့၏။

စောစောကတင် သူသည် သူ့ဘေးနားတွင်ရှိသော မဟာရှမင်းသားနှင့် ဤမိန်းကလေးကို မည်သို့မည်ပုံ သိမ်းသွင်းရမလဲ ​ဆွေးနွေးနေခဲ့ပြီးဖြစ်၏။

အဆိုးဆုံးအနေဖြင့် သူတို့သည် အင်ပါယာအကြံပေးနှစ်ယောက်ကို အစိမ်းရောင်ဝတ် ကျင့်ကြံသူအား သတ်ဖြတ်ခိုင်းဖို့ပင် ဖြစ်လေသည်။

အင်ပါယာအကြံပေးနှစ်ယောက်က ဓမ္မဝိသေသ တာအိုအရှင်များ ဖြစ်ကြပြီး သူတို့နောက်မှာ မတ်တတ်ရပ်နေကြ၏။

မဟာရှမင်းသားသည် နန်းကြည်က တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ သူက ဟက်ခနဲ ရယ်မော၍ မတ်တတ်ထရပ်လိုက်၏။ သူ၏လက်ကို ဆန့်တန်းပြီး နန်းကြည်၏ ခါးကို ဖမ်းဆွဲဖို့လုပ်ကာ ပြောလိုက်၏။

“ရှက်မနေပါနဲ့.. ဒီကို လာထိုင်ပါဦး”

“ဟမ့်”

အစက​တော့ ဆူဇီမိုသည် ညဝိညာဉ်နှင့် စိတ်ဝိညာဉ်အသိစိတ်မှတဆင့် ဆက်သွယ်ပြောဆိုနေ၏။

မဟာရှမင်းသားက သူ၏လက်ကို ဆန့်ထုတ်လိုက်သည်ကို မြင်သည့် ခဏမှာပင်.. ဆူဇီမို၏ အကြည့်က ချက်ချင်းပင် အေးစက်လာခဲ့၏။

ထို့နောက် ချက်ချင်းပင် ယာဉ်ပျံပေါ်ရှိ အပူချိန်က ထိုးကျသွားလေသည်။

လေထုကလည်း အေးခဲသွားသည်ဟု ထင်ရ၏။

အစက ဘေးမှာ ရပ်နေသော ဓမ္မဝိသေသ နှစ်ယောက်သည် ထိုမြင်ကွင်းကို မျက်မှောင် အနည်းငယ်ကြုတ်၍သာ ကြည့်နေခဲ့၏။

ရုတ်တရက်.. သူတို့နှစ်ယောက်သည် ဆတ်ခနဲ တုန်ယင်သွားပြီး ပင့်သက်ကို ရှိုက်လိုက်ကြ၏။

အစိမ်းရောင်ဝတ် ကျင့်ကြံသူထံမှ ဖြာထွက်လာသော သတ်ဖြတ်လိုစိတ်က သူတို့နှစ်ယောက်ကိုပင် ချောက်ချားသွားစေလေသည်။

ဓမ္မဝိသေသ တာအိုအရှင်များပင် ထိုသို့ဆိုလျှင်.. နိုးထဝိညာဉ်အဆင့်မှာ ရှိသော မဟာရှန်နှင့် မဟာရှမင်းသားတို့က ပို၍ပင် အခြေအနေ ဆိုးဝါးလေသည်။

ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်များက တောင့်တင်း၍ သူတို့၏ အမူအရာများကလည်း အေးခဲသွားကြ၏။ သူတို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာပြီး ခေါင်းမွေးများ ထောင်ထလာကြ၏။

နောက်ခဏ၌ ကပ်ဘေးတစ်ခုက သူတို့အပေါ် ဆင်းသက်လာတော့မည့်အလားပင်။

ဆူဇီမိုက ဘယ်သူပါလဲ..။

သူ့လက်ထဲမှာ လူဘယ်လောက်များများ သေဆုံးခဲ့ရသလဲ..။

သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူက ဘယ်လိုလူမျိုးတွေပါလဲ..။

နိုးထဝိညာဉ်များကို မပြောနှင့်.. သာမန်မူလနတ္ထိများပင်လျှင် သူ၏ သတ်ဖြတ်လိုစိတ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

သတ္တိကြောင်သော သူများဆိုလျှင် နေရာမှာပင် လိပ်ပြာလွင့်၍ သေသွားနိုင်လေသည်။

“မင်းရဲ့ လက်သည်းတွေကို ပြန်ရုတ်ထားတာ ပိုကောင်းလိမ့်မယ်”

ဆူဇီမို၏ အကြည့်က မဟာရှမင်းသားပေါ်သို့ ရွေ့လျားသွားပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းက အဲဒီလက်တွေကို ထပ်ပြီး မလိုအပ်တော့ဘူးဆိုလည်း ရတယ်လေ”

သူ၏ လေသံက အလွန်တရာ တည်ငြိမ်နေ၏။

သို့သော်လည်း အဲဒါက လူတစ်ယောက်ကို ကျောချမ်းသွားစေနိုင်၏။

မဟာရှမင်းသားသည် အန္တရာယ်ကို အလိုလိုရှောင်ရှားချင်သည့်အလား သူ၏လက်ကို အလျင်အမြန် ရုတ်သိမ်းပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်နောက်မှာ ပုန်းကွယ်လိုက်လေသည်။

ခွမ်း..

မဟာရှန်မင်းသားသည်လည်း အလောတကြီး မတ်တတ်ထရပ်လိုက်၏။ ကြောက်လန့်တကြားဖြင့် သူသည် သူ၏ထိုင်ခုံကို ခလုတ်တိုက်ပြီး အသံတစ်ချက် ထွက်လာခဲ့၏။

သူ၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူ၏ခြေလက်များက ပျော့ခွေလာ၏။ သူက ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်ပြီး ဒယီးဒယိုင်ဖြင့် နောက်ထပ် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်နောက်မှာ ဝင်ပုန်းလိုက်လေသည်။

“အင်.. အင်ပါယာအကြံပေးတို့.. သူ.. သူက.. ကျုပ်ကို​ သတ်ချင်နေတယ်”

မဟာရှန်မင်းသား၏ အသံက တုန်လှုပ်ချောက်ချားနေသော အမူအရာဖြင့် အနည်းငယ် တုန်ယင်နေ၏။

သူတို့၏ မင်းသားများက ဘယ်လောက်တောင် သုံးစားမရသည်ကို မြင်သောအခါ ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် ဆက်လက်၍ ရှက်ရွံ့မနေနိုင်တော့ပေ။

သူတို့နှစ်ယောက်သည် သုန်မှုန်နေသော အမူအရာဖြင့် ဆူဇီမိုကို စိုက်ကြည့်လိုက်ကြ၏။

“တာအိုရောင်းရင်း.. ဒါက ဘာသဘောလဲ”

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆည်ကာ သူ၏အကြည့်က ထက်ရှလာခဲ့၏။

ဘာပဲပြောပြော.. သူက ဓမ္မဝိသေသ အဆင့်မှာ ဖြစ်လေသည်။

သူတို့ရှေ့ရှိ အစိမ်းရောင်ဝတ် ကျင့်ကြံသူက မူလနတ္ထိအဆင့်မှာသာ ရှိလေသည်။

စောစောက သူတို့၏ ခံစားချက်က ထင်ယောင်ထင်မှား ဖြစ်ပေါ်လာခဲ့သည့်ပုံပင်။

“အဲဒီမှာ ဘာတွေဖြစ်နေကြတာလဲ”

ထိုစဉ်မှာပင်.. မလှမ်းမကမ်းကနေ သင်္ဘောခန်းတံခါးက ပွင့်သွားပြီး ယွီလန်နှင့် ပဲ့ထိန်းအဘိုးအိုက လျှောက်လှမ်းထွက်လာကာ ကျယ်လောင်စွာ မေးလိုက်၏။

အစကတော့ ယွီလန်သည် ဦးလေးကျန့်နှင့် စကားပြောဆိုနေခဲ့လေသည်။ သို့သော်လည်း ယာဉ်ဦးစွန်းမှာ တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီကို သူမက နားလည်လိုက်ပြီး အ​လောတကြီး ထွက်လာခဲ့၏။

“ယွီလန်.. ခင်ဗျားက အချိန်မီရောက်လာတာပဲ”

မဟာရှမင်းသားက သူ၏သတ္တိကို စုစည်းပြီး ပြောလိုက်၏။

“အဲဒီ လူရိုင်းဆူက ပုန်ကန်ဖို့ ကြိုးစားပြီးတော့ ကျုပ်တို့ကို တကယ်ပဲ သတ်ဖြတ်ချင်နေတယ်”

“အို.. “

ယွီလန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ ပြန်မေးလိုက်၏။

“သူက ဘာလို့ နင်တို့ကို သတ်ချင်ရတာလဲ”

“အဲ.. အဲဒါက..”

မဟာရှမင်းသားသည် ခဏမျှ အထစ်ထစ်အငေ့ါငေ့ါ ဖြစ်နေလေသည်။

သူက အစေခံမိန်းကလေးအပေါ် မကောင်းသည့် စိတ်ဆန္ဒ ရှိခဲ့သည်ကို ထုတ်ဖော်ပြောဆိုရမှာ ရှက်စရာကေင်းလေသည်။

မဟာရှန်မင်းသားက သူ့ကိုယ်သူ ထိန်းချုပ်ပြီး ကျယ်လောင်စွာဖြင့် ကြေညာလိုက်၏။

“ဘာပဲဖြစ်ဖြစ်.. သူက ကျုပ်တို့ကို သတ်ချင်တယ်ဆိုတာ.. ကြီးမားတဲ့ အပြစ်တစ်ခုကို ကျူးလွန်လိုက်တာပဲ.. သူက သေသင့်တယ်”

“ထွက်သွားစမ်း”

ရုတ်တရက်.. ယွီလန်က သုန်မှုန်နေသော အမူအရာဖြင့် ဟိန်းဟောက်ပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“သင်္ဘောခန်းထဲကို ပြန်သွားပြီး အဲဒီမှာ အေးအေးဆေးဆေး သွားထိုင်နေကြ.. ဒီမှာနေပြီး ငါတို့ကို အရှက်ခွဲမနေနဲ့တော့..”

မဟာရှန်မင်းသားသည် ဇက်ပုသွားပြီး အသံထွက်ရခြင်း မရှိတော့ပေ။

“ခင်ဗျား… “

သို့သော်လည်း မဟာရှမင်းသားက မကျေမချမ်း အမူအရာတစ်ခု ရှိနေပြီး တစ်ဖက်သို့ လှည့်ကာ ပြောလိုက်၏။

“အင်ပါယာအကြံပေး.. သူမက..”

ဓမ္မဝိသေသ တာအိုအရှင်က သက်ပြင်းချလိုက်၏။

“ခင်ဗျားတို့နှစ်ယောက် အခန်းထဲကို ပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နေကြတာ ပိုကောင်းလိမ့်မယ် ထင်တယ်”

ထိုသည်ကို ကြားရပြီးနောက်.. မင်းသားနှစ်ပါးသည် သူတို့၏ ရင်ထဲမှာ အေးစက်သွားကြ၏။

သူတို့သည် အံကို တင်းတင်းကြိတ်ပြီး သူတို့၏ အမျက်ဒေါသများကို မျိုချကာ လှည့်ထွက်သွားရလေသည်။

All Chapters