စွမ်းအားကြီးသော ဆဋ္ဌမမြောက်အာရုံ
Vol. 77 Ch. 1141
မင်းသားနှစ်ပါးက မကျေမချမ်းဖြစ်နေကြလေသည်။ သို့သော်လည်း ယွီလန်က သူတို့နှစ်ယောက်ကို ထွက်ခွာခိုင်းခြင်း မရှိခဲ့လျှင် သူတို့သည် ယခုလောက်ဆို အလောင်းနှစ်လောင်းဖြစ်နေပြီဆိုတာ သူတို့က မသိခဲ့ကြပေ။
အင်ပါယာအကြံပေးနှစ်ယောက်က သူတို့ကိုကာကွယ်ပေးချင်သည်ဆိုလျှင် မင်းသားနှစ်ယောက်နှင့်အတူ သူတို့ပါ သေဆုံးရပေလိမ့်မည်။
“အစ်ကိုဆူ...ကျွန်မတောင်းပန်ပါတယ်...”
ယွီလန်က တောင်းပန်သည့်အမူအရာတစ်ခု ထုတ်ဖော်ပြသပြီး ဆူဇီမိုကို စိတ်ရင်းမှန်ကန်စွာဖြင့် ဦးညွတ်ကာပြောလိုက်လေသည်။
“စောစောက ရှင့်ကို သူတို့က ဘယ်လိုစော်ကားပြောဆိုခဲ့လဲတော့မသိဘူး... ဘာပဲဖြစ်ဖြစ် သူတို့အစား ကျွန်မကပဲ တောင်းပန်ပါရစေ...”
ယွီလန်သည် မင်းသမီးတစ်ပါးအဖြစ် သူမ၏အဆင့်အတန်းနှင့်ပင်လျှင် ထိုကဲ့သို့ပြုမူပြောဆိုပုံမှာ ဆူဇီမိုမျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။
သူတို့က အမှတ်မထင်တွေ့ဆုံခဲ့ခြင်းမျှသာ ဖြစ်လေသည်။ ယခု ယွီလန်က သူ့ဘက်ကနေရပ်တည်ပြီး မင်းသားနှစ်ပါးကိုပင် ဆန့်ကျင်ခဲ့လေသည်။
အစကတော့ သူသည် ဤဖြစ်ရပ်ကို အသုံးချကာ အားလုံးကိုလက်စသတ်ဖို့ ရည်ရွယ်ခဲ့လေသည်။ ယခုအခါ ယွီလန်က ထိုကဲ့သို့ ပြုမူလာသည့်အခါ သူ့အနေဖြင့် လှုပ်ရှားမှုကို ပြုလုပ်ဖို့က မသင့်လျော်တော့ပေ။
ဆူဇီမိုက မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်၏။ မဟာရှန်နှင့် မဟာရှမှ အင်ပါယာအကြံပေးနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်ကြ၏။
သူတို့၏ မင်းသားနှစ်ပါးသည်လည်း တော်ဝင်မျိုးနွယ်များဖြစ်ကြလေသည်။ သို့သော်လည်း မင်းသမီးယွီလန်နှင့် နှိုင်းယှဥ်လျှင် သူတို့က ဘာမှသုံးစားမရတော့ပေ။
သူတို့၏.အင်ပါယာများသည်လည်း ဖျက်ဆီးခံခဲ့ရပြီး သူတို့ရှေ့ရှိ မဟာယွီမင်းသမီးသည် သူမ၏ အင်ပါယာကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် အမျိုးမျိုးသော ဂိုဏ်းကြီးများ အဖွဲ့အစည်းကြီးများ ၊ ပြိုင်စံရှားများနှင့် မိတ်ဆွေကောင်းဖွဲ့ဖို့ အတတ်နိုင်ဆုံးကြိုးစားနေခြင်းဖြစ်လေသည်။
သို့သော်လည်း သူတို့၏ မင်းသားများကတော့ အမျိုးသမီးများနှင့် ပျော်ပါးဖို့သာစဥ်းစားနေကြလေသည်။
အင်ပါယာအကြံပေးနှစ်ယောက်သည် မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲသို့သွားသော ဤခရီးစဥ်မှာ သူတို့၏ အင်ပါယာထူထောင်ရေး အကြံအစည်အောင်မြင်ခဲ့မည်ဆိုလျှင် သူတို့က မင်းသမီးယွီလန်နောက်သို့ လိုက်ဖို့ဆုံးဖြတ်လိုက်ကြပြီဖြစ်၏။
သူတို့၏ ထင်မြင်ချက်အရ မင်းသမီးယွီလန်သည် လက်ရှိမဟာကျိုးဧကရီထက် နိမ့်ကျမှုမရှိသော အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။
မဟာကျိုးဧကရီသည် သူမ၏လက်ရှိအောင်မြင်မှုများကို ရရှိနိုင်ခဲ့သည်မှာ အဓိကအားဖြင့် တာအိုသက်ရှိအထီးကျန်သိုင်းသခင်ကြောင့်သာ ဖြစ်လေသည်။
ဦးလေးကျန့်က စိတ်ဝိညာဥ်ယာဥ်ပျံကို ဆက်လက်မောင်းနှင်လာခဲ့၏။
ယွီလန်သည် စားပွဲမှာပြန်ထိုင်ချပြီး ခဏမျှစဥ်းစားပြီးနောက် ပြောလိုက်လေသည်။
“ပွင့်ပွင့်လင်လင်းပြောရရင်တော့ ကျွန်မက မဟာယွီအင်ပါယာက မင်းသမီးတစ်ပါးပဲ... သူတို့နှစ်ယောက်ကလည်း မဟာရှနဲ့မဟာရှန်က မင်းသားတွေပဲ...”
ထိုသို့ပြောပြီးနောက် ယွီလန်က သူမ၏စကားကို ခဏမျှရပ်တန့်၍ ဆူဇီမို၏ မျက်လုံးများကို ကြည့်လိုက်လေသည်။
သူမ၏နောက်တွင်ရပ်နေသော အင်ပါယာအကြံပေးနှစ်ယောက်သည်လည်း ဆူဇီမိုက မည်ကဲ့သို့တုံ့ပြန်လာမည်ကို တွေ့မြင်ချင်သောကြောင့် သူ့ကိုစိုက်ကြည့်လိုက်ကြ၏။
ကံဆိုးစွာနှင့်ပင် သူတို့က စိတ်ပျက်သွားရလေသည်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ မျက်လုံးများက မည်သည့်စိတ်ခံစားချက်မှမရှိဘဲ နက်ရှိုင်းနေ၏။
မင်းသားနှင့် မင်းသမီးဟူသော ဘွဲ့များက အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် အခြားသော သာမန်မော်တယ်များနှင့် လုံးဝမကွဲပြားသည့်အလားပင်။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ...။
ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူက မြောက်ပိုင်းဒေသရဲ့ အင်ပါယာလေးခုကို ကြားပင်မကြားဖူးတာများလား...။
အင်ပါယာအကြံပေးနှစ်ယောက်က စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်ကြ၏။
ထိုစဥ်မှာပင် ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်လေသည်။
“ကျုပ်သိရသလောက်ဆိုရင်.... မဟာရှန် ၊ မဟာရှနဲ့ မဟာယွီအင်ပါယာတွေက ပျက်စီးသွားကြပြီမလား..”
ဆူဇီမိုက မည်သည့်ရန်လိုစိတ်မှ မပြသသည်ကိုမြင်သောအခါ ယွီလန်က စိတ်သက်သာရာရသွားလေသည်။
“အင်း...”
သူမကခါးသက်စွာ ရယ်မော၍ ညင်သာစွာ သက်ပြင်းချလိုက်၏။
“ကျွန်မတို့လက်ထက်ကျမှ ကျွန်မတို့ရဲ့မင်းဆက်က အခုလိုမျိုးဖြစ်ရတာ တော်တော်တိုက်ဆိုင်တာပဲ.... ကံကြမ္မာက ကြိုတင်ပြဌာန်းထားတဲ့အတိုင်းပဲ...”
ခဏမျှရပ်တန့်ပြီးနောက် ယွီလန်၏အကြည့်က တစ်ဖန်ပြတ်သားလာခဲ့၏။
“ဒါပေမယ့်လို့... ကျွန်မက လက်မခံဘူး... ကျွန်မက မဟာကျိုးဧကရီကို အရှုံးမပေးချင်ဘူး... ကျွန်မက ကျွန်မရဲ့ အင်ပါယာကို ပြန်လည်ထူထောင်ချင်တယ်”
“ခင်ဗျားရဲ့အင်ပါယာကို ပြန်လည်ထူထောင်ဖို့လား...”
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
ယွီလန်က အလေးအနက်ခေါင်းညိတ်ပြလိုက်၏။
“မဟာကျိုးအင်ပါယာက ဒီနေ့ဒီအဆင့်ထိ ရောက်ရှိလာခဲ့တာက သူတို့က အရမ်းသန်မာနေလို့မဟုတ်ဘူး... အဲ့ဒါက အချက်အလက်တွေအများကြီးပေါင်းစည်းသွားလို့ပဲ....”
အဲ့ဒါက အမှန်ပင် ဖြစ်လေသည်။ မဟာကျိုးအင်ပါယာက နယ်မြေဒေသများကို ချောမွေ့စွာဖြင့် တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့သည်မှာ စုန်းဂူကပ်ဘေးကြောင့်ပင် ဖြစ်လေသည်။ အဲ့ဒါက အခြားအင်ပါယာသုံးခုကို လဲပြိုကျသွားစေပြီး သူတို့က ခုခံတိုက်ခိုက်ဖို့အတွက် အင်အားမကျန်ရှိတော့ပေ။
ယွီလန်က ဆက်ပြောလိုက်၏။
“ကျွန်မက...မဟာကျိုးဧကရီထက် မနိမ့်ကျဘူးလို့ ကျွန်မယုံတယ်... သူမရဲ့ တစ်ခုတည်းသော နောက်ခံက တာအိုသက်ရှိအထီးကျန်သိုင်းသခင်ပဲ....”
ထိုစကားကို ကြားသောအခါ ဆူဇီမို၏ မျက်လုံးထဲတွင် ထူးဆန်းသည့်ပုံရိပ်က ထွက်ပေါ်လာခဲ့၏။ တာအိုသက်ရှိ အထီးကျန်သိုင်းသခင်သည် လက်ရှိကျင့်ကြံရေးလောကမှာ ကျော်ကြားနေသော်လည်း သူ၏ရုပ်ရည်သွင်ပြင်ကို အမှန်တကယ်တွေ့မြင်ဖူးသည့်သူက များများစားစားမရှိပေ။
သူမရှေ့တွင် ထိုင်နေသော ပုဂ္ဂိုလ်က တာအိုသက်ရှိအထီးကျန်းသိုင်းသခင်ဖြစ်သည်ဆိုတာကို ယွီလန်က မသိရှာပေ။
ယွီလန်သည် ဆူဇီမို၏ မျက်လုံးထဲရှိ ထူးဆန်းမှုကို သတိမထားမိဘဲ ဆက်ပြောလိုက်၏။
“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်မက မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲကို သွားတယ်ဆိုတာ... အဲ့ဒီမှာ တာအိုသက်ရှိအထီးကျန်သိုင်းသခင်ကို ဖိနှိမ်နိုင်မယ့် ပြိုင်စံရှားတစ်ယောက်ကို သွားရှာဖို့ပဲ...”
“ခင်ဗျားက...အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ချင်တာလား.... ဟေး”
ဆူဇီမိုက ရယ်မော၍ သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ ဆူဇီမိုက သူမစကားအား မယုံကြည်သည်ကို ယွီလန်က သတိထားမိသွားပြီး အလောတကြီးပြောလိုက်၏။
“အစ်ကိုဆူ.... တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ရဲ့ ခန္ဓာကိုယ်က တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ပြီ.... သူ့မှာ နတ်ဖီးနစ်အရိုးနဲ့ ဖန်တီးခြင်းကြာပဒုမ္မာလည်း မရှိတော့ဘူး... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အရင်ကလို မသန်မာနိုင်တော့ဘူး...နောက်ပြီး ဒီဘက်မျိုးဆက်မှာ တစ်မူထူးခြားတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေ များစွာပေါ်ထွက်လာခဲ့တယ်... အဲ့ဒီမှာ အထီးကျန်သိုင်းသခင်ကို ရင်ဆိုင်နိုင်တဲ့သူတွေ ရှိပါတယ်”
“အို.... သူတို့က ဘယ်သူတွေလဲ”
ဆူဇီမိုက မေးလိုက်လေသည်။
ယွီလန်က ပြောလိုက်၏။
“ကျွန်မကြားတာတော့... အထက်တန်းလွှာကလန်ကြီးလေးခုထဲက ယုဝမ်ကလန်က ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်... သူရဲ့တာအိုဘွဲ့က ဝူရွှမ်းပဲ.... သူက အခုဆိုရင် မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ်တာအိုသက်ရှိတောင် ဖြစ်နေပြီ”
“ကျွန်မ... မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲကို သွားရတဲ့အကြောင်းရင်းကလည်း အဲ့ဒီပုဂ္ဂိုလ်ဆီက အကူအညီရရှိဖို့ မျှော်လင့်ချက်နဲ့ပဲ...”
“တာအိုသက်ရှိ ဝူရွှမ်းက အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ဖို့အတွက် လှုပ်ရှားမှုတစ်ခုပြုလုပ်ပေးပြီး ယုဝမ်ကလန်ရဲ့ အင်အားနဲ့ ဆန်းကြယ်တောင်ထွတ်ကို ရင်ဆိုင်တိုက်ခိုက်ပေးမယ်ဆိုရင် မဟာယွီက ကျွန်မတို့ရဲ့အင်ပါယာကို သေချာပေါက် ပြန်လည်ထူထောင်နိုင်လိမ့်မယ်...”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး တာအိုသက်ရှိဝူရွှမ်းက ယုဝမ်ဝူရွှမ်းဖြစ်ရမည်ကို နားလည်လိုက်၏။
တာအိုသက်ရှိဝူရွှမ်းအကြောင်းပြောချိန်တွင် ရွှေခြင်္သေ့၏ မျက်လုံးထဲမှာ အမုန်းတရားများက ဖျပ်ခနဲ ပေါ်ထွက်လာ၏။
သို့သော်လည်း သူက ဘေးဘက်မှာလှဲလျောင်းနေပြီး မည်သူကမှ သူ့ကို သတိမထားမိခဲ့ပေ။
ဆူဇိမိုက ထပ်မေးလိုက်၏။
“ခင်ဗျားက... တာအိုသက်ရှိဝူရွှမ်းနဲ့ ရင်းနှီးလို့လား...”
“တကယ်တော့ ဘယ်ရင်းနှီးပါ့မလဲ...”
ယွီလန်က သူမ၏ခေါင်းကိုခါပြီး ညင်သာစွာသက်ပြင်းချလိုက်၏။
“ကျွန်မတို့နှစ်ယောက်စလုံးက မူလနတ္ထိအဆင့်မှာ ရှိနေပေမယ့်လို့... တာအိုသက်ရှိဝူရွှမ်းရဲ့ အဆင့်အတန်းကြောင့် ကျွန်မက သူနဲ့ထိတွေ့ဖို့ အခွင့်အရေးမရခဲ့ဘူး... ကျွန်မက သူ့အတွက် သူစိမ်းတစ်ယောက်ပါပဲ...”
“အဲ့လိုဆိုရင်... သူက ဘာလို့မင်းကို ကူညီမှာလဲ...”
ဆူဇီမိုက.မေးလိုက်၏။
သူမသည် ထိုစကားကို ကြားသောအခါ ယွီလန်က ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွား၏။
လေထုက အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်လာခဲ့၏။
“ကဲကဲ...ထားလိုက်ပါတော့...”
ဆူဇီမိုက သာမန်ကာလျှံကာ လက်ကာပြလိုက်၏။
ဆူဇီမိုသည် ယွီလန်က ယုဝမ်ဝူရွှမ်း၏ အကူအညီကိုရရှိဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကို ထုတ်သုံးမလဲ သူက တကယ်ပင်သိချင်စိတ်မရှိပေ။ သူက ဒီတိုင်း သာမန်ကာလျှံကာ မေးလိုက်ခြင်းမျှသာ ဖြစ်လေသည်။
ယွီလန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရုတ်တရက် သူမ၏ခေါင်းကို မော့လိုက်၏။
“တာအိုသက်ရှိ ဝူရွှမ်းက အချောအလှလေးတွေကို နှစ်သက်သဘောကျတယ်လို့... ကျွန်မကြားထားတယ်”
ခဏမျှ ရပ်တန့်ပြီးနောက် သူမ၏မျက်နှာက အနည်းငယ်နီမြန်းလာခဲ့၏။ သူမက အံကိုကြီတ်ပြီး ပြောလိုက်လေသည်။
“ကျွန်မရဲ့ ရုပ်ရည်သွင်ပြင်ကလည်း မဆိုးလှဘူးလို့ ကျွန်မထင်တယ်... နောက်ပြီးကျွန်မက မူလနတ္ထိအဆင့်ဖြစ်ပြီးတော့ တစ်ခါတုန်းက မဟာယွီရဲ့ မင်းသမီးလည်းဖြစ်ခဲ့ဖူးတာလဲ... သူက ကျွန်မကို သေချာပေါက်စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်တယ်”
ဆူဇီမိုက ခဏမျှကြောင်အ,မှင်တက်သွားခဲ့၏။
ယွီလန်က ထိုကဲ့သို့သော အစီအစဥ်ရှိနေလိမ့်မည်ဟု သူက ထင်မှတ်မထားမိပေ။
“အဲ့ဒါက ထိုက်တန်လို့လား...”
ဆူဇီမိုက ပြန်လှန်မေးလိုက်၏။
“ကျွန်မက မဟာယွီအင်ပါယာကို ပြန်လည်ထူထောင်နိုင်သရွေ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို စွန့်လွှတ်စတေးရမယ်ဆိုလည်း ကိစ္စမရှိဘူး”
ယွီလန်၏လေသံက ခိုင်မာပြတ်သားနေ၏။
သို့သော် အဲ့ဒီနောက် သူမ၏ မျက်လုံးက အရောင်မှိန်ကျသွားကြီး ခါးသီးစွာဖြင့် ရယ်မောလိုက်၏။
“ရှင်က... ကျွန်မကို စက်ဆုပ်ရွံရှာနေမယ်ဆိုတာ ကျွန်မသိပါတယ်... ဟုတ်တယ်မလား”
“ကျွန်မရဲ့အစီအစဥ်က.တကယ်လည်း.အထင်သေးစရာပါပဲ..”
ထိုကဲ့သို့သော.. အကြောင်းအရာမျိုးက ကိုယ်ရေးကိုယ်တာအလွန်ဆန်ပြီး သိုဝှက်ထားရမည့် တစ်စုံတစ်ရာဖြစ်လေသည်။
ဘာ့ကြောင့်ရယ်မသိ ယွီလန်က ဆူဇီမိုကို ထိုအကြောင်းကို ပြောပြခဲ့လေသည်။
“ခင်ဗျားက အဲ့လိုပြောစရာမလိုပါဘူး...”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
ယွီလန်က နှာတစ်ချက်ရှုံ့ပြီး ကြိုးစား၍ ပြုံးပြလိုက်၏။
“ကျွန်မက အဲ့ဒါကို ရင်ထဲမှာ သိမ်းထားရတာ အတော်ကြာခဲ့ပြီ.... အခုလို ပြောလိုက်ရမှပဲ... ပိုပြီးတော့ သက်တောင့်သက်သာရှိသွားတယ်... ဘာလို့လည်းမသိဘူး... ရှင်က ယုံကြည်စိတ်ချရတဲ့လူလို့... ကျွန်မက ခံစားမိနေတယ်...”
ခဏမျှရပ်တန့်ပြီးနောက် သူမက ဆူဇီမိုကို မျက်တောင်တဖျပ်ဖျပ် ခတ်၍ ကြည့်လိုက်လေသည်။
“အဲ့ဒါက အမျိုးသမီးတစ်ယောက်ရဲ့ ဆဋ္ဌမမြောက်အာရုံလေ... အရမ်းကို တိကျတယ်”
နန်းကြည်က ဆူဇီမို၏နောက်မှာရပ်နေရင်း သူမ၏ မျက်လုံးနှစ်ဖက်ဖြင့် ချစ်စရာကောင်းစွာ စွေကြည့်၍ ဤအမျိုးသမီးက အရူးတစ်ယောက်သာဟု သူမဘာသာသူမတွေးလိုက်လေသည်။
သူမက အဲ့ဒါကို.အသံထွက်ပြီးပြောချင်မိလေသည်။
‘ဘယ်လိုပေါက်ကရ ဆဋ္ဌမမြောက်အာရုံလဲ... နင့်ရှေ့က အဲ့ဒီလူက နင်ဖိနှိမ်ချင်နေတဲ့ တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ပဲလေ...’
ညဝိညာဥ်၏ အကြည့်ကလည်း အထူးတဆန်းဖြစ်လာခဲ့၏။
တစ်ဖက်လူက ရိုးသပွင့်လင်းမှုရှိသည်ကို ဆူဇီမိုမြင်သောအခါ သူက ဆက်လက်၍ ဟန်မဆောင်နိုင်တော့ဘဲ သက်ပြင်းချလိုက်၏။
“တကယ်တော့ ကျုပ်ရဲ့ နာမည်က.. ဆူဇီမိုပါ”