ချန်ကောင်းကင်မြို့တော်
Vol. 77 Ch. 1142
“အား.... “
ယွီလန်က ကျေနပ်နှစ်ခြိုက်သွားသော အမူအရာဖြင့် အံအားတသင့်ရေရွတ်လိုက်၏။
“အစ်ကိုဆူ... ရှင် နောက်ဆုံးတော့ ရှင့်ရဲ့နာမည်အမှန်ကို ထုတ်ပြောလာပြီပေါ့လေ... ရှင်က ကျွန်မတို့ကို နောက်ဆုံး ယုံကြည်သွားပြီပေါ့”
ဆူဇီမိုက ကြောင်အ,မှင်တက်သွားခဲ့၏။ ယွီလန်၏ တုံ့ပြန်မှုက သူထင်မှတ်ထားသည်နှင့် တက်တက်စင်အောင် လွဲနေလေသည်။
သူက ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်ကို အလိုလိုလှည့်ကြည့်လိုက်၏။
ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်က ဆူဇီမို၏ နာမည်ကိုကြားသောအခါ သူတို့သည်လည်းပဲ တုံ့ပြန်မှုမရှိကြပေ။
အထီးကျန်သိုင်းသခင်က တာအိုတစ်ခုတည်ထောင်ပြီးတော့ သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးချင်တယ်..
လူတိုင်းသည် အထီးကျန်သိုင်းသခင်ဆိုသော ဘွဲ့ကို သိထားကြလေသည်။
သူ၏ မိတ်ဆွေဟောင်းအချို့ကလွဲလျှင် ကျင့်ကြံရေးလောကမှာ အထီးကျန်သိုင်းသခင်၏ နာမည်အရင်းက ဆူဇီမိုဖြစ်သည်ဆိုတာကို သိရှိသည့်သူ များများစားစားမရှိပေ။
အဲ့ဒါသည် လူတိုင်းက အဆူရာဆိုသောဘွဲ့ကို သိထားကြသော်လည်း သူ၏အမည်က ယန်ပေးချန်ဖြစ်သည်ဆိုတာကို မသိရှိသကဲ့သို့ပင်။
ဆူဇီမို၏လက်ထဲတွင် သေဆုံးသွားခဲ့သော မူလနတ္ထိများစွာရှိပြီး သူသည် မည်ကာမတ္တတပည့် အချို့၏ နာမည်များကိုပင် မသိရှိခဲ့ပေ။
ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများအတွက် တာအိုဘွဲ့က သူတို့၏ အမှတ်သင်္ကေတဖြစ်လေသည်။
ပုံမှန်အားဖြင့် တာအိုရောင်းရင်းများနှင့် မိတ်ဆွေဖွဲ့သည့်အခါ သူတို့၏ တာအိုဘွဲ့များကိုသာ ပြောဆိုလေ့ရှိကြလေသည်။
ဆူဇီမိုဆိုသော နာမည်က မော်တယ်လောက၏ အမှတ်သညာတစ်ခုနှင့် ပို၍တူနေ၏။ သူသည် အနည်းငယ်မှင်တက်သွားသော်လည်း လျင်မြန်စွာ တုံ့ပြန်၍ စိတ်သက်သာရာရသွားခဲ့၏။ အဲ့ဒါက သာမန်သာဖြစ်လေသည်။
သူသည် တာအိုသက်ရှိရွှမ်ယွီကိုသတ်ဖြတ်ချင်နေသော်လည်း တာအိုသက်ရှိရွှမ်ယွီ၏ နာမည်အရင်းကို သူမသိပေ။
သူ၏တာအိုဘွဲ့က ရွှမ်ယွီဖြစ်သည်ဆိုတာနှင့် သူက ဖန်သားနန်းတော်မှ ဆိုတာကို သိထားသည်နှင့် အဲ့ဒါက လုံလောက်လေသည်။ သူ၏နာမည် ဘာဖြစ်သည်ဆိုတာက သူ့အတွက် အရေးမကြီးပေ။
အစက ဆူဇီမိုသည် ယွီလန်ကို သတိပေးဖို့အတွက် ရည်ရွယ်ခဲ့လေသည်။
တကယ်ဆို သူက တိုက်ခိုက်သတ်ဖြတ်ဖို့ပင် ပြင်ဆင်ထားခဲ့၏။ သို့သော်လည်း ယွီလန်က သူ၏နာမည်ကိုပင် သိရှိလိမ့်မည်မဟုတ်ဟု သူက ထင်မှတ်မထားခဲ့ပေ။ ထိုအစား သူသည် သူတို့အပေါ် ယုံကြည်မှုရှိလာပြီး သူ၏ နာမည်အရင်းကို ထုတ်ဖော်ပြောဆိုသည်ဟုပင် သူမက နားလည်မှုလွဲသွားခဲ့၏။
“အစ်ကိုဆူ.... ကျွန်မရဲ့ အင်ပါယာကို ပြန်ပြီးတော့ ထူထောင်ချင်တယ်... ရှင်က ကျွန်မကို ကူညီမပေးချင်ဘူးလား...”
ယွီလန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆူဇီမိုကို မှက်တောင်မခတ်စိုက်ကြည့်ကာ မျှော်လင့်စောင့်စားနေမိ၏။ ဆူဇီမိုက ခေါင်းခါပြလိုက်၏။
ယွီလန်၏ မျက်လုံးက မှိန်ကျသွားခဲ့၏။
“ဒီတောင်းဆိုချက်က သိပ်ပြီးတော့ အပ်စပ်မှုမရှိဘူးဆိုတာ... ကျွန်မသိပါတယ်... ဒါပေမယ့်...”
ယွိလန်က ဆုံးအောင်မပြောရသေးခင်မှာပင် ဆူဇီမိုက လက်ကာပြလိုက်၏။ တည်ငြိမ်နေသော အမူအရာဖြင့်သူက ပြောဆိုလိုက်၏။
“ခင်ဗျားရဲ့ အင်ပါယာကို ပြန်လည်ထူထောင်ဖို့ ထပ်ပြီးတော့ မစဥ်းစားနဲ့တော့.. အဲ့ဒါက မဖြစ်နိုင်ဘူး...”
ယွီလန်သည် မျက်မှောင်အနည်းငယ် ကြုတ်၍ ဒေါသအနည်းငယ် ထွက်သွားလေသည်။
သူမ၏ အင်ပါယာကို ပြန်လည်ထူထောင်ဖို့က သူမ၏ အိပ်မက် ဖြစ်လေသည်။
သူမသည် ရှုံးနိမ့်မှုကို ဝန်မခံချင်ခဲ့ပေ။
သူမသည် သူမရှုံးနိမ့်မည်ဟု စဥ်းပင်မစဥ်းခဲ့ပေ။
သူမသည် တာအိုသက်ရှိဝူရွှမ်း၏ အကူအညီကိုရယူပြီး တာအိုသက်ရှိအထီးကျန်သိုင်းသခင်ကို ဖိနှိမ်နိုင်သည်နှင့်အမျှ သူမသည် မဟာယွီအင်ပါယာကို သေချာပေါက် ပြန်လည်တည်ထောင်ပြီး မြောက်ပိုင်းဒေသ၏ နယ်မြေခွဲတမ်းအတွက် မဟာကျိုးနှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
စောစောက ဤလူသည် မျက်စိကျစရာဖြစ်သည်ဟု သူမက တွေးထင်ခဲ့၏။ သို့သော်လည်း ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူက ရုတ်တရက် မနှစ်မျို့စရာကောင်းလာသည်ဟု သူမက နားလည်လိုက်၏။
“အစ်ကိုဆူ... ရှင်က မကူညီချင်ဘူးဆိုရင်တောင်မှ အခုလိုမျိုး စကားနဲ့တိုက်ခိုက်စရာမလိုပါဘူး... ဟုတ်တယ်မလား...”
ယွီလန်က သူမ၏စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစား၍ လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“ကျွန်မက ရှေးတော်ဝင်မိသားစု ဒါမှမဟုတ် အထက်တန်းလွှာကလန်တွေရဲ့ ထောက်ပံ့မှုကို ရယူနိုင်မယ်ဆိုရင် ကျွန်မရဲ့ အင်ပါယာကို ပြန်လည်ထူထောင်လာနိုင်ရုံတင်မကဘူး... မဟာကျိုးအင်ပါယာကိုပါ မှောက်လှန်လာနိုင်လိမ့်မယ်”
“မဖြစ်နိုင်ဘူး....”
ဆူဇီမိုက ခေါင်းခါ၍ပြုံးကာ စကားကို တစ်လုံးချင်းပြောလိုက်၏။
“အထီးကျန်သိုင်းသခင် အသက်ရှင်နေသေးသရွေ့... မင်းက မင်းရဲ့ အင်ပါယာကို ဘယ်တော့မှ ပြန်လည်ထူထောင်နိုင်မှာမဟုတ်ဘူး... မဟာကျိုးအင်ပါယာကိုလည်း ထိပါးလို့ရမှာ မဟုတ်ဘူး...”
“ကံကြမ္မာဆိုတာ ကျွန်မတို့ရဲ့ ခံယူချက်ကပဲ ဆုံးဖြတ်ပေးတာပါ...”
ယွီလန်၏ လေသံက အလျှော့ပေးလိုခြင်း မရှိပေ။
“ဒီတစ်ခေါက် တာအိုသက်ရှိဝူရွှမ်းကို ကျွန်မက အကူအညီသွားတောင်းမယ်... သူက ကူညီချင်စိတ်ရှိတယ်ဆိုရင် အထီးကျန်သိုင်းသခင်က ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး...”
“ဟားဟားဟားဟား....”
ဆူဇီမိုက ခေါင်းကိုမော့၍ ရယ်မောလိုက်၏။
“ရှင်က... ဘာကို ရယ်နေတာလဲ..”
ယွီလန်က အေးစက်စွာဖြင့် မေးမြန်းလိုက်၏။
ဆူဇီမိုက သူ၏ နှုတ်ခမ်းကို ဆူဝိုင်းလိုက်၏။
“တာအိုသက်ရှိဝူရွှမ်းက တော်တော်စွမ်းအားကြီးလို့လား...”
“ဒီဘက်မျိုးဆက်မှာဆိုရင် ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေများစွာ ပေါ်ထွက်ခဲ့တယ်... အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ရွှေခေတ်လို့တောင် ပြောလို့ရတယ်.. အထီးကျန်သိုင်းသခင်ကလည်း ပြိုင်ဘက်ကင်းမနေပါဘူး... အဲ့ဒီမှာ သူ့ကိုဖိနှိမ်နိုင်ပြီးတော့ နင်းချေဖျက်ဆီးနိုင်တဲ့ တစ်စုံတစ်ယောက်သေချာပေါက် ရှိလိမ့်မယ်...”
ယွီလန်က ဒေါသထွက်လာပြီး သူမ၏ အမူအရာက အေးစက်လာခဲ့၏။
ဆူဇီမိုက ဘာ့ကြောင့်သူမကို ကူညီမပေးချင်ရသလဲ သူမနားလည်ပေးနိုင်၏။
သို့သော်လည်း ဤလူက အရမ်းကို မနှစ်မျို့စရာကောင်းလေသည်။
သူက သူမ၏ ခံယူချက်ကိုပင် ယိမ်းယိုင်လာစေဖို့ စကားလုံးများဖြင့် တိုက်ခိုက်လာခဲ့လေသည်။ သူမက အဲ့ဒါကို တကယ်ပင် လက်မခံနိုင်ပေ။
ထိုအခိုက်အတန့်တွင် ဆူဇီမိုက သူမကို တိုက်ခိုက်ဖို့ကြိုးစားနေခြင်း မဟုတ်ဘဲ သူမကို အန္တရာယ်ကနေ ရှောင်လွှဲနိုင်ဖို့အတွက် သတိပေးနေခြင်း ဖြစ်ကြောင်း သူမက နားမလည်ခဲ့ပေ။
သူတို့နှစ်ယောက်သည် မတူညီသော ရှုထောင့်ကနေ ရှုမြင်နေကြ၏။
သူတို့သည် ဆက်လက်ငြင်းခုံနေလျှင် အဆုံးသတ်တော့မည် မဟုတ်ပေ။
ယွီလန်နောက်ရှိ ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် ဘာစကားမှ ဝင်ပြောသော်လည်း ဆူဇီမိုအပေါ် သူတို့၏အကြည့်များက အေးစက်လာခဲ့၏။
စောစောက ဆူဇီမိုသည် သူတို့၏ မင်းသားများကို ခြိမ်းခြောက်ခဲ့စဥ်ကပင် သူတို့က မည်သည့်အမူအရာမှ ထုတ်ဖော်မပြသခဲ့ပေ။
ဘာပဲပြောပြော သူတို့၏ မင်းသားများက ထိုကိစ္စမှ စတင်မှားယွင်းခဲ့ကြလေသည်။ ယခု အစိမ်းရောင်ဝတ်ကျင့်ကြံသူက မင်းသမီးယွိလန်နှင့် အတိုက်အခိုက်ပြောဆိုသည့်အထိပင် မောက်မာလာခဲ့လေသည်။ ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်က သူ့ကိုသတ်ဖြတ်ချင်နေ၏။
ယွီလန်က အမိန့်တစ်ချက် သို့မဟုတ် အကြည့်တစ်ချက်ပေးလိုက်သည်နှင့် သူတို့နှစ်ယောက်က ပြတ်သားစွာဖြင့် တိုက်ခိုက်လာပေလိမ့်မည်။
ယွီလန်က မတ်တတ်ထရပ်ပြီး ထွက်ခွာဖို့ ရည်ရွယ်လိုက်၏။
ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်က အစိမ်းရောင်ဝတ်ကျင့်ကြံသူကို တိုက်ခိုက်ချင်သလားဟူသော အဓိပ္ပါယ်ဖြင့် ယွီလန်ကို သူတို့၏ မျက်လုံးများနှင့်ပင် မေးမြန်းလိုက်ကြ၏။
သူမက ညင်သာစွာ ခေါင်းခါပြလိုက်၏။
သူမသည် အနည်းငယ်ဒေါသထွက်နေသော်လည်း.သူမက အရမ်းကာရော သတ်ဖြတ်ချင်သည်အထိ မရောက်ရှိသေးပေ။
ဒါ့အပြင် သူမနှင့် ဆူဇီမိုသည် မတူညီသော အတွေးအမြင်များ ရှိရုံမျှသာဖြစ်၏။ သူတို့နှစ်ယောက်စလုံးသည် စောစောကတင် ရင်းနှီးစွာ စကားပြောဆိုနေခဲ့ကြပြီး ယခုချိန်မှာ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ထိ မလုံလောက်ပေ။
ယွီလန်က ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သူ၏ စကားလုံးများက သူ့ကို အသတ်ခံရလုနီးပါး ဖြစ်စေခဲ့သည်ကို နားမလည်သည့်အလား ခပ်ပေါ့ပေါ့ပင် သူ၏လက်ဖက်ရည်ကို အရသာခံသောက်နေ၏။
ဒီလူက နည်းနည်းလေးမှ လိမ်မာပါးနပ်မှုမရှိဘူးပဲ...။ သူ့အပေါ် ငါ့ရဲ့အကဲဖြတ်မှုက မှားယွင်းခဲ့တာများလား... ။
သူမက စိတ်ထဲကနေ သက်ပြင်းချ၍ လှည့်ထွကိလိုက်၏။
အစက စားပွဲတွင်ထိုင်နေသော ဆူဇီမိုက အမူအရာကင်းမဲ့နေသော်လည်း သူက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
ယွီလန်က ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်ကို တိုက်ခိုက်ခြင်းမှ မတားဆီးခဲ့ဘူးဆိုလျှင် အကြံပေးနှစ်ယောက်သည် အခုဆို အလောင်းနှစ်လောင်း ဖြစ်နေလောက်လေပြီ။
ယွီလန်သည် သူမ၏ သနားကြင်နာမှုကြောင့် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်ကို တားဆီးခြင်းဖြင့် ဆူဇီမို၏ အသက်ကို သူမက ကယ်တင်ခဲ့သည်ဟု သူမက တွေးထင်လိုက်လေသည်။ သို့သော်လည်း သူမ၏ သနားကြင်နာမှုက သူမ၏ အသက်ကို ကယ်တင်ပေးခဲ့ကြောင်း သူမက မသိရှိခဲ့ပေ။
နောက်ရက်များအတွင်း ယွီလန်က သူမ၏ အခန်းထဲမှာသာ သူမ၏ အချိန်အများစုကို ကုန်ဆုံးခဲ့လေသည်။
သူမက ဆူဇီမိုနှင့် စကားပြောဖို့အတွက် ရံဖန်ရံခါမှသာ ထွက်လာတတ်လေသည်။
သို့သော်လည်း ယခင်သူတို့၏ အငြင်းအခုံပြီးနောက် သူတို့နှစ်ယောက်ကြားတွင် အနည်းငယ်ပို၍ စိမ်းသက်သွားခဲ့လေသည်။ ယွီလန်က ဆူဇီမိုနှင့် အခြားသူများကို မောင်းမထုတ်သော်လည်း သူမသည် သူတို့နှင့် ပထမဆုံးတွေ့ဆုံစဥ်ကလို တူညီသော စိတ်အားထက်သန်မှု မရှိတော့ပေ။
တစ်ဖက်မှာတော့... မင်းသားနှစ်ပါးသည် ဆူဇီမိုအပေါ် ပို၍ ရင်းနှီးဖော်ရွေလာကြ၏။ သူတို့သည် ယခင်ပြဿနာများကို မေ့လျော့သွားသည့်အလား သူ့ကိုပြုံးပြ၍ စကားများပင် ပြောဆိုလာခဲ့၏။
ဆယ်ရက်ခန့်ကြာပြီးနောက် မြို့တစ်မြို့၏ ပုံကြမ်းသွင်ပြင်က သူတို့ရှေ့မှာ နီးကပ်လာ၏။
သူတို့က ပို၍နီးကပ်လာသည်နှင့်အမျှ မြို့၏သွင်ပြင်ကလည်း ပို၍ရှင်းလင်းလာ၏။
မြို့ရိုးများသည် ကီလိုမီတာ ၅၀၀ အထိဆန့်တန်းနေပြီး ကြည့်ရသည်မှာ အဆုံးမရှိပေ။ ဧရာမ အနက်ရောင်အုတ်ခဲများပေါ်တွင် ရှေးကျသော အငွေ့အသက်များကို ခံစားနိုင်လေသည်။
ကီလိုမီတာ ၅၀၀ က ဘယ်လောက်တောင်ရှည်လျားလိုက်သလဲ...။
မူလနတ္ထိအဆင့်သို့ ဝင်ရောက်ခါစကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကို ကီလိုမီတာ ၅၀ အထိသာ ဖြန့်ကြက်နိုင်ကြလေသည်။
ဓမ္မဝိသေသ တာအိုအရှင်များ၏ စိတ်ဝိညာဥ်အသိစိတ်ကသာလျှင် ကီလိုမီတာ ၅၀၀ အထိဖြန့်ကြက်နိုင်ကြ၏။
ရှေးဟောင်းမြို့တော်၏ သွင်ပြင်ကို ကြည့်ရှုရုံမျှနှင့် ၎င်းက ဘယ်လောက်တောင် ခမ်းနားထည်ဝါသလဲ တွေ့မြင်နိုင်လေသည်။ အဲ့ဒါက မဟာကျိုးမြို့တော်ထက်ပင် ပို၍ ခမ်းနားထည်ဝါနေလေသည်။
အဲ့ဒါသည် မြေပြင်ပေါ်မှာ ရှေးကျသော ဧရာမသတ္တဝါကြီးတစ်ကောင်က ဝပ်တွားနေသည့်အလားပင်။
ချန်ကောင်းကင်မြို့တော်....
၎င်းက ရှည်လျားသော သမိုင်းကြောင်းနှင့် ရှေးဟောင်းခေတ်၏ အငွေ့အသက်များ ကျန်ရှိနေလေသည်။
ဤနှစ်များအတွင်း မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲကို ဤရှေးဟောင်းမြို့တော်မှာ ကျင်းပကြပေလိမ့်မည်။
ဆူဇီမိုတို့အုပ်စုက မြို့တော်သို့ ရောက်ရှိလာခဲ့ကြ၏။
သူတို့၏ စိတ်ဝိညာဥ်ယာဥ်ပျံက ကြီးမားသော်လည်း ရှေးဟောင်းမြို့တော်ရှေ့တွင် သဲပွင့်တစ်ပွင့်ကဲ့သို့ သေးငယ်သွားခဲ့လေသည်။
“ငါတို့....နောက်ဆုံးဒီနေရာကို ရောက်လာပြီကိုး...”
ယွီလန်က စိတ်ဝိညာဥ်ယာဥ်ပျံရှေ့မှာ မတ်တတ်ရပ်ပြီး သူမရှေ့ရှိ ကြီးမားသော ရှေးဟောင်းမြို့တော်ကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
သူမက တွေဝေရှုပ်ထွေးနေသော အမူအရာတစ်ခုရှိပြီး သူမ၏ မျက်လုံးထဲတွင် မျှော်လင့်စောင့်စားမှု ၊ ရုန်းကန်မှု ၊ ကူကယ်ရာမဲ့မှုနှင့် ရှက်ရွံ့မှု… တို့က ရောထွေးနေလေသည်။
“ခင်ဗျားရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရမိတယ်ဆိုရင် အခုနေလှည့်ပြန်ဖို့က နောက်မကျသေးဘူး...”
ဆူဇီမိုသည် ယွီလန်၏ စိတ်ခံစားချက်အပြောင်းအလဲကို သတိထားမိလိုက်ပြီး ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။
ယွီလန်က တိတ်ဆိတ်ငြိမ်သက်နေ၏။ နောက်ဆုံးမှာတော့ သူမ၏အကြည့်က ပြန်လည်ပြတ်သားလာခဲ့၏။
သူမသည် သူမ၏ အင်ပါယာကို ပြန်လည်ထူထောင်နိုင်သည်နှင့်အမျှ သူမက ဘာကိုပဲ ပေးဆပ်ရပေးဆပ်ရ နောင်တရတော့မည် မဟုတ်ပေ။
“ကျွန်မက ဒီနေရာထိတောင် ရောက်လာပြီးမှတော့ ပြန်လှည့်စရာအကြောင်း မရှိတော့ဘူး...”
ယွီလန်က သူမ၏ လက်သီးကို တင်းတင်းဆုပ်ပြီး ပြတ်သားစွာဖြင့် ပြောလိုက်၏။