← Chapters

အငြိုးအတေး

Vol. 77 Ch. 1143

အငြိုးအတေး

Vol. 77 Ch. 1143

ချန်ကောင်းကင်မြို့သို့ ရောက်ရှိသောအခါ အပြင်ဘက်ကနေ မြို့ဂိတ်တံခါးဆီသို့ ကျင့်ကြံသူများ ဆင်းသက်လာနေကြသည်ကို တွေ့မြင်နိုင်လေသည်။

မြို့ဂိတ်တံခါး၏ တစ်ဖက်တစ်ချက်စီတွင် ချပ်ဝတ်တန်ဆာဝတ် စစ်သားများစွာက စောင့်ကြပ်နေကြ၏။

ဤစစ်သားများက သာမန်စစ်သားများ မဟုတ်ကြပေ။

တစ်ချက်စစ်ဆေးကြည့်ရုံဖြင့် သူတို့ထဲမှ အများစုက မူလနတ္ထိအဆင့်များဖြစ်ကြလေသည်။

မြို့ရိုးများပေါ်တွင် ဧရာမကြေးမုံလေးချပ် ရှိနေပြီး ၎င်းတို့ထံမှ တောက်ပသော မီးမောင်းလေးခုက မြို့ဂိတ်တံခါးရှေ့သို့ ထိုးကျနေလေသည်။

သားရဲထုတ်ဖော်ကြေးမုံ....

မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲသည် မြောက်ပိုင်းဒေသ လူသားကျင့်ကြံသူများအတွက် မဟာပွဲတော် တစ်ခုဖြစ်လေသည်။ အဲ့ဒီမှာ မည်သည့်အမှားအယွင်းကိုမှ ခွင့်မပြုနိုင်ပေ။

သားရဲထုတ်ဖော်ကြေးမုံများ တည်ရှိမှုနှင့်အတူ လူသားအသွင်ဆောင်၍ လူသားကျင့်ကြံသူများအကြား ရောနှောဝင်ရောက်ဖို့ ကြိုးစားသော မိစ္ဆာသားရဲများက ဖော်ထုတ်ဖမ်းစီးခြင်းခံရပေလိမ့်မည်။

မြို့ရိုးပေါ်တွင် သားရဲထုတ်ဖော်ကြေးမုံ တစ်ခုစီကို စောင့်ကြပ်နေသော ကျင့်ကြံသူတိုင်းက တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး စွမ်းအားကြီးမားသော အော်ရာတစ်ခုစီရှိလေသည်။

သူ၏အကြည့်က ထက်ရှနေပြီး မြို့ထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူများကို စစ်ဆေးကြည့်ရှုနေလေသည်။

ဤကျင့်ကြံသူက ချန်ကောင်းကင်မြို့တော်၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်ဖြစ်ပြီး ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်လည်း ဖြစ်ပေသည်။

ချန်ကောင်းကင်မြို့တော်၏ မြို့ဂိတ်တံခါးလေးခုကို ဓမ္မဝိသေသ တာအိုအရှင်များနှင့် မူလနတ္ထိစစ်သားများက စောင့်ကြပ်နေပြီး ကျင့်ကြံသူများကို အလွန်တရာစေ့စပ်တင်းကျပ်စွာဖြင့် စစ်ဆေးနေကြလေသည်။

“မြို့ထဲကို ဝင်ကြတာပေါ့...”

ထိုသို့ပြောပြီးသည်နှင့် ယွီလန်က သူမ၏ စိတ်ဝိညာဥ်ယာဥ်ပျံကို ရုပ်သိမ်းပြီး မြေပြင်သို့ ဆင်းသက်ကာ မြို့ဂိတ်တံခါးဆီသို့ ဦးတည်လိုက်လေသည်။

သူတို့အုပ်စုတွင် ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်ပါရှိပြီး သူတို့သည် ချက်ချင်းပင် မြို့ရိုးထက်ရှိ ဓမ္မဝိသေသ ခေါင်းဆောင်တပ်မှူး၏ စိတ်အာရုံကို ဆွဲဆောင်မိသွားလေသည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ....”

မြို့ဂိတ်တံခါးတွင် မူလနတ္ထိစစ်သားနှစ်ယောက်က သူတို့၏လှံများကို ကြက်ခြေခတ်ပုံစံထုတ်ဖော်၍ ဆူဇီမိုတို့အုပ်စုကို တားဆီးလိုက်၏။

“ကျွန်မက မဟာယွီအင်ပါယာက ယွီလန်ပါ...”

ယွီလန်သည် တည်ငြိမ်နေသော အမူအရာရှိပြီး သူမဘေးက မင်းသားနှစ်ယောက်ကို လက်ညိုးထိုးပြလိုက်၏။

“သူတို့နှစ်ယောက်ကတော့ မဟာရှနဲ့ မဟာရှန်က မင်းသားတွေပဲ...”

မဟာယွီ ၊ မဟာရှ နဲ့ မဟာရှန် တဲ့လား.....

မြို့ကိုစောင့်ကြပ်နေသော စစ်သားက လှောင်ရယ်လိုက်၏။

“အဲ့ဒီအင်ပါယာသုံးခုက ဖျက်ဆီးခံလိုက်ရပြီပဲ... သူတို့က သူတို့ကိုယ်သူတို့ မင်းသားတွေလို့ ခေါ်ဆိုရဲသေးတာလား....”

ထိုစကားကို ကြားသောအခါ မင်းသားနှစ်ပါးသည် ရှက်ရွံ့စွာဖြင့် မျက်နှာများနီမြန်းသွားကြလေသည်။

သို့သော်လည်း သူတို့နှစ်ယောက်သည် စိုးရိမ်ထိတ်လန့်သော အမူအရာများရှိပြီး မည်သည့်စကားကိုမှ ပြောဆိုရဲခြင်းမရှိပေ။

ဤလူများက အစောင့်စစ်သားများသာ ဖြစ်သော်လည်း သူတို့သည် ရှေးတော်ဝင်ကျင့်ကြံရေးမိသားစုကြီးများမှ လာခြင်းဖြစ်လေသည်။

သူတို့၏ အင်ပါယာများက ဖျက်​ဆီးခြင်း မခံရသေးခင်ကတောင် မင်းသားနှစ်ပါးသည် ဤအစောင့်နှစ်ယောက်ကို ဆန့်ကျင်အာခံရဲလိမ့်မည် မဟုတ်ပေ။

အခြားသောအစောင့်က ယွီလန်ကို တောက်လောင်နေသောအကြည့်ဖြင့် ပြောင်ပြောင်တင်းတင်းစိုက်ကြည့်လိုက်၏။

“တာအိုရောင်းရင်းယွီလန်... ခင်ဗျားရဲ့အင်ပါယာက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ သွားစရာနေရာမရှိ ဖြစ်နေမှာပေါ့... ခင်ဗျားက ကျုပ်ရဲ့နေရာကို လိုက်ခဲ့ပါလား... ကျုပ်တို့က တာအိုလက်တွဲဖော်တွေဖြစ်လာပြီးတော့ တူနှစ်ကိုယ်ကျင့်ကြံခြင်းကို စူးစမ်းလေ့လာလို့ရတာပဲ...”

မဟာယွီအင်ပါယာမှ မင်းသမီးတစ်ပါးအနေဖြင့် ယွီလန်သည် အစကတည်းက ချောမောလှပလေသည်။ သူမ၏ မြင့်မြတ်ထည်ဝါသော တော်ဝင်အော်ရာနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် ကျင့်ကြံသူအများစုအပေါ် အလွန်တရာဆွဲဆောင်မှု ရှိလေသည်။

“အို....”

ယွီလန်၏ အမူအရာက များစွာပြောင်းလဲသွားခြင်းမရှိဘဲ မှင်သေသေဖြင့် ပြောလိုက်လေသည်။

“ရှင်က ကျွန်မနဲ့... တူနှစ်ကိုယ်ကျင့်ကြံချင်တယ်ဆိုရင် တာအိုသက်ရှိဝူရွှမ်းဆီကနေ ခွင့်ပြုချက်ကို သွားတောင်းဖို့ လိုတာပေါ့...”

“အမ်....”

အစောင့်သည် တာအိုသက်ရှိဝူရွှမ်း၏ အမည်ကိုကြားသောအခါ သူ၏အမူအရာက ပြောင်းလဲသွားပြီး သူ၏မျက်လုံးများက စိုးရိမ်ထိတ်လန့်မှုကို ထုတ်ဖော်ပြသလာခဲ့၏။

တကယ်တော့ ယွီလန်သည် ယုဝမ်ဝူရွှမ်းနှင့် တစ်ခါမှ တွေ့ဆုံဖူးခြင်းမရှိဘဲ မည်သည့်ပက်သက်စပ်နွယ်မှုမှလည်း မရှိပေ။

သူမ၏ စကားများက ဟိုလိုလို ဒိလိုလို မရေမရာဖြစ်နေ၏။ သို့သော်လည်း အကြောင်းမသိသောသူများသည် သူမနှင့် တာအိုသက်ရှိဝူရွှမ်းက အလွန်တရာရင်းနှီးမှုရှိသည်ဟု တွေးထင်သွားနိုင်လေသည်။

“တာအိုရောင်းရင်းယွီလန်... ကျုပ်တောင်းပန်ပါတယ်.. ကျုပ်စကားက ရိုင်းပျသွားတယ်..”

အစောင့်က အနည်းငယ်ဦးညွတ်၍ အလောတကြီးတောင်းပန်လိုက်၏။

ယွီလန်က ခေါင်းညိတ်၍ မင်းသားနှစ်ပါးနှင့် ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်နှင့်အတူ မြို့ထဲသို့ ဝင်ရောက်လိုက်လေသည်။

ဆူဇီမိုတို့လေးယောက်အုပ်စုကလည်း နောက်ကနေ လိုက်ပါလာကြ၏။

ဆူဇီမို၏အကြည့်က မြို့ရိုးထက်ရှိ သားရဲထုတ်ဖော်ကြေးမုံဆီသို့ အမှတ်တမဲ့ရောက်ရှိသွားပြီး သူက ညဝိညာဥ်ကို စိတ်ဝိညာဥ်အသိစိတ်ဖြင့် လှမ်းမေးလိုက်၏။

“မင်းအဲ့ဒါကို ကျော်ဖြတ်နိုင်လား...”

“ရတယ် မပူနဲ့....”

ညဝိညာဥ်၏ အမူအရာက ထူးမခြားနားပုံစံဖြင့် ရှိနေ၏။

ရွှေခြင်္သေ့က သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားပြီး သူက ကျင့်ကြံသူတစ်ယောက်၏ အစီးအနင်းတောကောင်သို့မဟုတ် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဟု မှတ်ယူနိုင်လေသည်။ ထိုသို့ဖြင့် သူကမြို့ထဲသို့ ဝင်ရောက်နိုင်လေသည်။

ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်တွင် မည်သည့်သားရဲမျိုးဆက်သွေးမှ ရှိမနေပေ။

နန်းကြည်က နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး သားရဲမဟုတ်ပေ။

ညဝိညာဥ်တစ်ယောက်သာလျှင် အန္တရာယ်ရှိနိုင်လေသည်။

သူတို့လေးယောက်သည် သားရဲထုတ်ဖော်ကြေးမုံ ဖြန့်ကြက်ထားသောနေရာကို ဖြတ်လျှောက်၍ ရပ်နားခြင်းမရှိဘဲ မြို့ထဲသို့ ဆက်သွားလိုက်ကြ၏။

သားရဲထုတ်ဖော်ကြေးမုံ၏ စွမ်းအားက ညဝိညာဥ်ပေါ်သို့ ဆင်းသက်လာသောအခါ အဲ့ဒါက တွင်းနက်တစ်ခုထဲသို့ ဝင်ရောက်သွားသည့်အလား မည်သည့်အော်ရာကိုမှ ထောက်လှမ်းနိုင်ခြင်း မရှိပေ။

သားရဲထုတ်ဖော်ကြေးမုံမှ မည်သည့်တုံ့ပြန်မှုမှ ပြမလာခဲ့ပေ။

ထိုစဥ်မှာပင် မြို့ရိုးကိုစောင့်ကြပ်နေသော ခေါင်းဆောင်တပ်မှူးက မျက်မှောင်ကြုတ်၍ ဆူဇီမိုနှင့် အခြားသူများကို ကြည့်လိုက်၏။

စောစောကသူသည် စိုးတထိတ်ထိတ်ခံစားချက်ကို ရုတ်တရက် ရရှိလိုက်၏။ သို့သော်လ​ည်း သေလျာပြန်လည်သတိထားကြည့်သောအခါ သူက မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့တော့ပေ။

ခေါင်းဆောင်တပ်မှူးက ခေါင်းကိုခါ၍ အခြားသူများကိုသာ ဆက်လက်ကြည့်ရှုလိုက်တော့၏။

တင်းကျပ်သော မြို့ဂိတ်တံခါးနှင့် နှိုင်းယှဥ်လျှင် ချန်ကောင်းကင်မြို့တော်ထဲမှာ အလွန်တရာစည်ကားသိုက်မြိုက်နေလေသည်။

လေထဲတွင် ကူးလူးယှက်ဖြာသွားလာနေသော ကျင့်ကြံသူများစွာကို တွေ့နိုင်လေသည်။

အဲ့ဒီမှာ စိတ်ဝိညာဥ်ငှက်များပေါ်မှာ စီးနင်း၍ အခြားသောကျင့်ကြံသူများပေါ်ကနေ ဖြတ်သန်းသွားလာနေကြသော ကျင့်ကြံသူများလည်း ရှိလေသည်။

ဤရှေးဟောင်းမြို့တော်ထဲတွင် အိုမင်းဟောင်းနွမ်းနေသော အဆောက်အအုံများကို တွေ့မြင်နိုင်လေသည်။

ကျင့်ကြံသူအချို့သည် မြေပြင်ပေါ်မှာထိုင်၍ စိတ်ဝိညာဥ်အလင်းများဖြင့် တောက်ပနေသော ပစ္စည်းများကို သူတို့ရှေ့မှာ ချခင်းထားလေသည်။

မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲက နောက်ရက်အနည်းငယ်ကြာမှသာလျှင် စတင်ပေလိမ့်မည်။

ယခုအချိန်တွင် ချန်ကောင်းကင်မြို့တော်က ရှားရှားပါးပါးစျေးပွဲတော်တစ်ခုဟု သတ်မှတ်နိုင်၏။

ကျင့်ကြံသူအချို့က ငြိမ်သက်နေပြီး ပစ္စည်းများ၏ စျေးနှုန်းကို သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် ဆွေးနွေး၍ အခြားသူများဝင်ရောက်လာမည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြ၏။

တစ်ဖက်မှာတော့ ကျင့်ကြံသူအချို့သည် သူတို့၏ရတနာများကို ကျင့်ကြံသူများ ပို၍အာရုံစိုက်လာစေရန် ကျယ်လောင်စွာ အော်ဟစ်ရောင်းချနေကြ၏။

မင်းသားနှစ်ပါးသည် ဘေးချင်းယှဥ်၍ လျှောက်လှမ်းလာပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များက အတက်အကျရှိနေ၏။ သူတို့က ဘာကိုတိတ်တဆိတ် ဆွေးနွေးကြသလဲ မသိရပေ။

ယွီလန်က မျက်မှောင်အနည်းငယ် ကြုတ်၍ ခဏမျှစဥ်းစားကာ ရပ်တန့်လိုက်၏။

“အားလုံးပဲ... ခရီးရှည်ကြီးလာခဲ့ရတာဆိုတော့... ပင်ပန်းနေကြမှာပေါ့... အနားယူဖို့အတွက် အရင်ဆုံးနေရာတစ်ခုရှာရအောင်...”

ခဏမျှရပ်တန့်ပြီးနောက် သူမက ဆူဇီမိုကို ကြည့်လိုက်၏။

“ကျွန်မတို့က ချန်ကောင်းကင်မြို့တော်ကို ရောက်နေပြီဆိုမှတော့ ဒီမှာပဲ လမ်းခွဲကြတာပေါ့... ဂရုစိုက်ပါ အစ်ကိုဆူ...”

သူက 'ဂရုစိုက်ပါ' ဆိုသောစကားနေရာတွင် အလေးပေး၍ပြောလိုက်၏။

သူမသည် ဆူဇီမိုကို သတိထားပါဆိုသော ပုံစံဖြင့် တစ်ချက်ကြည့်လိုက်လေသည်။ သို့သော်လည်း ဆူဇီမိုက စိတ်အာရုံပျံ့လွင့်နေပြီး အဲ့ဒါကို သတိထားမိသည့်ပုံမပေါ်ပေ။

“ဘာလို့ခွဲခွာရမှာလဲ...”

မင်းသားနှစ်ပါးက အလောတကြီးဝင်ရောက်၍ နွေးထွေးပျူငှာစွာ ပြုံးပြလိုက်၏။

“ကျုပ်တို့က အခုမှအစ်ကိုဆူနဲ့ ရင်းနှီးရရုံရှိသေးတာ.. ကျုပ်တို့က ချန်ကောင်းကင်မြို့တော်ကို ရောက်ရှိလာပြီဆိုမှတော့ ဘာလို့အလောတကြီး ခွဲခွာနေရာမှာလဲ... ဒီညအတွက် နားနေစရာတစ်ခုရှာပြီ မနက်ကျရင် ပစ္စည်းလေးဘာလေး အတူတူထွက်ဝယ်ကြတာပေါ့

“ရတာပေါ့....”

မင်းသားနှစ်ပါး၏ စိတ်အားထက်သန်မှုတွင် ယိမ်းယိုင်သွားသည့်အလား ဆူဇီမိုက ချက်ချင်းပင် သဘောတူလက်ခံလိုက်၏။

ယွီလန်က မျက်မှောင်ကြုတ်၍ စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

ဆူဇီမိုက တကယ့်ကို နုံအလွန်းလေသည်။ သူက အလွန်တရာအန္တရာယ်များသော အခြေအနေမှာ ရောက်ရှိနေသည်ဆိုတာကိုပင် အခုချိန်ထိ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မင်းသားနှစ်ပါးသည် နွေးထွေးပျူငှာသော အမူအရာများဖြင့် ဆူဇီမိုနှင့်အတူ ဟောင်ဖွာဟောင်ဖွာ ရင်းနှီးစွာ ပြောဆို​နေကြ၏။

သို့သော်လည်း ဤမင်းသားနှစ်ပါးက တော်ဝင်မိသားစုကနေ မွေးဖွားလာပြီး အလိုလိုက်အကြိုက်ဆောင်ခံထားရသည်ကို ယွီလန်က ကောင်းကောင်းသိထား၏။ သူတို့က အငြိုးအတေးကြီးသောလူများဖြစ်ကြလေသည်။

သူတို့က ဆူဇီမို၏ ခြိမ်းခြောက်ခြင်းကို ခံရပြီးနောက် ဤကိစ္စကို ဘယ်လိုလုပ် လက်လွှတ်ပေးပါ့မလဲ။

သူတို့နှစ်ယောက်သည် ဆူဇီမိုအပေါ် စိတ်နေသဘောထား သိသိသာသာရုတ်ချည်း ပြောင်းလဲသွားသည်မှာ မူမမှန်ပေ။

အနည်းငယ်ပါးနပ်သော ကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ပြောနိုင်ပေလိမ့်မည်။

သို့သော်လည်း သူတို့အုပ်စုတွင် ဆူဇီမိုသာမက အခြားသုံးယောက်ကလည်း အရူးများကဲ့သို့ အဲ့ဒါကို သတိမထားမိကြပေ။

အနက်ရောင်ဝတ်လူက အေးတိအေးစက်အမူအရာရှိပြီး အရာရာတိုင်းကို လျစ်လျူရှုထားလေသည်။

ဒုက္ခိတရွှေခြင်္သေ့က လူသားများ၏ ကောက်ကျစ်စဥ်းလဲမှုကို နားလည်သည့်ပုံ မပေါ်ပေ။

အစေခံအမျိုးသမီးက အလွန်တရာ ချောမောလှပသော်လည်း သူမက ပန်းအိုးတစ်အိုးမျှသာ ဖြစ်လေသည်။

မဟာယွီအင်ပါယာမှ မင်းသမီးတစ်ပါးအနေဖြင့် အဲ့ဒီမှာ သူမ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆို၍ မရသော ကိစ္စတစ်ချို့ရှိလေသည်။

သို့သော်လည်း သူမက အဲ့ဒါကို မကြည့်ရက်သည့်အတွက် ဆူဇီမိုကို သတိပေးချင်မိ၏။

“မင်းသမီး... ထားလိုက်ပါတော့”

ထိုစဥ်မှာပင် ဦးလေးကျန်း၏အသံက သူမ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။

“ခင်ဗျားက ခင်ဗျားတတ်နိုင်တာကို အကောင်းဆုံးလုပ်ပေးပြီးပြီပဲ... ဒီကောင်လေးက ဒီညအတူလိုက်လာမယ်ဆိုရင်တော့ အဲ့ဒါက သူ့ရဲ့ကံကြမ္မာပဲ...”

“အာ....”

မင်းသားနှစ်ပါးနှင့်အတူ လျှောက်လှမ်း၍ အန္တရာယ်ကို လျစ်လျူရှုထားသော ဆူဇီမိုကို ကြည့်ရင်း ယွီလန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။

All Chapters