← Chapters

သက်မဲ့အလောင်း

Vol. 77 Ch. 1146

သက်မဲ့အလောင်း

Vol. 77 Ch. 1146

နောက်တစ်နေ့၌ ယွီလန်သည် အာရုဏ်တက်ချိန်မှာပင် ထထိုင်လိုက်၏။ သူမ၏ မျက်လုံးများက အနည်းငယ်နီရဲနေလေသည်။

လွန်ခဲ့သည့်ညက ဆူဇီမိုသေဆုံးသွားပြီဆိုသော သတင်းကိုကြားသောအခါ သူမသည် မအိပ်စက်နိုင်ခဲ့ရုံသာမက သူမ၏ စိတ်နှလုံးက ပို၍ပင်ထိတ်ထိတ်ပျာပျာဖြစ်လာခဲ့ပြီး ဆက်လက်၍ မအိပ်စက်နိုင်တော့ပေ။

ယွီလန်သည် ကုတင်ဘေးမှာ ထိုင်ပြီး အတွေးနက်နေသည့်ပုံစံဖြင့် တစ်စုံတစ်ရာကို ငေးကြည့်နေလေသည်။

ဘေးဘက်တွင် တိတ်တဆိတ်ထိုင်နေသော ဦးလေးကျန့်က သူ၏မျက်လုံးကိုဖွင့်ပြီး သူမကို နှစ်သိမ့်လိုက်၏။

“မင်းသမီး... ဒီကိစ္စမှာ ခင်ဗျားကို အပြစ်တင်လို့ မရဘူး... ခင်ဗျားက စိတ်ထဲမှာ ဘာမှမလုံမလဲခံစားနေစရာ မလိုဘူး...”

“ခင်ဗျား... အရွယ်တစ်ခုရလာရင် ဒီလိုကိစ္စတွေကို အလွယ်တကူလက်ခံလာနိုင်လိမ့်မယ်”

“အင်း....”

ယွီလန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

“ဦးလေးကျန့်... ကျွန်မသိပါတယ်... အခုချိန်မှာ ကျွန်မအတွက်.အရေးကြီးဆုံးက ကျွန်မရဲ့ အင်ပါယာကို ပြန်လည်ထူထောင်ဖို့ပဲ...”

သူမ၏ အကြည့်က တစ်ဖန်ပြတ်သားလာခဲ့၏။

“မဟာယွီကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကျွန်မကို ဘယ်အရာကမှ မတားဆီးနိုင်စေရဘူး...”

“ခင်ဗျားအဲ့လိုယုံကြည်မှုရှိတာ သိရတော့... ကျုပ်စိတ်သက်သာရာ ရမိပါတယ်...”

ဦးလေးကျန့်က အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်၏။

“မင်းသမီး... အခုချိန်ထိ ခင်ဗျားကို ကျုပ်မပြောရသေးတဲ့ သတင်းကောင်းတစ်ခုရှိတယ်... အမှားယွင်းတစ်စုံတစ်ရာ မရှိဘူးဆိုရင် မဟာရှန်နဲ့ မဟာရှက အင်ပါယာအကြံပေးနှစ်ယောက်က ခင်ဗျားဆီမှာ ခစားလာကြလိမ့်မယ်...”

“တကယ်ပြောနေတာလား...”

ယွီလန်၏ မျက်လုံးက ဝင်းလက်သွားခဲ့၏။

သူမသည် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ အကူအညီကို ရရှိနိုင်မည်ဆိုလျှင် မဟာယွီအင်ပါယာကို ပြန်လည်ထူထောင်ဖို့အခွင့်အရေးက ပိုတိုးလာပေလိမ့်မည်။

ဦးလေးကျန့်က ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီမင်းသားနှစ်ယောက်က ဘာရည်မှန်းချက်မှမရှိတဲ့အတွက် သူတို့က သုံးစားလို့မရဘူး... အကြံပေးနှစ်ယောက်က ခင်ဗျားနောက်ကို လိုက်ချင်တဲ့အကြောင်း အမှတ်တမဲ့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်”

“ခင်ဗျားက လက်ခံသဘောတူတာနဲ့... ဒီနေ့ သူတို့ကို ကျုပ်တို့ဘက်ပါလာအောင် ကျုပ်က သွားပြီးစည်းရုံးပေးမယ်”

“ကောင်းတာပေါ့...”

ယွီလန်က ဦးလေးကျန့်ကို အလေးအနက်ဦးညွတ်ပြီး စိတ်ရင်းမှန်စွာဖြင့် ပြောလိုက်၏။

“အခုလို ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ရှင်က အမြဲတမ်း မဟာယွီရဲ့ အင်ပါယာအကြံပေးဖြစ်သလို ကျွန်မရဲ့ ဆရာလည်းဟုတ်ပါတယ်”

“သွားရအောင်... ခင်ဗျားက တစ်ညလုံးမအိပ်ခဲ့ရဘူး... လေကောင်းလေသန့်ထွက်ရှုကြတာပေါ့...”

ဦးလေးကျန့်က မတ်တတ်ရပ်၍ ပြောလိုက်၏။

ယွီလန်က ခေါင်းညိတ်ပြပြီး အခန်းတံခါးကိုတွန်းဖွင့်လိုက်၏။ လတ်ဆက်သော စိတ်ဝိညာဥ်ချီက တိုးဝှေ့လာပြီး သူမ၏ စိတ်ဝိညာဥ်ကို လှုပ်ခတ်သွားစေလေသည်။

ယွီလန်၏အကြည့်က မလှမ်းမကမ်းရှိ အခန်းဆီသို့ အလိုလိုရောက်ရှိသွား၏။

ထိုအခန်းထဲတွင် ကြော့ရှင်းချောမောသည့် အသွင်အပြင်နှင့် ကျင့်ကြံသူတစ်ယောက်က အသက်ရှင်နေသင့်လေသည်။ သို့သော်ယခုအခါမှတော့ သူက အေးစက်စက်အလောင်းတစ်လောင်း ဖြစ်နေလောက်လေပြီ။

ထိုစဥ်မှာပင် အခန်းတံခါးက ကျွိခနဲမြည်၍ ပွင့်သွားခဲ့၏။

ရင်းနှီးနေကြပုံရိပ်တစ်ခုက အခန်းထဲကနေ လျှောက်လှမ်းထွက်ပေါ်လာခဲ့လေသည်။ အစိမ်းရောင်ဝတ်ဆုံကို ဝတ်ဆင်ထားပြီး သူက အိပ်ချင်မပြေသေးသော မျက်လုံးများဖြင့် တံခါးကိုမှီရပ်ကာ လက်နှစ်ဖက်ကိုမြှောက်၍ အပျင်းကြောဆန့်လိုက်လေသည်။

ယွီလန်သည် တုန်လှုပ်စွာဖြင့် တဖြည်းဖြည်းပါးစပ်အဟောင်းသားဖြစ်သွားပြီး ထိုပုံရိပ်ကို မျက်တောင်မခတ်ကြည့်ကာ နေရာမှာပင် ငေးငိုင်နေမိ၏။

ယွီလန်၏ အကြည့်ကို ခံစားမိသွားပုံရပြီး ဆူဇီမိုက သူမကို လှည့်ကြည့်ကာ အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာနံနက်ခင်းပါ...”

“အား....”

ယွီလန်က ထိတ်ထိတ်ပျာပျာအမူအရာဖြင့် ပြန်ပြောမိလေသည်။

“မင်္ဂလာပါ...”

“ရှင်.... ရှင်.. ဘယ်လိုဖြစ်ပြီး..”

ယွီလန်သည် မျက်တောင်တဖျပ်ဖျပ်ခတ်၍ ​ဘယ်လိုမေးရမည် မသိတော့ပေ။

သူမသည် ဆူဇီမိုအသက်ရှင်နေသေးသည်ကို မြင်သောအခါ သူမထံမှာ မေးခွန်းများစွာရှိနေသော်လည်း သူမ၏ စိတ်နှလုံးအနက်ပိုင်းထဲမှာ စိတ်သက်သာရာရ၍ သက်ပြင်းချလိုက်မိ၏။ သူမထံမှာ ဖော်မပြတတ်သော ဝမ်းသာပျော်ရွှင်မှု တစ်ခုရှိလာလေသည်။

ဦးလေးကျန့်သည် အစကတော့အခန်းထဲမှာ ရှိနေသေး၏။ အပြင်ဘက်မှ အသံတချို့ကိုကြားသောအခါ သူသည် မျက်မှောင်ကြုတ်၍ တစ်ချက်ကြည့်ဖို့အတွက် လျှောက်လှမ်းထွက်လာခဲ့၏။ သူသည်လည်း နေရာမှာပင် အံ့အားသင့် မှင်တက်သွားခဲ့လေသည်။

“ခင်ဗျားက.. အသက်ရှင်နေသေးတာလား...”

သူက သူ၏အံ့အားသင့်မှုကို ဖုံးကွယ်မထားဘဲ တဲ့တိုးပင် မေးလိုက်၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

“ကျုပ်က ခရီးပန်းပြီးတော့... နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားရုံပါပဲ... ကျုပ်က ဘယ်လိုလုပ်ပြီး သေနိုင်ပါ့မလဲ...”

ဆူဇီမိုက လိမ်ညာ​ပြောဆိုနေခြင်း ဟုတ်ပုံမရသည်ကို မြင်သောအခါ ဦးလေးကျန့်က အံ့အားသင့် မှင်တက်သွားခဲ့၏။

ထိုစဥ်မှာပင် ညဝိညာဥ်က ဆူဇီမို၏နောက်ကနေ လျှောက်လှမ်းထွက်လာခဲ့၏။

အဲ့ဒီနောက်... နန်းကြည်ကလည်း ထွက်လာခဲ့၏။

နောက်ဆုံးမှာ ရွှေခြင်္သေ့ကလည်း ထွက်ပေါ်လာခဲ့၏။

သူတို့လေးယောက်သည် မည်သည့်ဒဏ်ရာအနာတရမှမရှိဘဲ ကျန်းကျန်းမာမာရှိနေလေ၏။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ... ။

ဦးလေးကျန့်က တွေဝေရှုပ်ထွေးသွား၏။

လွန်ခဲ့သည့်ညက မဟာရှန်နှင့် မဟာရှအင်ပါယာအကြံပေးနှစ်ယောက်သည် ဆူဇီမို၏ အခန်းထဲသို့ ဝင်သွားခဲ့သည်ကို သူက ရှင်းလင်းစွာအာရုံခံမိခဲ့လေသည်။

ဒါ့အပြင် သူတို့နှစ်ယောက်က စိတ်ဝိညာဥ်အသိစိတ် အကာအရံအလွှာတစ်ခုကိုပင် ခင်းကျင်းခဲ့လေသည်။

အင်ပါယာအကြံပေးနှစ်ယောက်ကို လှုပ်ရှားမှုမပြုလုပ်စေဖို့အတွက် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့တာများလား...။

ဦးလေးကျန့်သည် လွန်ခဲ့သည့်ညက ထိုအခန်းထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို အတိအကျသိရှိရန် အင်ပါယာအကြံပေးနှစ်ယောက်ကို သွားရောက်မေးမြန်းဖို့ ပြင်ဆင်လိုက်၏။

ထိုစဥ်မှာပင် မဟာရှန်နှင့် မဟာရှမင်းသားနှစ်ယောက်တို့၏ အခန်းထဲမှစူးစူးဝါးဝါးအော်ဟစ်သံက ထွက်ပေါ်လာခဲ့၏။

အဲ့ဒီနောက်ချက်ချင်းပင် အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုတို့ပြည့်နှက်နေသော ပို၍ပင်ချောက်ချားစရာကောင်းသည့် အော်သံတစ်သံက ထပ်မံထွက်ပေါ်လာခဲ့၏။

ဦးလေးကျန့်၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။ သူက ဆူဇီမို ဘာ့ကြောင့်အသက်ရှင်နေသေးသည့် ကိစ္စကို ခဏထားပြီး မင်းသားနှစ်ပါးရှိရာခန်းသို့ ဖျတ်ခနဲပြေးသွားလိုက်၏။

အဖိုးအို၏ လှုပ်ရှားမှုက အတော်လေးကို မြန်ဆန်၏။

ယွီလန်က နောက်ကနေ အမြန်လိုက်ပါသွားခဲ့၏။

ဆူဇီမိုက ညင်သာစွာပြုံး၍ ထိုအခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့လေသည်။

ဘန်း...

ဦးလေးကျန့်သည် တံခါးကို ပစ်တိုက်ဖွင့်ပြီး အထဲသို့ ဝင်ရောက်လိုက်၏။ သူက အာရုံစိုက်၍ တစ်ချက်ကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ နောက်သို့ အလိုလိုခြေလှမ်းဝက် ဆုတ်လိုက်လေသည်။

“ဦးလေးကျန့်... ဘာဖြစ်လို့လဲ”

ယွီလန်က ဦးလေးကျန့်၏ တစ်မူထူးခြားသည့်အမူအရာကို မြင်သောအခါ ရှေ့သို့တက်ပြီး အလောတကြီးမေးလိုက်၏။ သူမက အခန်းထဲကို ကြည့်လိုက်လေသည်။

ထိုအကြည့်တစ်ချက်က သူမကိုလည်း တုန်လှုပ်သွားစေပြီး သူမ၏မျက်နှာက သွေးဆုတ်သွားခဲ့လေသည်။

အခန်းထဲတွင် သွေးနံ့က ဟောင်ထွက်နေပြီး ပြင်းထန်သော သေခြင်းအော်ရာနှင့်အတူ မနှစ်မြို့စရာကောင်းနေလေသည်။

အခန်းဘက်သို့ လှည့်ထားသော ကုတင်နှစ်လုံးပေါ်တွင် အလောင်းနှစ်လောင်း လဲကျနေလေသည်။ အိပ်ရာခင်းက သွေးများဖြင့်အိုင်ထွန်းနေပြီး သွေးများက ခန်းခြောက်လုနီးပါးဖြစ်နေခဲ့လေပြီ။

သူတို့က သေဆုံးသွားခဲ့သည်မှာ အတန်ကြာခဲ့သည့်ပုံပင်။

အလောင်းနှစ်လောင်းသည် တံခါးကို ကျောပေးထားသော်လည်း ဦးလေးကျန့်နှင့် ယွီလန်သည် သူတို့၏နောက်ကျောများကို မှတ်မိနိုင်ကြလေသည်။

ထိုအလောင်းနှစ်လောင်းက မဟာရှန်နှင့် မဟာရှ၏ အင်ပါယာအကြံပေးများဖြစ်ကြလေသည်။

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်က သေဆုံးသွားခဲ့လေပြီ။

အဲ့ဒါကို ဘယ်သူလုပ်ခဲ့တာလဲ....။

ဘာလို့ ပြီးခဲ့သည့်ညက တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အသံဗလံမှ မကြားခဲ့ရတာလဲ...။

သူတို့နှစ်ယောက်သည် လွန်ခဲ့သည့်ညက ဆူဇီမို၏အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့လေသည်။ သူတို့က ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ လာသေနေရတာလဲ...။

မရေမတွက်နိုင်သောမေးခွန်းများစွာက ထင်ဟပ်ပေါ်ထွက်လာခဲ့လေသည်။

ဦးလေးကျန်းနှင့် ယွီလန်၏ စိတ်များက တွေဝေရှုပ်ထွေး၍ ဗြောင်းဆန်နေလေသည်။

အင်ပါယာအကြံပေးနှစ်ယောက်၏ သေဆုံးမှုက ဦးလေးကျန့်ကို ကြက်သီးမွေးညင်းများ ထလာစေခဲ့၏။

ဆိုလိုသည်မှာ ထိုအန္တရယ်က သူ့ပေါ်သို့ ကျရောက်လာလျှင် သူသည်လည်းပဲ အချိန်မရွေး သေဆုံးသွားနိုင်လေသည်။

ဦးလေးကျန့်သည် အင်ပါယာတစ်ခု၏ အကြံပေးဖြစ်ပြီး ဓမ္မဝိသေသ ပညာရှင်တစ်ယောက်လည်းဖြစ်လေသည်။

သူက အသက်ရှုချိန်အနည်းငယ်အတွင်း သူ့ကိုယ်သူ လျင်မြန်စွာ တည်ငြိမ်စေပြီး အခန်းထဲသို့ ဝင်ရောက်လိုက်၏။

မနှစ်မြို့စရာကောင်းသည့် အငွေ့အသက်များကို သည်းခံရင်း ယွီလန်ကလည်း နောက်ကနေ လိုက်ပါလာခဲ့၏။

ဦးလေးကျန့်သည် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မည်သည့်သဲလွန်စကိုမှ ရှာမတွေ့နိုင်ပေ။

အဲ့ဒီမှာ တိုက်ခိုက်ခဲ့သည့် မည်သည့် လက္ခဏာမှ ရှိမနေပေ။

“ခင်-ခင်ဗျားတို့တွေ... မ-မလာကြနဲ့...”

ကုတင်ပေါ်တွင် မဟာရှမင်းသားသည် ထောင့်တစ်နေရာမှာ ကြောက်လန့်တကြားအမူအရာနှင့်အတူ ခန္ဓာကိုယ်ကို ကျုံ့၍ထိုင်နေလေသည်။ သူ၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေပြီး ဦးလေးကျန့်နှင့် အခြားသူများကို ကြည့်ကာ သူ့​အသံကလည်း တုန်ယင်နေ၏။

တစ်ဘက်မှာတော့ မဟာရှန်မင်းသား၏ အခြေအနေကလည်း ထိုထက်ပို၍ ကောင်းမနေပေ။

ထင်မှတ်ထားသည့်အတိုင်း စောစောက စူးစူးဝါးဝါးအသံနှစ်သံသည် မင်းသားနှစ်ပါးထံမှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။

သူတို့နှစ်ယောက်သည် နိုးထလာပြီး သူတို့မှီခိုအားထားရသော အင်ပါယာအကြံပေးနှစ်ယောက်သည် သူတို့၏ ဘေးတွင် သက်မဲ့အလောင်းများအဖြစ် လဲကျနေပြီး အသက်မဲ့နေသော မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူတို့က အဲ့ဒါကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ...။

သူတို့နှစ်ယောက်က နိုးထဝိညာဥ်များဖြစ်သည်ဆိုလျှင်တောင် ထိုကဲ့သို့သော တုန်လှုပ်စရာကောင်းမှုမှာ သူတို့၏ စိတ်ဓာတ်များက ပြိုလဲသွားခဲ့လေသည်။

ဦးလေးကျန့်သည် ကုတင်ဘေးသို့ ရောက်ရှိလာပြီး ချေးနံ့နှင့် သေးနံ့များကို ရသောအခါ မျက်မှောင်ကြုတ်လိုက်မိ၏။

မင်းသားနှစ်ပါးသည် အကြောက်လွန်၍ ချေးများသေးများပင် ထွက်ကျခဲ့ကြလေသည်။

သူတို့က အရင်တုန်းကလို ကြော့ရှင်းမှုမျိုးမရှိတော့ဘဲ ထောင့်တစ်နေရာတွင် သတ္တိကြောင်စွာဖြင့် ဘယ်ပြေးရမည်မသိဘဲ တဆတ်ဆတ်တုန်ယင်နေကြ၏။

ဦးလေးကျန့်သည် သူ၏လက်သီးကို အနည်းငယ်ဆုပ်ပြီး အကြံပေးနှစ်ယောက်၏ အလောင်းကို ဆွဲလှန်လိုက်လေသည်။

သူတို့နှစ်ယောက်သည် ထိတ်လန့်တကြား အမူအရာများရှိနေပြီး သူတို့၏ ပြူးကျယ်နေသောမျက်လုံးများက သိပ်သည်းပြင်းထန်သည့် အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။

​သူက ကြိုတင်ပြင်ဆင်ထားလျှင်တောင် ရင်ထဲမှာ ဒိတ်ခနဲခုန်သွားခဲ့လေသည်။

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် ဤကဲ့သို့သော အမူအရာများထွက်ပေါ်လာရန် သူတို့မသေခင်က ဘယ်လောက်ကြောက်စရာကောင်းသည့်အရာနှင့် တွေ့ကြုံခံစားခဲ့ရသလဲ တကယ်ပင် စဥ်းစားကြည့်ဖို့ ခက်ခဲလေသည်။

All Chapters