← Chapters

မိစ္ဆာနတ်ဆိုး

Vol. 77 Ch. 1147

မိစ္ဆာနတ်ဆိုး

Vol. 77 Ch. 1147

“အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ....”

ယွီလန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်လေသည်။

“ကျုပ်လည်း မပြောတတ်တော့ဘူး...”

ဦးလေးကျန့်က ခေါင်းခါ၍ ထောင့်တွင်တုန်လှုပ်နေဆဲ ဖြစ်သော မင်းသားနှစ်ပါးကို ကြည့်လိုက်၏။

“သူတို့နှစ်ယောက်ကပဲ အဖြေကို သိလိမ့်မယ်ထင်တယ်”

“ကျုပ်မသိဘူး.... ကျုပ်... ကျုပ်ဘာမှမသိဘူး...”

မဟာရှမင်းသား၏ အသံက တုန်ယင်နေဆဲ ဖြစ်လေသည်။

ဦးလေးကျန့်၏ အကြည့်က ထက်ရှလာပြီး အော်ပြောလိုက်သည်။

“အရှင်မင်းသားတို့ စိတ်ကို တည်ငြိမ်အောင်ထားပါ... ခင်ဗျားတို့က ဘာမှမပြောဘဲနဲ့ အင်ပါယာအကြံပေးနှစ်ယောက်က ဒီအတိုင်းအကြောင်းပြချက်မရှိဘဲ သေသွားရတာဆိုရင် မနက်ဖြန်သေရမယ့်သူက ကျုပ်တို့ဖြစ်နေလိမ့်မယ်..”

“ဒီနေရာ....ကနေ ထွက်ကြရအောင်...”

မဟာရှန်မင်းသားက ဆုပ်ကိုင်စရာ ကောက်ရိုးတစ်မျှင်ကို တွေ့ရှိသွားပုံရပြီး အလောတကြီး​ပြောလိုက်၏။

“အဲ့ဒါဟုတ်တယ်....ကျုပ်က ချန်ကောင်းကင်မြို့တော်နဲ့ ခင်ဗျားတို့အားလုံးဆီကနေ ထွက်ခွာချင်တယ်... ကျုပ်က ကျုပ်ရဲ့ အင်ပါယာကိုလည်း ဆက်ပြီးတော့ မထူထောင်ချင်တော့ဘူး”

ထိုသို့ပြောရင်း မဟာရှန်မင်းသားက တံခါးဆီသို့ ဒယီးဒယိုင်လှမ်းလာလေသည်။

မဟာရှမင်းသားကလည်း နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာ၏။ မင်းသားနှစ်ပါးက တံခါးဆီသို့ ပြေးလာစဉ်မှာပင် ဆူဇီမိုက အထဲသို့ လျှောက်လှမ်းဝင်လာ၏။ သူက နူးညံ့သိမ်မွေ့သော အမူအရာနှင့် ပြုံးကာမေးလိုက်လေသည်။

“အရှင်မင်းသားတို့.... ခင်ဗျားတို့က ဘယ်ကိုသွားချင်တာလဲ”

မင်းသားနှစ်ပါး၏အမူအရာက ပြောင်းလဲသွားပြီး အလိုလို တုန်လှုပ်ချောက်ချားသွားကြ၏။

သူတို့အတွက်တော့ အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ အပြုံးက ငရဲမှတက်လာသော မိစ္ဆာနတ်ဆိုးတစ်ကောင်နှင့်တူနေ၏။

“ကျုပ်-ကျုပ်တို့... ပြန်ချင်တယ်”

မဟာရှမင်းသားက တုန်လှုပ်ချောက်ချားနေသော အမူအရာရှိပြီး သူ၏အသံက တောင်းပန်တိုးလျှိုးနေ၏။

ဆူဇီမိုကပြောလိုက်လေသည်။

“အဲ့လိုမလုပ်ကြပါနဲ့... ကျုပ်တို့က ဒီနေ့ ချန်ကောင်းကင်မြို့တော်မှာ လှည့်ပတ်သွားလာကြမယ်လို့ မနေ့က သဘောတူထားတယ် မဟုတ်ဘူးလား...”

မင်းသားနှစ်ပါးက အလွန်ကြောက်လန့်နေပြီး မျက်ရည်များ တစ်ပေါက်ပေါက်စီးကျလာ၏။ သူတို့က ချန်ကောင်းကင်မြို့တော်မှာ လှည့်ပတ်သွားလာဖို့ ဘယ်လိုလုပ် စိတ်ခံစားချက်ရှိနိုင်ပါတော့မလဲ။

ဆူဇီမိုကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အင်ပါယာအကြံပေးနှစ်ယောက်ကို စေလွှတ်ခဲ့သူက သူတို့ပင်ဖြစ်လေသည်။

သို့သော် ယခုအခါ အင်ပါယာအကြံပေးနှစ်ယောက်က သေဆုံးသွားပြီး ဆူဇီမိုက ဘေးကင်းလုံခြုံစွာ ကျန်းမာနေလေသည်။ အဖြေက ဒီထက်ပိုပြီး မရှင်းနိုင်တော့ပေ။

သူတို့ရှေ့ရှိ အပြုံးတစ်ခုနှင့် သိမ်မွေ့နေသော စာပေသမားပုံစံ ကျင့်ကြံသူက မိစ္ဆာနတ်ဆိုးတစ်ကောင်ပင်ဖြစ်လေသည်။

ယခုအချိန်တွင် ဤမိစ္ဆာနတ်ဆိုးက ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ပြီး သူတို့နှစ်ယောက်ကို အတူတကွသွားလာဖို့ ဖိတ်ခေါ်နေ၏။ သူတို့နှစ်ယောက်စလုံးက အော်ငိုချင်သော်လည်း မျက်ရည်များမကျန်ရှိတော့ပေ။ သူတို့က ရှေ့သို့တိုးလို့မရသလို နောက်လည်းမဆုတ်နိုင်ပေ။

ဆူဇီမို၏အကြည့်က အခန်းထဲရှိ အလောင်းနှစ်လောင်းဆီသို့ သက်ဆင်းသွားပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

“အင်ပါယာအကြံပေးနှစ်ယောက်က အခုလို​သေသွားရတာ သနားစရာပဲ...”

ဦးလေးကျန့်နှင့် ယွီလန်က ဆူဇီမိုကို စိုက်ကြည့်လိုက်ကြ၏။

သို့သော်လည်း သူတို့သည် ဆူဇီမို၏ မျက်နှာမှာ မည်သည့်အရာကိုမှ မဖတ်နိုင်ကြပေ။ သံသယဝင်စရာကောင်းသည့် တစ်ခုတည်းသော အရာမှာ ဤလူက အရမ်းကို တည်ငြိမ်နေခြင်းပင်။

သို့သော်လည်း သူက တည်ငြိမ်လွန်းရုံမျှနှင့် အင်ပါယာအကြံပေးနှစ်ယောက်နှင့် ဤလူကို ဆက်စပ်ကြည့်၍ မရနိုင်ပေ။

အင်ပါယာအကြံပေးနှစ်ယောက်က ဓမ္မဝိသေသ အဆင့်မှာရှိကြလေသည်။ သို့သော်လည်း ဆူဇီမိုတို့အုပ်စုတွင် အားလုံးက မူလနတ္ထိအဆင့်များဖြစ်ကြလေသည်။

သူတို့ကြားတွင် အဆင့်ကြီးတစ်ဆင့်လုံး ကွာဟနေ၏။ သူ့အနေဖြင့် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်ကို တိတ်တဆိတ်သတ်ဖြတ်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ... ။

“အရှင်မင်းသားတို့....”

ဦးလေးကျန့်က မင်းသားနှစ်ပါးကို တစ်ဖန်ပြန်အာရုံစိုက်လိုက်၏။ သူက လေးနက်သောအသံဖြင့်မေးလိုက်လေသည်။

“အင်ပါယာအကြံပေးနှစ်ယောက်က ပြီးခဲ့တဲ့ညက အပြင်ကိုထွက်ခဲ့သေးလား...”

“အင်း...”

သူတို့နှစ်ယောက်က အလိုလိုနာခံစွာ ခေါင်းငြိမ့်လိုက်ကြ၏။

“ဘယ်ကိုသွားခဲ့တာလဲ..”

ဦးလေးကျန့်က မေးလိုက်လေသည်။

မင်းသားနှစ်ပါးက တွေဝေတုံ့ဆိုင်းသွားပြီး ဆူဇီမိုကို တစ်ချက်ခိုးကြည့်ကာ ဆက်လက်၍ပြောဆိုရဲခြင်း မရှိတော့ပေ။

ဦးလေးကျန့်က သူ၏မျက်လုံးကိုမှေးကျဥ်းကာ လေးနက်သောအသံဖြင့် မေးလိုက်၏။

“သူတို့က ဆူဇီမိုရဲ့အခန်းဆီကို သွားခဲ့ကြတာလား...”

“ကျုပ်-ကျုပ်မသိဘူး...”

မဟာရှမင်းသားက သူ၏ခေါင်းကို အလောတကြီးခါယမ်းလိုက်၏။

“ကျုပ်က လွန်ခဲ့တဲ့ညက အိပ်မောကျသွားခဲ့တာ... တခြားဘာမှမသိတော့ဘူး... ကျုပ်နိုးလာတော့ ကျုပ်က အင်ပါယာအကြံပေးရဲ့အလောင်းကို တွေ့လိုက်ရတာပဲ'

“ကျုပ်လည်း... အတူတူပဲ”

မဟာရှန်မင်းသားက အလောတကြီး ထပ်ပြောလိုက်၏။

“သူတို့က ဘာလို့..... ကျုပ်အခန်းကို လာခဲ့ကြတာလဲ”

ဆူဇီမိုက မင်းသားနှစ်ပါးကိုကြည့်၍ ပြုံးစစဖြင့် မေးလိုက်၏။

“အင်ပါယာအကြံပေးနှစ်ယောက်က ကျုပ်ကိုသတ်ဖို့ကြိုးစားခဲ့တာများလား...”

“မ-မဟုတ်ပါဘူး...”

မင်းသားနှစ်ပါးက ချက်ချင်းပင် ငြင်းပယ်လိုက်ကြ၏။

ဆူဇီမိုက ခေါင်းညိတ်၍ ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။

“အဲ့လိုဆိုရင် တော်သေးတာပေါ့... ခါတိုင်းဆိုရင် ကျုပ်ကို သတ်ဖို့ကြိုးးစားတဲ့သူတွေက အသေဆိုးနဲသေရတာချည်းပဲ...”

အမှုမဲ့အမှတ်မဲ့ ထိုစကားက အာရုံစိုက်၍ နားထောင်နေသူတစ်ယောက်အပေါ် အဓိပ္ပါယ်များစွာသက်ရောက်စေလေသည်။

ဆူဇီမိုက အဲ့ဒါကို သာမန်ကာလျှံကာ ပြောဆိုလိုက်သော်လည်း မင်းသားနှစ်ပါးသည် လွန်စွာကြောက်လန့်သွားပြီး ရင်ထဲမှတဒိတ်ဒိတ် ခုန်လာခဲ့ကြ၏။ သူတို့၏မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူတို့၏ခြေလက်များက အေးစက်လာကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားလေသည်။

ယွီလန်ကလည်း ရင်တစ်ချက်ထိတ်သွားခဲ့၏။ သူမသည် လွန်ခဲ့သည့်ညက ဆူဇီမိုကို သတိပေးခဲ့စဥ် ထိုသူက ထပ်တူနီးပါးတူညီသော ထိုစကားကို ပြောခဲ့လေသည်။

ယနေ့မနက်မှာတော့ အင်ပါယာအကြံပေးနှစ်ယောက်က သေဆုံးနေခဲ့လေပြီ။

အဲ့ဒါက သူနဲ့ မသက်ဆိုင်ဘူးဆိုတာ တကယ်ရော ဟုတ်နိုင်ပါ့မလား...။

“ကျုပ်တို့အပြင်ကိုသွားလိုက်ဦးမယ်... ခင်ဗျားတို့တွေ ဂရုစိုက်ကြဦး...နောက်ကျမှ ကျုပ်တို့အတူတူ မြို့ထဲကိုသွားကြတာပေါ့”

ဆူဇီမိုက လှည့်ထွက်လိုက်စဥ်မှာပင် ခဏမျှရပ်တန့်၍ ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။

“အရှင်မင်းသားတို့က ကျုပ်နဲ့အတူတူ မြို့ထဲထွက်မယ်ပြောပြီးမှ... တိတ်တိတ်ဘေးခိုးထွက်မသွားကြနဲ့ဦးနော်”

“မ-မသွားပါဘူး...”

မင်းသားနှစ်ပါးက အလောတကြီးပြောလိုက်ကြ၏။

“အဲ့ဒါဆိုလည်း... ကောင်းတာပေါ့”

ဆူဇီမိုက စိတ်ကျေနပ်စွာ ပြုံး၍ လှည့်ထွက်သွားခဲ့၏။

ဆူဇီမို၏ပုံရိပ်က လုံးဝပျောက်ကွယ်သွားသည့်အခါမှသာ မင်းသားနှစ်ပါးက ဆက်လက်၍မထိန်းချုပ်နိင်တော့ဘဲ ကြမ်းပြင်ပေါ်မှာ လဲကျသွားပြီး ချွေးများဖြင့် စိုရွှဲလာ၏။

“အဲ့ဒါသူပဲ.... သူပဲ ဖြစ်ရမယ်...”

မဟာရှမင်းသားက အနည်းငယ်တုန်ယင်နေပြီး တတွတ်တွတ်ရေရွတ်​ပြောဆိုနေ၏။

“အဲ့ဒါဘယ်သူလဲ...”

ယွီလန်က မနေနိုင်ဘဲ မေးလိုက်၏။

“အင်ပါယာအကြံပေးနှစ်ယောက်ရဲ့သေဆုံးမှုက အစ်ကိုဆူကြောင့်လို့ နင်တို့က ဆိုလိုချင်တာလား...”

မဟာရှန်မင်းသားကလည်း ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်.... အဲ့ဒါက အဲ့ဒီ...နတ်ဆိုးပဲ”

ယွီလန်က ဦးလေးကျန့်ကို အလိုလိုကြည့်လိုက်၏။ မင်းသားနှစ်ပါး၏ စကားများက တကယ့်ကိုရယ်စရာကောင်းသော်လည်း သူမက ဦးလေးကျန့်ထံမှ ထင်မြင်ချက်ကို ကြားချင်လေသည်။

“ကျုပ်ရဲ့... ပထမဆုံးထင်မြင်ချက်ကတော့ ဆူဇီမိုလို့ ထင်ခဲ့တာပဲ..”

ဦးလေးကျန့်က အသံကိုနှိမ့်၍ပြောလိုက်၏။

“ဒါပေမယ့်လို့.... အဲ့ဒါကိုလုပ်ခဲ့တာက သူတို့မဟုတ်တာသေချာတယ်”

“ရှင်က ဘာလို့အဲ့လိုပြောနိုင်ရတာလဲ...”

ယွီလန်က မေးလိုက်လေသည်။

ဦးလေးကျန့်က အင်ပါယာအကြံပေးနှစ်ယောက်၏ ဦးခေါင်းပေါ်ရှိ ပြင်းထန်သည့် ဒဏ်ရာများကို လက်ညိုးထိုးပြီး ပြောလိုက်လေသည်။

“ဒီဒဏ်ရာနှစ်ခုက အရမ်းကိုပြင်းထန်တယ်... ဆိုလိုတာက သူတို့နှစ်ယောက်က ခုခံမှုမရှိခဲ့သလောက်နီးပါးပဲ... ပြောရမယ်ဆိုရင် သတ်ဖြတ်သူရဲ့ တိုက်ခိုက်ရည်ခွန်အားက အင်ပါယာအကြံပေးနှစ်ယောက်ထက် သာလွန်နေတယ်”

ယွီလန်က ခေါင်းညိတ်လိုက်၏။

“အဲ့ဒါတော့ဟုတ်တယ်... ဆူဇီမိုနဲ့ အခြားသူတွေက အဆင့်ကြီးတစ်ဆင့်ကျော်ဖြတ်ပြီး ဓမ္မဝိသေသ တာအိုအရှင်တွေကို တိုက်ခိုက်ဖို့ခွန်အားရှိတယ်ဆိုရင်တောင် သူတို့က တစ်ချက်တည်းနဲ့ သေကွင်းသေကွက်ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး”

“အဲ့ဒီမှာ နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိသေးတယ်...”

ဦးလေးကျန့်က ပြောလိုက်၏။

“ဒီဒဏ်ရာနှစ်ခုကို ကြည့်လိုက်... အဲ့ဒါက လူသား ဒါမှမဟုတ် လက်နက်တွေကြောင့်ရထားတာမဟုတ်ဘူး”

ထိုသို့ပြောရင်း ဦးလေးကျန့်က သူ၏လက်ဖဝါးကို အကြံပေးတစ်ယောက်၏ ဦးခေါင်းပေါ်မှာတင်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“အဲ့ဒါက မိစ္ဆာသားရဲတစ်ကောင်ရဲ့ လက်သည်းရာပဲ... အဲ့ဒီမှာ သားရဲချီတစ်စွန်းတစ်စလည်းရှိနေသေးတယ်...”

“ဆူဇီမိုတို့လေးယောက်အုပ်စုမှာ သားရဲဆိုလို့ ခြင်္သေ့တစ်ကောင်ပဲရှိတယ်... ဒါပေမယ့်လို့ အဲ့ဒီခြင်္သေ့ရဲ့ခွန်အားက အဲ့ဒီအဆင့်ကိုမရောက်သေးဘူး... နောက်ပြီး ခြင်္သေ့ရဲ့လက်သည်းကလည်း ဒီဒဏ်ရာနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး..”

ယွီလန်ကခေါင်းညိတ်လိုက်၏။ ထိုသက်သေအထောက်အထားက ခိုင်လုံလုနီးပါးပင်။

သို့သော်လည်း သူမမျှော်လင့်မထားသည့်အရာမှာ ဆူဇီမိုတို့ အုပ်စုကြားတွင် သားရဲထုတ်ဖော်ကြေးမုံကြားကနေ ဖုံးကွယ်နိုင်သော ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုရှိနေခြင်းကိုပင်။

ဦးလေးကျန့်ကလည်း ညဝိညာဥ်၏ ဖုံးကွယ်ထားမှုကို ထွင်းဖောက်၍ မြင်နိုင်စရာအကြောင်းမရှိပေ။

ယွီလန်က မင်းသားနှစ်ပါးကို ကြည့်လိုက်၏။

“ကဲ... နင်တို့တွေကြားတဲ့အတိုင်းပဲ... ဒီကိစ္စရဲ့ လက်သည်တရားခံက အစ်ကိုဆူမဟုတ်နိုင်ဘူး”

“အဲ့ဒါက... သူပါဆို...”

မဟာရှမင်းသားက အိပ်မွေ့ချခံထားရသည့်အလား သူ၏မျက်လုံးထဲရှိ ကြောက်ရွံ့မှုက ပျက်ပြယ်မသွားဘဲ ဆက်လက်ပြောဆိုလိုက်၏။

“အဲ့ဒါက... သူပဲ ဖြစ်ရမယ်... သူ့ရဲ့အပြုံးနဲ့ သူ့ရဲ့အကြည့်တွေက သူက အင်ပါယာအကြံပေးတွေကို သတ်ဖြတ်တာပါလို့.. ကျုပ်ကို ပြောပြနေတယ်”

“အာ....”

ယွီလန်က သက်ပြင်းချလိုက်၏။

ကြီးမားစွာတုန်လှုပ်သွားပြီးနောက် သူတို့နှစ်ယောက်သည် သူတို့၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားရလေပြီ။

မင်းသားနှစ်ပါးသည် ဤအခြေအနေထိရောက်ရှိသွားပြီး သူတို့က နေ့စဥ်နေ့တိုင်း အကြောက်တရားဖြင့် ရှင်သန်ရပေတော့မည်။ အဲ့ဒါက သူတို့က ချက်ချင်းလက်ငင်းသတ်ဖြတ်လိုက်ခြင်းထက် ပို၍ရက်စက်ရာကျလေသည်။

မင်းသားနှစ်ပါးက တကယ်ပင်လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသော်လည်း သူတို့၏ ခန့်မှန်းချက်များက အမှန်တရားနှင့် အလွန်တရာ နီးကပ်ခဲ့လေသည်။

ဦးလေးကျန့်နှင့်ယွီလန်က သဲလွန်စတစ်ချို့အပေါ်အခြေခံပြီး ကောက်နုတ်ချက်များ ထုတ်နိုင်သကဲ့သို့ သူတို့က တည်ငြိမ်မှုနှင့် စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိကြတော့ပေ။

သူတို့၏ အတွေးက ရိုးရှင်းလေသည်။ အင်ပါယာအကြံပေးနှစ်ယောက်သည် ဆူဇီမိုကိုသတ်ဖြတ်ဖို့သွားခဲ့သော်လည်း ထိုသူက အသက်ရှင်နေပြီး အင်ပါယာအကြံပေးနှစ်ယောက်ကတော့ သေဆုံးသွားခဲ့လေသည်။

အဲ့ဒါက ဆူဇီမိုပြုလုပ်ခဲ့သည်မှာ သေချာလေသည်။

All Chapters