← Chapters

မင်း ဘယ်သူလဲ

Vol. 77 Ch. 1150

မင်း ဘယ်သူလဲ

Vol. 77 Ch. 1150

လေထဲတွင် ယုဝမ်ဝူရွှမ်းနှင့် တာအိုသက်ရှိ လေမီးတောက်သည် တင်းမာခက်ထန်သော လေထုမှာ မျက်နှာချင်းဆိုင် ရပ်နေကြ၏။

သို့သော် ယခုချိန်တွင် လူသုံးယောက်နှင့် တောကောင်တစ်ကောင်က တိုက်ပွဲနယ်မြေမှာ ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်း၏ အကြည့်ကို ဆွဲဆောင်မိသွား၏။

ယုဝမ်ဝူရွှမ်းနှင့် တာအိုသက်ရှိ လေမီးတောက်ပင်လျှင် လှမ်းကြည့်လိုက်ကြ၏။

လူသုံးယောက်နှင့် တောကောင်တစ်ကောင်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့၏။

သူတို့၏ ခေါင်းဆောင်က ကြော့ရှင်းချောမောသော သွင်ပြင်နှင့် အစိမ်းရောင်ဝတ် အမျိုးသားတစ်ယောက် ဖြစ်လေသည်။

သူ၏နောက်တွင် အေးတိအေးစက် အမူအရာရှိသည့် အနက်ရောင်ဝတ် လူတစ်ယောက်နှင့် ရွှေရောင်ဆံပင် မိန်းကလေးတစ်ယောက် ရှိလေသည်။

နောက်ဆုံးတွင် ရွှေခြင်္သေ့တစ်ကောင်က အင်တင်တင်ဖြင့် လိုက်ပါလာ၏။

သူတို့သုံးယောက်နှင့် တောကောင်မှာ တစ်မူထူးခြားနေတာ ဘာမှမရှိပေ။ တစ်ခုတည်းသော ထူးခြားမှုမှာ သူတို့၏မျက်လုံးများက အေးစက်၍ ခက်ထန်နေကြခြင်း ဖြစ်လေသည်။

သူတို့သုံးယောက်က ဘယ်သူတွေပါလဲ..။

ဤအခိုက်အတန့်မှာ သူတို့က ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ..။

ထိုအခိုက်အတန့်တွင်.. လူအုပ်ကြီးထဲမှာ ဆူဇီမိုကို မှတ်မိသော ကျင့်ကြံသူအချို့ ရှိလာပြီး သူတို့၏ အမူအရာက ပြောင်းလဲသွားခဲ့ကြ၏။

ယုဝမ်ဝူရွှမ်း တက်ထိုင်ထားသော သန့်စင်သော ရွှေခြင်္သေ့မသည် ဆတ်ခနဲ တုန်ယင်သွားပြီး ရွှေခြင်္သေ့ကို နူးညံ့သိမ်မွေ့၍ စိုးရိမ်ပူပန်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ရွှေခြင်္သေ့က ရုတ်တရက် အော်ပြောလိုက်၏။

“ခယ်ခယ်.. ငါ မင်းကို လာကယ်တာ”

“မဟုတ်တာ မလုပ်နဲ့တော့”

သန့်စင်သော ရွှေခြင်္သေ့က ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခုဖြင့် သူမ၏ ဦးခေါင်းကို ခါယမ်းပြီး လူသားစကားဖြင့် ပြောလိုက်လေသည်။

“မလာခဲ့နဲ့”

“ဒီသားရဲတောကောင်က ဘယ်ကနေ ရောက်လာတာလဲ.. မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ မင်းက ဘယ်လိုတောင် လာပြီး မောက်မာနေတာလဲ”

ယုဝမ်ကလန်မှ ကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ ထွက်ရပ်လာပြီး အော်ပြောကာ ရွှေခြင်္သေ့ကို နေရာမှာပင် သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်လေသည်။

“ဒီကိစ္စကို ငါကြည့်ရှင်းလိုက်မယ်”

ယုဝမ်ဝူရွှမ်းက သူ၏လက်ကို အနည်းငယ်မြှောက်ပြီး ရွှေခြင်္သေ့ကို ကြည့်ကာ ပြုံးလိုက်လေသည်။

“ဪ.. လက်စသတ်တော့ မင်းကိုး.. ဟားဟားဟားဟား..”

“မင်း တော်တော်သတ္တိကောင်းနေတယ်ပေါ့.. မင်းကို အရင်က ငါဘာပြောခဲ့လဲ မေ့သွားပြီလား”

ယုဝမ်ဝူရွှမ်း၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏အပြုံးတွင် ကြမ်းကြုတ်ရက်စက်မည့် အရိပ်အယောင်က ပါရှိနေလေသည်။

“ငါ အရင်က ပြောခဲ့တဲ့အတိုင်းပဲ.. မင်းက ငါ့ကို ထပ်ပြီးလာရှာရဲမယ်ဆိုရင် ငါက မင်းရဲ့ အရိုးတွေ အားလုံးကို တစ်ချောင်းချင်း ချိုးပစ်မယ်”

သူ၏လေသံတွင် အေးစက်စက် သတ်ဖြတ်လိုစိတ်က ပါဝင်နေလေသည်။

သူသည် ဆူဇီမိုနှင့် အခြားနှစ်ယောက်ကို မတွေ့မြင်သည့်အလား.. သူ၏ အာရုံက ရွှေခြင်္သေ့အပေါ်မှာ လုံးလုံးလျားလျား ရောက်ရှိနေ၏။

အဲဒါထက်.. သူက သူတို့ကို မြင်လျှင်တောင် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

“ရူးသွားပြီ.. သူက တကယ်ပဲ ရူးသွားပြီ”

ဦးလေးကျန့်က ခေါင်းခါလိုက်၏။

“သူတို့လေးယောက်က မူလနတ္ထိအဆင့်တွေပဲ.. သူတို့က တာအိုသက်ရှိ ဝူရွှမ်းကို သွားပြီး စိန်ခေါ်ချင်နေတာလား”

ဒီတစ်ကြိမ်တွင်တော့ ယွီလန်က ဘာစကားမှ မပြောတော့ပေ။

သူမ၏ မျက်လုံးများက ဆူဇီမို၏ မျက်နှာပေါ်မှာ မမှိတ်မသုန် ကျရောက်နေပြီး သူမက တစ်စုံတစ်ရာကို ရှာဖွေဖော်ထုတ်ချင်နေသည့်အလားပင်။

“ယုဝမ်..ဝူရွှမ်း”

ထိုအချိန်မှာပင်.. ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

ထိုနာမည်ကို သူခေါ်လိုက်သည့် ခဏမှာပင်.. ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့၏။

ယခုအချိန်တွင် ယုဝမ်ဝူရွှမ်းသည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ် တာအိုသက်ရှိဖြစ်ပြီး နာမည်အကြီးဆုံး ဖြစ်လေသည်။ အဆင့်တူချင်းတွင် မည်သူမဆို သူ့ကို တာအိုသက်ရှိ ဝူရွှမ်းဟု တလေးတစား ခေါ်ဆိုနှုတ်ဆက်ရလေသည်။

သူ၏နာမည် အပြည့်အစုံကို မည်သူကများ ခေါ်ဆိုရဲပါမည်လဲ။

ထိုအခါမှသာလျှင်.. ယုဝမ်ဝူရွှမ်းသည် ဆူဇီမိုနှင့် အခြားသူများဘက်သို့ လှည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

“တစ်ယောက်ယောက်က ငါ့အပေါ်မှာ အဲ့လိုမျိုး မရိုင်းပျရဲတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ”

“ခြင်္သေ့လေး.. မင်းက အားကိုးရှိတယ်ဆိုပြီး မောက်မာနေတာပေါ့လေ”

လက်ရှိကျင့်ကြံသူများ အားလုံးသည် ယုဝမ်ဝူရွှမ်း၏ လေသံမှ သတ်ဖြတ်လိုစိတ်ကို ခံစားနိုင်ကြ၏။

များစွာသော ကျင့်ကြံသူများက ဆူဇီမိုနှင့် အခြားသူများကို သေလူများပမာ ကြည့်လိုက်ကြလေသည်။

တကယ်တော့ မျက်စိမျက်နှာ ပျက်ယွင်းနေသော ကျင့်ကြံသူအချို့လည်း ရှိကြလေသည်။ သူတို့က တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား.. အနည်းငယ် တုန်ယင်နေပြီး ဆူဇီမိုကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။

“အို.. “

ဆူဇီမိုက အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ.. ဒီနှစ်တွေထဲမှာ ငါ့ကိုလည်း အဲ့လိုမျိုး ရိုင်းပျရဲတဲ့လူလဲ မရှိသလောက်ပဲ”

အဲဒါက အမှန်ပင် ဖြစ်လေသည်။

တာအိုအမွေအနှစ်ကုန်းမြေတွင် သူ့ကို တိုက်ခိုက်ရဲသော ကျင့်ကြံသူများ အားလုံးသည် အေးစက်စက် အလောင်းများ ဖြစ်သွားခဲ့ကြလေပြီ။

“ယုဝမ်ဝူရွှမ်း.. ငါက ဒီကိုရောက်လာတာ မင်းနဲ့ စာရင်းရှင်းစရာ ကိစ္စနှစ်ခု ရှိတယ်”

ဆူဇီမိုက လေထဲရှိ သန့်စင်သော ရွှေခြင်္သေ့ကို လက်ညိုးထိုးပြီး ပြောလိုက်၏။

“ပထမ.. မင်းက အဲဒီခြင်္သေ့ကို လုယူပြီးတော့ မင်းရဲ့ အစီးအနင်းတောကောင်အဖြစ် သူမကို အတင်းအကျပ် မစေခိုင်းခဲ့သင့်ဘူး”

“ဒုတိယတစ်ချက်.. မင်းက သူ့ခြေထောက်ကိုလည်း မချိုးခဲ့သင့်ဘူး”

ဆူဇီမိုက သူ့ဘေးနားတွင် ရှိသော ရွှေခြင်္သေ့ကို ဆက်လက်၍ လက်ညိုးထိုးပြလိုက်၏။

“ဟားဟားဟားဟား”

ယုဝမ်ဝူရွှမ်းက အရယ်ရဆုံး ဟာသကို ကြားလိုက်ရသည့်အလား ခေါင်းကိုမော့၍ ဟားတိုက်ရယ်မောလိုက်၏။

“လက်စသတ်တော့ မင်းက ငါနဲ့ စာရင်းရှင်းဖို့ ဒီကို ရောက်လာတာကိုး”

အခြားသော အဆင့်မြင့်ဂိုဏ်းများမှ ပြိုင်စံရှားများသည် ထိုစကားကို ကြားသောအခါ.. မယုံကြည်နိုင်ဟန်ဖြင့် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

ယုဝမ်ကလန်မှ ကျင့်ကြံသူတစ်ယောက်က ရှေ့သို့ ထွက်ရပ်လာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းက တာအိုသက်ရှိ ဝူရွှမ်းကို စိန်ခေါ်ဖို့တောင် ထိုက်တန်လို့လား.. ငါ့ရဲ့ ရိုက်ချက်ကို ခံယူကြည့်လိုက်..”

မူလနတ္ထိတစ်ယောက်သည် ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ ကျောက်တိုင်ထိပ်ကနေ ခုန်ဆင်းလာခဲ့၏။ သူ၏ သိုလှောင်အိတ်ထဲကနေ ဆေဘာရှည်တစ်လက်ကို ဆွဲထုတ်ပြီး ဆူဇီမို၏ ဦးခေါင်းဆီသို့ ပြင်းထန်ရက်စက်စွာ ခုတ်ပိုင်းချလိုက်၏။

ဆေဘာမှ ဓမ္မအင်းကွက် ငါးခုက ရုန်းကန်ထွက်ပေါ်လာခဲ့၏။

အဲဒါက ပကတိ တာအိုသက်ရှိ ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။

ဆေဘာက ဆင်းသက်မလာခင်မှာပင်.. သူ့ရှေ့ရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်သည့်အလား စွမ်းအားကြီးသော ထက်ရှမှုတစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

ယွီလန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

ယုဝမ်ကလန်မှ ကျပန်းကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုကဲ့သို့သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားခဲ့လေပြီ။ အထက်တန်းလွှာကလန်များက ဘယ်လောက်တောင် သန်မာသလဲ သိသာလေသည်။

အခြားသော ပြိုင်စံရှားများကလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။

ဓမ္မစွမ်းအားများနှင့် သွေးချီကို ပေါင်းစပ်လိုက်သောအခါ ထိုခုတ်ချက်၏ စွမ်းအားသည် ၎င်း၏ အကန့်အသတ်အထိ ရောက်ရှိလာပြီး အထင်သေး၍ မရနိုင်ပေ။

ယုဝမ်ဝူရွှမ်းသည် တိုက်ခိုက်လိုစိတ် မရှိဘဲ အရာရာတိုင်းကို တည်ငြိမ်စွာဖြင့် စောင့်ကြည့်နေ၏။

ဆူဇီမိုက နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေ၏။

ဆေဘာ၏ အော်ရာက သူ့ကို လွှမ်းခြုံလာတာတောင် သူ၏အမူအရာက လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏မျက်လုံးများက ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ နက်ရှိုင်း၍ အမူအရာ ကင်းမဲ့နေ၏။

“သွားပြီ.. အဲဒီလူကတော့ အကြောက်လွန်နေပြီ”

“အဲဒါက မောက်မာခြင်းအတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ”

တစ်စုံတစ်ယောက်က လှောင်ရယ်လိုက်၏။

ရုတ်တရက်ဆိုသလို..

ဆူဇီမိုက သူ၏ပါးစပ်ကို ဖွင့်ဟပြီး အသံတစ်ချက် ထုတ်လိုက်လေသည်။

“ထွက်သွားစမ်း”

သူ့လေသံက မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာ၏။

အစက ထွက်ပေါ်နေသော လူအုပ်ကြီးထဲရှိ ဆွေးနွေးသံများသည် ထိုအသံ၏ ဖိနှိမ်ခြင်းကို ခံရပြီး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။

အနီးအနားမှာ ရှိနေသော ကျင့်ကြံသူများသည် အငိုက်မိသွားပြီး တုန်လှုပ်ချောက်ချားသွားကြ၏။

များစွာသော ကျင့်ကြံသူများသည် သူတို့၏နားထဲမှာ တဝီဝီမြည်လာပြီး သူတို့၏ အကြားအာရုံကို ယာယီအားဖြင့် ဆုံးရှုံးသွားရလေသည်။ သူတို့က မည်သည့်အရာကိုမှ ဆက်လက်၍ မကြားနိုင်တော့ပေ။

ကျင့်ကြံသူများသည် ကြောင်အမှင်တက်နေပြီး တိုက်ပွဲနယ်မြေကို ငေးငိုင်စွာဖြင့် ကြည့်နေကြ၏။

ကျင့်ကြံသူတစ်ယောက်ထံမှ ထိုကဲ့သို့သော ဟိန်းဟောက်သံ ထွက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ယုဝမ်ကလန်၏ မူလနတ္ထိသည် အသံ၏တိုက်ခိုက်မှု ခံရသောအခါ လေထဲမှာပင် ရှိနေဆဲဖြစ်၏။ သူက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏အကြည့်က လေးလံထိုင်းမှိုင်းသွားခဲ့၏။

သူ၏ စိတ်က ဗလာကျင်းသွားပြီး အသိစိတ် ပျောက်ဆုံးကာ လေထဲကနေ ဥက္ကာခဲတစ်ခုကဲ့သို့ ပြုတ်ကျလာခဲ့၏။

သူ့လက်ထဲရှိ ဆေဘာအော်ရာက ချက်ချင်း ပျက်ပြယ်သွားခဲ့၏။

ဆေဘာပေါ်ရှိ အလင်းရောင်ကလည်း မှိန်ကျသွားခဲ့လေပြီ။

ဘုန်း..

မူလနတ္ထိသည် ကျောက်သားစင်မြင့်ထက်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ သူက အသိစိတ်ကင်းမဲ့၍ သတိလစ်သွားခဲ့လေပြီ။

ဆူဇီမိုသည် ထိုဟိန်းဟောက်သံတွင် မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း၏ စွမ်းအားကို ထည့်သွင်းအသုံးပြုထားလေသည်။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုကို လက်ခံရရှိခဲ့သော်လည်း သူ၏ မျိုးဆက်သွေးက လုံလောက်အောင် သန်မာမှု မရှိသေးပေ။

အဲဒါက သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်သာဆိုလျှင်.. ထိုဟိန်းဟောက်သံက မူလနတ္ထိ၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင် သေကြေပျက်စီးသွားစေမည် ဖြစ်လေသည်။

ထိုသို့ဆိုလျှင်တောင် ထိုလှုပ်ရှားကွက်က လူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်လေသည်။

အစက ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

မူလနတ္ထိတစ်ယောက်ကို ဟိန်းဟောက်သံတစ်သံဖြင့် လဲပြိုကျသွားစေနိုင်သော တစ်စုံတစ်ယောက်ကို မည်သူကများ အထင်သေးရဲပါတော့မည်နည်း။

“မင်း ဘယ်သူလဲ”

ယုဝမ်ဝူရွှမ်းက သူ၏မျက်လုံးကို မှေးကျဉ်းပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။

“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ဆောက်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးချင်တယ်”

ထိုစဉ်မှာပင်.. ကျင့်ကြံသူတစ်ယောက်က ဖြည်းဖြည်းချင်း ထရပ်ပြီး ဆူဇီမိုကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တာအိုသက်ရှိ အထီးကျန်သိုင်းသခင်.. ခင်ဗျား နောက်ဆုံးတော့ ထွက်လာပြီပေါ့လေ”

အို..

တာအိုသက်ရှိ အထီးကျန်သိုင်းသခင်..

ထိုစကားလုံးများက မှော်ဆန်သော စွမ်းအားတစ်ခု ပါဝင်နေပုံရပြီး ချန်ကောင်းကင်မြို့တော် တစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေလေသည်။

ယွီလန်က ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဗလာကျင်းနေသော အမူအရာတစ်ခုနှင့်အတူ သူမ၏စိတ်က ရှုပ်ထွေးနောက်ကျိလာခဲ့၏။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။

ဆူဇီမို.. သူက အထီးကျန်သိုင်းသခင်တဲ့လား..။

ဦးလေးကျန့်ကလည်း ကြက်သေသေနေပြီး ခဏကြာသည်အထိ သူ၏တုန်လှုပ်မှုကနေ ရုန်းထွက်မလာနိုင်သေးပေ။

“အဲဒါ သူပဲ”

မဟာရှမင်းသားက ရူးသွပ်သွားပုံရပြီး ထိတ်လန့်တကြား အမူအရာဖြင့် အော်ဟစ်လိုက်၏။

“ငါသိပြီ.. အင်ပါယာအကြံပေးတွေကို သတ်ဖြတ်ခဲ့တာက သူပဲ ဖြစ်ရမယ်”

All Chapters