ဇာမဏီအရိုးစုရုပ်ကြွင်း
Vol. 39 Ch. 536
Translator - Hsue Htet
ဝမ်ဖုန်းတို့ တောင်ထိပ်သို့ ဦးတည်လျှောက်လှမ်းနေသည်နှင့်အမျှ ဖော်ပြ၍မရနိုင်သောဖိအားသည်လည်း ပို၍လေးလံဖိစီးလာနေပေသည်။ ဝမ်ဖုန်းပင်လျှင် ၎င်းဖိအား၏ သက်ရောက်မှုကြောင့် မထိန်းချုပ်နိုင်စွာ ခန္ဓာကိုယ်ကိုင်းညွှတ်လာရသည်။
ကုညီအစ်ကိုသည်တော့ လီပိုင်၏ကာကွယ်မှုမရှိခဲ့လျှင် ၎င်းကြောက်မက်ဖွယ်ဖိအားကြောင့် မြေပြင်ထက်တွင် ပိပြားနေခဲ့လောက်ပေပြီ။
ဝမ်ဖုန်းသည် မျက်နှာအမူအရာလေးနက်နေ၏။ ဝမ်ဖုန်း ဂိုဏ်းအမှတ်များကိုအသုံးပြု၍ စနစ်စွမ်းအင်ကို သက်ဝင်လှုပ်ရှားစေကာ မိမိကိုယ်ကိုကာကွယ်လိုက်သည်။
သူတို့သည် တောင်ထိပ်နှင့် အတော်လေးအလှမ်းဝေးနေဆဲဖြစ်သည်။ တောင်အမြင့်ပိုင်းသို့ရောက်သည်နှင့်အမျှ ဖိအားလည်း ပိုများလာမည်ဖြစ်၏။ ထိုကြောက်မက်ဖွယ်ဖိအားကြီးဖြင့် သာမန်ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်များမှာ တောင်ထိပ်သို့ရောက်ရှိသည်အထိ မစွမ်းဆောင်နိုင်လောက်ပေ။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သာလျှင် တောင်ထိသို့ရောက်သည်အထိ သွားနိုင်ပေလိမ့်မည်။
“တကယ်ပဲ ဒီနေရာက ဘယ်နေရာလဲ? ချန်ခွမ်းအထွတ်အမြတ်ဘုံမှာ ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့နေရာမျိုး ရှိသေးတယ်လား?”
ဝမ်ဖုန်းမှ တွေးတွေးဆဆဖြင့်ပြောလိုက်သည့် စကားသံသည် တောင်တစ်ခွင်၌ ပဲ့တင်ထပ်သွားသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ၏စကားကို ဖြေကြားနိုင်သူ ရှိမနေချေ။
ကြောက်ခမန်းလိလိသောဖိအားကြီးကို အံတု၍ ဝမ်ဖုန်းတို့သည် တောင်ထိပ်သို့ ဆက်လက်ဦးတည်ကြသည်။ အဆုံးတွင်တော့ လီပိုင်ပင်လျှင် ခံနိုင်ရည်မရှိတော့ချေ။ ဝမ်ဖုန်းတစ်ဦးတည်းကသာ စနစ်၏စွမ်းအင်ကိုအသုံးပြု၍ လူတိုင်းကိုကာကွယ်ပေးထားရလေသည်။ သို့ဖြင့် ဝမ်ဖုန်းတို့အုပ်စုသည် တောင်ထိပ်သို့ ဘေးအန္တရာယ်ကင်းစွာဖြင့် ခြေချနိုင်ခဲ့လေသည်။
ဗုန်း!
တောင်ထိပ်သို့ရောက်သောအခါ ကြောက်မက်ဖွယ်ဖိအားကြီး ရုတ်ချည်းပျောက်ကွယ်သွား၏။ အလွန်ရုတ်တရက်ဆန်လှသောကြောင့် ဖိအားကို အားကုန်အံတုနေသည့် ဝမ်ဖုန်းမှာ ယိမ်းယိုင်သွား၍ မြေပြင်သို့လဲကျလုမတတ် ဖြစ်သွားရသည်။ ကုညီအစ်ကိုသည်တော့ မြေပြင်သို့ ရုတ်ချည်းလဲကျသွားခဲ့သည်။
ဝမ်ဖုန်း မိမိကိုယ်ကို တည်ငြိမ်အောင်ထိန်း၍ ကုညီအစ်ကိုနှစ်ဦးကို ကြည့်လိုက်သည်။ အဆင်ပြေကြောင်းသေချာသောအခါမှ ထိုညီအစ်ကိုနှစ်ဦးကို လျစ်လျူရှု၍ တောင်ထိပ်တစ်ခွင်ကို စတင်အကဲခတ်ကြည့်ရှုသည်။
တောင်ထိပ်သည် ဧရာမစင်မြင့်ကြီးတစ်ခုအလားပင်။
ဤတောင်ထိပ်စင်မြင့်ပတ်ဝန်းကျင်၌ တောင်များစွာဝန်းရံထားသည်။ ဝမ်ဖုန်းတို့ရပ်နေသည့်နေရာနှင့် အလှမ်းဝေးကွာသည့်တစ်နေရာ၌ ဧရာမရေကန်ကြီးတစ်ကန်ရှိနေသည်။
ထိုကန်၏အလယ်ဗဟိုတွင် ကျွန်းငယ်တစ်ကျွန်းရှိသည်။ ၎င်းကျွန်းငယ်လေးထက်တွင် သွေးနီရောင်သစ်ပင်အိုကြီးတစ်ပင်ရှိသည်။
“ဇာမဏီနှလုံးသားမီးလျံသစ်ပင်”
သွေးနီရောင်သစ်ပင်အိုကြီးကိုမြင်သောအခါ ဝမ်ဖုန်း၏မျက်လုံးတို့ တောက်ပသွား၍ ခပ်ဖျော့ဖျော့ရေရွတ်လိုက်သည်။
ဝမ်ဖုန်းသည် ဇာမဏီနှလုံးသားမီးလျံသစ်ပင်ဆီသို့ ချက်ချင်း မသွားသေးဘဲ တောင်ထိပ်တစ်ဝိုက်ကို ဦးစွာအကဲခတ်စစ်ဆေးသည်။ ၎င်းကန်ကြီးနှင့် ကန်အလယ်မှ ကျွန်းငယ်လေးမှအပ တောင်ထိပ်တစ်ခုလုံး၌ ဘာမျှမရှိပေ။ ရှင်းလင်းနေ၏။
ဝမ်ဖုန်း၏မျက်နှာ အနည်းငယ်တောင့်ခဲလာ၏။ ခန္ဓာကိုယ်တွင်းစွမ်းအင်များကိုလည်း တိတ်တဆိတ်စီးဆင်းထားစေသည်။ ထို့နောက် လီပိုင်တို့ကို ကန်ဆီသို့ ဖြေးဖြေးချင်း ချဉ်းကပ်စေသည်။ ကန်နှင့် သုံးမီတာခန့်အကွာအဝေးသို့ရောက်သောအခါ ရုတ်တရက်ပင် ကန်တစ်ခုလုံး တုန်ခါလာ၍ မိုးကြိုးလျှပ်စီးတစ်ခု ကန်မျက်နှာပြင်သို့ ကျရောက်လာပြီးေနာက် ဝမ်ဖုန်းသို့ ဦးတည်လာသည်။
ဘုန်း!
လီပိုင်၏မျက်နှာအမူအရာပြောင်းလဲသွား၍ ဝမ်ဖုန်း၏ရှေ့သို့ ချက်ချင်းရောက်လာသည်။ လီပိုင်မှ လက်ကိုဆန့်တန်း၍ အလင်းတန်းတစ်ခုထုတ်လွှတ်၍ မိုးကြိုးလျှပ်စီးကို ခုခံဟန့်တားသည်။ သို့သော် အားပြင်းလွန်းလှသည့်သက်ရောက်မှုကြောင့် လီပိုင်မှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရလေသည်။။
လီပိုင်သည် ဧကရာဇ်နှလုံးသားအဆင့်ဖြစ်ပြီး တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ဘုံနန်းရှင်ဧကရာဇ်အဆင့်နှင့် ယှဉ်ပြိုင်နိုင်စွမ်းသည်။ သို့သော် ကန်မျက်နှာပြင်မှ ထုတ်လွှတ်လိုက်သည့် ကြုံရာကျပန်းမိုးကြိုးတစ်ချက်ကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရလေသည်။ သို့ဖြစ်ရာ ၎င်းမိုးကြိုးလျှပ်စီးကြောင်းမှာ မည်မျှကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ဝမ်ဖုန်းလည်း ရှေ့သို့ဆက်မတိုးဝံ့ဘဲ ကန်နှင့် သုံးမီတာကျော်အကွာအဝေးတွင် ရပ်၍ ကန်ကြီးကို လေးနက်တည်ကြည်စွာ ကြည့်ရှုနေခဲ့သည်။
ကြည့်ရသည်မှာ ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကို ရယူရန်အတွက် အလွန်ခက်ခဲလောက်သည်။
ဟုတ်ပါတယ်လေ။ ဇာမဏီနှလုံးသားမီးလျံသစ်ပင်ဆိုတာ ဟုန်မန်နတ်ဘုရားနယ်ပယ်ကတောင် တပ်မက်ရတဲ့ ရတနာတစ်ပါးပဲ။ ရယူဖို့လွယ်ကူနေရင် ဒီဇာမဏီနှလုံးသားမီးလျံသစ်ပင်က ဘယ်လိုလုပ်ပြီး တန်ဖိုးကြီးနေပါတော့မလဲ?
သို့သော်ငြား ဝမ်ဖုန်း အနည်းငယ်ရှုပ်ထွေးနေဆဲပင်။ ချန်ခွမ်းအထွတ်အမြတ်ဘုံမှာ ဘယ်လိုလုပ်ပြီး ဟုန်မန်နတ်ဘုရားနယ်ပယ်ကတောင် တပ်မက်ရတဲ့ရတနာမျိုး တည်ရှိနေနိုင်ရတာလဲ?
ဇာမဏီနတ်သားရဲက ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်အတွင်းမှာ ချန်ခွမ်းအထွတ်အမြတ်ဘုံကနေ ဖြတ်သွားရင်း ပြန်လည်ထမြောက်ခြင်းမီးလျံတစ်စ ပြုတ်ကျကျန်ခဲ့တာများလား? ဒီခန့်မှန်းချက်က မှန်တယ်မှားတယ် အသာထားဦး.. တကယ်မှန်နေရင်ရော ဘယ်သူက ဒီလိုသေချာတည်ဆောက်ထားတာလဲ?
ရုပ်ကြွင်းတည်ဆောက်ထားနိုင်မှတော့ ဘာလို့ ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကို ယူမသွားရတာလဲ? ဒီသစ်ပင်က အဖိုးထိုက်တန်လှတဲ့ရတနာတစ်ပါးလေ! အဲဒီ့လူက ဒါကိုမြင်တွေ့ပြီးတာတောင်မှ စိတ်နှလုံးမယိမ်းယိုင်ခဲ့ဟု ဝမ်ဖုန်း မယုံကြည်ပေ။
တစ်စုံတစ်ယောက်သည် ဤသစ်ပင်ကိုရှာဖွေတွေ့ရှိခဲ့သည့်တိုင် အကြောင်းရင်းတချို့ကြောင့် ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကို ယူဆောင်မသွားနိုင်ဘဲ သစ်ပင်ကိုကာကွယ်ရန်အတွက် ဤကဲ့သို့တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်သည်။ သို့တည်းမဟုတ် ဤသို့တည်ဆောက်ခဲ့သူမှာ ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကိုယ်တိုင်ပင် ဖြစ်နိုင်၏။ ထို့ကြောင့် ဤသို့လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအင်များ ကျန်ရစ်နေခြင်းပင်။
“ဂိုဏ်း.. ဂိုဏ်းချုပ် ကန်က အရောင်ပြောင်းသွားပြီ”
ဝမ်ဖုန်း တွေးတောနေစဉ်၌ ကုချိုး၏ အံ့အားသင့်စွာပြောဆိုသံ ထွက်ပေါ်လာ၏။ ဝမ်ဖုန်းလည်း စဉ်းစားတွေးတောနေခြင်းကို ရပ်တန့်ကာ လှည့်ကြည့်သည်တွင် မျက်လုံးအိမ်တို့ မှေးကျုံ့သွားရလေသည်။
ယခင်က ကြည်လင်နေခဲ့သောရေကန်သည် သွေးနီရောင်သို့ တဖြေးဖြေးပြောင်းလဲလာနေသည်။ သွေးရည်ကန်ကြီးအလား ထင်မှတ်ရကာ သွေးညှီနံ့ဖျော့ဖျော့ပင် လေထုထဲတွင် ပျံ့နှံ့လာ၏။
ဝမ်ဖုန်းအားလုံး၏ မျက်လုံးအိမ်များတွင် သွေးနီကန်ကြီး ရောင်ပြန်ဟပ်နေ၏။
၎င်းမူမမှန်သည့်အခြေအနေသည် ဝမ်ဖုန်းတို့အားလုံးကို သတိချပ်စေသည်။ လီပိုင်နှင့် ဝမ်ဖုန်းတို့၏မျက်လုံးများသည် ရုတ်တရက် တောက်ပလင်းလက်လာကြသည်။
သို့သော် ဝမ်ဖုန်းနှင့်လီပိုင်တို့သည် ထိတ်လန့်နေကြခြင်းသာ ဖြစ်ပါ၏။
ကန်အောက်ခြေ၌ ဧရာမအရိုးစုကြီးတစ်ခု ရှိနေသည်။ အရိုးစုရုပ်အလောင်း၏ ပုံသဏ္ဍာန်အရ ဆုံးဖြတ်ရလျှင် ၎င်းမှာ ဇာမဏီနတ်သားရဲနှင့် အတော်လေးဆင်တူပေသည်။
“ကျစ်!”
“ဒီကန်အောက်ခြေမှာ ဇာမဏီတစ်ကောင် သေဆုံးခဲ့တာလား?”
ဝမ်ဖုန်းသည် ကန်အောက်ခြေမှ ဇာမဏီအရိုးစုရုပ်ကြွင်းကို စူးရဲစွာကြည့်ရင်းဖြင့် မထိန်းချုပ်နိုင်စွာ ပင့်သက်ရှိုက်၍ ရေရွတ်မိလိုက်သည်။ အရိုးစုရုပ်ကြွင်းမှာ အလွန်တရာကြီးမားလွန်း၍ ကန်အောက်ခြေတစ်ခုလုံးကို နေရာယူထားလေသည်။ အရွယ်အစားကိုကြည့်ခြင်းအားဖြင့် ၎င်းမှာ အရွယ်ရောက်ပြီးဇာမဏီငှက်တစ်ကောင်ဖြစ်ကြောင်း သေချာပေသည်။
အရွယ်ရောက်ပြီးဇာမဏီပဲ!
ဇာမဏီငှက်သည် နတ်သားရဲတစ်ကောင်ဖြစ်သောကြောင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ဖြင့် မွေးဖွားလာခဲ့သည်။ အရွယ်ရောက်သောအခါ ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသည်။ အလွန်တရာအင်အားကြီးမားသော ဟုန်မန်နတ်ဘုရားနယ်ပယ်ဖြစ်သည်။
သို့သော် ထိုသို့သောတည်ရှိမှုကြီးသည် ကန်တစ်ကန်၏အောက်ခြေတွင် လူမသိသူမသိ သေဆုံးနေခဲ့သည်။
ဇာမဏီနတ်သားရဲကို သတ်နိုင်ခဲ့တာ ဘယ်သူများလဲ?
ဝမ်ဖုန်းနှင့်လီပိုင်တို့ စိတ်နှလုံးတုန်လှုပ်နေကြချိန်တွင် ကန်ကြီးသည် လှိုင်းထလာပြန်သည်။ ထို့နောက် ကန်ထက်တွင် ပုံရိပ်ယောင်တစ်ခု ရောင်ပြန်ဟပ်လာခဲ့လေရာ ဝမ်ဖုန်းတို့အားလုံး၏အာရုံကို ဆွဲဆောင်သွားသည်။
၎င်းပုံရိပ်ယောင်ထဲ၌ ခမ်းနားထည်ဝါသော အမျိုးသမီးတစ်ဦးသည် ရဲရဲတောက်သောအနီရောင်ဝတ်ရုံကို ခန္ဓာကိုယ်ထက် ခြုံလွှမ်းထွက်ပေါ်လာသည်။ ထိုအမျိုးသမီး၏ သွယ်လျကြည်စင်သော ကျောက်စိမ်းလက်လေးများ၌ သွေးစက်များ စီးကျနေသည်။ ကျဆင်းနေသည့်သွေးစက်များမှ ခမ်းနားထည်ဝါသောအသက်စွမ်းအင်များ ဖြစ်တည်သွား၍ သေးငယ်သောမြက်ပင်များ မြေပြင်ထက်တွင် ရုတ်ချည်းပေါက်ဖွားလာခဲ့သည်။
ထိုအမျိုးသမီးရပ်နေသည့်နေရာသည် ကနဦး၌ မြေရိုင်းတစ်ခုဖြစ်ခဲ့သည်။ သို့သော် ထိုအမျိုးသမီးဖြတ်သန်းသွားပြီးနောက် မြက်ပင်များ ပေါက်ဖွားလာ၍ မျက်တောင်တစ်ခတ်မျှအချိန်လေးအတွင်း၌ မြက်ခင်းပြင်ကြီးဖြစ်တည်လာခဲ့သည်။
ထိုအမျိုးသမီးသည် ၎င်းပုံရိပ်ေယာင်ထဲ၌ ဝမ်ဖုန်းတို့ရပ်နေသည့်တောင်နှင့် တူညီသောတောင်သို့ ရောက်ရှိသည်အထိ ဖြေးဖြေးချင်းလျှောက်လှမ်းနေခဲ့သည်။
တောင်ခြေသို့ရောက်သောအခါ ထိုအမျိုးသမီး ရပ်တန့်သွားသည်။ ဝမ်ဖုန်းတို့၏ အကြည့်များအောက်၌ ထိုအမျိုးသမီးသည် ရုတ်တရက်ဆန်လှစွာ လှည့်လာခဲ့သည်။ ထိုအမျိုးသမီးသည် ရွှေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသောကြောင့် မျက်နှာ၏နှာခေါင်းအထက်ပိုင်းကို ဝမ်ဖုန်းတို့ မမြင်နိုင်ပေ။
သို့သော် မြင်တွေ့နိုင်သော နီစွေးတောက်ပသည့် နှုတ်ခမ်းများဖြင့်ပင် လူတို့ကို စိတ်ကူးယဉ်လောကထဲ မျောလွင့်သွားစေနိုင်၏။
နှုတ်ခမ်းထောင့်စွန်းမှ အဆက်မပြတ်စီးကျနေသော သွေးစီးကြောင်းသည်တော့ ရှင်းပြ၍မရနိုင်သော အမြတ်တနိုးဖြင့် ရင်ဝယ်ထွေးပိုက်ထားလိုစိတ်ကို ဖြစ်ပေါ်စေသည်။
အမျိုးသမီးသည် တစ်စုံတစ်ရာပြောလိုဟန်ဖြင့် နှုတ်ခမ်းတို့ပွင့်ဟလာသည်။ သို့သော် စကားလုံးတစ်လုံးသာ အသံတိတ်ထွက်လာခဲ့၍ တောင်ဘက်သို့ ပြန်လှည့်ထွက်သွားသည်။
ထိုစကားလုံးကို နှုတ်ခမ်းလှုပ်ခတ်သွားပုံအရ ဆုံးဖြတ်ကြည့်လိုက်လျှင် ‘နတ်ဘုရား’ဟူသော စကားလုံးဖြစ်ပေသည်။