ဇာမဏီစစ်နတ်ဘုရား
Vol. 39 Ch. 537
Translator - Hsue Htet
ပုံရိပ်ယောင်သည် ထိုနေရာ၌ ကတိုက်ကရိုက်ဆန်စွာ ပြီးဆုံးသွားလေသည်။
သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ဖုန်းသည် ထိုအမျိုးသမီးမှာ မိမိအတွက် အလွန်အဖိုးတန်သည့်လူတစ်ယောက်အလား စိတ်နှလုံးတွင်းမှ ရှင်းပြ၍မရနိုင်သောဝမ်းနည်းမှုတစ်မျိုးကို ခံစားလိုက်ရသည်။ ၎င်းဝမ်းနည်းမှုကြောင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားခဲ့ကာ မျက်လုံးအစုံမှာ ကြည်လဲ့မှုအချို့ဖြင့် တောက်ပနေခဲ့သည်။
“အဲဒီ့အမျိုးသမီးက ဘယ်သူလဲ? အဲဒီ့ဇာမဏီများလား?”
ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ လေးနက်တည်ကြည်နေကာ ဝေခွဲမရစွာ ရေရွတ်လိုက်သည်။
မိမိနှင့်ထိုအမျိုးသမီးတွင် မည်သို့သောဆက်နွယ်မှုရှိခဲ့သည်ကို ဝမ်ဖုန်း မသိပါ။ သို့သော် ဝမ်းနည်းမှုသည် သူ၏အလွန်နက်ရှိုင်းသည့်ဝိဉာဉ်အတွင်းထဲမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဖြေဖျောက်၍လည်း မရချေ။ ထို့ကြောင့် ဝမ်ဖုန်းမှာ ထိုဝမ်းနည်းမှုကို အတင်းအကျပ်တောင့်ခံနေရလေသည်။
ထိုအမျိုးသမီးသည် မိမိနှင့် ဆက်ဆံရေးတစ်မျိုး ရှိနိုင်သည်။ သို့မဟုတ်ပါက ဝမ်ဖုန်း ဤသို့ခံစားရမည်မဟုတ်ပေ။
ထိုအတွေးဖြင့် ဝမ်ဖုန်း စိတ်ထဲမှမေးမြန်းလိုက်သည်။
“စနစ် အဲဒီ့ပုံရိပ်ယောင်ရဲ့ မူလဇာစ်မြစ်ကို ရှာဖွေနိုင်မလား?”
ထိုပုံရိပ်ယောင်သည် အလွန်ကသုတ်ကရက်နိုင်၍ အလွန်ဝေဝါးခဲ့၏။ တစ်စုံတစ်ယောက်မှ တမင်ရည်ရွယ်၍ ဝေဝါးစေကာ ပြသခြင်းကိုရပ်တန့်ပစ်လိုက်သည်ကဲ့သို့ အကြောင်းရာကို ခရေစေ့တွင်းကျ မသိနိုင်ပေ။ ထို့ကြောင့် ဝမ်ဖုန်းမှာ စနစ်ကိုသာ မျှော်လင့်ချက်ထားနိုင်ပေသည်။
“ဒင်! ပုံရိပ်ယောင်ရဲ့မူလဇာစ်မြစ်ကို ရှာဖွေရန်အတွက် ဂိုဏ်းအမှတ်တစ်ထရီလီယံ ကုန်ကျပါမယ်”
“ကျစ်!”
စနစ်၏အသံထွက်ပေါ်လာသောအခါ ဝမ်ဖုန်း မထိန်းချုပ်နိုင်စွာ စုတ်သပ်လိုက်သည်။ ပုံရိပ်ယောင်တစ်ခုကို စုံစမ်းရန်အတွက် ဤမျှများပြားသည့်ပမာဏ ကျသင့်မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။
သို့ဖြစ်ရာ ထိုအမျိုးသမီး၏ အသက်ရှိစဉ်အချိန်ကာလ၌ ကျင့်ကြံဆင့်သည် သူစိတ်ကူးမှန်းဆနိုင်သည်ထက် များစွာသာလွန်ကြောင်း သိနိုင်ပေသည်။ သူမသည်လည်း ယဲ့မုချင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့်တည်ရှိမှုတစ်ဦး ဖြစ်နိုင်ပေသည်။
ဝမ်ဖုန်းသည် စနစ်ဖြင့် ယဲ့မုချင်၏ဇာစ်မြစ်ကို တစ်ကြိမ်တစ်ခါမျှ မစုံစမ်းဝံ့ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့မုချင်၏ လျှို့ဝှက်ဆန်းကြယ်သောဇာစ်မြစ်သည် ဝမ်ဖုန်းမှ စုံစမ်းစစ်ဆေးချင်လျှင်သော်မှ ကျသင့်မည့် ဂိုဏ်းအမှတ်ပမာဏသည် စိတ်ကူးနိုင်သည်ထက် များပြားမည်ဖြစ်၏။ ထို့ကြောင့် ဝမ်ဖုန်းအနေဖြင့် အဆင့်တစ်ခုသို့ရောက်ရှိပြီးမှသာ စုံစမ်းစစ်ဆေးနိုင်ပေမည်။
ဝမ်ဖုန်း၏မျက်နှာထက်တွင် ခါးသီးမှုအချို့ ဖြတ်ပြေးသွားသည်။ သူအစဉ်တစိုက် ကြိုးစားစုဆောင်းခဲ့သော ဂိုဏ်းအမှတ်များကို ဤအတောအတွင် အဆက်မပြတ်သုံးစွဲနေခဲ့ရလေရာ အတော်လေး နည်းပါးနေလေပြီ။ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမကို ဖျက်ဆီးခြင်းမှရရှိခဲ့သည့် တစ်ထရီလီယံစွန်းစွန်းသာ ကျန်ရှိတော့လေသည်။
“စနစ် တစ်ထရီလီယံသုံးပြီး စစ်ဆေးမယ်”
ဝမ်ဖုန်း အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။ ဝမ်းနည်းမှုသည် မပြေပျောက်နိုင်ဘဲ သူ၏စိတ်နှလုံးတွင် စွဲထင်ကျန်ရစ်နေဆဲပင်။ ရှင်းရှင်းလင်းလင်း မသိရပါလျှင် ဝမ်ဖုန်းမှာ စားမဝင်၊အိပ်မပျော် ဖြစ်ရပေလိမ့်မည်။
“ဒင်! စုံစမ်းစစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်တစ်ထရီလီယံကို အသုံးပြုလိုက်ပါပြီ”
“ပုံရိပ်ယောင်ကို ဟုန်မန်နတ်ဘုရားနယ်ပယ် ဇာမဏီစစ်နတ်ဘုရား ချန်ထားရစ်ခဲ့တာဖြစ်ပါတယ်”
“ဇာမဏီစစ်နတ်ဘုရား၊ ဟုန်မန်နတ်ဘုရားနယ်ပယ်ရှိ ထူးဆန်းတဲ့အမျိုးသမီးတစ်ဦးက လူသားခန္ဓာနဲ့ ဇာမဏီကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီး အဆုံးမှာ ဇာမဏီဖြစ်သွားခဲ့တယ်။ အကြောင်းရင်းအတိကျ မသိရပေမယ့် သူမရဲ့ ဇာမဏီသွေးက ဇာမဏီစင်စစ်ရဲ့သွေးထက်တောင် ပိုပြီးသန့်စင်ခဲ့တယ်။ သူမက လောကမှာ လူသားခန္ဓာနဲ့ ဇာမဏီကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ခဲ့တဲ့ ပထမဆုံးသူပါ”
“ကန်အောက်ခြေက ဇာမဏီအရိုးစုရုပ်ကြွင်းက ဇာမဏီစစ်နတ်ဘုရားရဲ့ ကြွေလွင့်မှုပြီးနောက် ကျန်ရစ်ခဲ့တဲ့ရုပ်ကြွင်းပါပဲ။ ဒါပေမဲ့ ဇာမဏီစစ်နတ်ဘုရားဟာ အမှန်တကယ် မကြွေလွင့်ပါဘူး။ ဇာမဏီစစ်နတ်ဘုရားဟာ ကြွေလွင့်ချိန်မှာ သူ့ရဲ့နောက်ဆုံးသောစွမ်းအင်နဲ့ ဇာမဏီဥအဖြစ် ပြန်လည်ဖြစ်တည်စေပြီး ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်ကို သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်”
“ပြန်လည်ထမြောက်နိုင်ဖို့ကတော့ ကံကောင်းမှုအပေါ်ပဲ မူတည်ပါတယ်”
“ဖြစ်နိုင်တာတော့ ဒီပုံရိပ်ယောင်ဟာ ဇာမဏီစစ်နတ်ဘုရားရဲ့ နောက်ဆုံးမှတ်ဥာဏ်အတွေးစ ဖြစ်နိုင်ပါတယ်”
စနစ်၏အသံကြောင့် ဝမ်ဖုန်း ထိတ်လန့်နေခဲ့သည်။ ထူးဆန်းလှစွာပင် ဇာမဏီစစ်နတ်ဘုရား အမှန်တကယ်မသေဆုံးဟု ကြားသိရပြီးနောက်တွင် စိတ်နှလုံးအတွင်းမှ ဝမ်းနည်းမှုသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် ဝမ်ဖုန်း ပို၍ရှုပ်ထွေးလာခဲ့၏။ မိမိမှာ တစ်ထရီလီယံပမာဏကို အသုံးပြုခဲ့သည့်တိုင် ဇာမဏီအရိုးစုရုပ်ကြွင်း၏ သရုပ်မှန်ကို သိရှိခဲ့ရပြီး ဇာမဏီစစ်နတ်ဘုရားနှင့် မိမိ၏ဆက်နွယ်မှုကိုတော့ မသိခဲ့ရပေ။
သောက်ကျိုးနည်းစနစ်! ဒါက ဒီသခင်ကို တမင်ယုတ်မာနတာ မဟုတ်ဘူးလား?!
ဝမ်ဖုန်း စိတ်ထဲမှ ဆဲရေးလိုက်သည်။ ဝမ်ဖုန်း၏ပုံစံမှာ ဒေါသဖြစ်နေသည်ထင်ရသော်ငြား တကယ်တမ်းတွင် စိတ်သက်သာရာရနေခဲ့၏။ သူ၏ခန္ဓာကိုယ်မှာ ဇာမဏီစစ်နတ်ဘုရား အမှန်တကယ်မသေဆုံးဟူသော အကြောင်းရာတွင် အတော်လေးပြေလျော့သွားခဲ့သည့်အလားပင်။
ဝမ်ဖုန်းသည် ဒဏ္ဍာရီလာ ဇာမဏီနတ်သားရဲအကြောင်းကို အနည်းအကျဉ်းသာ သိထား၏။
ဇာမဏီနတ်သားရဲသည် မွေးဖွားပြီးနောက် ဘဝသက်တမ်းတွင် ၉၉ကြိမ်သောပြန်လည်ထမြောက်ခြင်းကို ကြုံတွေ့နိုင်သည်။ ပြန်လည်ထမြောက်ခြင်းကို တစ်ကြိမ်ကြုံတွေ့ဖြတ်သန်းပြီးတိုင်းတွင် အင်အားနှင့် ကျင့်ကြံမှုအခြေခံသည်လည်း တစ်ဟုန်တိုးမြင့်တက်သွား၍ ဟုန်မန်နတ်ဘုရားနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သည်။
ထိုအမျိုးသမီးသည် သူမ,မသေဆုံးမီ၌ ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်ကို သက်ဝင်လှုပ်ရှားစေခဲ့သည်ဖြစ်ရာ သူမ၏ကျင့်ကြံမှုအခြေခံမှာ ၉၈ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြင့် ဟုန်မန်နတ်ဘုရားနယ်ပယ်၌ပင် အနှိုင်းမဲ့သောပြိုင်ဘက်ကင်းတည်ရှိမှုကြီး ဖြစ်လောက်ပေမည်။ ဒါပေမဲ့ အဲဒီ့လိုပြိုင်ဘက်ကင်းတည်ရှိမှုကြီးက ကြွေလွင့်သေးတယ်လား?
ဒီလိုတည်ရှိမှုကြီးကို ကြွေလွင့်စေပြီး ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်ကို စွန့်စားပြီးအသက်သွင်းရတဲ့ထိ လုပ်နိုင်တဲ့သူက ဘယ်သူများလဲ?
ဇာမဏီငှက်၏ပြန်လည်ထမြောက်ခြင်းဟူသည် အလွယ်တကူဖြင့် အလိုအလျောက် ပြန်လည်ရှင်သန်လာခြင်းမဟုတ်။ ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်ကို သက်ဝင်လှုပ်ရှားစေရန်အတွက် ဇာမဏီနှလုံးသားမီးလျံနှင့် လုံလောက်သည့်ကျင့်ကြံမှုစွမ်းအင်၊ အင်အားများရှိနေရန်လိုအပ်သည်။
ဇာမဏီနှလုံးသားမီးလျံ မလုံလောက်ခြင်း သို့မဟုတ် အင်အားမလုံလောက်ခဲ့လျှင် နောက်ဆုံးရလဒ်သည် ပြန်လည်ထမြောက်ခြင်းမီးလျံ၏ အရှိန်ပြင်းစွာသော အလုံးစုံလောင်ကျွမ်းပျက်စီးခြင်းသာ ဖြစ်ပေလိမ့်မည်။
ဇာမဏီစစ်နတ်ဘုရား ဤနေရာ၌ ကြွေလွင့်ခဲ့သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုထိတိုင် ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်ကို မကျော်ဖြတ်နိုင်သေးလေရာ မျှော်လင့်ချက်မဲ့နေပြီဟု သတ်မှတ်နိုင်ပေသည်။
သို့သော် အောင်မြင်ခဲ့လျှင် ဇာမဏီစစ်နတ်ဘုရားသည် ယခင်ကထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ချေမှုန်းစွမ်းရည်နှင့် ဟုန်မန်နတ်ဘုရားနယ်ပယ်အထွတ်အထိပ်သို့ အချိန်ခဏလေးအတွင်း ရောက်ရှိသွားမည်ဖြစ်သည်။
ဇာမဏီနတ်သားရဲမှ ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းကို အောင်မြင်စွာဖြတ်ကျော်ပြီးလျှင် အကြိမ်တစ်ရာမြောက်ပြန်လည်ထမြောက်ခြင်း ရှိပေလိမ့်ဦးမည်။ အကြိမ်တစ်ရာမြောက်ပြန်လည်ထမြောက်ခြင်းကို သက်ဝင်လှုပ်ရှားစေ၍ အောင်မြင်စွာဖြတ်ကျော်နိုင်လျှင် ဟုန်မန်နတ်ဘုရားနယ်ပယ်ကိုကျော်လွန်၍ စိတ်ကူးပုံဖော်မှန်းဆ၍မရနိုင်သော ကြောက်ခမန်းလိလိသော နယ်ပယ်အဆင့်သို့ရောက်ရှိသွားပေလိမ့်မည်။
ဇာမဏီမျိုးနွယ်သမိုင်းကြောင်းတစ်ခုလုံး၌ ၎င်းအဆင့်သို့ ရောက်ရှိဖူးသည့်ဇာမဏီမျိုးနွယ် တစ်ဦးတစ်ယောက်မျှ မရှိရုံသာဖြစ်သည်။ ဇာမဏီမျိုးနွယ်ဘိုးဘေးများပင်လျှင် အကြိမ်တစ်ရာမြောက်ပြန်လည်ထမြောက်ခြင်းကို သက်ဝင်လှုပ်ရှားစေနိုင်ရုံသာရှိခဲ့ကာ အောင်မြင်စွာ မကျော်ဖြတ်နိုင်ခဲ့ချေ။
ဝမ်ဖုန်း ခေါင်းခါရမ်း၍ အတွေးတို့ကို ရပ်တန့်လိုက်သည်။ ကန်အောက်ခြေရှိ ဇာမဏီရုပ်ကြွင်းကို အကြည့်ပို့လိုက်၏။ ဝမ်ဖုန်း ဇာမဏီစစ်နတ်ဘုရားအသွင်ပြောင်းထားသည့် ဇာမဏီဥကို ရှာဖွေလိုသည်။ ဖြစ်နိုင်လျှင် ၎င်းဇာမဏီဥကို ရယူလိုသည်။
ဇာမဏီစစ်နတ်ဘုရားသည် မိမိနှင့် ဆက်နွယ်မှုရှိနေကြောင်း သိသာ၏။ ဇာမဏီဥကို ရယူနိုင်လျှင် သဲလွန်စတစ်ခုခု ရနိုင်ကောင်းသည်။
သို့သော်ငြား ဝမ်ဖုန်းသည် ဇာမဏီအရိုးစုရုပ်ကြွင်းကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုပြီးနောက်တွင် မျက်လုံးအိမ်တို့ မှေးကျဉ်းသွား၏။ ဇာမဏီအရိုးများထက်တွင် နီစွေးတောက်ပသောမျဉ်းကြောင်းများ ရှိနေသည်။ ၎င်းနီစွေးတောက်ပသောမျဉ်းကြောင်းများသည် တစ်မူထူးခြားသောပုံသဏ္ဍာန်တစ်မျိုးကို ဖော်ဆောင်နေပေသည်။
ထူးခြားသည်ဟု ဆိုရခြင်းအကြောင်းမှာ ၎င်းပုံသဏ္ဍာန်သည် ရုပ်ပုံတစ်ခုမဟုတ်ဘဲ မြေပုံတစ်ခုနှင့် ဆင်တူသောကြောင့်ဖြစ်သည်။
ဝမ်ဖုန်း ၎င်းနီစွေးတောက်ပသောမျဉ်းကြောင်းများကို ထပ်မံကြည့်ရှုလိုက်ပြီးနောက် အတွေးတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ရေရွတ်၏။
“ဒါက ကန်အလယ်က ကျွန်းပေါ်ကို အန္တရာယ်ကင်းကင်းသွားနိုင်မယ့် မြေပုံများလား?”
ဝမ်ဖုန်း ၎င်းမြေပုံကို အလျင်အမြန်မှတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်များ ရုတ်ချည်းလှုပ်ရှားလာကာ ခမ်းနားထည်ဝါသောစွမ်းအင်သည် ချပ်ဝတ်တန်ဆာအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကိုတွင် ဝတ်ဆင်ပြီးဖြစ်သွားခဲ့သည်။
တစ်ပြိုင်နက်တည်းပင် လျိုယင်းညဥ့်ယံကြယ်ဝတ်ရုံနှင့် တစ်ဖက်လောကဖြိုခွင်းဖိနပ်တို့ကိုလည်း စွမ်းအင်အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။
အားလုံးပြင်ဆင်ပြီးနောက် လီပိုင်နှင့်အခြားသူများကို နေရာ၌စောင့်ဆိုင်းနေရန် မှာကြားသည်။ ဝမ်ဖုန်းသည်တော့ သူမှတ်ထားသည့်မြေပုံအတိုင်း ကန်သို့ ဦးတည်လျှောက်သွားခဲ့သည်။
မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ကန်နှင့် သုံးမီတာအကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။ ဝမ်ဖုန်း၏ ထိတ်လန့်နေသောအကြည့်များအောက်၌ ကန်မျက်နှာပြင်သည် လှိုင်းဂယက်စိုးစဉ်းမျှမရှိဘဲ တည်ငြိမ်နေဆဲပင်။ သို့ဖြစ်ရာ ဝမ်ဖုန်းမှာ ပို၍စိတ်လှုပ်ရှားလာရ၏။
ဝမ်ဖုန်း၏အတွေး မှန်ကန်ခဲ့သည်။ ၎င်းနီစွေးတောက်ပသောမျဉ်းကြောင်းများသည် ကန်၏အလယ်ရှိကျွန်းသို့ သွားရောက်နိုင်သည့် မြေပုံဖြစ်ပေသည်။