← Chapters

သွေးနီမိုးကြိုးကန်

Vol. 39 Ch. 538

သွေးနီမိုးကြိုးကန်

Vol. 39 Ch. 538

Translator - Hsue Htet

ဝမ်ဖုန်း ကန်ဆီသို့ ဆက်လျှောက်သွားသည်။ ကန်အနီး နှစ်မီတာခန့်သို့ရောက်သည်အထိ မူမမှန်သောပြောင်းလဲမှုများ မရှိပေ။ ထိုအခါမှ ဝမ်ဖုန်းသည် လီပိုင်တို့သို့ လက်ဝှေ့ယမ်းအချက်ပြ၍ ကျယ်လောင်စွာပြောလိုက်သည်။

“ငါ့ရဲ့ခြေလှမ်းအတိုင်း လျှောက်လာခဲ့ကြ!”

ဝမ်ဖုန်း၏စကားကိုကြားသောအခါ လီပိုင်တို့ အံ့အားသင့်သွားကြသည်။ သူတို့သည် ဇာမဏီအရိုးစုရုပ်ကြွင်းပေါ်ရှိ သွေး‌နီရောင်မျဉ်းကြောင်းများကို မမြင်တွေ့နိုင်ကြသည်ဖြစ်ရာ ဝမ်ဖုန်း လျှောက်သွားသည်မှာ အလွန်အန္တရာယ်များလွန်းသည်ဟု တွေးထင်နေကြသည်။

ကုညီအစ်ကို၏မျက်လုံးအစုံတို့၌ ရိုသေလေးစားမှုများ ဖိတ်လျှံသွားရပြီး ဂိုဏ်းချုပ်သည် ဂိုဏ်းချုပ်ဖြစ်ရန် ထိုက်တန်လှပေသည်ဟုပင် တွေးနေလိုက်ကြသေးသည်။ ဂိုဏ်းချုပ်မရှိခဲ့လျှင် သူတို့အနေဖြင့် ဤကန်ကြီး၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤကန်ကြီးသို့ ရောက်ရှိရန်မဆိုထားနှင့် တောင်ထိပ်သို့ တက်ရခြင်းသည်ပင် ပြဿနာအကြီးကြီးဖြစ်ပေလိမ့်မည်။

စစ်ထူကျယ်သည် ရုပ်ကြွင်းများဟူသည် အလွန်တရာ သက်တမ်းကြီးရင့်ရှေးဟောင်းကျကာ လျှို့ဝှက်ဆန်းကြယ်သည်ဟုဆိုကာ စွန့်စားမှုမပြုလိုသည်မှာ အံ့ဩဖွယ်မဟုတ်တော့ချေ။

လီပိုင်တို့သည် ဝမ်ဖုန်း၏ခြေရာအတိုင်း အလျင်အမြန်လိုက်သွားကြသည်။ မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ပင် ဝမ်ဖုန်း၏ဘေးသို့ ရောက်သွားကြသည်။

ဝမ်ဖုန်း လီပိုင်တို့ကို တစ်ချက်ကြည့်လိုက်ပြီး အသံနိမ့်ဖြင့်ပြောသည်။

“ငါ့ခြေလှမ်းအတိုင်း လိုက်ခဲ့”

ထို့နောက် ဝမ်ဖုန်းသည် သူမှတ်သားထားခဲ့သည့် သွေးနီရောင်မျဉ်းကြောင်းများအတိုင်း ဆက်လျှောက်သည်။ လီပိုင်တို့သည်လည်း ဝမ်ဖုန်းအနီးမှ ထပ်ကြပ်မကွာ လိုက်ခဲ့ကြသည်။

ဝမ်ဖုန်းတို့သည် ခပ်မြန်မြန်လျှောက်ခဲ့ကြသည်ဖြစ်ရာ အချိန်ခဏလေးအတွင်း၌ ကန်၏အစပ်နားသို့ရောက်ရှိခဲ့သည်။ သွေးနီကန်ကြီးကို အနီးကပ်မြင်တွေ့လိုက်ရချိန်တွင် ဝမ်ဖုန်းတို့မှာ ပို၍ထိတ်လန့်သွားရသည်။

ကန်ဘေးတွင်ရပ်နေကြသော ဝမ်ဖုန်းတို့သည် ‌သွေးညှီနံ့ပြင်းပြင်းကို ခံစားလိုက်ရ‌လေသည်။ လေထုတစ်ခုလုံး၌ သွေးလွှမ်းနေသည့်အလားပင်။ တစ်ချက်ရှူရှိုက်မိလိုက်ပြီးနောက် ခန္ဓာကိုယ်တွင်းသွေးများအားလုံး ဆူပွက်လာသည်ဟု ခံစားရလေသည်။

ကန်ဘေးမှ ကြည့်ရသောအခါ ကန်အောက်ခြေရှိ ဇာမဏီရုပ်ကြွင်းကြီးမှာ ပို၍ကြီးမားနေပေသည်။ ခုနက မိုးကြိုးများ ထွက်ပေါ်လာရာနေရာကိုလည်း သိလိုက်ရပေသည်။

ပုံမှန်အားဖြင့် မိုးကြိုးလျှပ်စီးဟူသည် ကောင်းကင်ဘုံနှင့်ပထဝီမြေကြီးမှ ဖွဲ့စည်းဖြစ်တည်လာခြင်းဖြစ်သည်။ သို့သော်ငြား ဤမိုးကြိုးလျှပ်စီးများသည်တော့ ရေထုမှ ဖွဲ့စည်းဖြစ်တည်လာပုံရ၏။ သွေးနီရောင်ကန်ရေမှ သွေးနီရောင်မိုးကြိုးလျှပ်စီးကို ဖွဲ့စည်းဖြစ်တည်စေခဲ့လေသည်။

ကန်ကြီးတစ်ခုလုံး၌ သွေးနီမိုးကြိုးလျှပ်စီးများ ထူထပ်သိပ်သည်းစွာတောက်ပနေကြသည်။ ‌ကမ္ဘာလောကကြီးမှာ ပျက်သုဉ်းခြင်းကပ်ဘေးဆိုက်ရောက်နေသည့်အလား အလွန်တရာထူးဆန်းသောခံစားချက်ကြီးကို ပေးစွမ်းနေလေသည်။

“လိုက်ခဲ့”

ဝမ်ဖုန်း အသံနိမ်ဖြင့် လေးနက်စွာပြော၏။

လီပိုင်တို့သည်လည်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်ကြသည်။ မျက်နှာအမူအရာတို့မှာ တည်ကြည်လေးနက်နေကြ၍ ခန္ဓာကိုယ်တွင်းစွမ်းအင်တို့ကိုလည်း အားအပြင်းဆုံးသို့ ပြင်ဆင်ထားကြသည်။ ဤလျှို့ဝှက်ဆန်းကြယ်သည့်နေရာကြီးတွင် ဧကရာဇ်နှလုံးသားအဆင့် လီပိုင်ပင်လျှင် လက်လွတ်စပယ် မလှုပ်ရှားဝံ့ပေ။

မကြာသေးမီက ပစ်လွှတ်ခဲ့‌ေသာ ၎င်းမိုးကြိုးလျှပ်စီးသွားသည် လီပိုင်ကို နောက်ဆုတ်စေနိုင်ခဲ့သည်။ ဤကန်ထဲတွင်တောက်ပနေသော မိုးကြိုးလျှပ်စီးများမှ တိုက်ခိုက်လာပါလျှင် သူတို့အားလုံး အသက်ရှင်ကျန်ရစ်နိုင်မည်မဟုတ်ပေ။ မိုးကြိုးလျှပ်စီးကြောင့် အစိတ်စိတ်အမွှာမွှာ ‌ကွဲကြေကုန်မည်ဖြစ်သည်။

ဘုန်း!

ဝမ်ဖုန်းမှ ‌ကန်ထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ကန်ရေပြင်သည် ယိမ်းခါသွား၍ လှိုင်းဂယက်များ ဖြစ်ပေါ်လာကြသည်။ သို့သော် ကန်အတွင်းရှိ မိုးကြိုးလျှပ်စီးများသည် ဝမ်ဖုန်းတို့ကို မတိုက်ခိုက်ခဲ့ပေ။

ဝမ်ဖုန်း စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် အာရုံပြန်လည်စူးစိုက်လိုက်သည်။ လှမ်းလျှောက်သည့် ခြေလှမ်းတစ်ချက်ချင်းစီတိုင်းမှာ အလွန်သတိကြီး၏။ ကန်ထဲသို့ ခြေချပြီးသည်နှင့် ပြန်လှည့်ရန်မရှိတော့ပေ။ ခြေလှမ်းတစ်ချက်ချင်းစီတိုင်း၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေပေသည်။

လီပိုင်တို့သည် အသက်ရှူပင် အောင့်ထားမိကြကာ ဝမ်ဖုန်း၏ခြေလှမ်းကို မျက်တောင်မခတ်တမ်း အာရုံစိုက်ကြည့်ရှု၍ ဝမ်ဖုန်း၏နောက်မှ နီးကပ်စွာလိုက်ပါလာကြသည်။ ဝမ်ဖုန်းခြေတစ်လှမ်း လှမ်းသည်နှင့် သူတို့လည်း ချက်ချင်းလှမ်းကြသည်။ ဝမ်ဖုန်း၏ခြေလှမ်းနှင့် အနည်းငယ်လေးသော်မျှ မလွဲချော်ဝံ့ကြချေ။

ဝမ်ဖုန်းတို့သည် နာရီအတော်ကြာ လျှောက်လှမ်းပြီးနောက်တွင်မှ အကွာအဝေးတစ်ဝက်ခန့်သို့ ရောက်ရှိလာကြသည်။ ဝမ်ဖုန်း၏တစ်ကိုယ်လုံး ချွေးများစိုရွှဲနေ၏။ ကန်အလယ်ရှိ ကျွန်းနှင့် နီးကပ်လာသည်နှင့်အမျှ မိုးကြိုးလျှပ်စီးများသည်လည်း ပို၍အားကောင်းလာနေပြီး ၎င်းတို့ထံမှ သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည်လည်း ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာနေခဲ့သည်။

ဘုန်း!

ဝမ်ဖုန်းမှ ခဏရပ်နား၍ အနားယူရန် တွေးတောနေစဉ်တွင် ကန်အတွင်းရှိ သွေးနီရောင်မိုးကြိုးလျှပ်စီးများသည် သွေး‌နီရောင်နဂါးကြီးများ လူးလွန့်နေသည်ကဲ့သို့ အေးစက်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ပြိုင်ဘက်ကင်းစွမ်းအင်များထုတ်လွှတ်လျက် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့လူးလွန့်နေကြသည်။ ထို့ကြောင့် ဝမ်ဖုန်းမှာ စိတ်နှလုံးတုန်လှုပ်၍ မရပ်နားဝံ့တော့ဘဲ အလျင်စလို ဆက်လက်လျှောက်သွားရလေသည်။

နာရီအနည်းငယ်ထပ်မံကြာမြင့်ပြီးနောက် ဝမ်ဖုန်းတို့သည် ကန်အလယ်ရှိကျွန်းနှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။ ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကိုလည်း ရှင်းရှင်းလင်းလင်းမြင်တွေ့‌ရလေပြီ။ ဇာမဏီနှလုံးသားသစ်ပင်၏ အရွက်အခက်များအပြင် သွေးနီရောင်မျဉ်းကြောင်းများကိုလည်း မြင်တွေ့ရပေသည်။

သို့သော် ၎င်းမီတာအနည်းငယ်မျှသော အကွာအဝေးလေးမှာ ဝမ်ဖုန်းတို့ကို တစ်လက်မခန့်ရှေ့တိုးရန်ကိုပင် အလွန်အမင်းခက်ခဲစေလေသည်။ သူတို့၏ခန္ဓာကိုယ်မှာ ပေရာထောင်ချီမြင့်မားသော ကြီးလေးသည့်တောင်ကြီး၏ ဖိနှိပ်ခြင်းကိုခံနေရသည့်အလား ခံစားနေရသည်။ ခြေလှမ်းတစ်လှမ်းတိုင်းမှာ တုနှိုင်းမရနိုင်သော ဖိအားကြီးကို ခံစားနေရပေသည်။

ဝမ်ဖုန်း အံကိုတင်းတင်းကြိတ်၍ ကြောက်မက်ဖွယ်ဖိအားကြီးကို အံတုကာ ကျွန်းဆီသို့ ဆက်လျှောက်သွားသည်။ ဤသို့သေရေးရှင်ရေးအခြေအနေ၌ နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ ပြန်လှည့်ရန်လမ်းမရှိလေရာ ရှေ့ဆက်တိုးရန်သာ တတ်နိုင်ပေသည်။

ဝမ်ဖုန်းတို့အားလုံးမှာ ချွေးအေးများ စိုရွှဲနေကြလေပြီ။ အောင်မြင်ရန် နီးကပ်လာသည်နှင့်အမျှ သူတို့၏စိတ်ထဲ၌ ‘လူအများစုသည် အောင်မြင်လုနီး အခိုက်အတန့်တွင် သေဆုံးသွားရတတ်သည်'ဟူသော အတွေးများ ပို၍လွှမ်းမိုးလာကြ‌လေသည်။

ဝုန်း!

ကျွန်းနှင့် တစ်မီတာခန့်အကွာအဝေးသို့ ရောက်သောအခါ ဝမ်ဖုန်းတို့အားလုံးမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်ထုတ်မိကြတော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် သွေးနီးမိုးကြိုးလျှပ်စီးများ ရုတ်တရက် ထကြွလာကြ၏။

ဘုန်း!

နားကွဲလုမတတ်သောဟိန်းဟောက်သံကြီးများ တောင်ထိပ်တစ်ခွင် ပဲ့တင်ထပ်လာ၏။ ကြောက်မက်ဖွယ်သော သွေးနီမိုးကြိုးကန်ကြီးသည်လည်း လှိုင်းထန်လာသည်။ ကြောက်ခမန်းလိလိသော သွေးနီရောင်လှိုင်းလုံးကြီးများသည် သွေးနီရောင်မိုးကြိုးလျှပ်စီးများဖြင့် ရောယှက်သွားသည်မှာ မုန်တိုင်းထန်သောပင်လယ်ပြင်ကြီးအလားပင်။

သွေးနီရောင်နဂါးကဲ့သို့သော ကြီးမားပြင်းထန်သော သွေးနီမိုးကြိုးသွားကြီးသည် သွားစွယ်များ၊ခြေသည်းလက်သည်းကြီးများကို လှစ်ဟလျက် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ စီးဝင်နေသော မိုးကြိုးမုန်တိုင်း၏ ကြောက်မက်ဖွယ်စွမ်းအင်ကြီးသည် ရေတံခွန်တစ်ခုကဲ့သို့ တစ်ဟုန်ထိုးစီးဆင်းလေရာ မြင်တွေ့ရသူအပေါင်းကို သေပစ်ချင်စိတ်ပင် ဖြစ်ပေါ်စေလေသည်။

“သောက်-ျီး!”

ဝမ်ဖုန်း ဒေါသတကြီး ဆဲရေးလိုက်ပြီး မှတ်သားထားသည့် သွေး‌နီရောင်မျဉ်းကြောင်းမြေပုံအတိုင်း အလျင်အမြန် ဆက်လျှောက်သည်။ ၎င်းတစ်မီတာခန့်သောအကွာအဝေးကို အလျင်အမြန်ကျော်ဖြတ်၍ ကျွန်းပေါ်သို့ အမြန်ရောက်ချင်လှသည်။

သို့သော် ဝမ်ဖုန်း ရှေ့သို့ဆက်တိုးမည်အပြု၌ ခန္ဓာကိုယ်မှာ လှိုင်းထန်နေသည့် ကန်ရေပြင်၏ နောက်သို့ဆွဲငင်ခြင်းကို ခံလိုက်ရသည်။ ကြောက်မက်ဖွယ်မိုးကြိုးသွားများသည် လေဆင်နှာမောင်းကြီးကဲ့သို့ အဆက်မပြတ် ဝန်းရံလူးလွန့်နေကြရာ ရေမျက်နှာပြင်သည်လည်း မြင့်တက်လာခဲ့သည်။

၎င်းစွမ်းအင်များသည် သူတို့ထံသို့ ချဉ်းကပ်လာခြင်း မရှိသည့်တိုင် ဝမ်ဖုန်းတို့မှာ ဝိဉာဉ်ထိတိုင် တုန်လှုပ်နေကြပေသည်။ မိုးကြိုးသွားတို့ဖြင့်ဖွဲ့စည်းသော လေဆင်နှာမောင်းကြီးသည် ‌သေဆုံးခြင်းနတ်ဘုရားကဲ့သို့ သူတို့ထံသို့ ဦးတည်လာနေသည်။

ကမ္ဘာတုန်လှုပ်စေလောက်သော စွမ်းအင်ကြီးကြောင့် ဧကရာဇ်နှလုံးသားအဆင့် လီပိုင်ပင်လျှင် စိတ်ပျက်အားလျော့လာရလေသည်။

စစ်ထူကျုံးနှင့် ကုညီအစ်ကိုသည်လည်း ရုန်းကန်‌နေခြင်းကို ‌လက်လျှော့လိုက်လေပြီ။ စွမ်းအားကြီးမားလှပါတယ်ဆိုတဲ့ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တောင်မှ ခုခံနိုင်စွမ်းမရှိတော့တာ သူတို့က ဘာလို့များ ရုန်းကန်နေဦးမလဲ?

“လက်မလျှော့ကြနဲ့ ဆက်တောင့်ခံထား!”

ကုညီအစ်ကိုနှင့်အခြားသူများ၏ မျက်နှာအမူအရာတို့ကို ခံစားမိသောကြောင့် ဝမ်ဖုန်း၏မျက်လုံးများ နီရဲလာကြ၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ခေါင်းလောင်းမြည်ဟီးသံကဲ့သို့သောအသံကြီးသည် ကုညီအစ်ကိုနှင့် အခြားသူများ၏ စိတ်နှလုံးတွင် ပေါက်ကွဲမြည်ဟီးသွားလေရာ အားလုံးကို စိတ်ပျက်အားလျော့နေရာမှ ပြန်လည်ဆွဲခေါ်သွားခဲ့သည်။

All Chapters