ဇာမဏီနတ်ဓား
Vol. 39 Ch. 539
ဘုန်း!
ဝမ်ဖုန်း၏အသံကြောင့် ကုချိုးတို့အားလုံး အသိပြန်ဝင်လာကြသည်။ သို့ဖြင့် အံကိုတင်းတင်းကြိတ်၍ စိတ်နှလုံးတွင်းမှ ကြောက်ရွံ့ထိတ်လန့်မှုကို ကျော်ဖြတ်ကာ အင်အားကုန်သုံး၍ တောင့်ခံကြသည်။
လီပိုင်သည် ဧကရာဇ်နှလုံးသားစွမ်းအင်ကို မချွင်းမချန် အပြည့်အဝထုတ်သုံး၍ ဧရာမအကာအကွယ်စည်းအဖြစ် ဖန်ဆင်းပြီး ဝမ်ဖုန်းနှင့်အခြားသူများကို ကာကွယ်ပေးသည်။
ဝမ်ဖုန်းသည်လည်း သူ၏စွမ်းအင်တို့ကို အပြင်းထန်ဆုံးပမာဏအထိ လှုပ်ရှားသက်ဝင်စေ၍ အဓိကအစိတ်အပိုင်းများဖြစ်သော ကြမ္မာဝိဉာဉ်၊ တစ်ဖက်လောကလျိုယင်းခန္ဓာနှင့် လျိုယင်းနှလုံးသားတို့၏စွမ်းအင်တို့ကို ချွင်းချက်မရှိ အပြည့်အဝထုတ်လွှတ်သည်။
ဝမ်ဖုန်းထံမှ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာနှင့် လျိုယင်းနှလုံးသားစွမ်းအင်ကို ထုတ်လွှတ်လိုက်ချိန်တွင် ကန်အောက်ခြေရှိ ဇာမဏီရုပ်ကြွင်း တုန်ခါသွားခဲ့ပြီး ဇာမဏီရုပ်ကြွင်း၏ ဦးခေါင်းထိပ်မှလည်း အနီဖျော့ဖျော့လင်းလက်သွားခဲ့သည်။ သို့သော် ၎င်းပြောင်းလဲမှုများကို ဝမ်ဖုန်းတို့အားလုံး သတိမထားမိကြပေ။
အရှိန်အဝါအလုံးစုံမှာ သွေးနီမိုးကြိုးသွားများ၏ ဖုံးလွှမ်းခြင်းကို ခံနေရသည်ဖြစ်၍ ဝမ်ဖုန်းတို့သည် ဇာမဏီရုပ်ကြွင်း၏ပြောင်းလဲမှုများကို အာရုံမရနေပေ။
“သောက်ကျိုးနည်း!”
ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအစောင့်အရှောက်၂ ရှီကန်တန့်ကိုပင် ဆင့်ခေါ်လိုက်ရသည်။ ရှီကန်တန့်ရောက်လာချိန်တွင်တော့ ရုတ်တရက်မြင်တွေ့လိုက်ရသည့် ခမ်းနားထည်ဝါလှစွာသော သွေးနီမိုးကြိုးမုန်တိုင်းကြောင့် အံ့ဩထိတ်လန့်သွားရကာ မထိန်းချုပ်နိုင်စွာ ဆဲရေးမိလေသည်။
ရှီကန်တန့် အနည်းငယ် စိတ်ပျက်သွားရသည်။ ဂိုဏ်းချုပ်သည် မိမိကို အန္တရာယ်ကျရောက်ချိန်တိုင်းတွင် ဆင့်ခေါ်လေ့ရှိသည်။ ၎င်းအန္တရာယ်မှာ သူကိုင်တွယ်နိုင်သည့်ပမာဏဖြစ်ပါက ကိစ္စမရှိချေ။ သို့သော် ဤတစ်ကြိမ်ဘေးအန္တရာယ်သည်တော့ ရှီကန်တန့်မှာ ဘုံနန်းရှင်ဧကရာဇ်အဆင့်ဖြစ်သည့်တိုင် ကြောက်ရွံ့တုန်လှုပ်မိလေသည်။
ဂိုဏ်းချုပ်က ခုခံနိုင်မယ့်အလားအလာ လုံးဝမရှိတော့တာကိုသိလို့ သူ့ကိုပါ ရေထဲကိုအတူ ဆွဲချသွားချင်တာများလား? အဲ့လိုနည်းနဲ့ ပြန်လည်မွေးဖွားနိုင်ခဲ့ရင် နောက်ဘဝမှာလည်း ဂိုဏ်းချုပ်ဆီမှာ သူ့ကိုဆက်ပြီး ခစားနိုင်အောင်လို့လေ?
အဲ့လိုကြီး မဟုတ်လောက်ဘူးမလား?
ငါရှီကန်တန့် ဂိုဏ်းချုပ်ကို တစ်ခါမှ မပြစ်မှားမိခဲ့ပါဘူး ဟုတ်တယ်မလား?
ရှီကန်တန့်သည် နေရာ၌ပင် အချိန်ခဏကြာ တောင့်ခဲနေလေသည်။
ကြောင်အနေသည့် ရှီကန်တန့်ကိုမြင်သောအခါ ဝမ်ဖုန်း၏မျက်နှာမှာ မည်းမှောင်သွား၍ အလျင်စလို အော်လိုက်သည်။
“ကြောင်,မနေနဲ့လေ မြန်မြန်လာပြီးကူညီ”
ဝမ်ဖုန်း၏အော်သံကြောင့် ရှီကန်တန့် အသိပြန်ဝင်သွားခဲ့သည်။ ထို့နောက် ကသိကအောက်နိုင်လှစွာ ပြုံးရယ်၏။ ဂိုဏ်းချုပ်က သူ့ကိုအရမ်းအထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား? ဒီလောက်အင်အားကြီးမားတဲ့စွမ်းအင်ကြီးကို သူသွားခုခံလည်း သူပါ သေရုံပဲရှိမှာပေါ့လို့!
ရှီကန်တန့်သည် မိမိမှာ ရှန်ရှန့်ကျုံဂိုဏ်းအစောင့်အရှောက်တစ်ဦးဟု မခံစားရဘဲ မိုးကြိုးကာကွယ်ရေးကျောက်တုံးတစ်တုံးဟု ခံစားရလေသည်။ မိုးကြိုးရှိသည့်နေရာတိုင်းသို့ သူရောက်လာရမြဲဖြစ်၏။ ဂိုဏ်းချုပ်က သူ့ကိုအရမ်းတန်ဖိုးထားတာပဲနော်??
ဘုန်း!
ထိုသို့တွေးတောပြီးနောက် ရှီကန်တန့်သည် တွေဝေတုံ့ဆိုင်းမှုမရှိ စွမ်းအင်အလုံးစုံကို ထုတ်လွှတ်လိုက်သည်။ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်၏ ခမ်းနားထည်ဝါလှစွာသောစွမ်းအင်သည် အင်အားကြီးမားလှစွာသော စွမ်းအင်ပင်လယ်ကြီးအလား စီးဆင်းသွားပြီးနောက် အကာအကွယ်စည်းအဖြစ်သို့ ပြောင်းလဲဖြစ်တည်သည်။ ထိုအကာအကွယ်စည်းသည် လီပိုင် ဖန်ဆင်းထားသည့် အကာအကွယ်စည်းကို အားအင်ဖြည့်တင်း၍ အပေါ်ဘက်မှ အုပ်မိုးကာကွယ်ပေးသည်။
ဘုန်း!
ရှီကန်တန့်၏ အကာအကွယ်အစည်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးနီမိုးကြိုးလေဆင်နှာမောင်းသည်လည်း ဝမ်ဖုန်းတို့ဆီသို့ တန်းတန်းမတ်မတ်ဦးတည်လာသည်။ ကြောက်ခမန်းလိလိသောစွမ်းအင်ကြီးကြောင့် တောင်ကြီးတစ်ခုလုံး တုန်ခါနေတော့သည်။
ရှီကန်တန့်ဖြစ်စေ၊ လီပိုင်ဖြစ်စေ နှစ်ဦးလုံးသည် သာလွန်ထူးကဲသော တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ သူတို့နှစ်ဦး အင်အားပူးပေါင်းဖန်ဆင်းထားသော အကာအကွယ်စည်းသည် နိယာမဧကရာဇ်အဆင့်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း၏။
သို့သော်ငြား ၎င်းစွမ်းအားကြီးမားလှသော အကာအကွယ်စည်းသည် သွေးနီမိုးကြိုးလေဆင်နှာမောင်းနှင့် ထိခတ်သွားသောအခါ စက္ကူတစ်စကဲ့သို့ အလွယ်တကူ ပြိုကွဲပျက်စီးသွားရပြီး ဝမ်ဖုန်းတို့သည်လည်း ၎င်းသွေးနီမိုးကြိုးနှင့် တိုက်ရိုက်ထိခတ်သွားကြသည်။
၎င်းသွေးနီမိုးကြိုး၏စွမ်းအင်သည် မိမိတို့နှင့် မနီးကပ်မီကပင် ဝမ်ဖုန်းတို့မှာ သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်နေရသည်ကဲ့သို့ တုန်လှုပ်နေခဲ့ကြပြီးဖြစ်၏။
ကုညီအစ်ကိုမှာ ပို၍ခံနိုင်ရည်မရှိကြတော့။ ရှီကန်တန့်နှင့်လီပိုင်တို့၏ ကာကွယ်ပေးထားမှုကြောင့် မဟုတ်ခဲ့လျှင် သူတို့၏ကျင့်ကြံမှုအခြေခံလေးမျှဖြင့် အစိတ်စိတ်အမွှာမွှာ ကြေမွသေဆုံးခဲ့ပြီးသည်မှာ ကြာမြင့်လောက်ပေပြီ။
အကာအကွယ်အောက်၌ပင် ကုညီအစ်ကိုမှာ ဒဏ်ရာရနေကြပြီဖြစ်၏။ သူတို့၏ မျက်လုံး၊ နားတို့မှ သွေးများစီးကျနေကာ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများသည်လည်း ဧရာမဖိအားကြီးကို ခံယူနေရကာ အက်ကွဲပေါက်ကွဲလုမတတ် ခံစားနေရ၏။
ပြင်းစွာသောနာကျင်မှုကြောင့် ကုညီအစ်ကိုနှစ်ဦး၏ မျက်နှာအမူအရာတို့မှာ အလွန်တရာ ကြည့်ရဆိုးနေတော့သည်။
ကုညီအစ်ကိုအပြင် စစ်ထူကျုံး၊ ဝမ်ဖုန်း၊ လီပိုင်နှင့် ရှီကန်တန့်တို့သည်လည်း တဖြေးဖြေးနှင့် ထိခိုက်ဒဏ်ရာရလာကြသည်။ သူတို့၏ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်နှင့်သွေးတို့မှာ အပြင်းအထန် လူးလာဆန်ခတ်လှုပ်ရှားနေကြ၍ အတွင်းကလီစာတို့မှာလည်း ဧရာမတူကြီးဖြင့် ထုရိုက်ခံရသည်ကဲ့သို့ အလွန်နာကျင်ကာ ရင်အုံတို့မှာလည်း တင်းကြပ်နေရသည်။ နှုတ်ခမ်းထောင့်မှလည်း သွေးများ အဆက်မပြတ်စီးကျနေကြသည်။
၎င်းသွေးနီမိုးကြိုးလေဆင်နှာမောင်းသည် နတ်ဘုရားတစ်ပါး၏စွမ်းအင်ကို ပိုင်ဆိုင်ထားသည်ကဲ့သို့ ဝမ်ဖုန်းတို့ကို တစ်ချက်အဝှေ့ဖြင့် အနိုင်ပိုင်းပစ်နိုင်၏။ သို့သော်ငြား ၎င်းသွေးနီမိုးကြိုးသည် ဝမ်ဖုန်းတို့ကို အမြစ်ဖြတ်အနိုင်ရယူရုံမျှမက တတိတိသတ်ဖြတ်ပစ်ရန် ဆန္ဒရှိပုံရသည်။ ဖြေးညှင်းလေးကန်စွာ ကျရောက်လာနေ၏။
ဝမ်ဖုန်း၏မျက်လုံးအစုံ၌ စိတ်အားထက်သန်မှုများ လင်းလက်နေသည်။ ဝမ်ဖုန်းသည် အံကိုတင်းတင်းကြိတ်၍ ကံကောင်းမှုချီများဖြင့် ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုရန်ပင် စီစဉ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ မိမိမှာ ဤသို့သောနေရာတွင် အသက်သေမခံနိုင်ပါချေ။
သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် အထွတ်အထိပ်သို့ မရောက်ရှိသေး။ ချင်အာကိုလည်း လက်မထပ်ရသေး။ ဤလောက၏ လျှို့ဝှက်ချက်အားလုံးကိုလည်း မသိရှိရသေးပေ။ ဘယ်လိုလုပ်ပြီး ငါဝမ်ဖုန်းက ဒီနေရာမှာ သေသွားနိုင်မှာတဲ့လဲ?
ရှန်ရှန့်ကျုံဂိုဏ်း၏ ကံကောင်းမှုချီ တစ်ဝက်ကျော်ပမာဏကို ဆုံးရှုံးရလျှင်သော်မှ သေချာပေါက် ရှင်သန်ရပေမည်။
ဝမ်ဖုန်းမှ ထိုသို့တွေးတောနေစဉ်တွင် ကန်ကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့သည်။ ထို့နောက်တွင် ဝမ်ဖုန်းတို့အားလုံး၏ ထိတ်လန့်နေကြသော အကြည့်များအောက်၌ ကန်အောက်ခြေမှ သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
၎င်းသွေးနီရောင်အလင်းတန်းသည် သွေးနီမိုးကြိုးလေဆင်နှာမောင်းကို ထိုးဖောက်ခွဲချေသွား၏။ သို့ဖြင့် ဝမ်ဖုန်းတို့အားလုံး မခုခံနိုင်ခဲ့သော သွေးနီမိုးကြိုးကြီးမှာ အလွယ်တကူ ပျက်စီးသွားခဲ့လေသည်။
ဝမ်ဖုန်း မျက်လုံးများမှေးကျဉ်းသွား၏။ ထို့နောက် ဖြစ်ပျက်သွားသည့်အရာတို့ကို ရှင်းရှင်းလင်းလင်းသိနိုင်ရန်အတွက် ကန်အောက်ခြေကို ကြည့်လိုက်သည်။ သို့သော် ကန်အောက်ခြေတစ်ခုလုံး၌ လင်းလက်တောက်ပနေသော သွေးနီရောင်အလင်းကိုသာ မြင်တွေ့ရလေသည်။ ဇာမဏီရုပ်ကြွင်းကြီးသည်ပင် သွေးနီရောင်အလင်းများအောက်၌ ပျောက်ကွယ်နေခဲ့သည်။
အခြားဘာမျှမမြင်ရသောကြောင့် ဝမ်ဖုန်းသည်လည်း ၎င်းသွေးနီရောင်အလင်းများကိုသာ အာရုံစိုက်ကြည့်ရှုလိုက်သည်။ ၎င်းသွေးနီရောင်အလင်းများမှာ သာမန်အလင်းရောင်ဖြာထွက်ခြင်းမဟုတ်ဘဲ ကြက်သွေးနီရောင် သေးမှုန်သောမီးပန်းစလေးများဖြစ်နေသည်ကို ဝမ်ဖုန်း မြင်တွေ့လိုက်ရသည်။
၎င်းမီးပန်းစလေးများသည် ဝမ်ဖုန်းတို့အနီးရှိ သွေးနီမိုးကြိုးများအားလုံးကို လောင်ကျွမ်းနေ၏။
ဝှစ်!
ဝမ်ဖုန်းတို့မှ ဖြစ်ပျက်နေသည်များကို နားမလည်နိုင်မီ၌ပင် ၎င်းသွေးနီရောင်အလင်းများမှ ကျယ်လောင်တိပသော ဓားဝင့်သံကြီးတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
သွေးနီရောင်အလင်းများသည် ရုတ်တရက်ဆန်လှစွာ ပျောက်ကွယ်သွားပြီး လေဟာပြင်ထက်တွင် ဓားရှည်တစ်လက်သာ ကျန်ရစ်ခဲ့သည်။
သို့သော် ၎င်းဓားရှည်သည် ဓားကျိုးတစ်လက်ဖြစ်နေ၏။ ဓားကျိုးထက်တွင် သွေးနီရောင်မျဉ်းကြောင်းများ တောက်ပနေသည်မှာ အသက်ဝင်လာတော့မည့်အလားပင်။
၎င်းဓားကျိုးထံမှ ထုတ်လွှတ်နေသော ဓားစွမ်းအင်သည် ကြောက်ရွံ့ထိတ်လန့်စေသောစွမ်းအင်မျိုး မဟုတ်ပေ။ ရှင်းလင်းေဖာ်ပြ၍မရနိုင်သော တောက်လောင်နေသည့်အပူတစ်မျိုး ဖြစ်သည်။ ဓားကျိုးအနီးဝန်းကျင်ရှိ လေထုမှာ ၎င်းအပူ၏ လောင်ကျွမ်းခြင်းခံလိုက်ရသည့်အလား နက်စွေးသောလေဟာပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝှစ်!
ရုတ်တရက်ပင် ဓားကျိုးသည် အပြင်းအထန်တုန်ခါလာခဲ့ပြီး သွေးနီရောင်အလင်းတောက်ပလာကာ ဝမ်ဖုန်းသို့ ဦးတည်လာခဲ့ပြီးနောက် ဝမ်ဖုန်း၏ရှေ့တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်သွားခဲ့သည်။
ထိုအခိုက်၌ ဝမ်ဖုန်း၏စိတ်ထဲတွင် ထူးဆန်းသည့်အတွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤဓားကျိုးကို ဆုပ်ကိုင်ရမည်ဟူ၍ဖြစ်၏။
ဝမ်ဖုန်းသည် ပတ်ပတ်လည်တွင် လှည့်ပတ်နေသော သွေးနီမိုးကြိုးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အံကိုကြိတ်၍ လက်ကိုဆန့်တန်းကာ ဓားကျိုးကို ဆုပ်ကိုင်လိုက်သည်။