← Chapters

ဇာမဏီဓားသိုင်း

Vol. 39 Ch. 540

ဇာမဏီဓားသိုင်း

Vol. 39 Ch. 540

Translator - Hsue Htet

၎င်းဓားကျိုး ဝမ်ဖုန်း၏ရှေ့သို့ ရောက်ရှိလာသောအခါ ဝမ်ဖုန်း၏စိတ်ထဲ၌ ၎င်းဓားကျိုးကို ကိုင်ဆောင်ခြင်းဖြင့် ဤကပ်ဘေးကို ကျော်ဖြတ်နိုင်မည်ဟူသည့်အတွေးများ မထိန်းချုပ်နိုင်စွာ ကြီးထွားလာခဲ့သည်။

ထိုအတွေးဖြင့် ဝမ်ဖုန်းသည် ဓားကျိုးကို မဆိုင်းမတွ ကိုင်‌လိုက်လေသည်။

ဝမ်ဖုန်း စိတ်ကူးထားခဲ့သည်ကဲ့သို့ ဓားကျိုးမှ မီးလျံများသည် ဝမ်ဖုန်းကို လောင်ကျွမ်းမလာခဲ့။ ဓားကျိုးကိုထိကိုင်ပြီးနောက်တွင် ၎င်းဓားကျိုးကို မိမိကိုယ်တိုင်ပြုလုပ်ထားသည်ကဲ့သို့သောခံစားချက်နှင့်အတူ နွေးထွေးမှုကို ခံစားလိုက်ရသည်။

“ဇာမဏီနတ်ဓား”

“ဇာမဏီစစ်နတ်ဘုရားရဲ့လက်စွဲတော်ဓား”

ဓားကျိုးနှင့် ဝမ်ဖုန်း၏လက်တို့ ထိစပ်သွားသည်နှင့် ဝမ်ဖုန်း၏စိတ်ထဲတွင် ၎င်းအချက်အလက်နှစ်ခု အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။

ဤဇာမဏီနတ်ဓားသည် ဟုန်မန်နတ်ဘုရားနယ်ပယ်အဆင့်ရှိ နတ်ဓားဖြစ်သော်ငြား ယခု၌ ကျိုးနေခဲ့၏။

လောကအဆင့်အမြင့်ဆုံးဟု သတ်မှတ်နိုင်သော နတ်ဓားကို ဤသို့ကျိုးပဲ့ပျက်စီးစေသည်အထိ မည်သို့သောကြမ်းကြုတ်ရက်စက်သည့် တိုက်ပွဲမျိုးဖြင့်ရင်ဆိုင်ခဲ့ရသည်ကို စိတ်ကူးမှန်းဆ၍ မရနိုင်ပေ။

အဲဒီ့အချိန်တုန်းက ဇာမဏီစစ်နတ်ဘုရား ဘယ်လိုကြောက်မက်ဖွယ်ရန်သူမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာများလဲ?

ဇာမဏီစစ်နတ်ဘုရားသည် မိမိနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟု ဝမ်ဖုန်း ပို၍ခံစားလာရသည်။ သို့မဟုတ်ပါက ဇာမဏီစစ်နတ်ဘုရား၏ ဇာမဏီနတ်ဓားသည် အဘယ်သို့များ သူ့ကို ရင်းနှီးဖော်ရွေစွာဖြင့် ကိုင်ဆောင်ခွင့်ပြုခဲ့ပါမည်နည်း။

ဓားကျိုးဖြစ်နေလျှင်သော်မှ ဟုန်မန်နတ်ဘုရားနယ်ပယ်အဆင့် စွမ်းအင်တို့ကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်သော်မှ ကိုင်ဆောင်နိုင်စွမ်းမရှိသော ဤဓားကျိုးကို ချန်ခွမ်းသူတော်စင်အဆင့် ဝမ်ဖုန်းမှ ကိုင်ဆောင်နိုင်ခဲ့သည်။

သို့ဖြစ်ရာ ဇာမဏီစစ်နတ်ဘုရားသည် မိမိနှင့်ဆက်နွယ်မှုအလျဉ်းမရှိဟု ဝမ်ဖုန်း မယုံကြည်ပေ။ မိမိသည် ကံကောင်းသူတစ်ဦးဖြစ်သည့်တိုင် ထိုမျှပမာဏအထိ ကံကောင်းနိုင်သည်မဟုတ်ပေ။

ဝှစ်!

ဇာမဏီနတ်ဓားကို ဝမ်ဖုန်းဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဇာမဏီနတ်ဓားကျိုးသည် ရုတ်တရက်တုန်ခါလာသည်။

ထို့‌နောက်ချက်ချင်းပင် ထိတ်လန့်အံ့သြနေသည့် ဝမ်ဖုန်း၏အကြည့်များအောက်၌ ဓားကိုယ်ထက်ရှိ ဇာမဏီတောင်ပံပုံသဏ္ဍာန်သည် အသက်ဝင်လာသည့်အလား ရုတ်ချည်းလှည့်ပတ်လာသည်။

ဘုန်း!

ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို သွေးနီမျဉ်းကြောင်းများဖြင့် လွှမ်းခြုံသွားပြီး တစ်ကိုယ်လုံးမှ ‌စူးရှတောက်ပသော အနီရောင်အလင်းများ တောက်ပလာသည်။ ၎င်းအနီရောင်အလင်းများသည် လီပိုင်နှင့်အခြားသူများကို ပင့်မြှောက်၍ ကန်အလယ်ရှိကျွန်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။

ဝမ်ဖုန်းသည် ထိုမြင်ကွင်းကြောင့် ကြောင်အနေ၏။

ခြေတစ်လှမ်းချရန်ပင် မဖြစ်နိုင်ခဲ့သော ကျွန်းပေါ်သို့ လီပိုင်နှင်အခြားသူများသည် အံ့ဩဖွယ်ကောင်းလှစွာ ရုတ်တရက်ရောက်ရှိသွားခဲ့သည်။ သို့သော် ဝမ်ဖုန်း အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။ ဇာမဏီနတ်ဓားက ဘာလို့သူ့ကိုလည်း ကျွန်းပေါ်ကို မပို့ပေးရတာလဲ?

သူလည်း ကျွန်းပေါ်ကို သွားချင်နေသည်လေ။

ဇာမဏီနတ်ဓားက ဝမ်ဖုန်းကို သွေးနီမိုးကြိုးလေဆင်‌နှာမောင်းနဲ့ တိုက်ခိုက်စေချင်နေတာလား? ဒါကတော့ သူ့ကို အရမ်းအထင်ကြီးလွန်းသွားပြီ မဟုတ်ဘူးလား?

ခုနက ရှီကန်တန့်၏အတွေးတို့ကို ဝမ်ဖုန်း သိရှိနေခဲ့သည်။ သို့သော် အခုတွင်တော့ ရှီကန်တန့်၏စိတ်ကို ဝမ်ဖုန်း နားလည်နိုင်ခဲ့လေပြီ။

သို့သော်ငြား ထိုအခိုက်အတန့်၌ ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ ဇာမဏီနတ်ဓား၏ထိန်းချုပ်မှုအောက်သို့ ကျရောက်နေခဲ့ပြီး ခန္ဓာကိုယ်တွင်းစွမ်းအင်များသည် ၎င်းနတ်ဓား၏လွှမ်းမိုးမှုဖြင့် စီးဆင်းနေခဲ့သည်။

ဇာမဏီနတ်ဓား၏ထိန်းချုပ်မှုအောက်၌ ဝမ်ဖုန်းသည် လေဟာပြင်သို့ တဖြေးဖြေးမြင့်တက်လာခဲ့သည်။ ဇာမဏီနတ်ဓားကျိုးကို ကိုင်ဆောင်ထားလျက်ဖြင့် ခန္ဓာကိုယ်သည် အနီရောင်အလင်းများတောက်ပနေသည်။

ကျွန်းပေါ်သို့ ရောက်ရှိပြီးသည့် လီပိုင်တို့သည်လည်း မျက်လုံးများကျိန်းစပ်‌နေရသည်။

ဘုန်း!

ရုတ်တရက်ဆန်လှစွာပင် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ သွေး‌နီရောင်ဓားစွမ်းအင်များ ဖြာထွက်လာ၏။ ဇာမဏီနတ်ဓားမှ ဝမ်ဖုန်း၏ခန္ဓာကိုယ်ကိုထိန်းချုပ်၍ သွေးနီရောင်ဓားရောင်ခြည်လှိုင်းကြီးများ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။ ဓားရောင်ခြည်လှိုင်းကြီးများ တစ်ကြိမ်ပြီးတစ်ကြိမ် အဆက်မပြတ်ထွက်ပေါ်လာခဲ့ရာ သွေးနီရောင်မိုးကြိုးလေဆင်နှာမောင်းသည်လည်း ပျောက်ကွယ်သွားတော့သည်။

ဘုန်း! ဘုန်း!!

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ကို ကြောက်ရွံ့‌တုန်လှုပ်စေခဲ့သော သွေးနီမိုးကြိုးမုန်တိုင်းသည် သွေးနီရောင်ဓားရောင်ခြည်အောက်၌ တစ်စစီပြိုကွဲသွားကာ အလင်းစက်လေးများအဖြစ် လေဟာပြင်ထဲတွင် ပျံ့နှံ့သွားလေရာ တောင်ထိပ်မြင်ကွင်းမှာ အလွန်တရာ ရင်သပ်ရှုမောဖွယ်လှပနေတော့သည်။

ဇာမဏီနတ်ဓား၏ထိန်းချုပ်မှုအောက်၌ ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ ထူးခြားဆန်းကြယ်သော သိမြင်နားလည်မှုအခြေအနေသို့ ကျရောက်သွားသည့်အလားပင်။ ဤဇာမဏီနတ်ဓားသည် သွေးနီမိုးကြိုးများကို ဖျက်ဆီးပစ်ရန် ကူညီရုံမျှမက ဓားသိုင်းကျင့်စဉ်တစ်မျိုးကိုလည်း သင်ကြားပေးခဲ့သည်။

ဇာမဏီမျိုးနွယ်ပိုင်ဆိုင်သော ထူးခြားဆန်းကြယ်သည့် ဓားသိုင်းကျင့်စဉ်တစ်မျိုးဖြစ်သည်။

ဇာမဏီဓားသိုင်း!

ဝမ်ဖုန်း၏စိတ်ထဲ၌ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းပုံရိပ်သည် ဇာမဏီဓားသိုင်းကိုကျင့်ကြံနေသည့် ဇာမဏီနတ်သားရဲဖြစ်၏။ ၎င်းမှာ ဇာမဏီနတ်သားရဲသည် သူ၏ကံကြမ္မာကိုလက်ခံရန် ဆန္ဒမရှိသည့်အတွက် ကောင်းကင်ဘုံကိုဆန့်ကျင်တိုက်ခိုက်ခြင်းကို ပြသနေခြင်းလည်းဖြစ်သည်။

ဝမ်ဖုန်း၏စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စည်းချက်များ ဆက်တိုက်ထွက်ပေါ်လာခဲ့ခြင်းနှင့်အတူ ဇာမဏီဓားသိုင်းကျင့်စဉ်နှင့် ပတ်သက်ဆက်နွယ်သော မြင်ကွင်းများသည် ဝမ်ဖုန်း၏ နက်ရှိုင်းစွာသောဝိဉာဉ်ထက်၌ စွဲမြဲစွာခပ်နှိပ်ပြီးဖြစ်သွားခဲ့သည်။ ဝမ်ဖုန်းမှ မေ့ဖျောက်ပစ်လိုလျှင်သော်မှ မေ့ဖျောက်ရန်မဖြစ်နိုင်ပေ။

ဝမ်ဖုန်း၏အသိစိတ်သည် ဇာမဏီဓားသိုင်းကို သိမြင်နားလည်ခြင်းအတွင်း ကျရောက်နေရုံမျှမက ခန္ဓာကိုယ်နှင့်စိတ်ဝိဥာဥ်သည်လည်း ဇာမဏီနတ်ဓား၏ထိန်းချုပ်မှုအောက် ကျရောက်နေခဲ့သည်။

ဘုန်း!

သွေးနီရောင်ဓားရောင်ခြည်များ ဆက်တိုက်ထွက်ပေါ်လာ၍ ပတ်ဝန်းကျင်ရှိ သွေးနီမိုးကြိုးအားလုံးကို ဖျက်စီးရှင်းလင်းပစ်သည်။ ၎င်းဓားရောင်ခြည်အောက်၌ အလွန်ကြောက်မက်ဖွယ်သော သွေးနီမိုးကြိုးများသည် သာမန်လှိုင်းလေးများကဲ့သို့ ဖျက်စီးခံရလေသည်။

ဝမ်ဖုန်း ထုတ်လွှတ်လိုက်သည့်ဓားရောင်ခြည်များမှာ သာမန်ဓားရောင်ခြည်လှိုင်းများသာဖြစ်ကြောင်း သိသာလှသည်။ မြင်ရသူကို ရိုးရှင်းမှုကို သိသာထင်ရှားစွာခံစားရစေ၏။

ကျွန်းပေါ်ရှိ လီပိုင်သည် သွေးနီရောင်ဓားရောင်ခြည်များ ထုတ်လွှတ်နေသည့် ဝမ်ဖုန်းကိုကြည့်ရင်းဖြင့် ဓားသိုင်းသမားတစ်ဦးအနေဖြင့် စိတ်ကူးမှန်ဆ၍မရနိုင်သော ဓားသိုင်းအနှစ်သာရကို မြင်တွေ့လိုက်ရသည်ဟု ခံစားလိုက်ရပေသည်။

ဓားရှည်ကိုင်စွဲထားသည့် ဝမ်ဖုန်း၏ပုံရိပ်သည် သာမန်ဆန်သည်ဟု ထင်ရသော်ငြား ဓားသိုင်းတစ်မျိုးကို ကျင့်ကြံနေခြင်းဖြစ်ခဲ့သည်။ အလွန်တရာ ခမ်းနားထည်ဝါသောဓားသိုင်းဖြစ်လေရာ လီပိုင်မှာ မိမိကိုယ်ကို သိမ်ငယ်မိရသည့်အထိပင်။

လီပိုင်၏မျက်လုံးအစုံ၌ အလင်းတစ်စ တောက်ပသွားပြီး ဝမ်ဖုန်း၏ပုံရိပ်ကို သဲသဲမဲမဲကြည့်ရှုနေခဲ့သည်။ သူအရမ်းချစ်မြတ်နိုးရသည့်အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား တက်ကြွစွာကြည့်ရှုနေလေသည်။

ဝမ်ဖုန်းမှ ပြသကျင့်ကြံနေသည့်ဓားသိုင်းကို တပ်တပ်မက်မက်မှတ်ယူနေသည်။ ဤလျှို့ဝှက်ဆန်းကြယ်သောဓားသိုင်းကိုအခြေခံ၍ မိမိ၏ကိုယ်ပိုင်ဓားသိုင်းကို ဆင့်ကဲဖန်တီးနိုင်ပေသည်။

ပျောက်ကွယ်သွားပြီဖြစ်သည့် ရှီကန်တန့်မှအပ စစ်ထူကျုံးသည်လည်း ဝမ်ဖုန်း၏ ဓားသိုင်း၏ဆွဲဆောင်မှုကို ခံလိုက်ရသည်။ ထို့ကြောင့် စစ်ထူကျုံး၏မျက်နှာအမူအရာမှာ အလွန်အမင်းတက်ကြွနေလေသည်။

ကုညီအစ်ကို၏ဓားသိုင်းပညာရပ်သည် လီပိုင်နှင့် စစ်ထူကျုံးတို့၏အဆင့်သို့ မရောက်ရှိသေးသည့်တိုင် ဝမ်ဖုန်း၏ လျှို့ဝှက်ဆန်းကြယ်သောဓားသိုင်း၏ ဆွဲဆောင်မှုကို ခံလိုက်ရမြဲဖြစ်ခဲ့သည်။

နိယာမတစ်ခု ကျော်လွန်နိုင်လျှင် နိယာမအားလုံးကို ကျော်လွန်နိုင်သည်ဟု သတ်မှတ်၏။

ဝမ်ဖုန်း၏ဓားသိုင်းသည် ဇာမဏီဓားသိုင်းကျင့်စဉ်ဖြစ်သော်ငြား အလွန်တရရိုးရှင်းသောကျင့်စဉ်များ ပါဝင်သည်ဖြစ်ရာ မည်သူပင်ဖြစ်စေ တပ်မက်မိကြမည်ဖြစ်၏။

အချိန်ခဏလေးအတွင်း၌ လီပိုင်နှင့်အခြားသူများသည် ဝမ်ဖုန်း၏ ခမ်းနားထည်ဝါသောဓားသိုင်းကျင့်စဉ်ကို ခံစားလျက် ဝမ်ဖုန်း၏ဓားသိုင်းလှုပ်ရှားမှု၌ နစ်မြုပ်နေကြသည်။

တောင်တစ်ခွင်လုံးမှာ ထူးဆန်းစွာဖြင့် သုသာန်တစပြင်တမျှ တိတ်ဆိတ်ငြိမ်သက်နေကာ ဓားရောင်ခြည်ဖြာထွက်သည့်အသံတစ်ခုတည်းသာ မကြာမကြာ ထွက်ပေါ်နေခဲ့သည်။

မကြာမီက ဝမ်ဖုန်းတို့အားလုံးကို ကပ်ဘေးအန္တရာယ်ကျရောက်စေခဲ့သည့် သွေးနီမိုးကြိုးမုန်တိုင်းသည် ဝမ်ဖုန်းတို့မှ ဓားသိုင်းကျင့်စဉ်ကို နားလည်သဘောပေါက်နိုင်ရန်အတွက် အမြှောက်စာဖြစ်သွားရလေသည်။

ဇာမဏီဓားသိုင်းကျင့်စဉ်သည် အလွန်တရာကြီးမြတ်ထည်ဝါလှသည်။

ဇာမဏီဓားသိုင်းကျင့်စဉ်၌ ခမ်းနားထည်ဝါသောဓားသိုင်းပညာရပ် ပါဝင်ရုံမျှမက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော ဇာမဏီပြန်လည်ထမြောက်ခြင်းကျင့်စဉ်လည်း ပါဝင်သည်။ သို့သော် ၎င်းဇာမဏီပြန်လည်ထမြောက်ခြင်းကျင့်စဉ်ကို ဝမ်ဖုန်းတစ်ဦးတည်းသာ နားလည်နိုင်ပေသည်။

ထို့ပြင် လီပိုင်နှင့်အခြားသူများသည်တော့ ဝမ်ဖုန်း၏ ဇာမဏီဓားသိုင်းကျင့်စဉ်မှတစ်ဆင့် မိမိတို့၏ကိုယ်ပိုင်ကျင့်စဉ်ကို တိုးတက်သိမြင်နိုင်ခဲ့ကြသည်။

All Chapters