ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောက
Vol. 39 Ch. 542
Translator - Hsue Htet
ဘုန်း!
မြေအောက်ကမ္ဘာတစ်ခွင်၌ စူးရှတောက်ပသော အနီရောင်အလင်းတန်းများ လွှမ်းခြုံသွားသည်။ မီတာဝက်မျှသောအရွယ်အစားရှိသည့် မီးလျံသည် ဇာမဏီရုပ်ကျွင်း၏အရိုးများကို ဝါးမျိုပြီးနောက်တွင် တစ်မီတာခန့်အထိ အရှိန်တငြီးငြီး တောက်လောင်လာ၏။
ဇာမဏီငှက်၏ပုံရိပ်သည် မီးလျံဝန်းကျင်တွင် အဆက်မပြတ် ကခုန်နေသည်။ ထိုဝန်းကျင်ရှိလေဟာပြင်သည်လည်း အပြင်းအထန်တုန်ခါနေလေရာ ကောင်းကင်ဘုံနှင့်ပထဝီမြေကြီးပင်လျှင် ၎င်းမီးလျံကို ကြောက်ရွံ့နေသည့်အလား ထင်မှတ်ရပေသည်။
ဝမ်ဖုန်းတို့၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်၌ ပဟေဠိဆန်သော အက္ခရာတန်းများသည် မီးလျံတစ်ဝိုက်တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းတို့အားလုံးမှာ ဝိဉာဉ်လွင့်ထွက်ပျောက်ဆုံးသွားတော့မည့်အလား အလျင်အမြန် ဦးခေါင်းငုံ့လိုက်ကြရသည်။
၎င်းအက္ခရာများ၏ ပဟေဠိဆန်မှုမှာ သူတို့လက်လှမ်းမီနိုင်သည့် အတိုင်းအတာအတွင်း မရှိနေပေ။ တစ်ချက်ကြည့်ရုံဖြင့်ပင် သေမင်းချောက်ကမ်းပါးစပ်၌ လျှောက်လှမ်းနေရသည်ကဲ့သို့ ခံစားရစေသည်။ နောက်တစ်ကြိမ်ထပ်ကြည့်မိပါလျှင် မိမိတို့၏ဝိဉာဉ်များမှာ ၎င်းအက္ခရာများ၏ သက်ရောက်မှုကြောင့် ရုတ်ချည်းပြိုကွဲသွားနိုင်သည်ဟု ခံစားရ၏။
ဝမ်ဖုန်းတို့သည် အသက်ရှူခြင်းကိုပင် တတ်နိုင်သမျှ ကြိုးစားအောင့်ထားမိကြသည်။ မီးလျံ၏ မူမှန်ခြင်း၊ မူမမှန်ခြင်းကို စစ်ဆေးရန် မဝံ့ရဲကြတော့။
အချိန်မည်မျှကြာမြင့်သွားခဲ့သည်မသိပေ။ ဝမ်ဖုန်းတို့၏ နှလုံးအိမ်တုန်လှုပ်နေခြင်းမှာ တဖြေးဖြေး လျော့ပါးပျောက်ကွယ်သွားသည်။ ဦးမော့ကြည့်လိုက်ရာတွင် တစ်ဖန် အံ့ဩမင်သက်သွားရပြန်သည်။
လေဟာပြင်ထက်တွင် ဥတစ်လုံးမျောလွင့်နေသည်။ ကိုယ်ထည်တစ်ခုလုံးမှာ ရွှေနီရောင်လွှမ်းနေကာ ဥအခွံတစ်ခုလုံး၏ မျက်နှာပြင်၌ ထူးခြားဆန်းပြားသော ပုံသဏ္ဍာန်များကို လောက၏သက်တမ်းအကြီးရင့်ဆုံးသော ကျင့်ကြံမှုလမ်းစဉ်ဖြင့် ထွင်းထုထားသည့်အလား ထူထပ်သိပ်သည်းစွာထွင်းထားပေသည်။
“ဇာမဏီစစ်နတ်ဘုရား အသွင်ပြောင်းလဲခဲ့တဲ့ ဇာမဏီဥပဲ”
ဝမ်ဖုန်း၏ ဇာမဏီဥကို စူးစိုက်ကြည့်နေသည့်မျက်လုံးများ၌ အလင်းတစ်စ လင်းလက်သွားကာ ခပ်ဖျော့ဖျော့ရေရွတ်သည်။
ဝမ်ဖုန်း၏စိတ်ထဲ၌ အတွေးရေးရေး ပေါ်ပေါက်လာသည်။ ဇာမဏီစစ်နတ်ဘုရားသည် ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဥ်သို့ ရောက်ရှိနေခြင်းမဟုတ်ဘဲ ထူးခြားသည့်အခြေအနေတစ်ခုသို့ ကျရောက်နေခဲ့ခြင်းဖြစ်ကာ ၎င်း၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဥ်သို့ ရောက်ရှိရန် အခြေအနေအချို့ လိုအပ်နေခြင်းဖြစ်နိုင်သည်ဟူ၍။
ယခု၌ မတော်တဆ အနှောင့်အယှက်ပြုမိခြင်း တစ်နည်းဆိုရသော် ဝမ်ဖုန်း၏ခန္ဓာကိုယ်ရှိ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာနှင့် လျိုယင်းနှလုံးသားတို့ကြောင့် ဇာမဏီစစ်နတ်ဘုရားကို ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်သို့ ရောက်ရှိသွားစေခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ထိုအတွေးသည် ဘယ်ကနေဘယ်လို ထွက်ပေါ်လာသည်မသိသော်ငြား ဝမ်ဖုန်းသည် မှန်ကန်သည်ဟု တထစ်ချယုံကြည်နေ၏။
ဝှစ်!
ထိုအချိန်၌ လေဟာပြင်ထက်ရှိ ဇာမဏီဥသည် ရုတ်တရက်တုန်ခါလာခဲ့သည်။ ထို့နောက် သွေးနီရောင်အလင်းတန်းများ ဇာမဏီဥထံမှ ထွက်ပေါ်လာကာ ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သွေးနီရောင်အလင်းတန်းများ၏ ဖုံးလွှမ်းမှုကြောင့် ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကြီးလည်း တုန်ခါလာသည်။ ဝမ်ဖုန်းတို့၏ရှေ့မှောက်၌ပင် ဇာမဏီနှလုံးသားမီးလျံသစ်ပင်ကြီးသည် နှစ်ခြမ်းကွဲသွားပြီး အလယ်၌ အလင်းတံခါးချပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ကြည့်ရသည်မှာ ဇာမဏီနှလုံးသားမီးလျံသစ်ပင် တည်ရှိရခြင်း၏ အကြောင်းရင်းမှာ ဤဝင်ပေါက်အတွက် ဖြစ်နိုင်ကောင်းသည်။
ဝမ်ဖုန်းတို့အားလုံးမှာ ထိတ်လန့်မှုကြောင့် တုန်ရီသွားကြ၏။ ထို့နောက် အလင်းတံခါးချပ်ကို မလွှဲတမ်းကြည့်နေကြသည်။ ကြည့်ရုံဖြင့်ပင် ၎င်းအလင်းတံခါးချပ်၏ တုနှိုင်းမဲ့သောအထွတ်အမြတ်အရှိန်အဝါကို ခံစားနိုင်ပေသည်။
“ဒါ… ဒါက…?”
တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား ဝမ်ဖုန်း၏မျက်လုံးအိမ်တို့ မှေးကျုံ့သွား၏။ ထို့နောက် တုန်ရီစွာဖြင့် ရေရွတ်သည်။
“နတ်ဘုရားဘုံလောကလား”
လီပိုင်သည်လည်း မျက်လုံးအိမ်တို့မှေးကျုံ့၍ ဝမ်ဖုန်း၏စကားကို တုံ့ပြန်သည်။
လီပိုင်၏စကားကိုကြားသောအခါ ကုညီအစ်ကိုသည်လည်း အံ့ဩထိတ်လန့်သွားကာ မယုံကြည်နိုင်ဖြစ်နေကြသည်။
လီပိုင်နှင့်အခြားသူများသည် စစ်နတ်ဘုရားအကြောင်းကို မသိပေ။ သို့သော် ဝမ်ဖုန်းသည်တော့ သေချာသိနေသည်။ ဤအလင်းတံခါးချပ်သည် နတ်ဘုရားဘုံေလာကသို့ သွားရောက်နိုင်သည့် ဂိတ်တံခါးဝဖြစ်ပေသည်။
ကျင့်ကြံသူတစ်ဦးသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှ ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိလျှင် သူ၏အသွေးအသားထဲမှ နတ်ဘုရားဘုံလောကတစ်ခု ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လိမ့်မည်။
နတ်ဘုရားဘုံလောကသည် ယျေဘုယျလောကများနှင့် ကွာခြားမှုမရှိပေ။ သတ္တဝါအလုံးစုံ မွေးဖွားနိုင်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတည်ရှိနေသ၍ နတ်ဘုရားဘုံေလာကအတွင်း မွေးဖွားသည့်သတ္တဝါအားလုံးသည် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူကို အကြွင်းမဲ့ယုံကြည်ကိုးကွယ်လိမ့်မည်။ ၎င်းဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူကို သစ္စာမြဲမြံသောနတ်စွမ်းအင်စီးကြောင်းကို ထောက်ပံ့ပေးလိမ့်မည်။
အပြန်အလှန်အားဖြင့် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူမှ ကျင့်ကြံဆင့်တက်လှမ်းသွားလျှင် နတ်ဘုရားဘုံလောက၏ သတ္တဝါအားလုံးကို တန်ပြန်သက်ရောက်ပြီး ပိုမိုမြင့်မားသည့်ဘဝသို့ တက်လှမ်းစေမည်ဖြစ်သည်။ ထို့ပြင် နတ်ဘုရားဘုံလောကအတွင်း ကောင်းကင်ဘုံနှင့်ကမ္ဘာမြေ၏ စည်းမျဥ်းဥပဒေများကို ပို၍ပြီးပြည့်စုံစေလိမ့်မည်။
ဆိုလိုသည်မှာ ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိပြီးနောက် ၎င်းကျင့်ကြံသူထံမှ ဖြစ်တည်လာသည့် နတ်ဘုရားဘုံလောက၏ စည်းမျဉ်းဥပဒေများမှာ ချန်ခွမ်းအထွတ်အမြတ်ဘုံကဲ့သို့သော ဘုံလောကများနှင့် မကွာခြားပေ။
ဟုန်မန်နတ်ဘုရားနယ်ပယ်ကျဆုံးပြီးနောက်၌ ဖြစ်တည်ခဲ့ပြီးေသာ ၎င်းနတ်ဘုရားဘုံလောက မပျက်စီးခဲ့လျှင် သို့မဟုတ် အခြားသောဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများမှ သန့်စင်မွမ်းမံခဲ့လျှင် အချိန်ကြာမြင့်စွာဆင့်ကဲပြောင်းလဲပြီးနောက်၌ ၎င်းနတ်ဘုရားဘုံလောကသည် ရှန်းလန်ဒေသကဲ့သို့သော ရင်းမြစ်လောကများကဲ့သို့ စကြဝဠာကြီးထဲရှိ ဘုံလောကတစ်ခုအဖြစ် ဖြစ်တည်သွားပေလိမ့်မည်။
ချန်ခွမ်းအထွတ်အမြတ်ဘုံေလာကသည် ကြောက်ခမန်းလိလိသော အင်အားကြီးမားလှစွာသော ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကကို ဖုံးကွယ်ထားမည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။ ဤအကြောင်းရာသာ ပျံ့နှံ့သွားခဲ့ပါလျှင် ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့် ကျင့်ကြံသူများကိုမဆိုထားနှင့် ပျက်သုဉ်းခြင်းဧကရာဇ်အဆင့်ကျင့်ကြံသူများပင်လျှင် ရူးသွပ်သွားလောက်မည်ဖြစ်၏။ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများသည်လည်း တည်ငြိမ်နေနိုင်တော့မည် မဟုတ်ပေ။
ဤသည်မှာ ၉၈ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဥ်ကို ကျော်ဖြတ်ပြီးဖြစ်သော ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကဖြစ်သည်။
ဝမ်ဖုန်းတို့သည် ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကကြီးသို့ နစ်မြုပ်သွားပြီးသည်နှင့်တစ်ပြိုင်နက် ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ မရောက်ရှိနိုင်သည်လည်း ဖြစ်နိုင်သည်။ သို့သော် သူတို့၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည်တော့ ကြီးမားသည့်အတိုင်းအတာထိ သေချာပေါက်တိုးတက်လာနိုင်ပေသည်။
“ဂိုဏ်းချုပ်… ဂိုဏ်းချုပ် အထဲဝင်မှာလား?”
ဘေးရှိစစ်ထူကျုံးသည် စိတ်ရှုပ်ထွေးတွေဝေနေဟန်ဖြင့် တုန်ရီစွာမေးမြန်းသည်။
ကနဦး၌ ဝမ်ဖုန်းသည်လည်း သာမန်ေနရာတစ်ခုဟု တွေးထင်ခဲ့သည်။ သို့သော် ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်စွမ်းသည့် ကောင်းမွန်လှသည့်ကံကြမ္မာဖြစ်နေခဲ့လေသည်။
ဤသည်မှာ အပျော်လာကစားခဲ့ခြင်းတွင် သန်းတစ်ရာအနိုင်ရသွားခြင်းကဲ့သို့သော ဖြစ်ရပ်မျိုးဖြစ်၏။
“ဝင်မယ်”
ဝမ်ဖုန်း လေးနက်စွာပြောလိုက်သည်။
ဇာမဏီဥသည် ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကသို့ တိုက်ရိုက်ဆင့်ကဲပြောင်းလဲပေးခဲ့သည်ဖြစ်ရာ မိမိတို့ကို ဝင်ခွင့်ပြုသည်ဟု သတ်မှတ်နိုင်ပေသည်။ သို့မဟုတ်ပါက ဇာမဏီဥသည် ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကသို့ ဆင့်ကဲပြောင်းလဲပေးခဲ့မည် မဟုတ်ပေ။
ဇာမဏီဥသည် ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကသို့ ဆင့်ကဲပြောင်းလဲမပေးခဲ့လျှင် ဝမ်ဖုန်းတို့မှာ ဤအကြောင်းအရာများကို သိပင်သိရှိနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။
ဇာမဏီစစ်နတ်ဘုရားသည် ၉၉ကြိမ်မြောက်ပြန်လည်ထမြောက်ခြင်းဖြစ်စဉ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဇာမဏီဥအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့်တိုင် မသိစိတ်၏စေ့ဆော်မှုဖြင့် သူ၏နတ်ဘုရားဘုံလောကကို ကာကွယ်နေမြဲဖြစ်သည်။
ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူအတွက် နတ်ဘုရားဘုံလောကသည် အလွန်တရာ အရေးပါသည်။
ဝမ်ဖုန်းသည် စကားဆုံးသည်နှင့် စိုးစဉ်းသော်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဇာမဏီနတ်ဓားကို ကိုင်ဆောင်၍ အလင်းတံခါးချပ်ဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။ လီပိုင်တို့သည်လည်း ဝမ်ဖုန်း၏နောက်မှ နီးကပ်စွာ လိုက်ပါလာကြသည်။
အလင်းတံခါးချပ်အနီးသို့ရောက်လေလေ ပြင်းထန်သည့်အထွတ်အမြတ်အရှိန်အဝါကို ခံစားရလေလေပင်။ ထို့ကြောင့် လီပိုင်တို့မှာ စိတ်ပျက်အားငယ်မှုကို အနည်းငယ်ခံစားလာရလေသည်။
ဝမ်ဖုန်းတစ်ဦးတည်းကိုသာလျှင် သက်ရောက်မှုမရှိဘဲ မေတ္တာတရားကိုပင် အနည်းငယ်ခံစားရသည်ဟု ထင်မှတ်နေ၏။ ဝမ်ဖုန်း၏လက်ထဲမှ ဇာမဏီနတ်ဓားသည်လည်း တုန်ခါနေကာ ၎င်းဇာမဏီနတ်ဓားမှ ထွက်ေပါ်နေသည့် စိတ်အားထက်သန်မှုကိုလည်း ဝမ်ဖုန်း ခံစားမိနေသည်။
အချိန်ခဏကြာပြီးနောက် ဝမ်ဖုန်းတို့သည် အလင်းတံခါးချပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ ဝမ်ဖုန်းတို့ အလင်းတံခါးချပ်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဇာမဏီဥမှ ထုတ်လွှတ်နေသည့် သွေးနီရောင်အလင်းများ ရုတ်တရက်ပျောက်ကွယ်သွား၏။ ထို့နောက် ဇာမဏီနှလုံးသားမီးလျံသစ်ပင်သည်လည်း မူလံပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
မြေအောက်ကမ္ဘာကြီးတစ်ခုလုံး၌ သုသာန်တစပြင်အလား တိတ်ဆိတ်နေသည်။ တောက်ပနေသည့် ဇာမဏီဥတစ်လုံးသာလျှင် လောဟာပြင်၌ ခမ်းနားထည်ဝါစွာဖြင့် မျောလွင့်ကျန်ရစ်နေခဲ့သည်။ အိပ်မောကျနေသည့် ဇာမဏီငှက်တစ်ကောင်ကဲ့သို့ ကြီးမြတ်စွာသော ခမ်းနားထည်ဝါမှုဖြင့် မြေအောက်ကမ္ဘာကြီးတစ်ခုလုံး၏ မြင်ကွင်းကို ပြောင်းလဲပျက်ပြားသွားစေခဲ့သည်။
ပြောင်းလဲသွားသည့် ပုံပျက်တွန့်လိမ်နေေသာမြင်ကွင်းမှာ ဝမ်ဖုန်းတို့ ရှိခဲ့စဉ်အချိန်နှင့် အလွန်ကွာခြား၏။ ဝမ်ဖုန်းတို့ရှိနေချိန်၌သာလျှင် ဇာမဏီဥသည် သူ၏အရှိန်အဝါကို ဂရုတစိုက်ထိန်းချုပ်ထားခဲ့သည့်အလားပင်။