မရဏမျိုးနွယ်၏ပူးပေါင်းကြံစည်မှု
Vol. 39 Ch. 543
Translator - Hsue Htet
ဝမ်ဖုန်းနှင့်အခြားသူများ ဇာမဏီစစ်နတ်ဘုရား၏ နတ်ဘုရားဘုံလောကအတွင်းသို့ ဝင်ရောက်သွားချိန်တွင်ဖြစ်သည်။
အနောက်ပိုင်းဒေသရှိ လျှို့ဝှက်ဆန်းကြယ်နေရာ၌ မွန်မြတ်ဘုံလောက၏ မရဏမျိုးနွယ်စုခေါင်းဆောင်မင်ကုန်းသည် လက်နှစ်ဖက်ကိုနောက်သို့ယှက်၍ ရပ်နေသည်။ သူ၏ဘေး၌ သန်မာထွားကြိုင်းသောလူကြီးများ ရပ်နေ၏။
ထိုလူကြီးများထဲမှ တစ်ဦးသည် အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားလျက် ထက်ရှသောအကြည့်ဖျော့ဖျော့ကို ထုတ်လွှတ်နေပေသည်။ အကြည့်တစ်ချက်ဖြင့်ပင် လူ၏ဝိဉာဉ်ကို တုန်လှုပ်စေနိုင်စွမ်းသည်။
ထိုလူကြီးသည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ဖြစ်သည်။
ကျန်နှစ်ဦးသည် မင်ကုန်းနှင့် အရပ်အတူတူခန့်ဖြစ်၏။ မိုးပြာရောင်မျဥ်းကြောင်းများ ဖုံးလွှမ်းနေသူသည် မွန်မြတ်ဘုံလောက၏ ရွှမ်းဟိုင်းမျိုးနွယ်စုခေါင်းဆောင် ရွှမ်းယောင်ဖြစ်သည်။ အနက်ရောင်မျဥ်းကြောင်းများဖြင့် ဖုံးလွှမ်းနေသူသည် မွန်မြတ်ဘုံလောက၏ ဖျက်စီးခြင်းမျိုးနွယ်စုခေါင်းဆောင် ကျစ်ေရှာင်းဖြစ်သည်။
ဤနေရာ၌ ကောင်းကင်တာ့အိုမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ကြီးသုံးဦးနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်တို့ စုဝေးနေကြသည်ကို အပြင်လောကမှ သိရှိသွားခဲ့လျှင် သေချာပေါက် ထိတ်လန့်တုန်လှုပ်သွားကြမည်ဖြစ်၏။
ထိုလေးဦးသည် မွန်မြတ်ဘုံလောကတစ်ခွင်၌ အဆင့်အတန်းမြင့်မားပြီး အင်အားကြီးမားသူများဖြစ်ကြကာ သူတို့၏ ခြေတစ်ချက်အဆောင့်သည်ပင် မွန်မြတ်ဘုံလောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်စွမ်းသည်။
“အားလုံးပဲ အရှင်သခင်ကန်းက ကျုပ်ကို ရှန်ရှန့်ကျုံဂိုဏ်းနဲ့ရင်ဆိုင်ဖို့ အမိန့်ပေးခဲ့တယ်။ အဲ့အတွက် ခင်ဗျားတို့မှာ ဘယ်လိုအကြံဉာဏ်ကောင်းများရှိမလဲ?”
မင်ကုန်းမှ တောက်ပနေသောမျက်လုံးအစုံဖြင့် ကျန်လူသုံးဦးကိုပြောသည်။
ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲ၅ခု၌ ဟွမ်လျိုမျိုးနွယ်စုသည် လျှို့ဝှက်အဆန်းကြယ်ဆုံးသော အင်အားအကြီးမားဆုံးသော မျိုးနွယ်စုဖြစ်သည်။ ထို့ကြောင့် မင်ကုန်း၌ အမိန့်ပေးနိုင်သည့် ဩဇာအာဏာမရှိချေ။
ထို့နောက် ကျန်ရှိသော ဖျက်စီးခြင်းမျိုးနွယ်စု၊ ကောင်းကင်မျိုးနွယ်စု၊ မရဏမျိုးနွယ်စုနှင့် ရွှမ်းဟိုင်မျိုးနွယ်စုများ၌ ကောင်းကင်မျိုးနွယ်စုသည် အရှင်သခင်ကန်း၏ ထိုးဖောက်စိမ့်ဝင်မှုကို မခံရသေးပေ။ လျှို့ဝှက်ချက်ထိန်းသိမ်း၍ အရှင်သခင်ကန်း၏အစီအစဉ်ကို ပြီးပြည့်စုံစွာ အကောင်ထည်ဖော်နိုင်ရန်အတွက် သတိမပေးခဲ့ပေ။
နေရာရှိလူများသည်တော့ အခြေခံအားဖြင့် ကောင်းကင်တာ့အိုမျိုးနွယ်စု၏ ရည်ရွယ်ချက်များကို ကြိုးကိုင်ထိပါးနေသည့် အရှင်သခင်ကန်းဘက်၌ တိတ်တဆိတ်ရပ်တည်နေခဲ့ပြီဟု ဆိုနိုင်ပေသည်။
အရှင်သခင်ကန်းမှ ကျူးကျော်မှုကို ရုတ်တရက် အရှိန်နှိမ့်၍ တာဝန်တစ်ခု ကိုယ်တိုင်မထုတ်ပြန်ခဲ့လျှင် ထိုလူများမှာ အရှင်သခင်ကန်း၏ လက်အောက်ငယ်သားများ ဖြစ်သွားကြသည်ကို မင်ကုန်းပင်လျှင် သိနိုင်မည်မဟုတ်ပေ။ ကြည့်ရသည်မှာ ဖျက်စီးခြင်းမျိုးနွယ်စုနှင့် ရွှမ်းဟိုင်မျိုးနွယ်စု နှစ်ခုသည်လည်း မျိုးနွယ်စုတစ်ခုလုံးနီးပါး၌ အရှင်သခင်ကန်း၏ ထိုးဖောက်စိမ့်ဝင်မှုခံရပြီး ဖြစ်လောက်ပေမည်။
မင်ကုန်း၏မျက်လုံးအစုံတို့၌ အဓိပ္ပာယ်မှန်းဆ၍မရနိုင်သော အလင်းများတောက်ပနေကာ နှုတ်ခမ်းထောင့်များတွင်လည်း စဉ်းလဲဟန်သော အပြုံးတစ်ခုဖြစ်တည်နေခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကိုမူ မင်ကုန်း မျက်လုံးထဲပင်မထည့်ပေ။ သေချာပေါက်ပင် မင်ကုန်းသည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမ၏ အင်အားကို ကြောက်ရွံ့ပါ၏။ သို့သော် ဤမွန်မြတ်ဘုံလောက၌ မိမိသာလျှင် ဘုရင်ဖြစ်လိုသည်။ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမသည်တော့ ပုရွက်ဆိတ်ကောင်ကဲ့သို့သော တည်ရှိမှုလေးသာဖြစ်၏။ သူ၏မရဏမျိုးနွယ်စုနှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။
အရှင်သခင်ကန်းမှ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို ဆင့်ခေါ်ခဲ့ခြင်းကြောင့် မဟုတ်ပါလျှင် မင်ကုန်းသည် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို ဖိတ်ခေါ်ခဲ့မည်မဟုတ်ပေ။
“ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အခြေစိုက်နေရာကို ခုထိ အတိအကျရှာမတွေ့သေးဘူး။ ရှန်ရှန့်ကျုံဂိုဏ်းကို ဖြားယောင်းပြီးဖျက်စီးပစ်ချင်ရင် တစ်ခုတည်းေသာနည်းလမ်းက စန်းရိမြို့တော်မှာရှိနေတဲ့ ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေကို တိုက်ခိုက်ဖို့ပဲရှိတယ်”
ရွှမ်းဟိုင်းမျိုးနွယ်စုခေါင်းဆောင် ရွှမ်းယောင်၏ အပြာေရာင်မျက်လုံးအစုံမှာ ခံ့ညားထည်ဝါနေကာ အသံနိမ့်ဖြင့်ပြောသည်။
“ကောင်းပြီ”
“အဲဒီ့ရှန့်ရှန့်ကျုံဂိုဏ်းက စန်းရိမင်းဆက်နဲ့ ဆက်ဆံရေးကောင်းတယ်ထင်ရတယ်။ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေက စန်းရိမင်းဆက်နန်းတော်မှာ နေနေကြတာ။ သူတို့ကို တိုက်ခိုက်ချင်ရင် အရမ်းခက်ခဲမှာစိုးရတယ်”
“အရမ်းလှုပ်လှုပ်ရှားရှားဖြစ်ေစလိုက်ရင် စန်းရိမင်းဆက်က အချည်းနှီးဖြစ်ခံပြီး ထိုင်နေမှာမဟုတ်တဲ့အပြင် တခြားမင်းဆက်တွေပါ လှုပ်ရှားလာနိုင်ခြေရှိတယ်”
“အဲ့အခါကျရင် မွန်မြတ်ဘုံလောကတစ်ခုလုံးကို လွှမ်းမိုးသွားလောက်တဲ့ တိုက်ပွဲကြီးအဖြစ် ပြောင်းလဲသွားနိုင်တယ်”
ဖျက်စီးခြင်းမျိုးနွယ်စုခေါင်းဆောင်ကျစ်ရှောင်းမှ ခေါင်းညိတ်ထောက်ခံ၍ အသံနိမ့်ဖြင့်ပြော၏။ သူ၏မျက်နှာမှာ တည်ကြည်လေးနက်နေသည်။
စန်းရိမင်းဆက်၏ ပိုင်နက်တစ်ဝက်ကျော်ကို နေရာယူထားသည်ကို မဆိုထားနှင့် အရှေ့ဘက်ပိုင်နက်နယ်မြေရှိ ပြည်ထောင်ခုနစ်ခုကိုလည်း အထင်မြင်မသေးဝံ့ပေ။ ပြည်ထောင်တစ်ခုချင်းစီ၏ အင်အားဖြင့်ပင် ပြင်းထန်စွာသော ခုခံစွမ်းအားရှိ၏။ နယ်မြေပိုင်နက်၏ တစ်ဝက်ကျော်ကို နေရာယူသိမ်းပိုက်ခွင့်ပြုထားခြင်းဖြင့်
ပြည်ထောင်ခုနစ်ခုသည် မွန်မြတ်ဘုံလောကတစ်ခွင်ရှိ စွမ်းအားမြင့်ကျင့်ကြံသူအားလုံးနီးပါးကို စုဝေးထားနိုင်သည်ဖြစ်သည်။
၎င်းအင်အားသည် မွန်မြတ်ဘုံလောက၏ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲ၅ခုထက်ပင် ပိုမိုကြီးမား၏။ ဤသို့သောအခြေအနေများအောက်၌ သူတို့အနေဖြင့် စန်းရိမြို့တော်သို့ သောင်းသောင်းဖြဖြ ပြဿနာသွားရှာရန်မှာ မဖြစ်နိုင်ပေ။
“ကျုပ်နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်မှာ နည်းလမ်းရှိပါတယ်”
ထိုအခိုက်အတန့်၌ တစ်ချိန်လုံး နေရာတွင်မရှိနေဟုထင်ရသော နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်မှ မိစ္ဆာတစ်ကောင်ကဲ့သို့ ကြမ်းရှသောအသံကြီးဖြင့် ပြောလာခဲ့သည်။
“အို? နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်မှာ ဘာအကြံဉာဏ်များရှိလို့ပါလဲ? ရှိရင် ဒီတိုင်းပြောလိုက်ပါဗျာ။ အဆုံးသတ်တော့လည်း အခု ကျုပ်တို့အားလုံးက အရှင်သခင်ကန်းကို ခစားနေကြတဲ့သူတွေပဲ မဟုတ်လား။ တစ်လှေတည်းစီးနေကြသူတွေလို့ သတ်မှတ်လို့ရနေပြီလေ”
မင်ကုန်း၏မျက်လုံးများ တောက်ပသွားလျက် အသံနိမ့်ဖြင့်ပြောသည်။
“တိုက်ခိုက်ရမှာက ရှန်ရှန့်ကျုံဂိုဏ်းရဲ့တပည့်တွေဆိုမှတော့ မျိုးဆက်သစ်တွေကိုပဲ တိုက်ခိုက်ခိုင်းလိုက်ရင်ရော?”
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်မှ တုံ့ဆိုင်းတွေဝေခြင်းမရှိ ပြော၏။
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်၏ စကားသံအဆုံး၌ နေရာရှိလူအားလုံး၏မျက်လုံးများ တောက်ပသွားကြပြီး သဘောတူခေါင်းညိတ်သည်။
“ဒီနည်းလမ်းမဆိုးဘူး”
“ဒါပေမဲ့ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေအများစုက ပြည်ထောင်ခုနစ်ခု ပေါင်းစည်းတည်ဆောက်ထားတဲ့ မွန်မြတ်ခြင်းခုနစ်ပါးစေတီကိုးထပ်ကို အောင်မြင်ဖြတ်ကျော်ထားပြီးတဲ့သူတွေလို့ သတ်မှတ်လို့ရတယ်နော်”
မင်ကုန်းမှ တွေးတွေးဆဆဖြင့်ပြောသည်။
ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများ၏ အထက်တန်းစားပါရမီရှင်များသည် မွန်မြတ်ဘုံလောက၏ ထူးချွန်မှတ်တမ်းဝင်ပါရမီရှင်များနှင့် ညီမျှ၏။
“ဒီနည်းလမ်းက တကယ်ပဲကောင်းပါတယ်။ ဒါပေမဲ့ အရမ်းအန္တရာယ်များတယ်။ မျိုးဆက်သစ်တွေ လှုပ်ရှားတာက လုံခြုံမှုရှိမယ်မထင်ဘူး”
ရွှမ်းယောင်မှ ခေါင်းခါရမ်းပြောဆိုသည်။
မွန်မြတ်ဘုံလောက၏ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများ၌ အထက်တန်းစားပါရမီရှင်များ တည်ရှိပါ၏။ သို့သော် ကောင်းကင်တာ့အိုမျိုးနွယ်စု၏ အထက်တန်းစားပါရမီရှင်များဖြစ်စေ လူသားမျိုးနွယ်စု၏ ထူးချွန်မှတ်တမ်းဝင်ပါရမီရှင်များဖြစ်စေ အရည်အချင်းမှာ ကွာခြားမှုမကြီးမားချေ။ အနိုင်ရယူရန်မှာ အလွန်တရာခက်ခဲနိုင်၏။
“ပုံမှန်အခြေအနေမှာဆို တကယ်ပဲအန္တရာယ်များပါတယ်”
“ဒါပေမဲ့ ကျုပ်နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင် သိထားသလောက်တော့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့တပည့်တွေက ချန်ခွမ်းယွမ်နဲ့ ချန်ခွမ်းဥပေက္ခာအဆင့်တွေပဲရှိကြတာ။ ချန်ခွမ်းကပ်ဘေးအဆင့်တောင် တစ်ယောက်မှ မရှိကြဘူး။ ခင်ဗျားတို့လို မျိုးနွယ်စုကြီးတွေမှာဆို မျိုးဆက်သစ်တွေက အနည်းဆုံးတော့ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့် ရှိကြမှာမဟုတ်ဘူးလား?”
“အထုံပါရမီတူညီပေမယ့် ကျင့်ကြံဆင့်က အများကြီးပိုမြင့်မားနေတာတောင် ခင်ဗျားတို့က ကိုယ့်မျိုးနွယ်စုနဲ့ပတ်သက်ပြီး ဒီလောက်တောင် ယုံကြည်ချက်နည်းပါးကြသလား?”
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည် မင်ကုန်းနှင့်အခြားသူများကို ကျီစယ်နောက်ပြောင်ဟန် ဝေ့ဝဲကြည့်လိုက်ပြီးနောက် ခပ်ကျယ်ကျယ် ပြောလိုက်သည်။
“ဟမ့် ခင်ဗျား ကျုပ်တို့ကိုလှောင်ပြောင်နေဖို့မလိုပါဘူး။ တကယ်သာ အဲ့လိုဆိုရင်တော့ ကျုပ်တို့သေချာပေါက် ယုံကြည်ချက်ရှိပါတယ်”
မင်ကုန်းမှ အေးစက်စွာနှာမှုတ်၏။ သူ၏မျက်နှာကြီး မည်းမှောင်နေသည်မှာ ဖိညှစ်လိုက်လျှင် ရေထွက်ကျလာမည်ဟုပင် ထင်မှတ်ရသည်။
ဘယ်လိုလုပ်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်လေးတစ်ဦးက သူတို့ကိုလှောင်ပြောင်စော်ကားရဲရတာလဲ? အရှင်သခင်ကန်းကြောင့်သာ မဟုတ်ခဲ့လျှင် မင်ကုန်းသည် ထိုနတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်ကို ပညာပြကောင်းကောင်းပြလိုက်ပြီးပြီဖြစ်၏။
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမအရှင်သခင်သည်လည်း အေးစက်စက်တစ်ချက်ပြုံး၍ စကားမဆိုတော့ပေ။
“ဒါဖြင့် မျိုးဆက်သစ်တွေကိုပဲ လှုပ်ရှားခိုင်းကြတာပေါ့”
“ကျုပ်ကိုယ်တိုင် အဖွဲ့ကိုဦးဆောင်မယ်။ အထက်တန်းစားပါရမီရှင်မျိုးဆက်သစ်နည်းနည်းလောက် ပို့လိုက်ကြတာပေါ့”
“လူကြီးတွေကိုယ်တိုင် ရှင်းပြထားတဲ့ကိစ္စတွေကို သေချာလုပ်ဆောင်ကြမယ့်သူတွေ ရွေးချယ်သုံးမယ်”
ရွှမ်းယောင်မှ လက်ကိုဝှေ့ယမ်း၍ပြောသည်။
“ပြီးတော့”
“အဲဒီ့မှာ ပြည်ထောင်ခုနစ်ခုရှိနေရင်တောင်မှ မျိုးဆက်သစ်တွေကို ကြားဝင်နှောင့်ယှက်စရာ အကြောင်းမရှိဘူး။ မျိုးဆက်သစ်တွေကို လှုပ်ရှားခိုင်းထားပြီး ကျုပ်တို့ဘက်က လှုပ်ရှားဖို့ မစောင့်ဆိုင်းနိုင်မဖြစ်သ၍ ကိစ္စရှိမှာမဟုတ်ဘူး။ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေ အသတ်ခံလိုက်ရရင်တောင်မှ အဲဒီ့ပြည်ထောင်ခုနစ်ခုက ကြားဝင်စွက်ဖက်နိုင်ဖို့ နည်းလမ်းမရှိဘူး”
“အဲဒီ့ဧကရာဇ်ဆိုတဲ့လူ… ရှန်ရှန့်ကျုံဂိုဏ်းလက်ရွေးစင်တပည့်တွေ အသတ်ခံရတဲ့အခါကျ ဧကရာဇ်စန်းရိရဲ့မျက်နှာ ဘယ်လိုအမူအရာဖြစ်နေမလဲ ငါသိချင်မိပါရဲ့!”
စဉ်းလဲကောက်ကျစ်သောအပြုံးဖြင့် ကျစ်ရှောင်းမှ အေးစက်စွာပြောသည်။