တိုက်ခိုက်ကြတော့မည့်ဆဲဆဲ
Vol. 78 Ch. 1156
ယုဝမ်ကလန်သာလျှင် မဟုတ်.. လက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များစွာသည် အမူအရာများ ပျက်ယွင်းလာကြ၏။
သူတို့သည် မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ ဆူဇီမိုကို လုပ်ချင်ရာလုပ်ခွင့် ပေးထားရသည့်အတွက် ရှက်ရွံ့မှုကို ခံစားရလေသည်။
“အထီးကျန်သိုင်းသခင်.. သိပ်ပြီးတော့ မောက်မာမနေနဲ့”
ယင်တစ္ဆေဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်က အေးစက်စွာဖြင့် ပြောလိုက်၏။
“ဒါက မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲပဲ.. ဒီမှာ ဓမ္မဝိသေသ တာအိုအရှင်တွေလည်း ရှိနေကြတယ်.. မင်းကို ဒီနေရာမှာ လုပ်ချင်ရာလုပ်ခွင့် ပေးမထားနိုင်ဘူး”
“အထီးကျန်သိုင်းသခင်.. သူ့ကို လွှတ်ပေးလိုက်”
ယုဝမ်ကလန်မှ ဓမ္မဝိသေသ တာအိုအရှင်က ဟိန်းဟောက်လိုက်၏။
ထိုအခိုက်အတန့်တွင်.. ယုဝမ်ဝူရွှမ်းသည် ဆူဇီမို၏ ခြေရင်းမှာ လဲကျနေပြီး အလွန်တရာ ဆိုးဆိုးရွားရွားပုံပေါက်ကာ နာကျင်အော်ဟစ်နေရ၏။
သူ၏ လက်တစ်ဖက်က ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကြောင့် ပျက်စီးသွားပြီဖြစ်၏။
ယခု သူ၏ ခြေထောက်တစ်ဖက်ကလည်း ပျက်စီးထိခိုက်ထား၏။ သူသည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို ရှာမတွေ့နိုင်သရွေ့ သို့မဟုတ် ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိအောင် မကျင့်ကြံနိုင်သေးသရွေ့.. ။
မဟုတ်ပါက.. သူသည် ဤကဲ့သို့သော ပြင်းထန်သည့် ဒဏ်ရာမျိုးကို ပြန်လည်ကုသနိုင်လိမ့်မည် မဟုတ်ပေ။
ပြိုင်စံရှားတစ်ယောက်အဖြစ် သူ၏လမ်းကြောင်းကလည်း အဆုံးသတ်သွားပေလိမ့်မည်။
ကျင့်ကြံသူများ အားလုံးသည် တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ယုဝမ်ဝူရွှမ်းကို ကြည့်ပြီး သူတို့၏ စိတ်ထဲမှာ လှုပ်ခတ်လာကြ၏။
ယခင် မြောက်ပိုင်းဒေသ၏ နံပါတ်တစ် တာအိုသက်ရှိသည် သားရဲတစ်ကောင်ကြောင့် ဤအခြေအနေထိ ရောက်ရှိသွားပြီး သူ၏ ဂုဏ်သိက္ခာကလည်း နင်းချေဖျက်ဆီးခံလိုက်ရ၏။
“သူ့ကို လွှတ်ပေးရမတဲ့လား..”
ဆူဇီမိုက အေးစက်စွာဖြင့် လှောင်ရယ်လိုက်၏။ ရုတ်တရက်.. သူက လက်ကိုဆန့်ထုတ်ပြီး ယုဝမ်ဝူရွှမ်း၏ ဆံပင်ကိုဆွဲကာ မြေပြင်ကနေ ဆွဲထူလိုက်၏။
“ခင်.. ခင်ဗျား.. ဘာလိုချင်လို့လဲ”
ယုဝမ်ဝူရွှမ်းက စိတ်ဓာတ် လုံးဝပြိုလဲသွားပြီဖြစ်ပြီး သူ့အသံက တုန်ယင်နေ၏။
“စောစောက မင်းပြောခဲ့တဲ့ စကားကို မှတ်မိသေးလား”
ဆူဇီမိုသည် ယုဝမ်ဝူရွှမ်းကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းက ငါတို့လေးယောက်ကို မင်းရဲ့ရှေ့မှာ ဒူးထောက်တောင်းပန်စေချင်တယ်မလား.. ငါပြောတာ မှန်ရဲ့လား”
ယုဝမ်ဝူရွှမ်း၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာ၏။
“ငါ့ကို ဒူးထောက်ခိုင်းဖို့ အဲဒီသတ္တိ.. မင်းကို ဘယ်သူပေးထားတာလဲ”
ဆူဇီမို၏ လေသံက မကောင်းဆိုးဝါးဆန်၍ ခက်ထန်ကြမ်းကြုတ်နေ၏။
သူသည် မော်တယ်တစ်ယောက်အဖြစ် ရှိနေစဉ်တုန်းကပင်.. သူသည် ရွှေအမြုတေတစ်ယောက်ကို ဆန့်ကျင်ပြီး ဒူးထောက်ဖို့အတွက် ငြင်းဆန်ခဲ့လေသည်။
ယခုအချိန်တွင် သူက တာအိုသက်ရှိ အထီးကျန်သိုင်းသခင် ဖြစ်နေလေပြီ။
လွန်ခဲ့သည့် ဆယ်နှစ်က သူသည် မည်ကာမတ္တ တပည့် ၈ ယောက်ကို သတ်ဖြတ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် တာအိုသက်ရှိအဖြစ် ကျော်ကြားခဲ့လေသည်။ မည်သူက သူ့ကို အထင်သေးရဲလို့လဲ..။
ယုဝမ်ဝူရွှမ်းလို မူလနတ္ထိတစ်ယောက်ကို မပြောနှင့်.. ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် ထိုကဲ့သို့သော စကားကို ပြောရဲလိမ့်မည် မဟုတ်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင်.. အဆင့်တူချင်းမှာ ဆူဇီမိုကို ဒူးထောက်ခိုင်းနိုင်သောသူ မရှိပေ။
“မင်းက လူတွေကို ဒူးထောက်ခိုင်းရတာ အဲ့လောက်ကြိုက်နေမှတော့.. ငါကလည်း မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့”
ထိုသို့ပြောပြီးနောက်.. ဆူဇီမိုသည် သူ၏ခြေထောက်ကို မြှောက်ပြီး ယုဝမ်ဝူရွှမ်း၏ နောက်ထပ်ဒူးတစ်ဖက်ကို ကန်ကျောက်လိုက်၏။
ဖျောက်.. ဖျောက်.. ဖျောက်..
ကြီးမားပြင်းထန်သည့် အားလှိုင်းတစ်ခုက သူ၏ ဒူးခေါင်းထဲသို့ တလိပ်လိပ် တိုးဝင်လာခဲ့၏။
ယုဝမ်ဝူရွှမ်း၏ ဒူးသည် ကြေမွပျက်စီးသွားလေသည်။
အဲဒါသည် သူ၏ ခြေထောက်နှစ်ဖက်လုံး ပျက်စီးထိခိုက်သွားခြင်းနှင့် တူညီလေသည်။
ယုဝမ်ဝူရွှမ်းသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ဒုတ်ခနဲ မြည်သံနှင့်အတူ ဒူးထောက်ကျသွား၏။
“အား..”
သူက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သူ၏ ရုပ်နှင့် စိတ်က ကြီးမားစွာ ညှင်းပန်းနှိပ်စက်ခံရပြီး သူက သတိလစ်မတတ် ဖြစ်လာခဲ့၏။
ယုဝမ်ဝူရွှမ်းသည် ဒုက္ခိတတစ်ယောက် လုံးလုံးလျားလျား ဖြစ်သွားခဲ့လေပြီ။
ထိုသည်ကို မြင်သောအခါ.. ကျင့်ကြံသူများ၏ စိတ်ထဲမှာ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။
လူတိုင်း၏ စိတ်နှလုံးထဲတွင် မည်သည့် စာနာသနားမှု သို့မဟုတ် မည်သည့် သနားကြင်နာမှုမှ မရှိကြပေ။
ကျင့်ကြံရေးလောကက ရက်စက်ကြမ်းကြုတ်ပြီး ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။
ဒါ့အပြင်.. ယုဝမ်ဝူရွှမ်းက အဲဒါကို တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။
သူသည် ပထမ ညှိနှိုင်းမှု အပြီး၌ နာခံစွာ နောက်ဆုတ်ခဲ့မည်ဆိုလျှင် သူ၏ ခြေတစ်ဖက်ကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
သို့သော်လည်း.. သူက ဆူဇီမိုကို သတ်ဖြတ်ချင်သေးသည့်အတွက် ထိုသူ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ အဲဒါက သူ၏ ခြေထောက်နှစ်ဖက် ဆုံးရှုံးတာကို မပြောနှင့်.. သူက သေရမည်ဆိုလျှင်တောင် သေသင့်လေသည်။
“အထီးကျန်သိုင်းသခင်.. ဂျူနီယာ.. မင်း အရမ်းများနေပြီ”
ယုဝမ်ကလန်မှ ဓမ္မဝိသေသ တာအိုအရှင်က ဆက်လက်၍ မချုပ်တည်းနိုင်တော့ပေ။ သူက သူ၏ မူပိုင်ဓမ္မဓားကိုပင် ဆင့်ခေါ်ပြီး ဆူဇီမိုကို တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။
“အထီးကျန်သိုင်းသခင်.. သိပ်ပြီး ဇောင်းကြွမနေနဲ့”
တာအိုအရှင် မူယွီက အေးစက်စွာဖြင့် ပြောလိုက်၏။
“ငါတို့က နင့်ကို တိုက်ခိုက်ဖို့ မသင့်လျော်ဘူး ဆိုပေမဲ့လို့.. အခု ဒီနေရာမှာ မူလနတ္ထိ ပြိုင်စံရှားတွေ ထောင်နဲ့ချီပြီး ရှိနေတယ်.. သူတို့အားလုံး ဝိုင်းဝန်းတိုက်ခိုက်လာရင် နင်က ဘယ်လောက်ကြာကြာ ခုခံနိုင်မှာမို့လဲ”
“ဘာလို့လဲ”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲက ကျုပ်ကို အရှက်မဲ့စွာနဲ့ ဝိုင်းပြီးတိုက်ခိုက်ရလောက်အောင်အထိ အဆင့်အတန်း နိမ့်ကျသွားပြီလား”
“မင်းက လူသားတစ်ယောက်ဆိုပေမဲ့လို့.. မင်းက မိစ္ဆာသားရဲတွေနဲ့ အတူခရီးသွားပြီး သူတို့နဲ့ သွေးသောက်ညီအစ်ကိုပါ ဖွဲ့ထားသေးတယ်.. မင်းက အရမ်းကို ရက်စက်ကြမ်းကြုတ်ပြီးတော့ မိစ္ဆာသားရဲတွေနဲ့ မခြားနားဘူး.. ငါတို့ လူသားပြိုင်စံရှားတွေက မိစ္ဆာသားရဲတွေကို သတ်ဖြတ်ရမှာ ငါတို့ရဲ့ တာဝန်ပဲ”
တာအိုအရှင် ပိုင်လင်း၏ စကားများက ဖြောင့်မတ်မှန်ကန်မှုဖြင့် ပြည့်နှက်နေသယောင် ထင်ရ၏။
တစ်ခဏအတွင်းမှာပင်.. ဆူဇီမိုသည် လူသားများကို စိတ်ရှိတိုင်း သတ်ဖြတ်နေသော ဆိုးသွမ်းသည့် မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည် ထင်ရ၏။
လက်ရှိကျင့်ကြံသူများ အားလုံးက ဆူဇီမိုကို ပူးပေါင်း၍ ဝိုင်းဝန်းတိုက်ခိုက်ကြမည် ဆိုလျှင်တောင် သူတို့က အကြောင်းပြချက်တစ်ခုကို ရရှိသွားခဲ့လေပြီ။
လေထဲရှိ ကျောက်တိုင်များစွာပေါ်မှာ စိတ်ဝိညာဉ်အသိစိတ် အတက်အကျများက ဆက်တိုက်ထွက်ပေါ်လာခဲ့၏။
လက်ရှိ ဂိုဏ်းကြီးများနှင့် ကလန်ကြီးများမှ မူလနတ္ထိ တာအိုအရှင်များသည် သူတို့၏ မူလနတ္ထိ ပြိုင်စံရှားများကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားရန် အသံပို့လွှတ်ပြောဆိုလိုက်ကြ၏။
အဆင့်မြင့်ဂိုဏ်း ၁၀ ဂိုဏ်း၊ အထက်တန်းလွှာ ကလန် ၄ ခု၊ ရှေးတော်ဝင်မိသားစု ၂ စုနှင့် မြောက်ပိုင်းဒေသ၏ များစွာသော အဖွဲ့အစည်းကြီးများ အားလုံးနီးပါးသည် ဆူဇီမိုနှင့် ရန်ငြိုးရန်စ ရှိထားကြ၏။
မဟာချွမ်အပျက်အစီးရှိ တိုက်ပွဲအတွင်း.. ဤဂိုဏ်းများမှ ပြိုင်စံရှားနှင့် ပါရမီရှင်များစွာသည် ဆူဇီမို၏ လက်ထဲမှာ သေဆုံးခဲ့ရ၏။
ယခုအချိန်တွင်.. မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ ဆူဇီမိုက လုပ်ချင်ရာ လုပ်နေသည်ကို ထိုဓမ္မဝိသေသ တာအိုအရှင်များက ကြည့်မနေနိုင်ကြတော့ပေ။
မူလနတ္ထိများက လှုပ်ရှားမှု ပြုလုပ်လာမည်ဆိုလျှင်.. အဲဒါက ဆူဇီမိုကို အဆင့်ကြီး တစ်ဆင့်ကျော်၍ တိုက်ခိုက်ခြင်း မဟုတ်ပေ။ မဟာယာန မျိုးနွယ်စုခေါင်းဆောင်က အဲဒါကို သိမည်ဆိုလျှင်တောင် သူက ဘာမှ ပြောနိုင်လိမ့်မည် မဟုတ်ပေ။
အမိန့်ကို လက်ခံရရှိပြီးနောက်.. ပြိုင်စံရှားများသည် မကျေမချမ်းသော အကြည့်များနှင့်အတူ ဆူဇီမိုကို စိုက်ကြည့်လာကြ၏။
အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားက တကယ့်ကို စွမ်းအားကြီးမားလေသည်။
သို့သော်လည်း သူတို့မှာ အရေအတွက် အားသာချက်ရှိလေသည်။
လက်သီးနှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်ပေ။ အထီးကျန်သိုင်းသခင်က ဘယ်လိုပင် သန်မာပါစေ.. သူက ပြိုင်စံရှားများစွာ၏ ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခုခံနိုင်မှာတဲ့လား..။
သူ၏ ဓားချီက အရမ်းကို ကြောက်စရာကောင်းသော်လည်း အဲဒါက လူနှစ်ယောက် သုံးယောက်ကိုသာ ပစ်မှတ်ထားနိုင်လေသည်။
အထီးကျန်သိုင်းသခင်၏ ဓမ္မစွမ်းအားများကလည်း တဖြည်းဖြည်း ကုန်ခမ်းသွားပေလိမ့်မည်။
တကယ်တော့.. တိတ်တဆိတ် နောက်ဆုတ်၍ ဝင်မပါဖို့ ရွေးချယ်ခဲ့ကြသော ကျင့်ကြံသူအချို့လည်း ရှိလေသည်။
ဤလူများက တာအိုအမွေအနှစ်ကုန်းမြေတွင် ဆူဇီမို၏ နည်းလမ်းများကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသူများ ဖြစ်လေသည်။
သူတို့၏ ထင်မြင်ချက်အရ.. ဤလူများသည် အထီးကျန်သိုင်းသခင်ကို ဝိုင်းဝန်း၍ သတ်ဖြတ်ချင်သည်ဆိုလျှင် ရွေးချယ်စရာ နှစ်ခုသာ ရှိလေသည်။ လက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များက တိုက်ခိုက်လာဖို့ သို့မဟုတ် သေဆုံးသွားသော မည်ကာမတ္တ တပည့် ၈ ယောက်က ပြန်လည်ရှင်သန်လာဖို့ ဖြစ်လေသည်။
မဟုတ်ပါက.. ချန်ကောင်းကင်မြို့တော်ရှိ မူလနတ္ထိများသည် အထီးကျန်သိုင်းသခင်ကို ကိုင်တွယ်ဖို့အတွက် လုံလောက်လိမ့်မည် မဟုတ်ပေ။
လူအုပ်ကြီးထဲတွင် ဦးလေးကျန့်က အသံကိုနှိမ့်၍ ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က အရမ်းကို ထက်ရှလွန်းတယ်.. ဆိုရိုးစကားအတိုင်းပေါ့.. သံမဏိတောင် မာကြောလွန်းရင် ကျိုးပဲ့တတ်တယ်.. သူက လွန်ခဲ့တဲ့ ဆယ်နှစ်က ကပ်ဘေးတစ်ခုကို တွေ့ကြုံခံစားပြီးတာတောင် အဲဒီ သဘောတရားကို နားမလည်နိုင်သေးဘူးဆိုတော့..”
ယွီလန်က ဘာစကားမှ မပြောဘဲ ခါးသီးစွာဖြင့် ပြုံးလိုက်၏။
သူမသည် ဤလူကို ဆက်လက်၍ အကဲဖြတ်နိုင်ခြင်း မရှိတော့ပေ။
“အထီးကျန်သိုင်းသခင်.. မင်းက ရက်စက်ကြမ်းကြုတ်ပြီးတော့ မိစ္ဆာသားရဲတွေကို မင်းရဲ့ ညီအစ်ကိုအဖြစ် သတ်မှတ်ထားတယ်.. မင်းက အခုလို အခြေအနေနဲ့ ကြုံရသင့်တယ်”
တာအိုသက်ရှိ ရာပြည့်တစ္ဆေက အေးစက်စွာ ပြော၍ အရင်ဆုံး ရှေ့သို့ လှမ်းဝင်လာခဲ့၏။
“အထီးကျန်သိုင်းသခင်.. မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားက တကယ်ပဲ သန်မာတယ်ပေါ့”
တာအိုသက်ရှိ ကျိမူက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“မင်းကို လေးစားမှုထားတဲ့အနေနဲ့.. မြောက်ပိုင်းဒေသ အမြွှာဓားက မင်းကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီ”
မီးလျှံကိုလံဘတ်တောင်ကြားမှ တာအိုသက်ရှိ မီးလျှံနေမင်းက ပူပြင်းသော အော်ရာတစ်ခုကို ထုတ်ကာ ထွက်ရပ်လာ၏။
“မင်းက မီးတောက် နည်းစနစ်တချို့ကို တတ်မြောက်ထားတယ်လို့ ငါကြားမိတယ်.. ငါက မင်းဆီကနေ လေ့လာသင်ယူဖို့ အခွင့်ကောင်းတစ်ခုပဲ”
အခြားတစ်ဖက်တွင် ပြိုင်စံရှားတစ်ယောက်က ရှေ့သို့ ထွက်ရပ်လာခဲ့၏။
များစွာသော မူလနတ္ထိများသည် အမိန့်များကို လက်ခံရရှိပြီးနောက် တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းလာကြ၏။
တစ်ခဏအတွင်းမှာပင်.. ဆူဇီမိုသည် ကျင့်ကြံသူတစ်စု၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။
ကြမ်းကြုတ်ခက်ထန်သော အော်ရာက လေထဲမှာ ပြည့်နှက်လာခဲ့၏။
ကြီးမားသည့် တိုက်ပွဲက ထွက်ပေါ်လာတော့မည့်ဆဲဆဲပင်။
ညဝိညာဉ်နှင့် နန်းကြည်သည် ရွှေခြင်္သေ့နှင့် ခယ်ခယ်ကို အတွင်းမှာ ထား၍ ကာကွယ်လိုက်ကြ၏။ သူတို့သည် ဘေးပတ်ဝန်းကျင်ကို ရန်လိုခက်ထန်သော အမူအရာများဖြင့် ထောက်လှမ်းကြည့်ရှုနေကြ၏။
“အဲဒီမှာ မင်းတို့တွေ မှားယွင်းတွက်ချက်မိတဲ့ တစ်စုံတစ်ရာ ရှိနေသေးတယ်လို့ ငါထင်တယ်”
ဝန်းရံပိတ်ဆို့ခံထားရတာတောင် ဆူဇီမို၏ အမူအရာက တည်ငြိမ်နေလေသည်။
“ငါက ဒီနေရာကို ကိစ္စနှစ်ခုနဲ့ ရောက်လာတာ”
“ပထမဆုံး ကိစ္စကတော့ ဖြေရှင်းပြီးသွားပြီ”
“ဒုတိယကိစ္စကို ဖြေရှင်းဖို့အတွက် ငါက ထွက်ခွာရမယ်.. မင်းတို့ရဲ့ မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲကို ဆက်ပြီးတော့ အနှောင့်အယှက် မပေးတော့ဘူး”
တာအိုသက်ရှိ ရာပြည့်တစ္ဆေက လှောင်ရယ်လိုက်၏။
“သူက ခင်ဗျားတို့ကို တွေဝေရှုပ်ထွေးအောင် လျှောက်ပြောနေတာပဲ.. အားလုံးပဲ သူ့ကို မယုံကြနဲ့”
“ငါ အဲဒီစကားကို ထပ်ပြောမယ်.. ငါ အခု ဒီကိုရောက်လာတဲ့ အဓိက အကြောင်းရင်းက ကိစ္စနှစ်ခုအတွက်ပဲ.. ငါက မလိုအပ်တဲ့ ပြဿနာတွေကို မဖန်တီးချင်သလို.. မင်းတို့တွေနဲ့လည်း ရန်ငြိုးရန်စ မဖြစ်ချင်ဘူး”
ဆူဇီမိုက ပြန်ပြောလိုက်၏။
“ငါ စောစောက တိုက်ခိုက်တုန်းက ဘယ်သူ့ကိုမှ မသတ်ဖြတ်ခဲ့ဘူး.. အဲဒါက ငါ့စကားကို သက်သေပြပေးဖို့ လုံလောက်တယ်”
လူတိုင်းက တွေဝေငေးမောသွားကြ၏။
ဆူဇီမို ပြောသည်မှာ မှန်နေကြောင်း သူတို့ နားလည်လာ၏။
သူနှင့် သူ့ဘေးရှိ အစေခံမိန်းကလေး နန်းကြည်သည် မည်သူ့ကိုမှ မသတ်ဖြတ်ခဲ့ကြပေ။
ယုဝမ်ဝူရွှမ်းပင်လျှင် အသက်ရှင်နေသေး၏။
ဆူဇီမိုက စကားလမ်းကြောင်းပြောင်းပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“ဒါပေမဲ့လို့.. မင်းတို့တွေက ခေါင်းမာပြီးတော့ ငါ့ကို သတ်ဖြတ်ဖို့ ကြိုးစားလာမယ်ဆိုရင်.. အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ပြီး ချန်ကောင်းကင်ကို သွေးလွှမ်းစေတဲ့အတွက် ငါ့ကို အပြစ်မတင်ကြနဲ့”