မင်းက မီးနဲ့လာပြီး ကစားချင်တာလား
Vol. 78 Ch. 1158
ဓမ္မပညာရပ် တစ်ထောင်ကျော်သည် ဆူဇီမိုတစ်ယောက်တည်းဖြင့် ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရ၏။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် ဖန်တီးခြင်းကြာပဒုမ္မာဖြင့် အားဖြည့်ထားပြီး အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ထိပ်တန်းကျင့်ကြံရေး နည်းစနစ်သုံးခုကို ကျင့်ကြံထားခဲ့လေသည်။ အဲဒါက ဓမ္မဝိသေသ တာအိုအရှင်များနှင့် ယှဉ်နိုင်လေသည်။
မင်းဝမ်ဆုတောင်းပုတီး၏ အကူအညီနှင် ပေါင်းစပ်လိုက်သောအခါ သူသည် မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းကို တာမင်းမန္တန်နှင့် တွဲဖက်၍ ထုတ်ဖော်လိုက်၏။ ဆူဇီမို၏ ခံစစ်က ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့၏။
သို့သော်လည်း ကျင့်ကြံသူအုပ်စုက တိုက်ခိုက်ခြင်းကို ရပ်တန့်မသွားခဲ့ကြပေ။
ဘန်း.. ဘုန်း.. ဘုန်း..
ကောင်းကင်ထက်တွင် မိုးချုန်းသံများက တဝုန်းဝုန်းမြည်လာပြီး ကောင်းကင်သည် မင်ရည်များဖြင့် ပက်ဖြန်းခံလိုက်ရသည့်အလား.. တိမ်ညိုတိမ်မည်းများဖြင့် ပြည့်နှက်လာခဲ့၏။ ခရမ်းရောင် လျှပ်စီးများက တိမ်စိုင်များကြားမှာ တဖျပ်ဖျပ်လက်နေ၏။
“ခရမ်းရောင် မိုးကြိုးမုန်တိုင်း”
ဆူဇီမိုက ဟိန်းဟောက်၍ ရှေ့သို့ လက်ညိုးညွှန်လိုက်၏။
နက်မှောင်နေသော တိမ်စိုင်များမှ လျှပ်စီးကြောင်းများက ကျဆင်းလာပြီး ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ထားသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ကျင့်ကြံသူများသည် မတိုက်ခိုက်နိုင်ခင်မှာပင်.. ဆူဇီမိုက တန်ပြန်တိုက်ခိုက်ခဲ့လေပြီ။
မုန်တိုင်းက အော်မြည်၍ လူအုပ်ကြီးထဲသို့ တိုးဝင်လာခဲ့၏။
အချိန်မီ မရှောင်တိမ်းနိုင်သော ကျင့်ကြံသူအချို့သည် မုန်တိုင်းထဲသို့ ဆွဲယူခြင်း ခံလိုက်ရ၏။ သူတို့၏ ခန္ဓာကိုယ်များက လျှပ်စီးများဖြင့် ပြည့်နှက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်ကာ သူတို့၏ အသက်ဓာတ်က ကြောက်စရာကောင်းသော မိုးကြိုးမုန်တိုင်းများဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
ကျင့်ကြံသူ အချို့သည် အားနည်းသော ကိုယ်ကာယရှိပြီး သူတို့၏ ခန္ဓာကိုယ်က ခရမ်းရောင် မိုးကြိုးမုန်တိုင်းထဲမှာ အပိုင်းပိုင်း ပြိုကွဲသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ပျက်စီးသွားခဲ့ကြ၏။
ကျန်ရှိနေသော ကျင့်ကြံသူများကလည်း အသည်းအသန် ရှောင်တိမ်း၍ လူအုပ်ကြီးက ဗြောင်းဆန်လာခဲ့လေသည်။
“အထီးကျန်သိုင်းသခင်.. သေစမ်း..”
ထက်ရှသော အနားစောင်းနှင့်အတူ ဓားအလင်းတစ်ခုက ဖျပ်ခနဲလက်သွားပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ တစ်ခဏအတွင်းမှာပင်.. အဲဒါက ဆူဇီမို၏ ဦးခေါင်းနောက်သို့ ရောက်ရှိလာခဲ့လေပြီ။
ထိုခုတ်ချက်သည် ဓားတာအို၏ သတ်ဖြတ်ခြင်းစွမ်းအားကို အပြည့်အဝ ထုတ်ဖော်ထားခဲ့လေပြီ။
လေဟာနယ်တစ်ခုလုံးက နှစ်ပိုင်း စုတ်ပြဲလုနီးပါး ဖြစ်သွားခဲ့၏။
အဲဒါက မြောက်ပိုင်းဒေသ၏ ဓားအမြွှာထဲမှ တစ်ယောက်ဖြစ်သော တာအိုသက်ရှိ ကျိမူ ဖြစ်လေသည်။
ဆူဇီမိုက လှည့်ပင်မကြည့်ဘဲ သူ၏ ဘယ်ဘက်လက်နှစ်ချောင်းကို ဓားလက်ချောင်းအသွင် ပူးကပ်လိုက်၏။ သူ၏ မနောကျင့်ကြံမှုကို လှည့်ပတ်ပြီး ရှေ့သို့ ညင်သာစွာ ခုတ်ပိုင်းလိုက်လေသည်။
ဇီး…
တောက်လောင်ပူပြင်းသော ဓားချီက ပစ်လွင့်ထွက်ပေါ်လာခဲ့၏။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီနှင့် ရင်ဆိုင်ရချိန်တွင် တာအိုသက်ရှိ ကျိမူ၏ ဓားတာအိုသည် အလွယ်တကူ ဖျက်ဆီးခံရမည့် ဟာသတစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။
ဖောင်း..
တာအိုသက်ရှိ ကျိမူ၏ သူငယ်အိမ်က တင်းကျပ်သွားပြီး ပင့်သက်ကို ရှိုက်လိုက်ရ၏။
သူသည် ဤကဲ့သို့ ကြောက်စရာကောင်းသည့် ဓားချီတစ်ခုကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
ဓားချီတွင် ပါဝင်သော သတ်ဖြတ်ခြင်းစွမ်းအားသည် သူ၏ နှလုံးခုန်ခြင်းကိုပါ ရပ်တန့်လုနီးပါး ဖြစ်သွားစေ၏။
ချွမ်း…
ဓားချီက သူ၏ဓားနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဖျောက်.. ဖျောက်.. ဖျောက်…
သူ၏ ဓားပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာခဲ့လေသည်။
သူ၏ မူပိုင်ဓမ္မလက်နက်က ဓားချီဖြင့် ကြေမွပျက်စီးသွားခဲ့လေပြီ။
ဖောင်း..
များစွာသော အကျိုးအပဲ့ အစအနများသည် အကန့်အသတ်မဲ့သော ထက်ရှမှုနှင့်အတူ တာအိုသက်ရှိ ကျိမူထံသို့ ပစ်လွင့်လာခဲ့၏။ သူတို့က သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်ပြီး သွေးရောင်များကို ဖြာလက်သွားစေ၏။
သူတို့က အရမ်းကို နီးကပ်နေပြီး တာအိုသက်ရှိ ကျိမူက ရှောင်တိမ်းဖို့အတွက် နောက်ကျသွားခဲ့လေပြီ။
တာအိုသက်ရှိ ကျိမူသည် မျက်လုံးပြူး၍ သူ၏အကြည့်က စတင်၍ မှိန်ဖျော့လာပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။
ဓားကျိုး အပိုင်းအစများက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ သူတို့သည် သူ၏ အသက်ဓာတ်အားကို လုံးဝ ဖျက်ဆီးပစ်လိုက်လေပြီ။
သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိပေ။
ဘုန်း..
တာအိုသက်ရှိ ကျိမူ၏ အလောင်းက တောင့်တင်းစွာဖြင့် ရှေ့သို့ လဲကျသွားလေသည်။ သူက ချန်ကောင်းကင်မြို့တော်မှာ ကျဆုံးသွားခဲ့လေပြီ။
ဒုတိယမြောက် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက ဆင်းသက်လာပြီး နောက်ထပ် ပြိုင်စံရှားတစ်ယောက်ကို သတ်ဖြတ်လိုက်လေပြီ။
ဘုန်း..
ကျောက်တိုင်ပေါ်တွင် ကောင်းကင်ထိုးဖောက်ဓားဂိုဏ်း၏ ဓမ္မဝိသေသ တာအိုအရှင်သည် ထိုသည်ကို မြင်သောအခါ တုန်လှုပ်သွားရ၏။ သူက စားပွဲကို ဝုန်းခနဲ ပစ်ရိုက်ပြီး သူ၏မျက်လုံးထဲရှိ အကန့်အသတ်မဲ့သော အမျက်ဒေါသများနှင့်အတူ မတ်တတ်ထရပ်လိုက်၏။
“အထီးကျန်သိုင်းသခင်..”
သူ၏ သွားကြားမှ ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေသည့် စကားသံနှစ်သံက ထွက်ပေါ်လာခဲ့၏။
တာအိုသက်ရှိ ကျိမူ တိုက်ခိုက်လိုက်သည့် ခဏမှာပင်.. နောက်ထပ် ဓားကျင့်ကြံသူ တစ်ယောက်ကလည်း ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
ဝှစ်..
ချက်ချင်းပင်.. ရာနှင့်ချီသော ဓားများက သူ၏ရှေ့တွင် အိပ်မက်ဆန်ဆန် သိပ်သည်းစုဖွဲ့လာပြီး ဆူဇီမိုထံသို့ ပြေးဝင်လာခဲ့၏။
တာအိုသက်ရှိ ပုံရိပ်ယောင်အလင်း..
မြောက်ပိုင်းဒေသ၏ ဓားအမြွှာထဲမှ နောက်ထပ် ဓားကျင့်ကြံသူတစ်ယောက်..
ဓားအလင်းက ပြိုးပြိုးပြက်ပြက်ဖြင့် ဝင်းလက်တောက်ပနေ၏။
ဤဓားနည်းစနစ်က ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်ကို ရှုပ်ထွေးစေနိုင်ရုံသာမက.. ဓားအလင်းသည် ကျင့်ကြံသူ၏ အမြင်အာရုံကိုပါ လုံးဝ ကန့်သတ်နိုင်လေသည်။
ဓားများ ထိတွေ့ရိုက်ခတ်သံက ကျင့်ကြံသူတစ်ယောက်၏ အကြားအာရုံအပေါ် သက်ရောက်နိုင်လေသည်။
ထိုဓားနည်းစနစ်က ဆူဇီမို၏ အာရုံငါးပါးကို ပိတ်ဆို့လုနီးပါး ပုံစံဖြင့် ဆင်းသက်လာခဲ့၏။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏မျက်လုံးကို မှိတ်ချလိုက်၏။ သူ၏ အာရုံခံ သတိစိတ်အပေါ် မှီခိုပြီး သူက ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ ရှေ့သို့ဖမ်းဆွဲလိုက်၏။
ရာပေါင်းများစွာသော ဓားပုံရိပ်များက ပျက်ပြယ်သွားလေသည်။
တာအိုသက်ရှိ ပုံရိပ်ယောင်အလင်း၏ ဓားက ဆူဇီမို၏ လက်ဖဝါးထဲမှာ ရောက်ရှိသွားခဲ့လေပြီ။
ထိုသည်ကို မြင်သောအခါ.. တာအိုသက်ရှိ ပုံရိပ်ယောင်အလင်းက ကျေနပ်နှစ်ခြိုက်သွား၏။
“ပြိုကွဲစမ်း”
သူက မာန်ဖီဟိန်းဟောက်၍ သူ့ဓား၏ ထက်ရှမှုကို သုံးကာ ဆူဇီမို၏ လက်ဖဝါးကို လှီးဖြတ်ချင်လေသည်။
သို့သော်လည်း သူ၏ အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။
ဓားသည် ဆူဇီမို၏ လက်ဖဝါးထဲမှာ ငြိမ်သက်နေပြီး မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။
ဓား၏ ထက်ရှမှုက ဆူဇီမို၏ အရေပြားကိုပင် လှီးဖြတ်နိုင်ခြင်း မရှိပေ။
“ဒါက..”
တာအိုသက်ရှိ ပုံရိပ်ယောင်အလင်းက ကြောင်အ,မှင်တက်သွားခဲ့၏။
အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..။
တာအိုသက်ရှိ အထီးကျန်သိုင်းသခင်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးနောက်.. မူလတာအိုသက်ရှိ ဓမ္မလက်နက်တစ်ခု၏ ထက်ရှမှုကို ဘယ်လိုလုပ် ခုခံနိုင်နေသေးတာလဲ..။
ဆူဇီမိုက သူ၏မျက်လုံးကို ဖွင့်ပြီး တာအိုသက်ရှိ ပုံရိပ်ယောင်အလင်းကို လှောင်ပြောင်သရော်လိုမှုဖြင့် ကြည့်လိုက်၏။
ရုတ်တရက်.. သူ၏လက်ဖဝါးက နူးညံ့ပျော့ပြောင်းသွားပြီး တုန်ခါရစ်ပတ်၍ ဆောင့်ဆွဲလိုက်၏။
“အား..”
တာအိုသက်ရှိ ပုံရိပ်ယောင်အလင်းက အံ့အားတသင့် အော်ဟစ်လိုက်၏။
ရုတ်တရက်.. သူ၏ ဓားမှတစ်ဆင့် ကြီးမားပြင်းထန်သော အားလှိုင်းတစ်ခုက သူ့ထံသို့ ဝင်ရောက်လာသည်ဟု ခံစားရ၏။
သူ၏ လက်ဖဝါးက စုတ်ပြဲသွားပြီး သွေးများက ပန်းထွက်လာခဲ့၏။
သူသည် ဓားရိုးကို ဆက်လက်၍ ဆုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ သူ့လက်ထဲကနေ စင်ထွက်သွားခဲ့၏။ ဆူဇီမိုက အဲဒါကို ဆတ်ခနဲ ဆွဲယူလိုက်လေသည်။
ဆူဇီမိုသည် တာအိုသက်ရှိ ပုံရိပ်ယောင်အလင်း၏ ဓားကို လုယူပြီး တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ၎င်းကို လက်ပြန် ပြန်လည်ထိုးသွင်းလိုက်၏။
သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေကြ၏။
ဓားကို လုယူပြီး ဓားကို ပြန်လည်ထိုးသွင်းခြင်း ဖြစ်စဉ်သည် အသက်တစ်ရှိုက်စာအတွင်း ပြီးမြောက်သွားခဲ့လေသည်။
ဆူဇီမို၏ ရုန်းကန်ပေါက်ကွဲအားက အရမ်းကို ကြီးမားပြင်းထန်သောကြောင့် ဓားသည် အေးစက်စက် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး တာအိုသက်ရှိ ပုံရိပ်ယောင်အလင်း၏ နှာရောင်ထဲသို့ ဖျတ်ခနဲ တိုးဝင်ပျောက်ကွယ်သွားခဲ့၏။
ဖောင်း..
ဓားသည် တာအိုသက်ရှိ ပုံရိပ်ယောင်အလင်း၏ ဦးခေါင်းကို ထိုးဖောက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာပင် ပျက်စီးသွားခဲ့လေသည်။
တစ်ချီမပြည့်တတ်သေးခင်မှာပင်.. တာအိုသက်ရှိ ပုံရိပ်ယောင်အလင်းသည် သူ၏ မူပိုင်ဓမ္မလက်နက်ဖြင့်ပင် ပြန်လည်သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
“ဘယ်လောက်တောင် ကြမ်းတမ်းလိုက်သလဲ”
ရှေ့သို့ တက်မသွားခဲ့သော ကျင့်ကြံသူများသည် တုန်လှုပ်ချောက်ချားသော အမူအရာများဖြင့် အဝေးကနေ စောင့်ကြည့်ရင်း ပြောစရာစကားမဲ့နေကြ၏။
အဲဒါက သူတို့သာဆိုလျှင်.. များစွာသော ဂိုဏ်းများနှင့် ဓမ္မဝိသေသ တာအိုအရှင်များ၏ ဝန်းရံခံထားရချိန်တွင် သူတို့က သေချာပေါက် စိုးရိမ်ပူပန်နေပေလိမ့်မည်။
ယခုအချိန်မှာတော့ တာအိုသက်ရှိ အထီးကျန်သိုင်းသခင်သည် ဓမ္မဝိသေသ တာအိုအရှင်များကိုပင် လုံးဝ ဂရုမစိုက်ဘဲ သတ်ဖြတ်ရာမှာ အရမ်းပြတ်သားလေသည်။
“မီးမြွေရစ်ပတ်ခြင်း”
မီးလျှံကိုလန်ဘတ်တောင်ကြားမှ တာအိုသက်ရှိ မီးလျှံနေမင်းသည် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ လှုပ်ရှားပြီး သူ၏ဘေးပတ်လည်ရှိ အပူချိန်က ဆက်တိုက်မြင့်တက်လာခဲ့၏။
နီရဲတောက်လောင်နေသော အော်ရာတစ်ခုက သူ၏လက်ထဲကနေ ဖြာထွက်လာပြီး လေထဲတွင် ပေသုံးလေးဆယ် ရှည်လျားသော မီးမြွေတစ်ကောင်ကို ဖြစ်ပေါ်လာစေ၏။
မီးမြွေသည် အသက်ဝင်နေပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်များဖြင့် တောက်လောင်နေ၏။ အချိန်မီ မရှောင်တိမ်းနိုင်သော ကျင့်ကြံသူ အချို့သည် ထိုမီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံရပြီး နေရာမှာပင် သေဆုံးကုန်ကြ၏။
”ဘုရားရေ.. အဲဒါက ဘယ်လိုလုပ် မီးမြွေတစ်ကောင် ဖြစ်ပါ့မလဲ.. အဲဒါက မီးနဂါးတစ်ကောင်ပဲ”
လူအုပ်ကြီးက အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ပေသုံးလေးဆယ် ရှည်လျားသော မီးမြွေသည် သူ၏ခေါင်းကို မော့၍ သူ၏လျှာကို တဖျပ်ဖျပ်ထုတ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မီးတောက်များက ဖြာထွက်လာခဲ့၏။ ဘေးပတ်ဝန်းကျင်ရှိ မည်သည့်ကျင့်ကြံသူကမှ သူ့အနားသို့ ချဉ်းကပ်ရဲခြင်း မရှိကြပေ။
“သူ့ကို သတ်..”
တာအိုသက်ရှိ မီးလျှံနေမင်းက ဆူဇီမိုဘက်ကို လက်ညိုးညွှန်လိုက်၏။
မီးမြွေသည် အသိစိတ်ရှိ၍ တာအိုသက်ရှိ မီးလျှံနေမင်း၏ စကားများကို နားလည်နိုင်ပုံရလေသည်။ ၎င်း၏ မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်သော အလင်းရောင်နှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။
ဆူဇီမိုက မီးမြွေကို တစ်ချက်ကြည့်ပြီး လှောင်ရယ်လိုက်၏။
“မင်းက ကမြောက်ကခြောက် မြွေတစ်ကောင်နဲ့ ငါ့ရှေ့မှာ မီးနဲ့လာပြီး ကစားချင်သေးတယ်ပေါ့”
ဆူဇီမိုက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို လှည့်ပတ်ပြီး သူ၏လက်ချောင်းများကို ချိုးလိုက်၏။ ရုက်တရက်.. နက်မှောင်နေသော မီးတောက်တစ်ခုက သူ၏ လက်ချောင်းထိပ်မှာ ပေါ်ထွက်လာခဲ့၏။
သူက လက်ချောင်းကို လှုပ်ခါလိုက်လေသည်။
အနက်ရောင်မီးတောက်များသည် လွင့်မျောသွားပြီး မီးမြွေဆီသို့ ပစ်ဝင်သွားလေသည်။
ထိုမီးတောက်များက အချိန်မရွေး ငြိမ်းသေတော့မည့်အလား.. အားနည်းစွာ ယိမ်းနွဲ့နေ၏။ သို့သော်လည်း အဲဒါက ဆူဇီမို၏ မိစ္ဆာကျင့်ကြံမှုမှတစ်ဆင့် ဖန်တီးထားသော မိစ္ဆာတာအိုမီး ဖြစ်လေသည်။
နောက်ဆုံးမှာတော့ မီးမြွေသည် အစစ်အမှန် သက်ရှိတစ်ကောင် မဟုတ်ပေ။
၎င်းသည် မိစ္ဆာတာအိုမီးက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာကို လုံးဝ ခံစားနိုင်ခြင်း မရှိပေ။
အနက်ရောင်မီးတောက်များကို ကြည့်ပြီး မီးမြွေက ၎င်း၏ပါးစပ်ကို ဖွင့်ဟ၍ အနက်ရောင်မီးတောက်များကို ဝါးမျိုလိုက်၏။
သို့သော်လည်း မီးမြွေသည် လျင်မြန်စွာပင် လေထဲမှာ တောင့်တင်းအေးခဲသွားခဲ့၏။
ရွှစ်..
အားလုံး၏ အကြည့်အောက်မှာပင်.. မီးမြွေ၏ ခန္ဓာကိုယ်မှ အနက်ရောင်မီးတောက်များစွာက လျှံထွက်လာခဲ့၏။
တစ်ခဏအတွင်းမှာပင်.. အနက်ရောင်မီးတောက်များက ၎င်းကို လွှမ်းခြုံသွားလေသည်။
သွေးနီရောင် မီးမြွေသည် အနက်ရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော ဧရာမ မြွေတစ်ကောင်ဖြစ်သို့ ပြောင်းလဲသွားလေသည်။
သို့သော်လည်း ၎င်းက ပျက်ပြယ်သွားခြင်း မရှိပေ။ ထိုအစား.. ၎င်း၏ ဦးခေါင်းကို လှည့်၍ တာအိုသက်ရှိ မီးလျှံနေမင်းဆီသို့ ပြေးဝင်သွားလေသည်။
မိစ္ဆာတာအိုမီး၏ လောင်ကျွမ်းမှုအောက်တွင် မီးမြွေက မိစ္ဆာတာအိုမှာ ကျဆုံးသွားခဲ့ပြီဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက ပို၍ပင် ကြောက်စရာကောင်းလာ၏။ ၎င်းက တာအိုသက်ရှိ မီးလျှံနေမင်း၏ ထိန်းချုပ်မှုအောက်မှာ ဆက်လက်၍ ရှိမနေတော့ပေ။