တာအိုအရှင်များ၏ တိုက်ခိုက်မှု
Vol. 78 Ch. 1159
တာအိုသက်ရှိ မီးလျှံနေမင်း၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
သူ နှစ်ပေါင်းထောင်ချီ ကျင့်ကြံလာခဲ့သော လျှို့ဝှက်အတတ်သည် အထီးကျန်သိုင်းသခင်၏ လက်ထဲရှိ အနက်ရောင်မီးတောက်ကို လုံးဝ မယှဉ်နိုင်ပေ။
တစ်ခဏအတွင်းမှာပင်.. အနက်ရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော မီးမြွေသည် သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်၏။ ၎င်းက ခေါင်းကိုမော့ပြီး သူ့ကို ရစ်ပတ်လာခဲ့၏။
တာအိုသက်ရှိ မီးလျှံနေမင်းသည် စဉ်းစားနေဖို့ အချိန်မရှိဘဲ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို တစ်ဖန်လှည့်ပတ်၍ လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ထုတ်ဖော်လိုက်၏။ သူ၏ခန္ဓာကိုယ်ထဲကနေ ချစ်ချစ်တောက် ပူပြင်းသော မီးတောက်လုံးတစ်လုံးက ထွက်ပေါ်လာခဲ့လေသည်။
မီးတောက်များက ကောင်းကင်ထက်သို့ ထိုးတက်သွား၏။
သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီး လေထဲတွင် ဧရာမ မီးလုံးတစ်လုံးသာလျှင် ကျန်ရှိခဲ့လေသည်။
အနက်ရောင်မီးတောက်များနှင့် မီးမြွေ၏ ခန္ဓာကိုယ်သည် ကျုံ့ဝင်သွားပြီး အဆက်မပြတ် ရစ်ခွေလာခဲ့၏။
မီးမြွေပေါ်ရှိ မိစ္ဆာတာအိုမီးသည် လေထဲရှိ မီးလုံးနှင့် ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်ပြီး တစ်ခုကိုတစ်ခု ဝါးမျိုလိုက်ကြ၏။
မတူညီသော မီးတောက်အမျိုးအစားနှစ်ခုက တိုက်ခိုက်နေကြလေသည်။
ခဏမျှ လွန်ဆွဲပြီးနောက်.. မိစ္ဆာတာအိုမီးက အသာစီးရရှိသွားခဲ့၏။
မီးလုံးကနေ ထုတ်ပေးသော မီးတောက်များသည် တဖြည်းဖြည်း အနက်ရောင်ပြောင်းလာခဲ့၏။
“အား.. “
သိပ်မကြာမီ.. မီးလုံးထဲကနေ စူးစူးဝါးဝါး အော်သံတစ်သံက ထွက်ပေါ်လာခဲ့၏။
တာအိုသက်ရှိ မီးလျှံနေမင်း၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာလေသည်။
သူ၏ လက်နှစ်ဖက်ကို လေထဲမှာ ဝှေ့ယမ်းပြီး အဆက်မပြတ် ရုန်းကန်နေ၏။ အနက်ရောင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ထဲကနေ လျှံထွက်လာပြီး အပြင်ဘက်မှာ လောင်ကျွမ်းလာခဲ့လေသည်။
သူ၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းများသည် အနက်ရောင်မီးတောက်များဖြင့် ပြည့်လျှံလာပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။
အသက်ရှူချိန် အနည်းငယ်အတွင်း.. တာအိုသက်ရှိ မီးလျှံနေမင်း၏ ပုံရိပ်က လေထဲကနေ ပျောက်ကွယ်သွားလေပြီ။
မူလနတ္ထိအဆင့် ဤပြိုင်စံရှားသည် မိစ္ဆာတာအိုမီး၏ လောင်ကျွမ်းခြင်းခံရပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ပျက်စီးသွားခဲ့လေပြီ။
ဘန်း.. ဘန်း.. ဘန်း..
များစွာသော ဓမ္မပညာရပ်များက တစ်ဖန်ဆင်းသက်လာပြီး လေဟာနယ်ကို တုန်ခါသွားစေလေသည်။
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး မီးတောက်လုံးနှစ်လုံးက တောက်လောင်လာခဲ့၏။
တစ်ချိန်တည်းမှာပင် သွေးနီရောင်မီးတောက်နှင့် ရွှေရောင်မီးတောက်က သူ၏ဘေးမှာ ပေါ်ထွက်လာခဲ့လေသည်။
သူတို့က အင်မော်တယ်တာအိုမီးနှင့် ဗုဒ္ဓတာအိုမီးတို့ ဖြစ်လေသည်။
လေထဲတွင် တာအိုသက်ရှိ မီးလျှံနေမင်းကို လောင်ကျွမ်းစေခဲ့သော မိစ္ဆာတာအိုမီးသည် လွင့်မျောလာပြီး တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခဲ့၏။
မီးတောက်လုံး သုံးလုံးသည် ဆူဇီမို၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်ပတ်နေပြီး လောကကို ထိန်လင်းစေမည့် ဂမ္ဘီရမီးအိမ်သုံးခုနှင့် တူနေလေသည်။
“သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်”
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသော ဓမ္မအတတ်များစွာသည် တာအိုမီးတောက် သုံးခု၏ လောင်ကျွမ်းခြင်းခံရပြီး ဘာမှမကျန်ရှိတော့ပေ။
ကျင့်ကြံသူများက တိတ်တဆိတ် တုန်လှုပ်သွားရ၏။
တိုက်ပွဲထွက်ပေါ်လာခဲ့သည်မှာ မကြာမြင့်သေးသော်လည်း ဆူဇီမိုသည် သူ၏ ဆက်တိုက်သတ်ဖြတ်ကွက်များနှင့်အတူ သန်မာသော ပြိုင်စံရှားများကို သတ်ဖြတ်ခဲ့ပြီးလေပြီ။
ပို၍ အရေးကြီးသည်မှာ သူတို့၏ ခွန်အားက ဆူဇီမို၏ ခံစစ်ကို လုံးဝ ထိုးဖောက်နိုင်ခြင်း မရှိပေ။
လူအုပ်ကြီးက ကဏှာမငြိမ် ဖြစ်လာပြီး ရုတ်ရုတ်သဲသဲ အခြေအနေများက စတင်ပေါ်ထွက်လာခဲ့၏။
များစွာသော ကျင့်ကြံသူများသည် နောက်ဆုတ်ဖို့ကို စဉ်းစားလာကြပြီ ဖြစ်လေသည်။
ထိုစဉ်မှာပင်.. နောက်ထပ် စူးစူးဝါးဝါး အော်သံတစ်သံက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာခဲ့၏။
“အား.. “
ထိုအော်သံက ချက်ချင်းပင် ယတိပြတ် ရပ်တန့်သွားလေသည်။
လူအုပ်ကြီးသည် လှည့်ကြည့်လိုက်ကြပြီး သွမ့်မူရှေးတော်ဝင်မိသားစုမှ ပြိုင်စံရှားတစ်ယောက်သည် လေထဲကနေ ပြုတ်ကျလာသည်ကို မြင်လိုက်ရ၏။ သူ၏ ဦးခေါင်းက ထက်ရှသော အရာတစ်ခုဖြင့် ထိုးဖောက်ခြင်းခံထားရပြီး သွေးသံရဲရဲ အပေါက်တစ်ပေါက် ရှိနေလေသည်။ သူက ဆက်လက်၍ မရှင်သန်နိုင်တော့သည်မှာ သိသာလေသည်။
“သူ့ကို ဘယ်သူ သတ်လိုက်တာလဲ”
ကျင့်ကြံသူများ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကြ၏။
သူတို့၏ အကြည့်အောက်တွင် ဆူဇီမိုသည် စောစောက လှုပ်ရှားခဲ့ခြင်း မရှိပေ။ အဲဒါဆို သူ့ကို ဘယ်သူက သတ်ခဲ့တာလဲ..။
“အဲဒါက အနက်ရောင်ဝတ်လူပဲ”
ကျင့်ကြံသူတစ်ယောက်သည် ငေးငိုင်နေရာကနေ နိုးထလာပြီး ဆူဇီမို၏ဘေးရှိ အနက်ရောင်ဝတ်လူက ပျောက်ကွယ်သွားပြီဖြစ်ကြောင်း လူတိုင်းကို သတိပေးလိုက်၏။
ရုတ်တရက်.. ကျင့်ကြံသူများသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်၍ ကြက်သီးမွေးညင်းများ ထလာကြ၏။
အဲဒီနောက်.. ချက်ချင်းပင် များစွာသော ကျင့်ကြံသူများက တုန်လှုပ်ချောက်ချားနေသော မျက်လုံးများဖြင့် လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။
မသိလိုက် မသိဘာသာနှင့်ပင်.. အနက်ရောင်ပုံရိပ်တစ်ခုသည် ခံစားချက် ကင်းမဲ့သော အမူအရာနှင့် အေးစက်စက် မျက်လုံးများနှင့်အတူ ကျင့်ကြံသူတစ်ယောက်၏ နောက်မှာ ပေါ်ထွက်လာခဲ့၏။ အဲဒါက ညဝိညာဉ် ဖြစ်လေသည်။
“ဗျစ်..”
ညဝိညာဉ်က သူ၏လက်ကို ဆန့်ထုတ်ပြီး ထိုကျင့်ကြံသူ၏ ဦးခေါင်းနောက်စေ့ကို ညင်သာစွာ ထိုးဖောက်လိုက်၏။
သူ၏လက်ချောင်းများက အရမ်းကို ထက်ရှပြီး နတ်ဘုရားလက်နက်များထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။
သူသည် မည်သည့်ခွန်အားကိုမှ အသုံးပြုခြင်း မရှိလျှင်တောင် ထိုကျင့်ကြံသူ၏ ဦးခေါင်းပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက်က ပေါ်ထွက်လာခဲ့၏။
တကယ်ဆို.. ညဝိညာဉ်၏ လက်ထဲမှာ သေဆုံးခဲ့ရသော ကျင့်ကြံသူ ဆယ်ယောက်ကျော်သွားခဲ့လေပြီ။
သို့သော်လည်း တိုက်ပွဲထွက်ပေါ်ချိန်မှစ၍ ကျင့်ကြံသူများ အားလုံးသည် ဆူဇီမိုကိုသာ အာရုံစိုက်ထားကြပြီး သူ့ကို မည်သူကမှ သတိမထားခဲ့ကြပေ။
ထိုအခါမှသာလျှင်.. ဖြစ်ပျက်ခဲ့သည့် အရာများကို လူတိုင်းက နားလည်လာပြီး သူတို့၏ နှလုံးခုန်သံက မြန်ဆန်လာခဲ့၏။
ဆူဇီမိုနှင့် ယှဉ်လျှင် အနက်ရောင်ဝတ်လူက ပို၍ပင် ကြောက်စရာကောင်းနေ၏။
သူက သူတို့အနားသို့ ဘယ်အချိန်မှာ ရုတ်တရက် ချဉ်းကပ်လာပြီး ဘယ်အချိန်မှာ တိတ်တဆိတ် သတ်ဖြတ်လိုက်မလဲ မည်သူကမှ မသိကြပေ။
ဘန်း..
ချောမောလှပသော ပုံရိပ်တစ်ခုက ရှေ့သို့ ပြေးဝင်လာပြီး လက်သီးဖြင့် ပစ်ထိုးလိုက်၏။ လေထဲတွင် ရွှေရောင်အလင်းက ပျံ့နှံ့သွားပြီး သူမက ဓမ္မပညာရပ်တစ်ခုကို ချိုးဖျက်ကာ ပြိုင်စံရှားတစ်ယောက်ကို သတ်ဖြတ်လိုက်၏။
ထိုပြိုင်စံရှား၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး နေရာမှာပင် သေဆုံးသွားလေသည်။
ထိုလှပသော ပုံရိပ်က နန်းကြည်ပင် ဖြစ်လေသည်။
ကျင့်ကြံသူတစ်ယောက်သည် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသော ဓမ္မလက်နက်တစ်ခုကို ထုတ်ယူပြီး နန်းကြည်ကို ခုတ်ပိုင်းလိုက်၏။
နန်းကြည်က လှည့်ပင်မကြည့်ဘဲ တန်ပြန်ထိုးနှက်ကာ ဓမ္မလက်နက်ကို အပိုင်းပိုင်း ကြေမွသွားစေ၏။
ကျင့်ကြံသူတစ်ယောက်သည် ဓမ္မအတတ်များကို ထုတ်ဖော်လိုက်ပြီး နန်းကြည်က သူမ၏ သွေးချီစွမ်းအားကို ထုတ်ဖော်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်၏။
နတ်ဘုရားမျိုးနွယ်၏ ကိုယ်ကာယသည် ဓမ္မလက်နက်များကို ခုခံနိုင်လေသည်။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးသည် ဓမ္မလျှို့ဝှက်အတတ်များ အားလုံးကို ဖိနှိမ်နိုင်လေသည်။
အသင်္ချေနယ်မြေမြို့တော်မှာတုန်းက နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ပြိုင်ဘက်ကင်း၍ ရပ်တန့်လို့ မရနိုင်ခဲ့ပေ။ နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာလေသည်။
နန်းကြည်သည် မည်သည့် ဓမ္မလက်နက်ကိုမှ မလိုအပ်ပေ။ သူမ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအပေါ် မှီခိုခြင်းဖြင့် သူမက လူအုပ်ကြီးထဲသို့ ပြေးဝင်သွားမည်ဆိုလျှင် သူမ၏ စွမ်းအားကို ခုခံနိုင်သည့်သူက များများစားစား မရှိပေ။
အဲဒါက အစစ်အမှန် နတ်ဘုရားစွမ်းအား ဖြစ်လေသည်။
တစ်ခဏအတွင်းမှာပင်.. ဆူဇီမိုတို့ အုပ်စု လက်ချက်ဖြင့် သေဆုံးခဲ့ရသော မူလနတ္ထိ အနည်းဆုံး တစ်ရာရှိလာခဲ့လေပြီ။
ကျောက်တိုင်များပေါ်ရှိ ဓမ္မဝိသေသ တာအိုအရှင်များသည် ဆက်လက်၍ ထိုင်မနေနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လာကြ၏။
“အထီးကျန်သိုင်းသခင်က သေသင့်တယ်”
ယုဝမ်ကလန်မှ ဓမ္မဝိသေသ တာအိုအရှင်သည် အံကို တင်းတင်းကြိတ်၍ မုန်းတီးစွာဖြင့် ပြောဆိုလိုက်၏။
“အထီးကျန်သိုင်းသခင် ဒီလိုမျိုး ထင်ရာစိုင်းနေတာကို ကျုပ်တို့က ခွင့်ပြုပေးထားရမှာလား”
ယင်တစ္ဆေဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်က အေးစက်စက် အမူအရာတစ်ခု ရှိနေလေသည်။
တာအိုသက်ရှိ ရာပြည့်တစ္ဆေသည် သူ ဂုဏ်အယူရဆုံး တပည့်ဖြစ်သော်လည်း ထိုသူက အရင်ဆုံး သေဆုံးသွားခဲ့ရလေသည်။ အဲဒါက တာအိုအရှင် လက်မခံနိုင်သော အချက်တစ်ချက်ဖြစ်ပြီး သူက ယခုအချိန်မှာ ဆူဇီမိုကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေလေသည်။
သို့သော်လည်း ဆူဇီမိုထံတွင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ နောက်ခံရှိနေ၏။
များစွာသော ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် စိုးရိမ်ပူပန်ရပြီး မည်သူကမှ မဆင်မခြင် မပြုမူရဲကြပေ။
တာအိုအရှင် မူယွီသည် ခဏမျှ စဉ်းစားပြီး သူ၏မျက်လုံးထဲတွင် အေးစက်စက် အလင်းက ဖျပ်ခနဲလက်သွား၏။ ရုတ်တရက် သူက ပြောလိုက်လေသည်။
“ငါသိပြီ.. ငါတို့က အထီးကျန်သိုင်းသခင်က လွဲရင်.. ကျန်တဲ့လူတွေကို တိုက်ခိုက်လို့ ရတာပဲ”
တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား.. ထိုကျင့်ကြံသူများ၏ မျက်လုံးက ဝင်းလက်သွားကြ၏။
တာအိုအရှင် ပိုင်လင်းက ခေါင်းညိတ်လိုက်၏။
“အဲဒါ အစီအစဉ်ကောင်းပဲ.. ငါတို့က အနက်ရောင်ဝတ်လူကို သတ်ပစ်ရမယ်.. ရွှေရောင်ဆံပင်နဲ့ မိန်းကလေး.. ပြီးတော့ ခြင်္သေ့နှစ်ကောင်ရောပဲ.. အထီးကျန်သိုင်းသခင်က အဲဒါဆိုရင် ငါတို့ကို သေချာပေါက် တားဆီးလာလိမ့်မယ်”
“သူက ငါတို့ကို အရင်စပြီး တိုက်ခိုက်တယ်ဆိုရင်.. ငါတို့က ပြန်လည်တိုက်ခိုက်တဲ့အတွက် သူက အပြစ်တင်လို့ မရတော့ဘူး.. ငါတို့က သူ့ကို မတော်တဆ သတ်မိသွားမယ်ဆိုရင်တောင် အဲဒါကို သူ့ဘက်က တောင်းဆိုခဲ့တာပဲ”
“အဲဒါဆို ဘာလို့ စောင့်နေဦးမှာလဲ.. ခြင်္သေ့နှစ်ကောင်ကို အရင်ဆုံး သတ်လိုက်ကြတာပေါ့”
ကောင်းကင်ထိုးဖောက်ဓားဂိုဏ်းမှ တာအိုအရှင်သည် လေထဲသို့ ခုန်တက်ပြီး ဓားအလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ လူအုပ်ကြီးကို ဖြတ်ကျော်၍ ခြင်္သေ့စုံတွဲဆီသို့ ပြေးဝင်လိုက်လေသည်။
ရွှေခြင်္သေ့နှင့် ခယ်ခယ်သည် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များဖြစ်ပြီး လက်ရှိမူလနတ္ထိ ပြိုင်စံရှားများနှင့် ရင်ဆိုင်ရာတွင် အရေးနိမ့်ခြင်း မရှိကြပေ။
သို့သော်လည်း သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် ဓမ္မဝိသေသ တာအိုအရှင်နှင့် ယှဉ်လျှင် ဝေးကွာလွန်းသေးလေသည်။
ဇီး…
ဓားအလင်းတန်းက ပေါ်ထွက်လာပြီး အေးစက်နေသော သတ်ဖြတ်လိုစိတ်နှင့်အတူ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။
ဓားတာအိုက ကြမ်းကြုတ်ခက်ထန်မှု အရှိဆုံးဖြစ်လေသည်။
အန္တရာယ်ကို အာရုံခံမိသွားပြီး ရွှေခြင်္သေ့သည် စဉ်းစားဖို့ အချိန်မရပေ။ သူက ခယ်ခယ်ကို သူ၏နောက်သို့ ဆွဲယူပြီး သူ၏ ဓမ္မလက်နက်ကို လွှဲယမ်းလိုက်၏။
ချွမ်း..
သူ၏ ဆေဘာက ဝင်ရောက်လာသော ဓား၏ နှစ်ပိုင်းဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။
ထိုဆေဘာက ရှေးဟောင်းတိုက်ပွဲမြေကနေ သူရရှိခဲ့သော ဓမ္မလက်နက်တစ်ခုဖြစ်ပြီး သူ၏ မူပိုင်ဓမ္မလက်နက်လည်း ဖြစ်လေသည်။
သူ၏ မူပိုင်ဓမ္မလက်နက် ကြေမွပျက်စီးသွားခြင်းနှင့်အတူ သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ထိခိုက်ခံလိုက်ရ၏။
“ဖွီး..”
ရွှေခြင်္သေ့က သွေးတစ်လုပ်ကို ထွေးထုတ်ပြီး စိတ်အားညိုးငယ်သော အမူအရာတစ်ခု ထွက်ပေါ်လာ၏။ သို့သော်လည်း သူက နောက်ဆုတ်ဖို့ ငြင်းဆန်ပြီး ခယ်ခယ့်ကို သူ၏နောက်မှာ ထား၍ ကာကွယ်ပေးနေ၏။
ဓားအလင်းတန်းက ခဏမျှ ရပ်တန့်ပြီးနောက်.. တစ်ဖန် ဆက်လက်ကျဆင်းလာခဲ့၏။
ရုတ်တရက်ဆိုသလို..
အစိမ်းရောင်အလင်းတစ်ခုက ထွက်ပေါ်လာ၏။
ဖျတ်ခနဲဆို.. ၎င်းက ကြောက်စရာကောင်းသော ဓားအလင်းတန်းကို ပိတ်ဆို့တားဆီးလိုက်၏။
ချွမ်း..
ဓားသည် အစိမ်းရောင်အလင်းနှင့် ထိတွေ့ရိုက်ခတ်သွားပြီး ကြွပ်ဆတ်ဆတ် အသံတစ်သံ ထွက်ပေါ်ကာ မီးပွားများက အဘက်ဘက်သို့ စင်ထွက်သွား၏။
အစိမ်းရောင်အလင်းကလည်း ရပ်တန့်သွားလေသည်။
ကောင်းကင်ထိုးဖောက်ဓားဂိုဏ်းမှ တာအိုအရှင်ကလည်း ပေါ်ထွက်လာခဲ့၏။
သူသည် အာရုံစိုက်၍ ကြည့်လိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။
“ဖန်တီးခြင်း ကြာစေ့..”