တာအိုအရှင်များကို သတ်ဖြတ်ခြင်း
Vol. 78 Ch. 1160
အစိမ်းရောင်ကြာခုံသည် ဖြည်းဖြည်းချင်းလည်ပတ်၍ ပွင့်ချပ်ခြောက်လွှာက ဖူးပွင့်လာခဲ့၏။ ၎င်းက မြစိမ်းရောင်ရှိပြီး တစ်မူထူးခြားသော အရောင်အဝါဖြင့် တောက်ပနေ၏။
ကျင့်ကြံသူများအားလုံးသည် တုန်လှုပ်နေသော အမူအရာများဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။ အဲ့ဒါက ဒဏ္ဍာရီလာအဆုံးစွန်ရတနာ ဖန်တီးခြင်းကြာပဒုမ္မာလား..။
ဖန်တီးခြင်းကြာပဒုမ္မာက တစ်ပိုင်း-မျိုးနွယ်စုပညာရှင်ကြောင့် ကြေမွပျက်စီးသွားပြီဟု သူတို့မပြောခဲ့ကြဘူးလား...။ အဲ့ဒါက အခုချိန်မှာ ဘာ့ကြောင့်ပြန်ပေါ်လာရတာလဲ...။
“အဲ့ဒါမဖြစ်နိုင်ဘူး...”
ကျင့်ကြံသူတစ်ယောက်က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အဲ့ဒါက ပြီးပြည့်စုံတဲ့ ဖန်တီးခြင်းကြာပဒုမ္မာ မဖြစ်နိုင်ဘူး... စစ်မှန်တဲ့ ဖန်တီးခြင်းကြာပဒုမ္မာက အဲ့ဒီကြာခုံထက်အများကြီးပိုပြီး သန်မာတယ်...”
သူသည် တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက အစိမ်းရောင်ကြာပန်းသည် ကောင်းကင်ထက်သို့ ထိုးတက်ပြီး တိမ်လွှာများကြား ထိုးဖောက်သွားသည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ဖူးလေသည်။
ကြာရွက်များက ကောင်းကင်တစ်ခွင်အုပ်မိုး၍ ကြာရိုးများက ကျောက်စိမ်းရောင်ဖြင့် တောက်ပနေခဲ့၏။
အစိမ်းရောင်ကြာပန်းက ယိမ်းနွဲ့လိုက်သောအခါ မိုးကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေလေသည်။
လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သော ထိုမြင်ကွင်းနှင့် စွမ်းအားက ဘယ်တော့မှမေ့လျော့သွားလိမ့်မည် မဟုတ်ပေ။
ကောင်းကင်ထိုးဖောက်ဓားဂိုဏ်း၏ တာအိုအရှင်ကလည်း လျင်မြန်စွာ တုံ့ပြန်လိုက်၏။
သို့သော်လည်း ဆူဇီမိုက သူ့ကိုမည်သည့်အခွင့်အရေးမှမပေးပေ။ သူက လက်နှစ်ချောင်းကို ပူးကပ်ပြီး ဓားချိပ်စည်းတစ်ခုကိုဖန်တီးကာ ရှေ့သို့ဝေ့ယမ်းလိုက်လေသည်။
ဇီ.....
ပြိုးပြိုးပြက်ပြက်ဝင်းလက်သော ဓားချီက ဆူဇီမို၏ ဓားလက်ချောင်းတစ်လျှောက် ရုန်းကန်ထွက်ပေါ်လာခဲ့၏။
ချက်ချင်းပင် ကောင်းကင်ထက်ရှိ ကြယ်များက ရွေ့လျားကုန်ကြလေသည်။
ကောင်းကင်၏သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည့်အခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။
ကောင်းကင်ထိုးဖောက်ဓားဂိုဏ်းမှ တာအိုအရှင်သည် ရုတ်တရက် ခေါင်းမွေးများ ထောင်ထလာ၏။
ထက်ရှသော ထိုဓားချီက သူ၏နှလုံးကိုပင် ခုန်ဆောင့်သွားစေခဲ့၏။
သူက လှုပ်ရှားမှုပြုတော့မည့် ဆဲဆဲမှာပင် ဆူဇီမိုက ဖန်တီးခြင်းကြာခုံကို စေညွှန်ပြီး အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ သူ့ဆီသို့ ပြေးဝင်လာစေ၏။
ကောင်းကင်ထိုးဖောက်ဓားဂိုဏ်း၏ တာအိုအရှင်သည် သူ၏ဓားကို ဝေ့ယမ်းပြီးခုခံလိုက်၏။ သို့သော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက ဆင်းသက်လာခဲ့လေပြီ။
သူက ရှောင်ရှားဖို့အတွက် လုံးဝအချိန်မရှိတော့ပေ။
သူက သူ၏လွတ်နေသော လက်တစ်ဖက်ဖြင့် ဓမ္မပညာရပ်တစ်ခုကိုဆင့်ခေါ်ပြီး ဓားချီအကာအရံအလွှာတစ်ခုကို ဖန်တီးကာ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ပိတ်ဆို့တားဆီးဖို့ကြိုးပမ်းလိုက်၏။
ချွမ်း... ချွမ်း.. ချွမ်း...
သူတို့နှစ်ခုစလုံးက ဓားတာအိုများဖြစ်သော်လည်း မတူကွဲပြားသော ဓားတာအိုနှစ်ခု၏ ထိတွေ့ရိုက်ခတ်ခြင်းသည် ဓားမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
အလွန်တရာထက်ရှသော ဓားချီမုန်တိုင်းသည် ဝေ့ယမ်းတိုက်ခတ်လာပြီး ကောင်းကင်ထိုးဖောက်ဓားဂိုဏ်း၏ တာအိုအရှင်ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။
သိပ်မကြာမီ မုန်တိုင်းက စဲသွားလေသည်။
ကောင်းကင်ထိုးဖောက်ဓားဂိုဏ်း၏ တာအိုအရှင်သည် နေရာမှာပင် မလှုပ်မယှက် ရပ်တန့်နေပြီး သူ၏ခန္ဓာကိုယ်ကတောင့်တင်းကာ သူ၏မျက်လုံးထဲရှိ အလင်းရောင်က တဖြည်းဖြည်းမှိန်ဖျော့သွားခဲ့၏။
ဖြီး...ဖွီး...ဖြီး...
ရုတ်တရက် သူ၏ပါးနှစ်ဖက်နှင့် လည်ပင်းပေါ်တွင် သွေးစီးကြောင်းများပေါ်ထွက်လာပြီး သွေးများက ပန်းထွက်လာခဲ့၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ဓားချက်များက ပေါ်ထွက်လာခဲ့၏။
ဓားချီမုန်တိုင်း၏ လွှမ်းခြုံမှုအောက်တွင် ကောင်းကင်ထိုးဖောက်ဓားဂိုဏ်း၏ တာအိုအရှင်သည် သူ၏အသက်ဓာတ်အားကို ဆုံးရှုံးသွားပြီး သူ၏စိတ်ဝိညာဥ်ကလည်း ပျက်စီးသွားခဲ့လေပြီ။
ဤမြင်ကွင်းသည် ကျင့်ကြံသူများကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
ဆူဇီမိုက လက်ရှိမူလနတ္ထိများကို သတ်ဖြတ်နိုင်သည်ဆိုလျှင်တောင် ကျင့်ကြံသူအများစုက အဲ့ဒါကိုလက်ခံနိုင်သေးလေသည်။
ဘာပဲပြောပြော အထီးကျန်သိုင်းသခင်သည် နာမည်ကြီးကျော်ကြားခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ သူ့မှာမည်သည့်ဝှက်ဖဲမှမရှိလျှင် သူက အချိန်အတန်ကြာကတည်းက သေဆုံးသွားခဲ့မည်ဖြစ်ပြီး ယနေ့ဤအချိန်ထိ ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီးနောက် သူက အဆင့်ကြီးတစ်ဆင့်ကျော်၍ ဓမ္မဝိသေသ တာအိုအရှင်များကို သတ်ဖြတ်နိုင်သေးလေသည်။ အဲ့ဒါက အတော့်ကိုကြောက်စရာကောင်းလေသည်။
“အထီးကျန်သိုင်းသခင်...မင်းက အရင်စပြီးတိုက်ခိုက်ခဲ့တာပဲ... မင်းကိုသတ်ဖြတ်မယ့်အတွက် ငါတို့ကို အပြစ်မတင်နဲ့တော့”
တာအိုအရှင်မူယွီက အေးစက်စွာဖြင့် ပြောလိုက်၏။
များစွာသော ဓမ္မဝိသေသ တာအိုအရှင်များက သူ့ကိုဝန်းရံလိုက်ကြ၏။
လက်ရှိဓမ္မဝိသေသ တာအိုအရှင်များအားလုံးသည် နှစ်ပေါင်းထောင်ချီအောင် ရှင်သန်နေထိုင်လာခဲ့ပြီး ထက်ရှသောအမြင်အာရုံရှိကြလေသည်။
အထီးကျန်သိုင်းသခင် ထုတ်ဖော်လိုက်သောဓားချီသည် အလွန်တရာစွမ်းအားကြီးသော်လည်း တတိယမြောက်ဓားချီက နောက်ဆုံးဓားချီဖြစ်ကြောင်း သူတို့က ပြောနိုင်ကြ၏။
မြောက်ပိုင်ဒေသတာအိုတွေ့ဆုံပွဲတွင် ပြိုင်စံရှားများ ထောင်နှင့်ချီ၍ စုဝေးနေကြ၏။
အကန့်အသတ်မဲ့သော ဓမ္မပညာရပ်များက ကောင်းကင်ထက်ကနေ တစ်ပြိုင်နက်တည်း ဆင်းသက်လာကြ၏။ အထီးကျန်သိုင်းသခင်က သူတို့ကို ခုခံနိုင်မည်ဆိုလျှင်တောင် သူ၏အမြုတေစိတ်ဝိညာဥ်နှင့် ဓမ္မစွမ်းအားများစွာကို အားအင်ကုန်ခန်းစေပေလိမ့်မည်။
အထီးကျန်သိုင်းသခင်က ဆက်ပြီးကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
“အပိုတွေပြောမနေနဲ့...”
ဆူဇီမိုက သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏နှာရောင်ကို ညင်သာစွာ ထိလိုက်၏။
သူ၏နှာရောင်ထဲမှ အစိမ်းရောင်အလင်းတန်များက ရုန်းကန်ထွက်ပေါ်လာခဲ့၏။ သူ၏အသိစိတ်ထဲတွင် ကြာစေ့ ၅၄ သည် အဆက်မပြတ် သိပ်သည်းကျစ်လျစ်လာပြီး အစိမ်းရောင်ကြာပန်းဓားကို ဖြစ်ပေါ်လာစေသည်။
“သတ်ဖြတ်စမ်း....!”
သူက ရှေ့သို့စေညွှန်ပြီး အစိမ်းရောင်ကြာပန်းဓားက ပစ်လွင့်သွားကာ တာအိုအရှင်မူယွီ၏ ဦးခေါင်းဆီသို့ ချက်ချင်းပင်ဆင်းသက်လာခဲ့၏။
အစိမ်းရောင်ကြာပန်းဓားက အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်းနည်းစနစ်ဖြစ်ပြီး အရမ်းကိုထက်ရှလေသည်။
လက်ရှိဓမ္မဝိသေသ တာအိုအရှင်များသည် အစိမ်းရောင်ကြာပန်းဓား၏ အော်ရာကို ခံစားမိသောအခါ သူတို့သည် ထိတ်လန့်သွားပြီး ဓား၏ထက်ရှမှုကို ရှောင်ရှားချင်သည့်အတွက် အလိုလိုနောက်ဆုတ်လိုက်ကြ၏။
တာအိုအရှင်မူယွီကလည်း နောက်သို့ဆုတ်ချင်မိလေသည်။
သူ၏လှုပ်ရှားမှုနည်းစနစ်က မည်သို့ပင် မြန်ဆန်ပါစေ သူက အစိမ်းရောင်ကြာပန်းဓား၏ အမြန်နှုန်းကို လိုက်မမီကြောင်းသိထားလေသည်။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တာအိုအရှင်မူယွီသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို ဆင့်ခေါ်ပြီး အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်က အဆက်မပြတ်သိပ်သည်းကျစ်လျစ်လာပြီး ဧရာမနွယ်ပင်တစ်ခုကို ဖန်တီးကာ ဝင်ရောက်လာသော အစိမ်းရောင်ကြာပန်းဓားကို ရစ်ပတ်လိုက်၏။
“လူတိုင်းပဲ... ကျုပ်ကို ကူကြဦး...”
တစ်ချိန်တည်းမှာပင်... တာအိုအရှင်မူယွီက အော်ဟစ်ပြောဆိုလိုက်၏။
အစိမ်းရောင်ကြာပန်းဓားက စွမ်းအားကြီးမားသော်လည်း လက်ရှိဓမ္မဝိသေသ တာအိုအရှင်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာမည်ဆိုလျှင် အဲ့ဒါကို သေချာပေါက် ကြေမွပျက်စီးစေနိုင်လေသည်။
သူက ခဏမျှခုခံထားနိုင်သည်နှင့်အမျှ အခြားသောဓမ္မဝိသေသ တာအိုအရှင်များက သူ့ကို လာရောက်ကူညီပြီး သူက ရှင်သန်လွတ်မြောက်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာနှင့်ပင် သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်က အစိမ်းရောင်ကြာပန်းဓား၏ သတ်ဖြတ်ခြင်းစွမ်းအားကို ခဏကြာအောင်ပင် မခုခံနိုင်ခဲ့ပေ။
အစိမ်းရောင်အလင်းတောက်တောက်က အကန့်အသတ်မဲ့သော ထက်ရှမှုနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာပြီး ရစ်ပတ်ထားသော နွယ်ပင်ကို နှစ်ပိုင်းပြတ်ကျသွားအောင် ဖြတ်တောက်လိုက်၏။
အဲ့ဒီနောက် အစိမ်းရောင်ကြာပန်းဓားသည် တာအိုအရှင်မူယွီ၏ နှာရောင်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
ဖောက်....
များစွာသော ကျင့်ကြံသူများသည် တာအိုအရှင်မူယွီ၏ အမြုတေစိတ်ဝိညာဥ် လှီးဖြတ်ခံလိုက်ရသည့်အသံကို ခပ်သဲ့သဲ့ပင်ကြားလိုက်ရ၏။
တာအိုအရှင်မူယွီ၏ မျက်နှာက သုန်မှုန်သွားပြီး လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှရှိမနေပေ။ သို့သော်လည်း သူ၏စိတ်ဝိညာဥ်အသိစိတ်က ဗလာကျင်းသွားခဲ့လေပြီ။ သူ၏အမြုတေစိတ်ဝိညာဥ်သည် အစိမ်းရောင်ကြာပန်းဓား၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
“သတ်!....”
ဘန်းဘန်းဘန်း....
ထိုအခါမှသာလျှင် များစွာသောအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များသည် ရောက်ရှိလာခဲ့ပြီး အစိမ်းရောင်ကြာပန်းဓားကို ထိတွေ့ရိုက်ခတ်ကာ အပိုင်းပိုင်းကြေမွသွားစေ၏။
အစိမ်းရောင်ကြာပန်းဓားသည် စိမ်းညိုရောင်ကြာစေ့ ၅၄ စေ့အဖြစ် ပြန့်ကျဲသွားပြီး ဖန်တီးခြင်းကြာခုံထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
သူသည် လုံလောက်သည့် အချိန်တစ်ခုဖြင့် သူတို့ကို ပြန်လည်အားဖြည့်ပေးပါက အစိမ်းရောင်ကြာစေ့ ၅၄ စေ့၏ စွမ်းအားသည် နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်လေသည်။
“အထီးကျန်သိုင်းသခင်... မင်းမှာ ဝှက်ဖဲဘယ်လောက်များများကျန်သေးသလဲ ကြည့်ရသေးတာပေါ့...”
ယင်တစ္ဆေဂိုဏ်း၏ တာအိုအရှင်က မကောင်းဆိုးဝါးဆန်ဆန်အော်ဟစ်ပြောဆိုလိုက်၏။
ရုတ်တရက်ဆိုသလို...
သူ၏နောက်ဘက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ မှုန်ရီဝေဝါးသော ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့၏။
ချက်ချင်းပင် ထိုပုံရိပ်က သူ၏ လက်ကိုဆန့်ထုတ်ပြီး ယင်တစ္ဆေဂိုဏ်း၏ တာအိုအရှင်ကို ဖမ်းဆွဲလိုက်၏။
“ဟွန့်.. ငါက ပြင်ဆင်ထားတယ်ကွ...”
ယင်တစ္ဆေဂိုဏ်း၏ တာအိုအရှင်က သူ၏ခန္ဓာကိုယ်ကို ယိမ်းနွဲ့၍ သူရှိနေရာကနေ ပျောက်ကွယ်သွားပြီး သူ၏လှည့်စားတတ်သော အသံကသာလျှင် ကျန်ရစ်ခဲ့၏။
ဖောက်...
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ယင်တစ္ဆေဂိုဏ်းမှ တာအိုအရှင်၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး နေရာမှာပင် မလှုပ်မယှက် ရပ်တန့်သွား၏။
သူ၏နဖူးက ခရမ်းရောင်ပစ္စည်းတစ်ခုဖြင့် ထိုးဖောက်ခြင်းခံထားရပြီး သွေးများက တစ်စက်စက်စီးကျနေ၏။
ယင်တစ္ဆေဂိုဏ်း၏ တာအိုအရှင်က သေဆုံးသွားခဲ့လေပြီ။
သူသည် ညဝိညာဥ်၏လက်သည်းကို ရှောင်ရှားနိုင်ခဲ့သော်လည်း ထိုသူ၏ အမြီးကို မရှောင်နိုင်ခဲ့ပေ။
“မင်းက... သားရဲတစ်ကောင်ပဲ”
တာအိုသက်ရှိပိုင်လင်းက အော်ဟစ်ငေါက်ငမ်းလိုက်၏။
ဤအနက်ရောင်ဝတ်လူသည် သူတို့၏ အသိစိတ်ကနေပင် ပုန်းကွယ်နေနိုင်ခဲ့လေသည်။
“ငါသိပြီ...”
လူအုပ်ကြီးထဲတွင် ဦးလေးကျန့်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး နားလည်သဘောပေါက်သွားခဲ့၏။
“အစကတော့... အင်ပါယာအကြံပေးနှစ်ယောက်က ဘယ်လိုတိတ်တဆိတ်သေဆုံးခဲ့ရသလဲ ငါနားမလည်နိုင်ခဲ့ဘူး... နောက်ပြီး သူတို့ရဲ့ဒဏ်ရာတွေမှာ သားရဲချီတောင် ကျန်ခဲ့သေးတယ်...”
သူက လေထဲရှိ ညဝိညာဥ်ကိုကြည့်ပြီး ပြောလိုက်၏။
“အဖြေကတော့ သူပဲ....”
ဦးလေးကျန့်၏ ခွဲခြမ်းစိတ်ဖြာမှုကိုကြားသောအခါ ယွီလန်က တိတ်ဆိတ်ငြိမ်သက်နေပြီး သူမ၏ ဝိညာဥ်ကို ဆုံးရှုံးထားသည့်အလား ငေးငိုင်နေပြီး တိုက်ပွဲနယ်မြေကိုသာ စိုက်ကြည့်နေ၏။
“မင်းသမီး... ခင်ဗျားအဆင်ပြေရဲ့လား”
ဦးလေးကျန့်က မနေနိုင်ဘဲ မေးလိုက်၏။
“ကျွန်မအဆင်ပြေပါတယ်...”
ယွီလန်က ဝမ်းနည်းစွာဖြင့်ပြုံးလိုက်၏။
“သူပြောခဲ့တဲ့စကားကို နောက်ဆုံးကျွန်မနားလည်သွားခဲ့ပြီ..”
“အထီးကျန်သိုင်းသခင်... အသက်ရှင်နေသရွေ့က ကျွန်မရဲ့ အင်ပါယာကို ဘယ်တော့မှပြန်လည်ထူထောင်နိုင်မှာမဟုတ်ဘူးတဲ့... ကျွန်မက မဟာကျိုးအင်ပါယာကိုလည်း ထိပါးလို့ရမှာမဟုတ်ဘူးလို့ သူကပြောခဲ့တယ်”
ယွီလန်၏အမူအရာက မှိန်ဖျော့သွားပြီး သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
“သူပြောတာမမှားဘူး... မဟာကျိုးဧကရီက အထီးကျန်သိုင်းသခင်က နောက်ခံရှိတယ်... ကျွန်မက သူမကို အနိုင်မရနိုင်ဘူး... ကျွန်မရဲ့အင်ပါယာကိုလည်း ဘယ်တော့မှ ပြန်လည်ထူထောင်နိုင်မှာ မဟုတ်တော့ဘူး...”
ဦးလေးကျန့်က ဘာစကားကိုမှ ပြောဆိုခြင်းမရှိတော့ပေ။
အထီးကျန်သိုင်းသခင် ထုတ်ဖော်ပြသခဲ့သောစွမ်းအားသည် အမှန်တကယ်ပင် သူ့ကိုစိတ်ပျက်အားငယ်သွားစေနိုင်လေသည်။
ထိုစိတ်ပျက်အားငယ်မှုက သူ့ကိုခုခံဖို့ပင် စွမ်းအားမကျန်ရှိတော့ပေ။