← Chapters

သားရဲသန့်စင်ဝင်္ကပါ

Vol. 78 Ch. 1161

သားရဲသန့်စင်ဝင်္ကပါ

Vol. 78 Ch. 1161

သူသည် ဓမ္မဝိသေသ တာအိုအရှင်များ တိုက်ခိုက်ဖို့ ပူးပေါင်းလာသည်ကို မြင်သောအခါ ဆူဇီမို၏အမူအရာက သုန်မှုန်ခက်ထန်လာခဲ့လေသည်။

သူက ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုချပြီး သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။

“နောက်ဆုတ်ကြမယ်ဟေ့...”

အဆက်မပြတ်တိုက်ခိုက်ခဲ့သော တိုက်ပွဲသည် သူ၏ဓမ္မစွမ်းအားများစွာကို ကုန်ခန်းစေခဲ့၏။

မြောက်ပိုင်းဒေသ၏ မူလနတ္ထိနှင့် ဓမ္မဝိသေသ တာအိုအရှင်အများစုသည် မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲမှာ စုစည်းနေကြ၏။

အဲ့ဒီမှာ ထိပ်သီးဂိုဏ်းကြီးများမှ မည်သည့်ပညာရှင်မှ မပါရှိသော်လည်း များစွာသော ပြိုင်စံရှားများနှင့် တာအိုအရှင်များပါဝင်ပတ်သက်နေခြင်းသည် အထင်သေးလို့ မရနိုင်ပေ။

ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက သန်မာပြီး ဓမ္မဝိသေသ တာအိုအရှင်များကို တိုက်ခိုက်နိုင်သော ဝှက်ဖဲတချို့သူ့မှာရှိလျှင်တောင် သူက ဤမျှများပြားလှသည့် ဓမ္မဝိသေသ ပညာရှင်များကို တိုက်ခိုက်ဖို့ လုံလောက်အောင် မသန်မာပေ။

အဲ့ဒါက သူနှင့်ညဝိညာဥ်သာဆိုလျှင် သူတို့က အချိန်မရွေး မထိမခိုက်ဆုတ်ခွာနိုင်လေသည်။

နန်းကြည်၏ ခွန်အားအရ သူမသည်လည်ပဲ ဝန်းရံပိတ်ဆို့မှုကနေ ရုန်းထွက်နိုင်ကောင်း ရုန်းထွက်နိုင်လေသည်။

သို့သော်လည်း ရွှေခြင်္သေ့နှင့် ခယ်ခယ်က ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

တိုက်ပွဲဖြစ်ပွားလာသည်နှင့် သူသည် ရွှေခြင်္သေ့နှင့် ခယ်ခယ်ကို ဘေးကင်းလုံခြုံရအောင် အရင်ဆုံးဦးစားပေးရပေမည်။

“နန်းကြည်... နံပါတ် ၇ နဲ့ ခယ်ခယ်ထွက်လို့ရအောင် လမ်းဖွင့်ပေးလိုက်... ညဝိညာဥ်နဲ့ ငါက မင်းကိုကာပေးထားမယ်”

ဆူဇီမိုက အသံတစ်ခုကို ချက်ချင်းထုတ်လွှင့်ပို့လွှတ်ပြီး အမိန့်ပေးလိုက်၏။

ဤနေရာက ချန်ကောင်းကင်မြို့တော်ဖြစ်ပြီး ရှေးတော်ဝင်မိသားစုတချို့နှင့် မဝေးလှပေ။

ဤနေရာတွင်ကျင်းပသော ပွဲတော်က မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲလည်း ဖြစ်လေသည်။

အမျိုးမျိုးသော ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် ချန်ကောင်းကင်မြို့တော်တွင် ဖြစ်လာသော သွေးလွှမ်းတိုက်ပွဲ၏ သတင်းကို သေချာပေါက်လက်ခံရရှိလာပေလိမ့်မည်။ သူတို့က မြို့ထဲမှာ ပိတ်မိနေမည်ဆိုလျှင် အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ စွမ်းအားကြီးပုဂ္ဂိုလ်များရောက်ရှိလာသောအခါ သူတို့က သေရနိုင်လေသည်။

“ကောင်းပါပြီ....”

နန်းကြည်က ခေါင်းညိတ်ပြပြီး ရှေ့ကနေ ဦးဆောင်ကာ သူမ၏ရွှေရောင်သွေးချီကို ထုတ်ဖော်လိုက်၏။

နတ်ဘုရားမတစ်ပါးကဲ့သို့ သူမသည် အဟန့်အတားများကို ထိုးဖောက်ပြီး မြို့ထဲကနေ ချက်ချင်းထွက်ခွာလိုက်၏။ ရွှေခြင်္သေ့နှင့် ခယ်ခယ်ကလည်း နောက်ကနေထပ်ကြပ်မကွာ လိုက်ပါလာပြီး အဆက်မပြတ်တိုက်ခိုက်၍ နန်းကြည်အပေါ် ဖိအားလျော့နည်းစေရန် အကောင်းဆုံးကြိုးစား၍ ကူညီပေးလိုက်ကြ၏။ တကယ်တော့ သူတို့ရင်ဆိုင်ရသော ထိတွေ့ရိုက်ခတ်မှုက သိပ်မကြီးမားပေ။ နောက်မှာ ဓမ္မဝိသေသ တာအိုအရှင်အများစုကို ဆူဇီမိုက ပိတ်ဆို့တားဆီးပေးထားသောကြောင့်ပင်။

“မင်းတို့က ထွက်ပြေးချင်နေသေးတာလား”

ဆူဇီမိုနှင့် အခြားသူများ၏ ရည်ရွယ်ချက်ကို ခံစားမိသောအခါ တာအိုအရှင်ပိုင်လင်းက အေးစက်စက်အမူအရာနှင့်အတူ ခက်ထန်စွာပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... ဒီနေ့ ချန်ကောင်းကင်မြို့ထဲကနေ အသက်ရှင်လျက်ထွက်သွားဖို့ စဥ်းတောင်မစဥ်းစားနဲ့တော့...”

“သားရဲသန့်စင်ဝင်္ကပါကို အသက်သွင်းမယ်ဟေ့...”

တာအိုအရှင်ပိုင်လင်းက အော်ဟစ်ပြောဆိုလိုက်၏။

ဆူဇီမိုသည် ထိုအသံကိုကြားသောအခါ သူ၏အမူအရာက ပြောင်းလဲသွား၏။

သူသည် ရုတ်တရက်တစ်စုံတစ်ရာကို အမှတ်ရလိုက်၏။

ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက သူသည် ဖန်သားနန်းတော်၏ အကွက်ချကြံစည်ခြင်းကို ခံခဲ့ရပြီး အရပ်လေးမျက်နှာ သားရဲနှိမ်နှင်းဝင်္ကပါအတွင်းမှာ သက်ဆင်းရ၍ သူက သေလုမျောပါးဖြစ်ခဲ့ရ၏။

သားရဲနှိမ်နှင်းဝင်္ကပါကို မြို့ရိုးလေးဘက်ပေါ်ရှိ သားရဲထုတ်ကြေးမုံနှင့် အသက်သွင်းရလေသည်။ တစ်မူထူးခြားသော ဝင်္ကပါအင်းကွက်များနှင့် ပေါင်းစပ်လိုက်သောအခါ အဲ့ဒါက သားရဲများကို နေရာမှာပင် ဖိနှိမ်နိုင်လေသည်။

ယခု ချန်ကောင်းကင်မြို့တော်၏ မြိုးရိုးပေါ်တွင် သားရဲထုတ်ဖော်ကြေးမုံများကို အတန်းလိုက်နေရာချထား၏။

အစကတော့ သားရဲထုတ်ဖော်ကြေးမုံများသည် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်လာမည့် မိစ္ဆာသားရဲများကို စစ်ဆေးဖို့အတွက်သာလျှင် အသုံးပြုခြင်းဖြစ်မည်ဟု ဆူဇီမိုက တွေးထင်ခဲ့၏။

ထိုအခိုက်အတန့်တွင် တာအိုအရှင်ပိုင်လင်း၏ အော်ဟစ်ပြောဆိုသံကိုကြားသောအခါ မြို့ရိုးပေါ်ရှိ သားရဲထုတ်ဖော်ကြေးမုံများမှာ နောက်ထပ်အသုံးဝင်မှုတစ်ရပ်ရှိကြောင်း သူကနားလည်လိုက်၏။

“အထီးကျန်သိုင်းသခင်... ချန်ကောင်းကင်မြို့တော်မှာ မင်းကစိတ်ရှိသလို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နိုင်မယ်လို့ ထင်လို့လား...”

“မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲက ဘယ်လောက်တောင် အရေးကြီးလဲ မင်းမသိဘူးလား...”

“အဲ့ဒါက မင်းလိုမျိုး သားရဲတောကောင် ပြဿနာလာရှာနိုင်တဲ့ နေရာမဟုတ်ဘူး...”

များစွာသော ဓမ္မဝိသေသ တာအိုအရှင်များက လှောင်ရယ်လိုက်ကြ၏။

ဝှစ်ဝှစ်ဝှစ်....

မြို့ရိုးပေါ်တွင် ဓမ္မဝိသေသ တာအိုအရှင်များက မတ်တတ်ရပ်နေကြလေသည်။ သူတို့သည်လက်ဟန်ချိပ်စည်းများကို အဆက်မပြတ်လှုပ်ရှားပြီး ဓမ္မစွမ်းအားများကို သားရဲထုတ်ဖော်ကြေးမုံထဲသို့ ပစ်ထည့်လိုက်ကြ၏။

အရင်တုန်းက သားရဲနှိမ်နှင်းဝင်္ကပါကို သားရဲထုတ်ဖော်ကြေးမုံလေးချပ်ဖြင့်သာ အသုံးပြုခဲ့လေသည်။

ထိုအခိုက်အတန့်တွင် မြို့ရိုးတစ်ခုချင်းစီပေါ်မှာ သားရဲထုတ်ဖော်ကြေးမုံ ဆယ်ချပ်စီရှိနေကြ၏။

ဒါ့အပြင် ဤဝင်္ကပါ၏နည်းစနစ်က ပို၍ပင်စွမ်းအားကြီးမားလေသည်။

ဝှစ်....

အရှေ့ဘက်မြို့ရိုးပေါ်ရှိ သားရဲထုတ်ဖော်ကြေးမုံ ဆယ်ချပ်မှ အလင်းတန်းဆယ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လေထဲတွင် တစ်ခုတည်းအဖြစ်ပေါင်းစည်းကာ ဆူဇီမိုအပေါ် လွှမ်းခြုံကျဆင်းလာခဲ့၏။

တောင်ဘက်မြို့ရိုးအပေါ်မှလည်း ထို့အတူပင်...။

သားရဲထုတ်ဖော်ကြေးမုံဆယ်ချပ်ကနေ အလင်းတန်းတစ်ခုက ဖွဲ့စည်းသွားပြီး ညဝိညာဥ်ပေါ်ကို ထိုးဆင်းလာခဲ့၏။

အနောက်ဘက်နှင့် မြောက်ဘက်မြို့ရိုးပေါ်ရှိ သားရဲထုတ်ဖော်ကြေးမုံများကလည်း အလင်းတန်းနှစ်ခုအဖြစ်စုဖွဲ့သွားပြီး နန်းကြည်နှင့် ရွှေခြင်္သေ့စုံတွဲပေါ်သို့ ကျဆင်းလာ၏။

အလင်းတန်းများ၏ အမြန်နှုန်းက အရမ်းကိုမြန်ဆန်လေသည်။

ဆူဇီမို၏ တုံ့ပြန်မှုနှင့်ပင်လျှင် သူကအချိန်မီမရှောင်တိမ်းနိုင်ခဲ့ပေ။

သူက အလင်းတန်း၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။

အဲ့ဒီနောက် ချက်ချင်းပင် အလင်းမီးမောင်းအတွင်းမှာ မီးတောက်များက ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို လောင်မြိုက်လာခဲ့လေသည်။

“ဟမ်...”

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဥ်းလိုက်၏။

သားရဲသန့်စင်ဝင်္ကပါ၏ စွမ်းအားသည် အမှန်တကယ်လျစ်လျူရှု၍ မရနိုင်ပေ။

သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ပင်လျှင် မီးတောက်များထံမှ လောင်မြိုက်သော နာကျင်မှုတစ်ခုကို ခံစားရ၏။

တကယ်တော့ ထိုနာကျင်မှုက သည်းခံ၍ရနေသေးလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် လွန်ခဲ့သည့်တစ်နှစ်က ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုကို လက်ခံရရှိထားခြင်း မရှိခဲ့လျှင် သူက သားရဲသန့်စင်ဝင်္ကပါ၏ လွှမ်းခြုံမှုတွင် ပြင်းထန်စွာ ထိခိုက်ခံစားရနိုင်လေသည်။

သူ၏နာမည်အတိုင်းပင် သားရဲသန့်စင်ဝင်္ကပါက သားရဲများနှင့်ရင်ဆိုင်ရာမှာ ပို၍စွမ်းအားကြီးမားလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် မီးတောက်များကနေ နာကျင်မှုကို ခံစားရသည်ဆိုလျှင် ထိုအလင်းတန်းသည် ရွှေခြင်္သေ့နှင့် ခယ်ခယ်အပေါ် ဆင်းသက်သွားပါက ဘာတွေဖြစ်ပျက်လာမလဲ စဥ်းစားကြည့်ဖို့ မခက်ခဲပေ။

ခြင်္သေ့နှစ်ကောင်၏ တိုက်ခိုက်ရည်ခွန်အားအရ သူတို့သည် အသက်ရှုချိန်အနည်းငယ်အတွင်း ပြာအဖြစ်သို့ လောင်ကျွမ်းသွားနိုင်လေသည်။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက သူ၏စိတ်ဝိညာဥ်အသိစိတ်ထဲရှိ ဖန်တီးခြင်းကြာခုံကို ပစ်ထုတ်လိုက်၏။

ကြာခုံက အစိမ်းရောင်အလင်းဖြင့် တောက်ပနေပြီး ဖြည်းဖြည်းချင်းလည်ပတ်ကာ ရွှေခြင်္သေ့နှင့် ခယ်ခယ်အပေါ်ဆင်းသက်လာသော အခြားသော အလင်းတန်းကို ပိတ်ဆို့တားဆီးလိုက်၏။

ရွှေခြင်္သေ့နှင့်ခယ်ခယ်က ဖြူဖပ်ဖြူရော်မျက်နှာများနှင့် ကြောက်လန့်နေဆဲ ဖြစ်ပြီး အနည်းငယ်မောဟိုက်နေကြ၏။

တတိယမြောက်အလင်းတန်းက နန်းကြည်၏ အပေါ်သို့ လွှမ်းခြုံလိုက်၏။

နန်းကြည်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး တစ်ချက်အော်ဟစ်ကာ သူမ၏သွေးချီကို ၎င်း၏ အကန့်အသတ်ထိမြှင့်တင်လိုက်၏။

ဘန်း... ဘုန်း.. ဘုန်း...

သူမနောက်တွင် ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်တစ်ခုက ပေါ်ထွက်လာခဲ့၏။ မရေမတွက်နိုင်သော သက်ရှိများသည် ရိုသေကိုင်းရှိုင်းသောအမူအရာများနှင့် မြေပြင်ပေါ်မှာဒူးထောက်ပြီး ဆုတောင်းစာများကို အဆက်မပြတ်ရွတ်​ဆိုနေကြ၏။

သားရဲသန့်စင်ဝင်္ကပါ၏ စွမ်းအားသည် နန်းကြည်၏ မျိုးဆက်သွေးနယ်မြေကို ထွက်ပေါ်လာစေရန် ဖိအားပေးလိုက်လေသည်။

လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်အလင်းနှင့် ရင်ဆိုင်ရချိန်တွင် နန်းကြည်က မော်မကြည့်နိုင်သော နတ်ဘုရားမတစ်ပါးကဲ့သို့ ဖြစ်လာပြီး အလင်းတန်းကို ပိတ်ဆို့တားဆီးလိုက်နိုင်၏။

အလင်းတန်းလေးခုနှင့် ရင်ဆိုင်ရချိန်တွင် အဲ့ဒါကိုကိုင်တွယ်ရာမှာ ညဝိညာဥ်က အလွယ်ကူဆုံးဖြစ်လေသည်။

အလင်းတန်းက အရမ်းကိုမြန်ဆန်ပြီး ဆူဇီမိုပင်လျှင် အဲ့ဒါကို မရှောင်တိမ်းနိုင်ခဲ့ပေ။

သို့သော်လည်း အလင်းတန်းက ညဝိညာဥ်နောက်ကို လုံးဝလိုက်မမီခဲ့ပေ။

သူ၏လှုပ်ရှားမှုနည်းစနစ်က အလင်းထက်ပင် ပို၍မြန်ဆန်နေ၏။

အလင်းတန်းကိုရှောင်တိမ်းနေစဥ်အတွင်း ညဝိညာဥ်သည် လက်ရှိကျင့်ကြံသူများကို သတ်ဖြတ်ဖို့ပင် ခွန်အားကျန်ရှိနေသေးလေသည်။

အပေါ်ယံကြည့်လျှင်တော့ သားရဲသန့်စင်ဝင်္ကပါမှ ထွက်ပေါ်လာသော အလင်းတန်းလေးခုသည် ဆူဇီမိုနှင့် အခြားသူများ၏ ပိတ်ဆို့ခြင်းကို ခံရပြီး တစ်ခုကိုတစ်ခု ချေဖျက်သွားသည်ဟုထင်ရလေသည်။ သို့သော်လည်း သူတို့က အနိုင်ရရှိတော့မည်ဆိုတာကို ဓမ္မဝိသေသ ပညာရှင်များက နားလည်လိုက်ကြ၏။

ရွှေရောင်ဆံပင်နှင့်မိန်းကလေးသည် သားရဲသန့်စင်ဝင်္ကပါ၏ အလင်းတန်းကြောင့် မြေပြင်မှာပင် အမြစ်တွယ်ရပ်တည်​နေရ၏။

ခြင်္သေ့နှစ်ကောင်သည် သားရဲသန့်စင်ဝင်္ကပါ၏ ခြိမ်းခြောက်ခြင်းကိုမခံရသော်လည်း ရွှေရောင်ဆံပင်မိန်းကလေး၏ ကာကွယ်ပေးမှုမရှိပါက သူတို့သည် များစွာသော ကျင့်ကြံသူများ၏လက်ချက်ဖြင့် သေဆုံးရနိုင်လေသည်။

တာအိုသက်ရှိအထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာ လျော့ကျသွားခဲ့လေပြီ။

အနည်းဆုံးတော့ သူ၏မူပိုင်ဓမ္မလက်နက် ဖန်တီးခြင်းကြာပဒုမ္မာသည် အလင်းတန်းတစ်ခုနှင့် လွန်ဆွဲနေရ၏။

အမျိုးအမည်မသိရသော အနက်ရောင်သားရဲသာလျှင် ကျန်ရှိပြီး အဲ့ဒါကလည်း သိပ်ပြီးကြောက်စရာမလိုတော့ပေ။

“​အားလုံးပဲ... ဒီကောင်လေးကို အခုချက်ချင်းသတ်လိုက်ရအောင်...”

တာအိုသက်ရှိပိုင်လင်း၏ အော်ရာက ရုန်းကန်ထွက်ပေါ်လာပြီး သူက အော်ဟစ်လိုက်၏။

“အမှန်ပဲ... အားလုံးပဲ ထိန်ချန်မနေကြနဲ့...”

ထို့နောက်ချက်ချင်းပင် ဓမ္မဝိသေသ တာအိုအရှင်များက တုံ့ပြန်လိုက်ကြ၏။

ဘန်း... ဘန်း.. ဘန်း...

ကြီးမားသော ပုံရိပ်များက ဓမ္မဝိသေသ တာအိုအရှင်များ၏ ကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး မြေပြင်ထက်ကနေ ပြန့်ကားကြီးထွားလာခဲ့ကြ၏။ သူတို့သည် ပေပေါင်းများစွာ မြင့်မားပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားများနှင့်အတူ တိုက်ပွဲနယ်မြေကို ငုံကြည့်နေကြ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များ....

အဲ့ဒါက ဓမ္မဝိသေသတာအိုအရှင်များ၏ စွမ်းအားအကြီးဆုံးနည်းစနစ်တစ်ခုဖြစ်လေသည်။

သည့်ယခင်က ဆူဇီမိုသည် ဓမ္မဝိသေသ တာအိုအရှင်များကို သတ်ဖြတ်ဖို့အတွက် သူ၏အသန်မာဆုံး ဝှက်ဖဲများကို ဆက်တိုက် အသုံးပြုခဲ့သည့်အတွက်ကြောင့် ထိုသူတို့သည် သူတို့၏ ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသခန္ဓာကိုယ်များကို ထုတ်ဖော်ဖို့အတွက် အခွင့်အရေးမရခဲ့ပေ။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များသည် တစ်ချက်လှုပ်ရှားရုံနှင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ကိုင်တွယ်ထိန်းချုပ်နိုင်လေသည်။ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားနှင့်ပင်လျှင် သူက အဲ့ဒါကို ကိုင်တွယ်ဖို့အတွက် အခက်တွေ့ရလေသည်။

All Chapters