ညီကိုများ စုစည်းမိခြင်း
Vol. 78 Ch. 1162
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ် တစ်ရာကျော်သည် ရုတ်တရက်ပေါ်ထွက်လာကြ၏။ အချို့က ပေးလေးဆယ်မြင့်မားပြီး အချို့က ပေးငါးဆယ်မြင့်မားလေသည်။
တာအိုအရှင်ပိုင်လင်း၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်သည် ပေခြောက်ဆယ်ပင်ကျော်နေလေပြီ။
ပေခြောက်ဆယ်မြင့်မားသော ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုသည် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တွင် ယှဥ်ပြိုင်တိုက်ခိုက်ဖို့အတွက် အဆင့်မီနေလေပြီ။
ဤဓမ္မဝိသေသများနှင့်ရင်ဆိုင်ရချိန်တွင် ဆူဇီမိုနှင့်အခြားသူများက သေးနုပ်သွားသည်ဟု ထင်ရ၏။
ဘန်း.. ဘန်း....ဘန်း...
တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ် တစ်ရာကျော်သည် ရှေ့သို့ပြေးဝင်လာကြ၏။ သူတို့၏ ကြီးမားသောခန္ဓာကိုယ်များက ယိမ်းထိုးလှုပ်ခါ၍ သူတို့ခြေတစ်ချက်ဆောင့်လိုက်တိုင်း မြို့တော်က လှုပ်ခါသွားလေသည်။
ဓမ္မဝိသေသခန္ဓာသည် အမှန်တကယ်ပင် ကျင့်ကြံမှု၏ အနှစ်သာရဖြစ်လေသည်။
အဲ့ဒါက ဓမ္မနည်းစနစ်များအားလုံးကို စုစည်းထားခြင်းဖြစ်လေသည်။
ဓမ္မအတတ်နှင့် လျှို့ဝှက်အတတ်များစွာအတွက် နောက်ဆုံးအဆင့်သို့ ရောက်ရှိသည့်အခါ သူတို့၏ ကိုယ်ပိုင်ဓမ္မဝိသေသများကို ဖန်တီးလာနိုင်လိမ့်မည်။
ကောင်းကင်နှင့် မြေကြီးဓမ္မဝိသေသများသည် မိုးနှင့်မြေကိုဆက်သွယ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ၎င်း၏အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်လေသည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက သိပ်သည်းပြင်းထန်ပြီး ယိမ်းယိုင်ခြင်း မရှိပေ။
ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က အားနည်းသည်ဆိုလျှင်တောင် သူတို့ကျင့်ကြံထားသည့် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များသည် သားရဲများနှင့် အနီးကပ်တိုက်ခိုက်ယှဥ်ပြိုင်နိုင်လေသည်။
ဓမ္မဝိသေသအဆင့်သို့ ကျင့်ကြံပြီးမှသာလျှင် ကျင့်ကြံသူများသည် သားရဲများကို အမှန်တကယ်ကြောက်စရာလိုတော့မည် မဟုတ်ပေ။
ကောင်းကင်နှက့်မြေကြီး ဓမ္မဝိသေသတစ်ရာကျော်၏ ပေါင်းစည်းစွမ်းအသည် ကမ္ဘာတုန်လောက်လေသည်။
ဆူဇီမိုသည် မူလနတ္ထိအဆင့်မှာသာရှိနေ၏။ သူ၏အမြုတေစိတ်ဝိညာဥ်ကသန်မာပြီး ဓမ္မဝိသေသအဆင့်နှင့် နှိုင်းယှင်နိုင်သည်ဆိုလျှင်တောင် သူက ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုမရှိဘဲ ထိုစွမ်းအားများကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ညဝိညာဥ်ပင်လျှင် ကောင်ကင်နှင့်မြေကြီးကို ဓမ္မဝိသေသခန္ဓာကိုယ်ကို ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့နောက်မလှမ်းမကမ်းတွင် နန်းကြည်နှင့်ရွှေခြင်္သေ့သည် နေရာမှာပင် ပိတ်မိနေပြီး ရှေ့သို့ဆက်မတက်နိုင်တော့ပေ။ အခြေအနေက စတင်၍ ပြောင်းလဲလာခဲ့လေပြီ။
အချိန်ကြာလာသည်နှင့်အမျှ နန်းကြည်နှင့်အခြားသူများ၏ အခြေအနေက ပို၍ကျပ်တည်းခက်ခဲလာကြ၏။
“အား....”
ဆူဇီမိုက သံရှည်ဆွဲ၍ဟိန်းဟောက်လိုက်ပြီး သူ၏နှာရောင်ကို သူ၏လက်ညိုးဖြင့် ညင်သာစွာထိတွေ့လိုက်၏။ သူ၏အသိစိတ်ပင်လယ်က ပွင့်ဟသွားပြီး မိုးကြိုးလျှပ်စီးများက အထဲမှာ တဖျပ်ဖျပ်လက်နေ၏။
ဖြောက်....ဖြောက်...ဖြောက်..
သူသည် သူ၏အသိစိတ်ထဲကနေ ရှည်လျားသော ကျာပွတ်တစ်ခုကို ဆွဲထုတ်လိုက်၏။ ၎င်းက အဇူရာလျှပ်စီးလျှပ်ပန်းများဖြင့် ရစ်ခွေနေပြီး ပြိုးပြိုးပြက်ပြက်အလင်းများဖြင့် တောက်ပနေ၏။
စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်....
ဆူဇီမို၏ ဓမ္မစွမ်းအားများသည် များပြားလှစွာသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများ၏ ရိုက်ချက်ကို မခုခံနိုင်သော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်က လက်ရှိတာအိုအရှင်များထက် အားနည်းမှုမရှိပေ။
ဒါ့အပြင် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်သည် မိုးကြိုးဧကရာဇ်ဖန်တီးခဲ့သော အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုဖြစ်ပြီး အလွန်တရာစွမ်းအားကြီးလေသည်။
ဖောင်း...
ဆူဇီမိုသည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကို ဝှေ့ယမ်းပြီး ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို ပစ်ရိုက်လိုက်၏။
တဖြောက်ဖြောက်မြည်သံများနှင့်အတူ မိုးကြိုးလျှပ်စီးများက ဓမ္မဝိသေသ တာအိုအရှင်၏ အသိစိတ်ထဲသို့တိုးဝင်သွားပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို ကြေမွသွားစေလေသည်။
ထိုဓမ္မဝိသေသ တာအိိုအရှင်၏ ဦးခေါင်းက ဘေးဘက်သို့လည်ကျသွားပြီး လေထဲကနေပြုတ်ကျလာခဲ့၏။
သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်ကလည်း ပျက်ပြယ်သွားလေသည်။
အိုး.....
များစွာသော တာအိုအရှင်များ၏ အမူအရာများက ထိုသည်ကိုမြင်သောအခါ ပြောင်းလဲသွားကြ၏။
“ဘယ်လောက်တောင်စွမ်းအားကြီးမားလိုက်တဲ့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်လဲ... ဒီကောင်လေးက မူလနတ္ထိအဆင့်မှာပဲရှိသေးတယ်... ဒါတောင် သူထုတ်ဖော်လိုက်တဲ့ လျှို့ဝှက်အတတ်က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်နေပြီ...”
“အထီးကျန်သိုင်းသခင်က.. တကယ့်ကို မိုက်ရူးရဲပဲ...”
ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က ပျက်ယွင်းနေသော အမူအရာဖြင့် ကျိန်ဆဲလိုက်၏။
သူတို့ထဲတွင် တာအိုအရှင်များစွာသည် အစိမ်းရောင်ကြာပန်းဓားကို ဖျက်ဆီးဖို့အတွက် စောစောကတင် သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်လေသည်။
သူတို့က အချိန်တိုအတွင်း ဒုတိယမြောက် လျှို့ဝှက်အတတ်ကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
ဖောင်း....
အဇူရာမိုးကြိုးလျှပ်စီးက ဖျပ်ခနဲလက်သွားပြီး နောက်ထပ်ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို ရိုက်ခတ်လိုက်လေသည်။
“အား....”
ဓမ္မဝိသေသ တာအိုအရှင်သည် စူးစူးဝါးဝါးအော်ဟစ်၍ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး တဆတ်ဆတ်လှုပ်နေ၏။ သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လေထဲကနေပြုတ်ကျလာ၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က သန်မာပြီး စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ချက်ချင်းဖျက်ဆီးခြင်းကို မခံရသော်လည်း ၎င်းက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး အနာဂတ်တွင် အပြည့်အဝပြန်လည်ကုသနိုင်တော့မည် မဟုတ်ပေ။
လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ပေါ် ဒဏ်ရာအပြင်းအထန်ရရှိခြင်းသည် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်ကိုလည်း ပျက်ပြယ်သွားစေလေသည်။
စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ သတ်ဖြတ်ခြင်းစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ဓမ္မဝိသေသ တာအိုအရှင်များက နောက်ဆုတ်၍သာ အဲ့ဒါကို ရှောင်ရှားရလေသည်။
သူတို့သည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကို ခုခံဖို့အတွက် အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်များကိုသာ အသုံးပြုနိုင်လေသည်။ အဲ့ဒီမှာ တခြားနည်းလမ်းမရှိပေ။
ထိုသို့ဖြင့် တိုက်ပွဲနယ်မြေက ဝရုန်းသုန်းကားဖြစ်လာခဲ့၏။
များစွာသော ဓမ္မဝိသေသ တာအိုအရှင်များသည် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ရိုက်နှက်ခြင်းခံရမှာကို စိုးရိမ်ပူပန်ပြီး နောက်သို့ဆုတ်လာကြ၏။
သူတို့က စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ရိုက်ချက်ကို ခံနိုင်ရည်ရှိသည်ဆိုလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ဒဏ်ရာရရှိပြီး သူတို့၏ အနာဂတ်ကျင့်ကြံမှုအပေါ် သက်ရောက်ခံရမှာကို စိုးရိမ်နေကြ၏။
ဖောင်းဖောင်းဖောင်း.....
လေထဲတွင် ရပ်နေရင်း ဆူဇီမို၏ မျက်လုံးက မိုးကြိုးလျှပ်စီးကဲ့သို့ တောက်ပလာပြီး သူ၏လက်နှစ်ဖက်ကို လှုပ်ရှားကာတဖျတ်ဖျတ်တလက်လက် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ဖြင့် ဓမ္မဝိသေသ တာအိုအရှင်များကို ရိုက်နှက်နေ၏။
အဲ့ဒါသည် မျိုးနွယ်စုတစ်သောင်းကို နှိမ်နှင်းခဲ့သော ကမ္ဘာဦးခေတ်သို့ ပြန်လည်ရောက်ရှိသွားသည်နှင့် တူနေလေသည်။ ထိုအခိုက်အတန့်တွင် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကို ကိုင်ဆွဲထားသော ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများထက် ပိုမိုကြမ်းကြုတ်ခက်ထန်၍ တင်စီးသောအော်ရာတစ်ခုကို ရရှိလာခဲ့၏။
ဖောင်း.. ဖောင်း.. ဖောင်း..
ကျာပွတ်သံတစ်ချက်ထွက်ပေါ်လာတိုင်း ပုံရိပ်တစ်ခုက လေထဲကနေ ပြုတ်ကျလာလေသည်။
ဓမ္မဝိသေသ တာအိုအရှင်တချို့သည် စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်၏ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိသော်လည်း တချို့သူများကတော့ တစ်ခါတည်းသေဆုံးကုန်ကြလေသည်။
ဓမ္မဝိသေသ တာအိုအရှင်တချို့အတွက်တော့ သူတို့က စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကို ခုခံနိုင်သည်ဆိုလျှင်တောင် သူတို့က ညဝိညာဥ်၏ တိုက်ခိုက်မှုကို မရှောင်လွှဲနိုင်ကြပေ။
သူ၏ပုံရိပ်က ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဓမ္မဝိသေသ တာအိုအရှင်များကြားမှာ လှုပ်ရှားသွားလာနေပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ကွက်များကို ထုတ်ဖော်သွားခဲ့၏။
မည်သည့်ဓမ္မဝိသေသ တာအိုအရှင်ကမှ ညဝိညာဥ်၏ မဆင်မခြင်သတ်ဖြတ်ခြင်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။
“သတ်....”
များစွာသော ဓမ္မဝိသေသတာအိုအရှင်များသည် ဒေါသထွက်လာကြပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ကာ ဆူဇီမိုထံသို့ ပြေးဝင်လာကြ၏။
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကနေ ရွှေရောင်အလင်းတန်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွားလေသည်။
မင်းဝမ်ဆုတောင်းပုတီးသည် ရွှေရောင်အကာအရံအလွှာပေါ်တွင် ရှေးဟောင်းစာလုံးလေးလုံးကို ခတ်နှိပ်ပြီး စိတ်ဝိညာဥ်အသိစိတ်အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များ ဆင်းသက်လာသည့်အခါ ရွှေရောင်အကာအရံအလွှာက တုန်ခါသွားခဲ့၏။
မင်းဝမ်ဆုတောင်းပုတီးသည် နောက်ဆုံးမှာတော့ ပျက်စီးထားသော ဓမ္မလက်နက်ဖြစ်ပြီး များပြားလှစွာသော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ခုခံနိုင်ခြင်းမရှိပေ။ သိပ်မကြာမီ ရွှေရောင်အကာအရံအလွှာပေါ်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး ၎င်းက ကြေမွသွား၏။
ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်ကိုသာ မှီခိုရတော့လေသည်။
စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ စွမ်းအားကလည်း လျော့ကျလာပြီး ၎င်း၏အလင်းရောင်က မှိန်ကျလာခဲ့၏။
သိပ်မကြာမီ စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်က ပျက်ပြယ်သွားခဲ့လေပြီ။
အစက စိတ်ဝိညာဥ်နှိမ်နင်းကျာပွတ်၏ ထက်ရှမှုကို စိုးရွံ့၍ ရှောင်တိမ်းနေကြသော ဓမ္မဝိသေသ တာအိုအရှင်များသည် သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ များနှင့်အတူ ရှေ့သို့ ဒေါသတကြီးပြေးတက်လာကြ၏။
တစ်ဖက်မှာတော့ သားရဲသန့်စင်ဝင်္ကပါ၏ စွမ်းအားကို ပိတ်ဆို့တားဆီးပြီးနောက် နန်းကြည်၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျသွားပြီး သူမက ရွှေခြင်္သေ့နှင့် ခယ်ခယ်ကို ဆက်လက်၍ကာကွယ်နိုင်စွမ်း မရှိတော့ပေ။
ထိုအခိုက်အတန့်တွင် ခြင်္သေ့နှစ်ကောင်ပေါ်မှာ ဒဏ်ရာအချို့က ရရှိလာခဲ့လေသည်။
“အစ်ကိုကြီး.... ထွက်သွားတော့ ကျုပ်တို့ကို အရေးလုပ်မနေနဲ့...”
ရွှေခြင်္သေ့က ကျယ်လောင်စွာဖြင့် အော်ပြောလိုက်၏
“ခယ်ခယ့်ကို ဒီနေ့ကယ်တင်ခဲ့ရပြီး ကျုပ်တို့က ပြန်လည်ဆုံစည်းရပြီ... ကျုပ်တို့က သေရမယ်ဆိုရင်တောင် နောင်တရစရာမရှိတော့ဘူး”
ခယ်ခယ်၏ မျက်လုံးထဲတွင်လည်း မည်သည့်အကြောက်တရားမှ ရှိမနေတော့ပေ။
သေခြင်းတရားက သူမအတွက် ဘာမှမဟုတ်သည့်အလားပင်....။
“မင်းတို့က ဘာတွေပေါက်ကရပြောနေတာလဲ...”
ဆူဇီမိုကလေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဒီနေ့... ဘယ်သူမှ မသေရဘူး..”
ထိုသို့သူပြောလိုက်သော်လည်း သူက ပူပန်ကြောင့်ကြနေရ၏။
လက်ရှိအခြေအနေသည် သူတို့အတွက် အလွန်တရာ အရေးနိမ့်နေခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် သူ၏အစစ်အမှန်နဂါးခန္ဓာကိုယ်ကို ဆင့်ခေါ်ချင်သည်ဆိုလျှင်တောင် နောက်ကျသွားခဲ့လေပြီ။
ဒါ့အပြင် နဂါးအရိုးတောင်ကြား၏ စည်းမျဥ်းစည်းကမ်းများက တင်းကျပ်မှုရှိပြီး အစစ်အမှန်နဂါးခန္ဓာကိုယ်က အလွယ်တကူထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။
ဤအကျပ်အတည်းကို ဖြေရှင်းပေးနိုင်သည့်တစ်ဥိးတည်းသောလူမှာ ညဝိညာဥ်သာဖြစ်လေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်လိုက်ပါက ညဝိညာဥ်၏ အစစ်အမှန်ခန္ဓာကိုယ်သည် လူများစွာ၏ ရှေ့မှာပေါ်ထွက်သွားပြီး သူက အသက်အန္တရာယ်ရှိလာပေလိမ့်မည်။
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ညဝိညာဥ်၏ မျက်လုံးထဲရှိ ဆုံးဖြတ်ချက်ပြတ်သားမှုကို ဆူဇီမိုက မြင်နိုင်၏။
သူ၏အစစ်အမှန်ခန္ဓာကိုယ်ကို ဖော်ထုတ်၍ အသက်အန္တရာယ်ရှိလာမည်ဆိုရင်တောင် သူက ခြင်္သေ့နှစ်ကောင်ကို ဤနေရာမှာ အသေမခံနိုင်ပေ။
အဲ့ဒါက ညဝိညာဥ်၏ အကြည့်မှ ထင်ဟပ်နေသော ရည်ရွယ်ချက်ဖြစ်လေသည်။
“ဂါ့ ဂါ့ ဂါ့ ဂါး...”
ထိုစဥ်မှာပင် ဘဲဂတ်အော်သံနှင့်တူသော နားကြားပြင်းကပ်စရာကောင်းသည့် ရယ်သံတစ်သံက ခပ်ဝေးဝေးကနေ ထွက်ပေါ်လာခဲ့၏။
သို့သော်လည်း ထိုအသံကိုကြားသောအခါ ဆူဇီမို ၊ ညဝိညာဥ်နှင့် ရွှေခြင်္သေ့တို့က ကြောင်အ,မှင်တက်သွားကြ၏။
ထို့နောက်ချက်ချင်းပင် သူတို့၏မျက်လုံးများထဲမှာ ဝမ်းသာပီတိက ပေါ်ထွက်လာခဲ့၏။
“မင်းတို့တွေက.. ငါတို့ကိုတောင်မခေါ်ဘဲ ဒီနေရာမှာလာပြီး တိုက်ခိုက်နေကြတယ်ပေါ့လေ... ဘယ်လောက်တောင်သူစိမ်းဆန်လိုက်သလဲ”
ခပ်လှမ်းလှမ်းကနေ မြင့်မားတုတ်ခိုင်သောပုံရိပ်တစ်ခုက မြို့ရိုးပေါ်သို့ တက်ရပ်လာခဲ့၏။ သူ၏ခန္ဓာကိုယ်က သားမွေးရှည်များဖြင့် ပြည့်နှက်နေပြီး သူ၏ သားရဲချီက တဝုန်းဝုန်းထကြွနေ၏။ သူက ရွှေရောင်အလင်းဖြင့်တောက်ပနေသော တောင်ဝှေးရှည်တစ်ချောင်းကို ပုခုံးထက်မှာတင်ထားပြီး အရိုင်းဆန်သော အမူအရာတစ်ခုဖြင့် ပြုံးဖြီးနေ၏။
“ဟားဟား.... ငါလည်းလာပြီဟေ့”
ထို့နောက်ချက်ချင်းပင် နောက်ထပ်ရင်းနှီးနေကျ ပုံရိပ်တစ်ခုက သန်မာ၍ စွမ်းအင်ပြည့်ဝသော အမူအယာတစ်ခုနှင့်အတူ မြို့ရိုးပေါ်သို့ ခုန်တက်လာ၏။
သူ့နောက်တွင် ကြော့ကြော့မော့မော့သွင်ပြင်နှင့် အမျိုးသမီးတစ်ယောက်ကလည်း လိုက်ပါလာ၏။ သူမ၏ ဆံပင်များကို ရေတံခွန်ကဲ့သို့ ဖြန့်ချထားပြီး သူမ၏ ရှည်လျားသွယ်လျသော ခြေထောက်ကို ဆန့်ထုတ်ပြီး မြို့ရိုးပေါ်ရှိ ရှေ့ကလူကို ကန်ချလိုက်၏။ သူမက ဟာသနှော၍ ငေါက်ငမ်းလိုက်၏။
“စကားများမနေနဲ့ သူတို့ကို မြန်မြန်သွားပြီး ကူလိုက်ဦး”