သားရဲတစ်သောင်းစစ်တပ်
Vol. 78 Ch. 1164
အခြားတစ်ဖက်တွင်..
ချင်ချင်သည် သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး သူမ၏ တောင်ပံများကို တဖျပ်ဖျပ် ခတ်လိုက်၏။ သိပ်မကြာမီ သူမက တောင်ဘက်မြို့ရိုးထက်သို့ ရောက်ရှိလာပြီး သူမ၏ ခေါင်းကို မော့ကာ သံရှည်ဆွဲ၍ အော်ဟစ်လိုက်၏။
ရုတ်တရက်.. သူမက အလွန်တရာ လက်ရာမြောက်သော ကျောက်စိမ်းငှက်မွေးယပ်တောင် တစ်လက်ကို ထွေးထုတ်လိုက်လေသည်။
ယပ်တောင်က လေထဲသို့ ရောက်ရှိလာပြီး လျင်မြန်စွာ ပြန့်ကားသွား၏။
တစ်စုံတစ်ယောက်က သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ယပ်တောင်ပေါ်ရှိ ငှက်မွေးတစ်ခုချင်းစီသည် သိပ်သည်းပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းနေကြောင်း တွေ့မြင်နိုင်လေသည်။
ချင်ချင်သည် သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ပြီး ဓမ္မစွမ်းအားများကို ထိုးသွင်းကာ မြို့ရိုးဆီသို့ ယပ်တောင်ကို ခတ်လိုက်လေသည်။
ရွှစ်..
အစိမ်းရောင် မီးတောက်လုံးတစ်လုံးက မြို့ရိုးဆီသို့ တလိပ်လိပ် တက်သွားပြီး သားရဲထုတ်ဖော် ကြေးမုံဆယ်ချပ်ဆီသို့ လောင်ကျွမ်းလာလေသည်။
များစွာသော မူလနတ္ထိများသည် အလောတကြီး တိုက်ခိုက်လိုက်ပြီး သူတို့၏ ဓမ္မအတတ်များနှင့်အတူ ဖြန့်ကြက်လာသော မီးတောက်များကို ခုခံတားဆီးဖို့ ကြိုးစားလိုက်ကြ၏။
ယပ်တောင်ကို တစ်ဖန်ထပ်ခတ်လိုက်၏။
ရွှစ်…
မီးတောက်များက တလိပ်လိပ်တက်လာပြီး များစွာသော မူလနတ္ထိများ၏ ဟန့်တားမှုကို ချိုးဖျက်ကာ မြို့ရိုးပေါ်ရှိ အပူချိန်က ဆက်တိုက်မြင့်တက်လာခဲ့၏။
များစွာသော ကျင့်ကြံသူများသည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ သူတို့၏ ခန္ဓာကိုယ်များသည် အစိမ်းရောင်မီးပွားများဖြင့် စွန်းထင်းသွားလေသည်။ သူတို့က ထိုမီးပွားများကို ငြှိမ်းသတ်၍ မရနိုင်ဘဲ အဲဒါက ပို၍ပင် တောက်ပလောင်ကျွမ်းလာခဲ့၏။
မြို့ရိုးထက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များသည် တိုက်ခိုက်လိုက်ကြပြီဖြစ်ပြီး မြို့ရိုးထက်ရှိ မီးတောက်များကို ဖိနှိမ်ဖို့အတွက် စွမ်းအားကြီးသော ဓမ္မစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ချင်ချင်သည် သံရှည်တစ်ချက်ဆွဲ၍ အော်ဟစ်ပြီး အဆီအနှစ် သွေးတစ်လုတ်ကို ယပ်တောင်ပေါ်သို့ ထွေးထုတ်လိုက်၏။
ချင်ချင်၏ ခန္ဓာကိုယ်ထဲတွင် ကြမ်းကြုတ်တောကောင် ပီဖန်၏ မျိုးဆက်သွေးက လှည့်ပတ်စီးဆင်းနေ၏။
ပီဖန်သည် မီးဓာတ်အထူးပြုသော ကြမ်းကြုတ်တောကောင်များထဲမှ တစ်မျိုးဖြစ်လေသည်။
ရှေးဟောင်းကျမ်းစာအုပ်များတွင် ပီဖန်၏ မျိုးဆက်သွေးက ချော်ရည်များကဲ့သို့ ဖြစ်သည်ဟု မှတ်တမ်းတင်ထားလေသည်။ သွေးတစ်စက်သည် တောအုပ်တစ်အုပ်ကို လောင်ကျွမ်းပြာချနိုင်၏။ ၎င်း၏ မျိုးဆက်သွေးက ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲ သိသာလေသည်။
ကျောက်စိမ်းရောင် ငှက်မွေးယပ်တောင်ကတော့ ၎င်းကို ရှေးဟောင်းတိုက်ပွဲမြေကနေ ရရှိလာခဲ့ခြင်းဖြစ်ပြီး တစ်မူထူးခြားသော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
ချင်ချင်၏ မျိုးဆက်သွေးကို လောင်စာအဖြစ် အသုံးပြုပြီး ယပ်တောင်ကနေ ထွက်ပေါ်လာသော ဓမ္မစွမ်းအားများက ဆပွားတိုးလာခဲ့၏။
ချင်ချင်သည် ငှက်မွေးယပ်တောင်ကို ထိန်းချုပ်ပြီး တတိယအကြိမ်မြောက် ခတ်ထုတ်လိုက်၏။
ရွှစ်..
ဤတစ်ကြိမ်တွင်တော့.. ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် ဖြန့်ကြက်လာသော မီးတောက်များကို မတားဆီးနိုင်တော့ပေ။
ယပ်တောင်ကို သုံးချက်ဆက်တိုက် ခတ်ပြီးနောက်.. ကျောက်စိမ်းရောင်မီးတောက်များသည် မြို့ရိုးပေါ်တွင် ကြီးမားသော မီးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ သားရဲထုတ်ဖော်ကြေးမုံများဆီသို့ ဖြန့်ကြက်လာခဲ့၏။
“မြန်မြန် နောက်ဆုတ်ကြ”
ဓမ္မဝိသေသ တာအိုအရှင် သုံးယောက်သည် ထိုသည်ကို မြင်သောအခါ သားရဲသန့်စင် ဝင်္ကပါကို အသက်သွင်းဖို့အတွက် ဆက်လက်၍ အရေးမလုပ်နိုင်တော့ဘဲ နောက်သို့ ခုန်ဆုတ်လိုက်ကြ၏။
မီးတောက်များက သားရဲထုတ်ဖော် ကြေးမုံဆယ်ချပ်ကို လွှမ်းခြုံသွားပြီး တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာ၏။
တစ်ခဏအတွင်း.. သားရဲထုတ်ဖော် ကြေးမုံဆယ်ချပ်ပေါ်ရှိ အလင်းရောင်များက မှိန်ကျသွား၏။
အစက ဖန်တီးခြင်းကြာခုံပေါ်သို့ ထိုးကျနေသော အလင်းတန်းကလည်း ပျက်ပြယ်သွားခဲ့လေပြီ။
မျောက်နှင့် ချင်ချင်၏ အကူအညီနှင့်အတူ သားရဲထုတ်ဖော်ကြေးမုံ အချပ်နှစ်ဆယ်က ဆက်တိုက်ပျက်စီးသွားခဲ့ရ၏။ ဆိုလိုသည်မှာ.. သားရဲသန့်စင် ဝင်္ကပါ၏ စွမ်းအားထက်ဝက်ကျော်က ပျောက်ဆုံးသွားခဲ့လေပြီ။
ဆူဇီမိုသည် အခြားသော မြို့ရိုးနှစ်ခုမှ အလင်းတန်းများ၏ လွှမ်းခြုံခြင်းကို ခံထားရဆဲ ဖြစ်သော်လည်း သူတို့၏ စွမ်းအားက ကြီးမားစွာ လျော့ကျသွားပြီး လျစ်လျူရှု၍ ရနိုင်လေပြီ။
“အစ်ကိုကြီး.. နံပါတ် ၄.. နံပါတ် ၇.. ဟူပါးထျန် ဒီကို ရောက်လာပြီ”
စိတ်ဝိညာဉ်ကျားသည် မြို့ရိုးထက်ကနေ ချင်ချင်၏ ကန်ချခြင်းကို ခံလိုက်ရ၏။ သူက မြေပြင်ပေါ်သို့ မရောက်ရှိခင်မှာပင်.. သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး တိုက်ပွဲနယ်မြေဆီသို့ မာန်ဖီဟိန်းဟောက်၍ ပြေးဝင်သွား၏။
တိုက်ပွဲနယ်မြေတွင် နောက်ထပ် မိစ္ဆာသားရဲ သုံးကောင်သာ ရောက်ရှိလာခြင်း ဖြစ်လေသည်။
သို့သော်လည်း အခြေအနေတစ်ခုလုံးက စတင်ပြောင်းလဲလာခဲ့၏။
သားရဲသန့်စင် ဝင်္ကပါ ပျက်စီးသွားခြင်းကြောင့် အဆင်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများ၏ အားသာချက်က သိသိသာသာ လျော့ကျသွားလေသည်။
နန်းကြည်ပေါ်ရှိ ဖိအားက သိသိသာသာ ပျက်ပြယ်သွားပြီး သူမက ရွှေခြင်္သေ့နှင့် ခယ်ခယ်တို့နှင့်အတူ ပူးပေါင်း၍ မြို့ထဲကနေ တစ်ဖန်ဖောက်ထွက်လိုက်၏။ ဖြည်းဖြည်းချင်း ရွေ့လျားရင်း သူတို့သည် မြို့ဂိတ်တံခါးဆီသို့ နီးကပ်သည်ထက် နီးကပ်လာခဲ့ကြ၏။
တိုက်ပွဲနယ်မြေ၏ ဗဟိုချက်တွင် ဆူဇီမိုက ဖန်တီးခြင်းကြာပဒုမ္မာကို ကိုင်ဆွဲပြီး ညဝိညာဉ်နှင့် ပူးပေါင်းတိုက်ခိုက်နေ၏။ သူတို့က ဓမ္မဝိသေသ တာအိုအရှင်များနှင့် တိုက်ခိုက်နေကြဆဲ ဖြစ်လေသည်။
မျောက်က အကျော်ဇေယျနှင့်အတူ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။
သူက ဤကဲ့သို့ ကြီးမားသည့် တိုက်ပွဲနှင့် တွေ့ကြုံရသည့်အတွက် ဝမ်းသာပျော်ရွှင်နေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပိုများလေလေ.. သူ၏မျက်လုံးထဲရှိ သွေးရောင်အလင်းက ပိုမိုတောက်ပလာလေလေ ဖြစ်ပြီး သူ၏ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်ကလည်း ပို၍ မြင့်မားလာလေလေ ဖြစ်၏။
တကယ်တော့.. ဆူဇီမိုနှင့် အခြားသူများသည် တိုက်ခိုက်ရင်းနှင့် နောက်ဆုတ်နေကြ၏။ မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲမှာ ကျင့်ကြံသူများသည် သူတို့ကို ဆက်လက်တားဆီးနိုင်ခြင်း မရှိတော့ပေ။
များစွာသော ကျင့်ကြံသူများသည် နောက်ဆုတ်ဖို့ကိုပင် စဉ်းစားလာကြပြီဖြစ်၏။
သူတို့ မှီခိုအားထားနေသည့် တစ်ခုတည်းသော အရာမှာ.. ဤနေရာက မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲဖြစ်ပြီး သူတို့မှာ အရေအတွက် အားသာချက်ရှိလေသည်။
“စိတ်ဝိညာဉ်ကျား.. နင်က ဘာကို စောင့်နေသေးတာလဲ”
ချင်ချင်က ငေါက်ငမ်းလိုက်၏။
“အား.. ဟုတ်ပြီလေ”
စိတ်ဝိညာဉ်ကျားက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ခေါင်းညိတ်လိုက်၏။
ဆူဇီမို၏ ရင်က လှုပ်ခတ်သွားခဲ့၏။
သူသည် သူတို့နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်မှာ နှစ်ပေါင်းအနည်းငယ်မျှသာ ကြာမြင့်သေးလေသည်။ မျောက်နှင့် အခြားသူများမှာ သူ မသိသည့် တခြားဝှက်ဖဲတွေ ရှိနေသေးတာလား..။
စိတ်ဝိညာဉ်ကျားက ပြီးပြည့်စုံမှု မရှိသော တောကောင်သားရေတစ်ချပ်ကို သူ၏ သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်၏။ ၎င်းအပေါ်တွင် သားမွေးအချို့ ရှိပြီး ရှေးကျသော အော်ရာတစ်ခုကိုပင် ထုတ်ပေးနေ၏။
“သားရဲချိပ်စည်းကားချပ်လား”
ဆူဇီမိုက ထိုသားရေ၏ ဇစ်မြစ်ကို ချက်ချင်းပင် မှတ်မိသွား၏။
သားရဲချိပ်စည်းကားချပ်သည် တာအိုအရှင် အင်မော်တယ်ဓား ပိုင်ဆိုင်ခဲ့သော ပစ္စည်းဖြစ်လေသည်။
လွန်ခဲ့သည့် ဆယ်နှစ်က.. သားရဲတစ်ထောင်တောင်ကြားတွင် လူတိုင်းက ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းအတွက် တိုက်ခိုက်နေကြစဉ် ဆူဇီမိုသည် အန္တရာယ်ကို စွန့်စား၍ တာအိုအရှင် အင်မော်တယ်ဓား၏ မျက်စိအောက်မှာပင် သူ၏ သားရဲချိပ်စည်းကားချပ်ကို လုယူလာခဲ့လေသည်။
အဲဒီနောက်ပိုင်း.. သူသည် အသွန်းတစ်ရာဂိုဏ်းသို့ သွားရောက်ဖို့ ဆုံးဖြတ်လိုက်၏။ သို့သော်လည်း သူက မြေခွေးလေးနှင့် အခြားသူများကို စိုးရိမ်ပူပန်နေဆဲ ဖြစ်သည့်အတွက် သားရဲချိပ်စည်းကားချပ်ကို ချန်ထားရစ်ခဲ့လေသည်။
ထိုစဉ်တုန်းက တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားသူများသည် သူတို့၏ ကိုယ်ပွားများဖြင့်သာ ရောက်ရှိလာခြင်းဖြစ်ပြီး သားရဲချိပ်စည်းကားချပ်ကို သုံး၍ သားရဲတစ်ထောင်တောင်ကြားရှိ အရှင်သခင်များကို နေရာမှာပင် ဖိနှိမ်ထားနိုင်ခဲ့လေသည်။
သားရဲချိပ်စည်းကားချပ်က သားရဲတောကောင်များအပေါ် အလွန်တရာ အားကောင်းသည့် ဖိနှိမ်နိုင်စွမ်းရှိသည်မှာ သိသာလေသည်။
သို့သော်လည်း အဲဒါက ကျင့်ကြံသူများအပေါ် သက်ရောက်မှု မရှိသလောက်နီးပါးပင်။
ဒါဆို.. စိတ်ဝိညာဉ်ကျားက ဤကဲ့သို့သော အချိန်မှာ သားရဲချိပ်စည်းကားချပ်ကို ဘာကြောင့် ဆင့်ခေါ်ထုတ်လိုက်တာလဲ..။
ထိုမေးခွန်း ထွက်ပေါ်လာစဉ်မှာပင်.. စိတ်ဝိညာဉ်ကျား၏ နှာရောင်ကနေ စိတ်ဝိညာဉ်အသိစိတ်တစ်ခုက ထွက်ပေါ်လာပြီး သားရဲချိပ်စည်းကားချပ်ထဲသို့ ဝင်ရောက်ကာ အော်ဟစ်ပြောဆိုလိုက်၏။
“ကလေးတို့.. ထွက်လာကြတော့”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. သားရဲချိပ်စည်းကားချပ်ထဲကနေ ပုံရိပ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မြို့ထဲသို့ ဆင်းသက်ကာ ကြီးမားပေါကြွယ်ဝသည့် သားရဲချီများက ဖြာထွက်လာခဲ့၏။
ထောင်ပေါင်းများစွာသော သားရဲများက ဆင်းသက်လာခဲ့ကြ၏။ မြို့ရိုးများနှင့် လမ်းမထက်တွင် သူတို့ဖြင့် ပြည့်နှက်သွားကြ၏။
မိစ္ဆာသားရဲများ..
သူတို့အားလုံးက မိစ္ဆာသားရဲများ ဖြစ်ကြ၏။
အဲဒီမှာ အဆင့်နိမ့် မိစ္ဆာသားရဲများနှင့် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ ပါရှိလေသည်။
သူတို့ကြားထဲတွင်.. ဓမ္မဝိသေသ တာအိုအရှင်များနှင့် ညီမျှသော အဆင့်မြင့် မိစ္ဆာသားရဲ ဆယ်ဦးကျော်ပင် ပါရှိလေသည်။
“ဂါး.. “
“ဝေါင်း..”
“မူး…”
“ဂီး..”
ထောင်ပေါင်းများစွာသော သားရဲများသည် မာန်ဖီဟိန်းဟောက်၍ လောကကို တုန်လှုပ်သွားစေ၏။
“အို.. ဘုရားရေ..”
ခယ်ခယ်သည် ပါးစပ်အဟောင်းသားနှင့် အံ့အားတသင့် ရေရွတ်လိုက်၏။
ဤမြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်းလွန်း၏။ သူမကို မပြောနှင့်.. မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲရှိ ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် တုန်လှုပ်မှုဖြင့် သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူလျော် ဖြစ်လာကြ၏။
“ရူးသွားပြီ.. ရူးသွားကြပြီ”
“မဖြစ်နိုင်တာ..”
“သူတို့က သားရဲနယ်မြေတစ်ခုလုံးက သားရဲစစ်တပ်ကို ချန်ကောင်းကင်မြို့တော်ဆီ သယ်လာခဲ့တာလား..”
များစွာသော မူလနတ္ထိ တာအိုအရှင်များက အရုပ်ဆိုး အကျည်းတန်သော အမူအရာများ ထွက်ပေါ်လာကြ၏။
တကယ်တော့ သူတို့ပြောသည်မှာ မှန်လေသည်။
ယခုအချိန်တွင် ချန်ကောင်းကင်မြို့တော်သို့ ရောက်ရှိနေသော သားရဲတောကောင်များသည် သားရဲတစ်ထောင်တောင်ကြား၏ လရောင်ငိုကြွေးတောင်မှ သားရဲစစ်တပ် ဖြစ်လေသည်။
ဆူဇီမိုသည် သားရဲချိပ်စည်းကားချပ်ကို ချန်ထားရစ်ခဲ့သော်လည်း ၎င်း၏ အစစ်အမှန် အသုံးဝင်မှုကို သူက မသိရှိခဲ့ပေ။
အဲဒါက သားရဲတောကောင်များကို ဖိနှိမ်ခြင်းအပြင်.. သားရဲချိပ်စည်းကားချပ်၏ အကြီးမားဆုံး အသုံးဝင်မှုမှာ အလွန်ကြီးမားသည့် နေရာလွတ်တစ်ခုကို ပိုင်ဆိုင်ထားပြီး ထောင်ပေါင်းများစွာသော သားရဲများကို ဝင်ဆံ့နိုင်ခြင်းပင်။
ယခု သားရဲချိပ်စည်းကားချပ်၏ အကူအညီနှင့်အတူ.. မျောက်နှင့် အခြားသူများက သားရဲတစ်သောင်း စစ်တပ်တစ်တပ်ကို ခေါ်ဆောင်လာခဲ့လေသည်။
အခြေအနေက ချက်ချင်းပင် ဆန့်ကျင်ဘက် ပြောင်းလဲသွား၏။
တာအိုအရှင် ပိုင်လင်းသည် အခြေအနေဆိုးနေပြီကို မြင်သောအခါ သူက အလောတကြီး အော်ဟစ်ပြောဆိုလိုက်၏။
“အထီးကျန်သိုင်းသခင်.. တိုက်ပွဲကို ရပ်စဲလိုက်ကြရအောင်.. ကျုပ်တို့က ခင်ဗျားကို ထွက်သွားခွင့်ပေးမယ်”
ယခုအချိန်တွင် ချန်ကောင်းကင်မြို့တော်၏ ထက်ဝက်နီးပါးကို သားရဲစစ်တပ်က နေရာယူထားကြပြီဖြစ်၏။
တာအိုအရှင် ပိုင်လင်းနှင့် အခြားသူများက သူ့ကို တားဆီးချင်သည် ဆိုလျှင်တောင် သူတို့က မတားဆီးနိုင်ကြတော့ပေ။
အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ မည်သည့် မူလနတ္ထိ.. မည်သည့် ဓမ္မဝိသေသ တာအိုအရှင်ကမှ ကန့်ကွက်ခြင်း မရှိကြပေ။
သူတို့သည် ကြီးမားစွာ ထိခိုက်နစ်နာ ဆုံးရှုံးထား၍ မလိုလားကြသော်လည်း သူတို့က အထီးကျန်သိုင်းသခင်နှင့် အခြားသူများကို ထွက်ခွာခွင့် ပေးရပေမည်။
မဟုတ်ပါက.. သူတို့၏ ဆုံးရှုံးနစ်နာမှုသည် ပို၍ပင် ကြီးမားလာပြီး သူတို့ပင်လျှင် ဤနေရာမှာ သေဆုံးရနိုင်လေသည်။
“မင်းမေကြီးကို ရပ်တန့်ရမှာလား”
မျောက်က လောကကျင့်ဝတ်များကို ဂရုမစိုက်တော့ဘဲ ကျိန်ဆဲလိုက်၏။
“ငါ စိတ်ရှိသလို လာချင်လာမယ်.. သွားချင်သွားမယ်.. ငါက မင်းတို့ဆီက ခွင့်ပြုချက်ယူဖို့ လိုသေးလို့လား”
“မင်းတို့က အတိုက်အခိုက် ရပ်စဲချင်တယ်ဆိုတာနဲ့ပဲ.. ငါတို့က ရပ်စဲပေးရမှာလား”
မျောက်က သွေးနီရောင် မျက်လုံးများဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး သူ၏ ခန္ဓာကိုယ်က လတ်ဆတ်သော သွေးများဖြင့် စွန်းထင်းနေ၏။ သူက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ပြောဆိုလိုက်၏။
“မင်းတို့တွေက ငါ့ရဲ့ ညီအစ်ကိုကို အနိုင်ကျင့်ခဲ့ကြတယ်.. ငါက မင်းတို့တွေကို အားရကျေနပ်အောင်တောင် မသတ်ဖြတ်ရသေးဘူး”
“အထီးကျန်သိုင်းသခင်.. ကျုပ်တို့က ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင်.. နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်ရလိမ့်မယ်”
တာအိုအရှင် ပိုင်လင်းက ဆူဇီမိုကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
ဤသားရဲစစ်တပ်ကို မျောက်နှင့် စိတ်ဝိညာဉ်ကျားက ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း ထိုသူများက ဆူဇီမို၏ စကားကို နားထောင်ကြောင်း သူသိထားလေသည်။