ရှုံးနိမ့်မှုဖြင့် ဦးညွှတ်စေခြင်း
Vol. 78 Ch. 1165
“ဒါပေါ့.. ငါတို့ ရပ်လို့ ရပါတယ်”
ဆူဇီမိုက ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။
သားရဲတစ်သောင်းစစ်တပ်သည် ယခုတင် ရောက်ရှိလာပြီး သူတို့ စိတ်ကျေနပ်အားရသည်အထိ မတိုက်ခိုက်ရသေးသော်လည်း မည်သည့်သားရဲကမှ ကန့်ကွက်ခြင်း မရှိကြပေ။
ဆူဇီမိုသည် လရောင်ငိုကြွေးတောင်တွင် ပကတိ ဩဇာတိက္ကမ ရှိထားခဲ့လေသည်။
တာအိုအရှင် ပိုင်လင်းနှင့် အခြားသူများသည် ထိုစကားကို ကြားသောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
ဆူဇီမိုက အလျှော့မပေးဘူးဆိုလျှင် သူတို့ထဲ မည်သူကမှ ချန်ကောင်းကင်မြို့တော်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မည်ဟု အာမမခံနိုင်ကြပေ။
အေးတိအေးစက် အမူအရာနှင့် အနက်ရောင်ဝတ် မိစ္ဆာသားရဲက အရမ်းကို ကြောက်စရာကောင်းလေသည်။
တိုက်ပွဲ၏ ဤအခြေအနေအရောက်တွင် သူ၏ ချဉ်းကပ်ခြင်းကို ခံရသည်နှင့်အမျှ မည်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ကြပေ။
“ဒါပေမဲ့လို့..”
ဆူဇီမိုက စကားလမ်းကြောင်းပြောင်းပြီး တာအိုအရှင် ပိုင်လင်းနှင့် အခြားသူများ၏ မျက်နှာကို ဝေ့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီတိုက်ပွဲအတွက် ဖြေရှင်းချက်တစ်ခု ပေးရမယ်”
“ခင်ဗျားက ဘာကို ဆိုလိုချင်တာလဲ”
တာအိုအရှင် ပိုင်လင်းက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အဲဒါက ငါလိုချင်လို့တော့ မဟုတ်ဘူး.. အဲဒါက မင်းတို့ လုပ်သင့်တဲ့ အရာပဲ”
ဆူဇီမိုက အေးစက်စွာဖြင့် ပြန်ဖြေလိုက်၏။
“ငါ ဒီကို ရောက်ကတည်းက မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲရဲ့ စည်းမျဉ်းစည်းကမ်းကို ဘယ်တုန်းကမှ မဖောက်ဖျက်ခဲ့ဘူး”
လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
အဲဒါက မငြင်းဆန်နိုင်သော အမှန်တရား ဖြစ်လေသည်။
အစက ကျင့်ကြံသူများသည် ဆူဇီမိုကို ရန်စလာသောအခါ.. ထိုသူက သူတို့ကို သတ်ဖြတ်ခြင်း မရှိဘဲ ဖိနှိမ်ခဲ့ရုံမျှသာ ဖြစ်လေသည်။
တာအိုအရှင် ပိုင်လင်းနှင့် အခြားသူများကသာ ဂိုဏ်းများ၏ ပြိုင်စံရှားများကို ဆူဇီမိုနှင့် အခြားသူများကို ဝန်းရံတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ခြင်း မရှိလျှင် ဤတိုက်ပွဲက ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
တာအိုအရှင် ပိုင်လင်းနှင့် အခြားသူများသည် ဤနေရာမှာ သေဆုံးသွားသော ကျင့်ကြံသူများအတွက် တာဝန်ယူ၊ တာဝန်ခံရပေလိမ့်မည်။
“ငါက မင်းတို့ ကျင့်ကြံသူ အများစုနဲ့ ရန်ငြိုးရန်စ မရှိခဲ့ဘူး.. ငါက မင်းတို့တွေ အားလုံးကိုလည်း မသတ်ချင်ဘူး”
ဆူဇီမိုက ပြောလိုက်၏။
သူက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး များစွာသော ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှု၊ တွေဝေရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုနှင့် ကူကယ်ရာမဲ့မှုတို့ကို ရှင်းလင်းစွာ မြင်နိုင်၏။
သူတို့ထဲမှ အများစုက အစကတည်းက အပြစ်ကင်းစင်ကြလေသည်။
ခဏမျှ ရပ်တန့်ပြီးနောက်.. ဆူဇီမိုက တာအိုအရှင် ပိုင်လင်းနှင့် အခြားသူများကို ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“ဒါပေမဲ့လို့.. မင်းတို့တွေက ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရမယ်”
တာအိုအရှင် ပိုင်လင်းနှင့် အခြားသူများက အရုပ်ဆိုး အကျည်းတန်သော အမူအရာများ ရှိလာကြ၏။
တကယ်ပင် ဤတိုက်ပွဲမှာ သူတို့၏ အကဲဖြတ်မှုက မှားယွင်းခဲ့ကြလေသည်။
သူတို့သည် အထီးကျန်သိုင်းသခင်နှင့် အခြားသူများ၏ ခွန်အားကို လျှော့တွက်ခဲ့မိကြ၏။ အထီးကျန်သိုင်းသခင်သည် စွမ်းအားကြီးသော ဝှက်ဖဲတစ်ခုရှိပြီး သားရဲတစ်သောင်းစစ်တပ်ကိုပင် ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။
အတန်ကြာ ငြိမ်သက်တိတ်ဆိတ်နေပြီးနောက်.. တာအိုအရှင် ပိုင်လင်းသည် ရှေ့သို့ထွက်ရပ်ပြီး လက်သီးနှစ်ဖက်ကို ယှက်လိုက်၏။ သူ၏ခေါင်းကို ငုံ့ပြီး ညင်သာစွာ ပြောလိုက်လေသည်။
“အထီးကျန်သိုင်းသခင်.. ဒီကိစ္စမှာ ကျုပ်က မှားယွင်းခဲ့ပါတယ်”
ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
တာအိုအရှင် ပိုင်လင်းက မည်သို့သော ပုဂ္ဂိုလ်မျိုးပါလဲ..။
သူက မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲတွင် ပါဝင်တက်ရောက်လာသော အိုးယန်ရှေးတော်ဝင်မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး ဤတာအိုတွေ့ဆုံပွဲကို လက်ခံကျင်းပပေးသည့် အိမ်ရှင်များထဲမှ တစ်ယောက်လည်းဖြစ်လေသည်။
သို့သော် ယခုအခါမှာတော့.. သူသည် မူလနတ္ထိတစ်ယောက်ကို ဦးညွှတ်နေရလေပြီ။
တာအိုအရှင် ပိုင်လင်းသည် အိုးယန်ရှေးတော်ဝင်မိသားစုမှာသာမက.. မြောက်ပိုင်းဒေသတစ်ခုလုံးမှာပင် ကျော်ကြားသော ဂုဏ်သတင်းရှိလေသည်။
သို့သော် ယခုအခါမှာတော့.. သူသည် တာအိုသက်ရှိ အထီးကျန်သိုင်းသခင် ရှေ့မှာ ဦးညွှတ်နေရလေပြီ။
အခြားသော အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ ဓမ္မဝိသေသ တာအိုအရှင်များသည် ဤမြင်ကွင်းကို မြင်သောအခါ.. သူတို့၏ခေါင်းကို ခါယမ်း၍ သက်ပြင်းချလိုက်ကြ၏။ သူတို့က ရှေ့သို့ ထွက်ရပ်ပြီး တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြ၏။
ဆူဇီမိုက တည်ငြိမ်နေသော အမူအရာဖြင့် တိတ်ဆိတ်ငြိမ်သက်နေပြီး ထွက်ခွာမသွားပေ။
သူ့နောက်ဘက်ရှိ သားရဲများကလည်း အမူအရာ ကင်းမဲ့စွာဖြင့် ငြိမ်သက်နေကြ၏။
သူ၏ပုံစံက အနည်းငယ် နုနယ်ပြီး လေပြင်းပြင်းတိုက်လျှင်ပင် ပြိုလဲသွားနိုင်သည်ဟု ထင်ရသော်လည်း သူက သားရဲစစ်တပ်၏ရှေ့မှာ မတ်တတ်ရပ်နေသောအခါ မည်သူကမှ မယှဉ်နိုင်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး ခြိမ်းခြောက်နိုင်စွမ်း ကြီးမားနေလေသည်။
ချန်ကောင်းကင်မြို့တော်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေကြ၏။
တာအိုအရှင် ပိုင်လင်းသည် အစိမ်းရောင်ဝတ်လူကို ငေးကြည့်နေရင်း သူ၏အမူအရာက ထပ်တလဲလဲ ပြောင်းလဲသွား၏။ နောက်ဆုံးမှာတော့.. သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား.. သူ၏မျက်လုံးထဲတွင် ရက်စက်ပြတ်သားသည့် အလင်းက ဖျပ်ခနဲလက်သွား၏။
ရုတ်တရက်.. သူက သိုလှောင်အိတ်ထဲကနေ ဓားပျံတစ်လက်ကို ဆွဲထုတ်လိုက်၏။
ဓားပျံက ဓမ္မအင်းကွက် ငါးခုဖြင့် တောက်ပနေပြီး အေးစက်ထက်ရှနေလေသည်။
သူက ဓားပျံကို ထုတ်ယူပြီးနောက်.. တာအိုအရှင် ပိုင်လင်းသည် ဆူဇီမိုကို တိုက်ခိုက်ခြင်း မရှိပေ။ ထိုအစား.. သူက ဓားကို သူ့ဘက်သို့လှည့်ပြီး သူ၏ လက်ဖဝါးပေါ်ကို တင်လိုက်လေသည်။
ဖောက်..
သွေးရောင်က ဖြာလက်သွား၏။
တာအိုအရှင် ပိုင်လင်းသည် သူ၏ ဘယ်ဘက်လက်သန်းကို အမှန်တကယ်ပင် ဖြတ်တောက်ပစ်လိုက်လေသည်။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
“တာအိုအရှင်.. ခင်ဗျား ဘာလုပ်နေတာလဲ”
အိုးယန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူအချို့က တုန်လှုပ်သွားသော အမူအရာများဖြင့် ရှေ့သို့ တက်လာကြ၏။
“အလွန်ဆုံး ကျုပ်တို့က သူတို့နဲ့ အသေအကြေ တိုက်ခိုက်ရုံပေါ့”
တာအိုအရှင် ပိုင်လင်းက ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခု ရှိနေပြီး သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“ထားလိုက်တော့.. ရူးရူးမိုက်မိုက် ဆုံးဖြတ်မိတာ ငါ့ရဲ့အမှားပဲ.. ငါ့ရဲ့ လက်တစ်ချောင်းကို ဖြတ်တောက်လိုက်တယ်ဆိုရင်တောင် အဲဒါက ဆုံးရှုံးသွားတဲ့ ငါ့ကလန်သားတွေရဲ့ အသက်ကို ပြန်အဖတ်ဆယ်ဖို့ မလုပ်လောက်ဘူး.. ဒီကိစ္စ ပြီးသွားတာနဲ့ ငါက ဂိုဏ်းကိုပြန်ပြီး ငါ့ရဲ့ အပြစ်ဒဏ်ကို သေချာပေါက် ခံယူရမယ်”
ဆူဇီမို၏ အကြည့်က အခြားသော အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ ဓမ္မဝိသေသ တာအိုအရှင်များအပေါ် ဖြတ်သန်းရောက်ရှိသွားလေသည်။
ဓမ္မဝိသေသ တာအိုအရှင် အချို့သည် ပြတ်သားမှုရှိပြီး လက်ချောင်းတစ်ချောင်း ဖြတ်တောက်သော တာအိုအရှင် ပိုင်လင်း၏ ပုံစံကို တုပလိုက်ကြ၏။
သူတို့ထဲမှ အချို့သည် အတန်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက်.. နာကျင်မှုကို သည်းခံကာ သူတို့၏ လက်ချောင်းများကို ဖြတ်တောက်လိုက်ကြ၏။
တကယ်တော့.. လက်ချောင်းတစ်ချောင်း ဆုံးရှုံးခြင်းသည် ပေါ့လျော့သည့် အပြစ်ဒဏ်တစ်ခု ဖြစ်လေသည်။
ဓမ္မဝိသေသ တာအိုအရှင်များအတွက် အဲဒါက သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို လုံးဝ လျော့ကျသွားလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင်.. သူတို့သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံပြီးနောက်.. သူတို့၏ ပြတ်တောက်သွားသော လက်ချောင်းများက ပြန်ပေါက်လာပေလိမ့်မည်။
သို့သော်လည်း.. ဓမ္မဝိသေသ တာအိုအရှင်အချို့သည် အမှန်တကယ်ပင် အပြစ်ရှိသလို ခံစားနေရပြီး အချို့သူများကတော့ မကျေမချမ်းဖြင့် စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြ၏။
လူအုပ်ကြီးထဲတွင် ယွီလန်က ထိုသည်ကို မြင်သောအခါ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိလာခဲ့၏။
ဆူဇီမိုက သူမတို့ကို ဘာကြောင့် မသတ်ဖြတ်ခဲ့သလဲ နောက်ဆုံး သူမ နားလည်လာခဲ့၏။
သူတို့က အသတ်ခံခဲ့ရမည် ဆိုလျှင်တောင်.. အဲဒီမှာ ပုန်ကန်ထကြွမည့် အခြားသော မင်းသား၊ မင်းသမီးများ ရှိလာနိုင်သောကြောင့် ဖြစ်လေသည်။
သို့သော်လည်း သူတို့က ဤမြင်ကွင်းကို တွေ့မြင်ပြီးနောက်.. သူတို့၏ ဘဝတစ်လျှောက်လုံး သူတို့၏ အင်ပါယာများကို ပြန်လည်ထူထောင်ဖို့အတွေး ရှိလာတော့မည် မဟုတ်ပေ။
ထိုမျှသာမက.. သူတို့က နေရပ်သို့ ပြန်လည်ရောက်ရှိသွားပြီးနောက်.. သူတို့၏ အသိုင်းအဝိုင်းရှိ မည်သူမဆို သူတို့၏ အင်ပါယာကို ထူထောင်ပြီး အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ဆန့်ကျင်တိုက်ခိုက်ဖို့ သူတို့က ခွင့်ပြုပေးတော့မည် မဟုတ်ပေ။
မြောက်ပိုင်းဒေသ၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများ၏ ဓမ္မဝိသေသ တာအိုအရှင်များကို ဦးညွှတ်စေပြီး သူတို့၏ လက်ချောင်းများကို ဖြတ်တောက်၍ သူတို့၏ အမှားကို ဝန်ခံစေနိုင်လိမ့်မည် မဟုတ်ပေ။
အထီးကျန်သိုင်းသခင် အသက်ရှင်နေသရွေ့ သူတို့က သူတို့၏ အင်ပါယာများကို ပြန်လည်ထူထောင်နိုင်တော့မည် မဟုတ်ပေ။
အဲဒါက ဟာသတစ်ခု မဟုတ်ပေ။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
“သွားကြမယ်”
စိတ်ဝိညာဉ်ကျားက သားရဲချိပ်စည်းကားချပ်ကို တစ်ဖန်ထုတ်ဖော်လိုက်၏။
မပြီးပြည့်စုံသော တောကောင်သားရေသည် လေထဲမှာ လွင့်ပျံသွားပြီး ထူးဆန်းသော သားရဲအော်ရာတစ်ခုကို ဖြာထွက်လာစေ၏။ အစက မြို့ထဲတွင် ပြန့်ကျဲနေသော များစွာသော မိစ္ဆာသားရဲများသည် လေထဲသို့ ပျံတက်လာကြ၏။
ထိုသားရဲများသည် အဆက်မပြတ် ကျုံ့ဝင်သွားပြီး အလင်းစက်များအသွင် ပြောင်းလဲကာ တောကောင်သားရေထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြ၏။
တစ်ခဏအတွင်းမှာပင်.. မျောက်၊ စိတ်ဝိညာဉ်ကျား၊ ညဝိညာဉ်၊ ရွှေခြင်္သေ့၊ ခယ်ခယ်နှင့် နန်းကြည်တို့သာလျှင် ကျန်ရစ်ခဲ့လေသည်။
မျောက်က သူ့ရှေ့တွင်ရှိသော ကျင့်ကြံသူများစွာကို ကြည့်ပြီး တံတွေးတစ်ချက်ထွေးကာ အထင်သေးသော အမူအရာဖြင့် လှည့်ထွက်လာခဲ့၏။
ဆူဇီမိုနှင့် အခြားသူများကလည်း ထွက်ခွာလာခဲ့ကြ၏။
ခြေလှမ်း အနည်းငယ် လျှောက်လှမ်းပြီးနောက်.. ဆူဇီမိုက သူ၏ခြေလှမ်းကို ရပ်တန့်လိုက်၏။ သူက မျက်မှောင် အနည်းငယ်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။
“ငါ အခုထိ မဖြေရှင်းရသေးတဲ့ ကိစ္စတစ်ခုကို မေ့တော့မလို့ပဲ”
စိတ်သက်သာရာ ရလာခဲ့သော ကျင့်ကြံသူများစွာသည် ထိုစကားကို ကြားသောအခါ သူတို့၏ စိတ်များက တစ်ဖန်ပြန်လည် တင်းကျပ်လာခဲ့၏။
ဆူဇီမိုက လူအုပ်ကြီးကို ဝေ့ကြည့်ပြီး သူ၏ပစ်မှတ်ကို လျင်မြန်စွာ ရှာတွေ့သွား၏။
“လေတိမ်မီးတောက်.. ထွက်လာခဲ့”
တာအိုသက်ရှိ လေတိမ်မီးတောက်က ဖန်သားနန်းတော်မှ ဖြစ်လေသည်။
“အထီးကျန်သိုင်းသခင်.. ခင်ဗျားက ဘာလိုချင်တာလဲ”
တာအိုသက်ရှိ လေတိမ်မီးတောက်သည် အကြောက်အလန့် ကင်းမဲ့သော အမူအရာတစ်ခုရှိပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“ကျုပ်က ဖန်သားနန်းတော်က တပည့်ဂိုဏ်းသားပဲ.. ခင်ဗျားက ကျုပ်ကို ရှုံးနိမ့်မှုနဲ့ ဦးညွှတ်စေချင်တယ်ဆိုရင် မဖြစ်နိုင်ဘူး”
ဖန်သားနန်းတော်သည် အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး မြောက်ပိုင်းဒေသရှိ တစ်ခုတည်းသော အင်မော်တယ်ဂိုဏ်း ဖြစ်လေသည်။ သူတို့မှာ သူတို့၏ ကိုယ်ပိုင်မာန်မာန ရှိလေသည်။
“ဖန်သားနန်းတော်ဆိုတော့ရော.. ဘာဖြစ်လဲ”
ဆူဇီမိုက ခေါင်းညိတ်၍ ရယ်မောလိုက်၏။
သူ့ရယ်သံ မဆုံးသေးခင်မှာပင်.. ဆူဇီမို၏ ပုံရိပ်က ရုတ်တရက် လှုပ်ရှားသွားလေသည်။ လျှပ်စီးလက်သကဲ့သို့ သူက တာအိုသက်ရှိ လေတိမ်မီးတောက် ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
“သတ်”
တာအိုသက်ရှိ လေတိမ်မီးတောက်၏ မျက်လုံးက ဝင်းလက်တောက်ပလာပြီး အကြောက်အလန့် ကင်းမဲ့စွာဖြင့် သူ၏သွေးချီကို ထုတ်ဖော်လိုက်၏။ သူ၏ လက်သီးနှစ်ဖက်ကို မြှောက်ပြီး ဆူဇီမို၏ ဦးခေါင်းကို ပစ်ထိုးလိုက်လေသည်။
ရွှစ်..
အစိမ်းရောင် အရိပ်တစ်ခုက ဖျတ်ခနဲလက်သွားပြီး ဆူဇီမို၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့လေသည်။
သူက တာအိုသက်ရှိ လေတိမ်မီးတောက်၏ လက်သီးကို ရှောင်လိုက်သည့် တစ်ချိန်တည်းမှာပင်.. ဆူဇီမို၏ ခန္ဓာကိုယ်သည် ပျော့ပြောင်းသွားပြီး သူက တာအိုသက်ရှိ လေတိမ်မီးတောက်၏ နောက်ဘက်သို့ စပါးအုံးမြွေတစ်ကောင်ကဲ့သို့ လှည့်ပတ်ကာ သူ၏ လက်နှစ်ဖက်ဖြင့် ထိုသူ၏ လည်ပင်းကို ရစ်ပတ်လိုက်၏။
အနာကွန်ဒါ ရစ်ပတ်ခြင်း..
သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က ဤနည်းစနစ်၏ အနှစ်သာရကို မထုတ်ဖော်နိုင်သော်လည်း အဲဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်နေဆဲပင်။
“အား.. အ.. အား..”
တာအိုသက်ရှိ လေတိမ်မီးတောက်၏ သွေးချီက ပိတ်ဆို့သွားပြီး သူ၏မျက်နှာက ပြာနှမ်းလာခဲ့၏။ သူက မည်သည့်စကားကိုမှ မပြောနိုင်တော့ဘဲ သူ၏လည်ချောင်း အနက်ပိုင်းထဲကနေ ထူးဆန်းသည့် အသံတစ်သံက ထွက်ပေါ်လာခဲ့၏။