← Chapters

ရွှမ်ယွီကိုစိန်ခေါ်ခြင်း

Vol. 78 Ch. 1166

ရွှမ်ယွီကိုစိန်ခေါ်ခြင်း

Vol. 78 Ch. 1166

တာအိုသက်ရှိလေတိမ်မီးတောက်သည် ဖန်သားနှလုံးသားသုတ္တန်ကို ကျင့်ကြံထားပြီး စွမ်းအားကြီးသော သွေးချီကိုပိုင်ဆိုင်ထား၏။ မျိုးဆက်သွေး၏ ပေါက်ကွဲစွမ်းအားမှာဆိုလျှင် သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ထက် သေချာပေါက်နိမ့်ကျမှုမရှိပေ။

သို့သော်လည်း သူက အနာကွန်ဒါရစ်ပတ်ခြင်းနှင့် ကြုံလိုက်ရပြီး သူ၏လည်ပင်းက ရစ်ပတ်ခံထားရသည်မှာ သနားစရာဖြစ်လေသည်။ သူ၏သွေးချီက ချောမွေ့စွာမစီးဆင်းနိုင်တော့ဘဲ သူ့မှာ ကီလိုဂရမ်ငါးရာ ခွန်အားရှိသည်ဆိုလျှင်တောင် သူက အဲ့ဒါကို မထုတ်ဖော်နိုင်တော့ပေ။

ဆူဇီမို၏ လက်နှစ်ဖက်က သူရုန်းထွက်နိုင်ခြင်းမရှိသော အေးစက်မာကြောသည့် ချိန်းကြိုးများသဖွယ် ဖြစ်နေ၏။

ဖြောက်....ဖြောက်....ဖြောက်...

အတောမသတ်ဖိအားအောက်တွင် တာအိုသက်ရှိလေတိမ်မီးတောက်သည် သူ၏လည်ပင်းမှ တဖြောက်ဖြောက်အရိုးမြည်သံများကိုပင် ကြားလာရ၏။

ဤတိုင်းသာဆက်သွားနေလျှင် သူ၏လည်ပင်းက ကြေမွပျက်စီးရပေလိမ့်မည်။

ကြံရာမရသည့်နောက်ဆုံး တာအိုသက်ရှိလေတိမ်မီးတောက်သည် သူ၏ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး သူ၏အမြုတေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ ဆုံးဖြတ်လိုက်၏

ရုတ်တရက် ဆူဇီမို၏အသံက ထွက်ပေါ်လာခဲ့လေသည်။

“မလှုပ်လိုက်နဲ့....”

ထိုအသံက အလွန်တရာ တိုးညင်း၍ သူ၏နားဘေးကနေကပ်ပြီး ပေါ်ထွက်လာခဲ့၏။

သို့သော်လည်း တာအိုသက်ရှိလေတိမ်မီးတောက်က အမှန်တကယ်ပင် လှုပ်ရှားရဲခြင်း မရှိတော့ပေ။

သူသည် ဆူဇီမို၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို အရင်ကတွေ့မြင်ခဲ့ဖူးလေသည်။

အစိမ်းရောင်ကြာပန်းဓားဖြစ်စေ ၊ စိတ်ဝိညာဥ်နှိမ်နင်းကြာပွတ်ဖြစ်စေ သူတို့နှစ်ခုစလုံးသည် အလွန်တရာကြောက်စရာကောင်းလေသည်။

ဓမ္မဝိသေသ တာအိုအရှင်များ၏ အမြုတေစိတ်ဝိညာဥ်ပင်လျှင် ​ချက်ချင်းပင် သတ်ဖြတ်ခံခဲ့ရလေသည်။ အဲ့ဒါကြောင့် သူက မဆင်မခြင်ပြုမူရဲခြင်း မရှိပေ။

“ငါက မင်းကို သင်ခန်းစာတစ်ခုပေးရုံပဲ... ငါမင်းကို သတ်မှာမဟုတ်ဘူး”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းလုပ်ရမှာက ငါ့အတွက် ဖန်သားနန်းတော်ဆီကို သတင်းတစ်ခုပို့ပေး...”

ထိုစဥ်မှာပင် တာအိုသက်ရှိလေတိမ်မီးတောက်သည် သူ၏လည်ပင်းက ပြေလျော့သွားသည်ဟု ခံစားရပြီး ဆူဇီမိုက သူ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

တာအိုသက်ရှိလေတိမ်မီးတောက်၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျကာ ပြင်းထန်စွာမောဟိုက်နေလေသည်။

သူ၏လည်ပင်းသည် ကြေမွသွားခဲ့ပြီး သူအသက်တစ်ချက်ရှုလိုက်တိုင်း ဖားဖိုကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြစ်ကာ ထူးဆန်းသော တရွှီးရွှီးအသံများထွက်ပေါ်နေ၏။

“ဘာပြောပေးရမလဲ ပြော”

တာအိုသက်ရှိလေတိမ်မီးတောက်က အံကိုကြိတ်ပြီးမေးလိုက်၏။

“လေးလပိုင်း ငါးရက်နေ့ အဲ့ဒီနေရာမှာ ငါက တာအိုသက်ရှိရွှမ်ယွီကို စိန်ခေါ်ချင်တယ်...”

ဆူဇီမိုက သူ၏လက်ကိုမြှောက်ပြီး မြေပုံတစ်ခုကို ပစ်ထုတ်ပေးလိုက်၏။

မြေပုံပေါ်တွင် ရှင်းလင်းသောအမှတ်သင်္ကေတတစ်ခု ပါရှိလေသည်။

“ဟားဟားဟားဟား.... “

တာအိုသက်ရှိလေတိမ်မီးတောက်က မြေပုံကိုပင်မကြည့်ဘဲ ဟားတိုက်ရယ်မောလိုက်၏။

ထိုရယ်သံက သူ၏ လည်ချောင်းထဲမှာ စူးရှသောနာကျင်မှုကို ဖြစ်ပေါ်လာစေသော်လည်း သူက အဲ့ဒါကို လျစ်လျူရှုပြီး ပို၍ကျယ်လောင်စွာရယ်မောလိုက်၏။

“မင်းက... စီနီယာအစ်ကိုရွှမ်ယွီကို စိန်ခေါ်ချင်တာလား”

တာအိုသက်ရှိလေတိမ်မီးတောက်က ဤကိစ္စကို အတည်ပြုချင်သည့်အလား တစ်ဖန်ထပ်မေးလိုက်၏။

“အမှန်ပဲ....”

ဆူဇီမိုကခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါဆိုရင်... ငါမင်းကို ပြောစရာတစ်ခုရှိတယ်... စီနီယာအစ်ကိုရွှမ်ယွီက မူလနတ္ထိအဆင့်မှာမဟုတ်တော့ဘူး... သူက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ဖြစ်နေပြီ”

တာအိုသက်ရှိလေတိမ်မီးတောက်က ဟားတိုက်ရယ်မောလိုက်၏။

“ဖန်သားနန်းတော်မှာ တာအိုသက်ရှိရွှမ်ယွီဆိုတာမရှိတော့ဘူး... တာအိုအရှင်ရွှမ်ယွီပဲ ရှိတယ်... အထီးကျန်သိုင်းသခင် မင်းကတော့ သေချင်နေတာပဲ...”

“ဓမ္မဝိသေသ အဆင့်တဲ့လား....”

ဆူဇီမိုက တီးတီုးရေရွတ်လိုက်သော်လည်း သူက ခေါင်းကိုခါယမ်းလိုက်၏။

“ဓမ္မဝိသေသ တာအိုအရှင်တွေက ငါ့အတွက် ဘာမှမဟုတ်ဘူး... ချန်​ကောင်းကင်မြို့တော်မှာတောင် ငါသူတို့အများကြီးကို သတ်ဖြတ်ခဲ့ပြီးပြီ...”

“ဟားဟား... အဲ့ဒီတာအိုအရှင်တွေက ဘာများဖြစ်ဖြစ်မြောက်မြောက်ရှိလို့လဲ... ဒီမှာ​​သေသွားတဲ့ ဓမ္မဝိသေသတာအိုအရှင်တွေက စီနီယာအစ်ကိုရွှမ်ယွီရဲ့ ဖိနပ်ကိုတောင် သယ်ဖို့မထိုက်တန်ဘူး”

“ငါမင်းကိုပြောလိုက်မယ်.... စီနီယာအစ်ကိုရွှမ်ယွီက ပကတိဓမ္မဝိသေသအဆင့်ကို ရောက်နေခဲ့ပြီးပြီ... ဖန်းသားနန်းတော်က ဓမ္မဝိသေသအဆင့်ကြားမှာ သူက ဒုတိယပဲ... သူက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ သူ့ရဲ့နာမည်ကိုချန်ထားရစ်ဖို့တောင် အခွင့်ရှိတယ်”

“မင်းက... စီနီယာအစ်ကိုရွှမ်ယွီကို စိန်ခေါ်လာတယ်ဆိုတာကတော့... သက်သက်အသေခံချင်နေတာပဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ဤကိစ္စက သူတွေးထင်ထားသည်ထက် တကယ်ပင်ကျော်လွန်နေခဲ့၏။

ရွှမ်ယွီက ကျင့်ကြံမှုက ဤမျှအထိမြန်ဆန်နေလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။ နှစ်တစ်ရာကျော်ကျော်အချိန်မျှနှင့် သူသည် အဆင့်ကြီးတစ်ဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လေပြီ...။ ဤတိုက်ပွဲသည် အစကသူတွေးထင်ထားသည်ထက် များစွာပို၍ အခက်အခဲရှိလာပေတော့မည်။

အဆင့်တူများကြားမှာတောင် တိုက်ခိုက်ရည်ခွန်အား ကွာဟချက်များက ကြီးမားကြလေသည်။

ဥပမာအားဖြင့် ချန်ကောင်းကင်မြို့တော်တွင် စိတ်ဝိညာဥ်နှိမ်နင်းကြာပွတ်၏ ရိုက်ခတ်ခြင်းကိုခံရပြီးနောက် ဓမ္မဝိသေသ တာအိုအရှင်အချို့သည် သူတို့၏အမြုတေစိတ်ဝိညာဥ်များက ပြာအဖြစ်လောင်ကျွမ်းသွားခဲ့ကြ၏။

သို့သော်လည်း ဓမ္မဝိသေသ တာအိုအရှင်အချို့သည် သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များနှင့်အတူ စိတ်ဝိညာဥ်နှိမ်နင်းကြာပွတ်ကို ခုခံနိုင်ကြ၏။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တွင် နေရာ ၂၇ နေရာသာရှိလေသည်။

သူတို့ထဲမှ နေရာတစ်ခုချင်းစီတိုင်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးတာအိုအရှင်တစ်ယောက်ကို ကိုယ်စားပြုလေသည်။

သူက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ပေါ်ရှိ တာအိုအရှင်တစ်ယောက်နှင့် တိုက်ခိုက်မည်ဆိုလျှင် သူက သူ၏ဝှက်ဖဲများအားလုံးကို ထုတ်သုံးမည်ဆိုလျှင်တောင် ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်တော့မည် မဟုတ်ပေ။

“အထီးကျန်သိုင်းသခင်....မင်းက တိုက်ခိုက်မယ်လို့ ပြောခဲ့ပြီးပြီ... မင်းက အခုချိန်မှာ မင်းစကားကို ပြန်ရုပ်သိမ်းလို့ မရတော့ဘူး”

ဆူဇီမိုက နောင်တရသွားမည်ကို စိုးရွံ့သောကြောင့် တာအိုသက်ရှိလေတိမ်မီးတောက်က အလောတကြီးပြောလိုက်၏။

“မင်းက... မင်းရဲ့တာအိုကိုတည်ဆောက်ပြီး အများလူထုကို သိုင်းတာအိုသင်ကြားပေးချင်တယ်ဆိုပြီးမှ မင်းရဲ့စကားကိုမတည်ဘူးဆိုရင် လူအများဟားတိုက်စရာဖြစ်လာလိမ့်မယ်...”

“ငါက... တိုက်ခိုက်မယ်လို့ပြောပြီးမှတော့ ငါ့စကားကို ပြန်ရုပ်သိမ်းမှာမဟုတ်ဘူး... မင်းတို့ဂိုဏ်းကိုပြန်ပြီး ငါပြောခိုင်းတာကိုသာ ပြောလိုက်စမ်းပါ”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်ပြီး သူ၏အင်္ကျီလက်စကို လှုပ်ခါကာ ထွက်ခွာသွား၏။ ထိုသို့ဖြင့် ဆူဇီမို ၊ မျောက်နှင့် အခြားသူများသည် စိတ်ဝိညာဥ်ယာဥ်ပျံပေါ်သို့ခုန်တက်ပြီး ချန်ကောင်းကင်မြို့တော်ကနေ ထွက်ခွာကာ လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားကြ၏။

တစ်စုံတစ်ယောက်က ရေရွတ်ပြောဆိုလိုက်၏။

“အထီးကျန်သိုင်းသခင်ကသာပဲ တာအိုအရှင်ရွှမ်ယွီကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ရဲတဲ့ သတ္တိနဲ့ ရဲဝံ့မှုရှိလိမ့်မယ်လို့ ငါထင်တယ်...”

“အဲ့ဒါက ဘာများသုံးစားလို့ရမှာလဲ... သူက ဖန်သားနန်းတော်က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို နိုင်လိမ့်မယ်လို့ မင်းက တကယ်ပဲထင်နေတာလား...”

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က နှုတ်ခမ်းထော်လိုက်၏။

“အထီးကျန်သိုင်းသခင်နဲ့ တာအိုအရှင်ရွှမ်ယွီက ဘယ်လိုဘယ်လို ရန်ငြိုးရန်စရှိသွားတာလဲ...”

“မင်းက အဲ့ဒါကိုတောင် မသိဘူးလား... လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က အထီးကျန်သိုင်းသခင်က ရွှေအမြုတေအဆင့်မှာပဲ ရှိသေးတယ်... ရွှမ်ယွီကတော့ မူလနတ္ထိအဆင့်မှာ... မဟာချွမ်အပျက်အစီးနယ်မြေမှာတုန်းက သူက အထီးကျန်သိုင်းသခင်ရဲ့ ရွှေအမြုတေကိုဖျက်ဆီးပြီးတော့ သူ့ကို နဂါးသင်္ချိုင်းတောင်ကြားထဲကို အတင်းအကျပ်ခုန်ချစေခဲ့တယ်... အဲ့ဒီမှာသူက သေသွားပြီလို့တောင် လူတိုင်းက ထင်ခဲ့ကြတာ”

“ငါကြားတာတော့... တာအိုအရှင်ရွှမ်ယွီကြောင့်ပဲ မော်တယ်လောကက အထီးကျန်သိုင်းသခင်ရဲ့အစ်ကိုက သေသွားခဲ့တာလို့ ပြောတယ်”

“ရှင်တို့အားလုံးမှားနေကြတယ်....”

သူမ၏ဘေးပတ်လည်ရှိ ဆွေးနွေးသံများကိုကြားသောအခါ ယွီလန်က သူမ၏ခေါင်းကို ခါယမ်းလိုက်၏။

“အထီးကျန်သိုင်းသခင်က တာအိုအရှင်ရွှမ်ယွီကို စိန်ခေါ်ရတဲ့အကြောင်းရင်းက ယန်တိုင်းပြည်က တိုင်းသူပြည်သားတွေအတွက် တရားမျှတမှုကို ရှာဖွေပေးချင်လို့ပဲ....”

လွန်ခဲ့သည့်နှစ်တစ်ရာကျော်က ယန်တိုင်းပြည်၏ မြို့ ၁၃ မြို့သည် ဖန်သားနန်းတော်မှ ကျင့်ကြံသူများ၏ နိုင်လိုမင်းထက် ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ မရေမတွက်နိုင်သောလူများက ထိုကပ်ဘေးတွင်သေဆုံးခဲ့ပြီး ယန်တိုင်းပြည်ကလည်း ဖျက်ဆီးခံခဲ့ရလေသည်။

“ခင်ဗျားက... ဘာလို့အဲ့လိုပြောနိုင်ရတာလဲ...”

ကျင့်ကြံသူတစ်ယောက်က မေးလိုက်၏။

ယွီလန်က တာအိုသက်ရှိလေတိမ်မီးတောက်ရှေ့ရှိ မြေပုံကို လက်ညိုးထိုးပြီးပြောလိုက်လေသည်။

“သူတို့နှစ်ယောက်ကြား တိုက်ပွဲတည်နေရာက ယန်တိုင်းပြည်ရဲ့ မြို့တော်ဟောင်းပဲ...”

“ယန်တိုင်းပြည်ရဲ့ မြို့တော်ဟောင်းလား...”

“လေးလပိုင်း ငါးရက်နေ့ ချင်မင်းပွဲတော်အတောအတွင်းဆိုတော့... သူက တာအိုအရှင်ရွှမ်ယွီရဲ့အသက်နဲ့ ကွယ်လွန်သွားတဲ့သူတွေကို အထိမ်းအမှတ်တစ်ခုပြုလုပ်ပေးတော့မှာလား...”

(ချင်မင်းပွဲတော် - သေသူများအတွက် ရည်စူးပြုလုပ်သော အောက်မေ့သတိရခြင်း ပွဲတော်)

ကျင့်ကြံသူများက တဖြည်းဖြည်း နားလည်သဘောပေါက်လာကြ၏။

........

“သခင်လေး....ရှင်က နည်းနည်းတော့ မဆင်မခြင်ပြုရာမကျဘူးလား”

စိတ်ဝိညာဥ်ယာဥ်ပျံပေါ်တွင် နန်းကြည်က စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုဖြင့် တိုးတိတ်စွာမေးလိုက်၏။

“တကယ်တော့ရှင်က.. ဓမ္မဝိသေသ အဆင့်ကိုတက်လှမ်းပြီးမှ တာအိုအရှင်ရွှမ်ယွီကို စိန်ခေါ်မယ်ဆိုလည်း နောက်မကျသေးဘူးလေ...”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ငါက ဓမ္မဝိသေသအဆင့်ကိုရောက်သွားပြီဆိုရင် ရွှမ်ယွီက စိန်ခေါ်မှုကို သေချာပေါက်လက်ခံရဲတော့မှာ မဟုတ်ဘူး...”

လူတိုင်းက မှင်တက်သွားသော်လည်း အလျင်အမြန်နားလည်သဘောပေါက်သွားကြ၏။

တာအိုအရှင်ရွှမ်ယွီက ထွက်ပေါ်မလာဘူးဆိုလျှင် ဆူဇီမိုက ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဖန်သားနန်းတော်သည် အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး ဆူဇီမိုက မူလနတ္ထိအဆင့်မှာသာရှိလေသည်။ သူက ဖန်သားနန်းတော်ထဲသို့ အတင်းအကျပ်ဝင်ရောက်မည်ဆိုလျှင် တာအိုအရှင်ရွှမ်ယွီနှင့် မတွေ့ဆုံခင်မှာပင် သူက သေဆုံးရနိုင်လေသည်။

“ဒါပေမယ့်လို့... ဒီတိုက်ပွဲက ရှင့်အတွက်အရမ်းကို အန္တရာယ်များလွန်းတယ်သခင်လေး...”

နန်းကြည်က ဝေဖန်ဆန်းစစ်ပြလိုက်၏။

“တာအိုအရှင်ရွှမ်ယွီက ဖန်သားနန်းတော်ကို ကိုယ်စားပြုတဲ့အတွက် ဒီတိုက်ပွဲမှာ သူ့ရဲ့အကောင်းဆုံးကို သေချာပေါက်ထုတ်ဖော်လာလိမ့်မယ်... သူတို့က ရှုံးလို့မရဘူး”

တာအိုအရှင်ရွှမ်ယွီက အဆင့်ကြီးတစ်ဆင့်ကွာဟနေတာတောင် ဆူဇီမို၏သတ်ဖြတ်ခြင်းကို ခံရမည်ဆိုလျှင် ဖန်းသားနန်းတော်၏ ဂုဏ်သတင်းက သေချာပေါက်အောက်သို့ ထိုးဆင်းသွားပေလိမ့်မည်။

ခယ်ခယ်ကလည်း ခေါင်းညိတ်ပြလိုက်၏။

“အစ်ကိုကြီးက သူ့ရဲ့ဝှက်ဖဲတွေကို ဒီတိုက်ပွဲမှာထုတ်ပြခဲ့ပြီးပြီ... တစ်ဖက်လူက အဲ့ဒါအတွက် ပြင်ဆင်လာလိမ့်မယ်”

“အဲ့ဒါအဆင်ပြေပါတယ်...”

ဆူဇီမိုက တည်ငြိမ်သောအမူအရာတစ်ခုရှိနေ၏။

“ဒီတိုက်ပွဲက ဘယ်လိုမှ ရှောင်လွဲလို့ မရဘူး...”

ဤတိုက်ပွဲသည် သူ့အတွက်သာလျှင် မဟုတ်ပေ။ အဲ့ဒါက သူ၏အစ်ကိုဆူဟုန် ၊ ယန်တိုင်းပြည်၏ မြို့သူမြို့သားများနှင့် မြေခွေးလေးအတွက်လည်းဖြစ်လေသည်။

မြေခွေးလေး၏ ရတနာသည် တာအိုအရှင်ရွှမ်ယွီ၏ လုယူခြင်းကိုခံခဲ့ရပြီး ဆူဇီမိုက အဲ့ဒါကို အမြဲတမ်းစိတ်ထဲမှာ တေးမှတ်ထားခဲ့လေသည်။

“ဒါနဲ့... မြေခွေးလေးရော ဘယ်မှာလဲ”

မြေခွေးလေးအကြောင်းတွေးမိချိန်တွင် ဆူဇီမိုက.... သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

သူမသည် မျောက်နှင့်အခြားသူများနှင့်အတူ တိုက်ပွဲထဲမှာ ဝင်ပါမလာခဲ့ပေ။ အစကတော့ မျောက်နှင့်အခြားသူများသည် မြေခွေးလေးကိုစိုးရိမ်သည့်အတွင် ခဏရှောင်ခိုင်းထားသည်ဟု သူက တွေးထင်ခဲ့၏။ သို့သော်လည်း သူတို့သည် ချန်ကောင်းကင်မြို့တော်ကနေ ထွက်လာပြီးတာတောင် သူမကို မတွေ့မြင်ရသေးပေ။

မြေခွေးလေးအ​ကြောင်းပြောချိန်တွင် မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် ချင်ချင်တို့သည် အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

All Chapters