အတင့်ရဲသော သားရဲမျောက်
Vol. 78 Ch. 1168
မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲ အဆုံးသတ်သွားသည့်အချိန်တွင် သုံးလပိုင်း လလယ်သို့ ရောက်ရှိနေခဲ့လေပြီ။
လေးလပိုင်း ငါးရက်နေ့သို့ ရောက်ရှိဖို့ ရက်နှစ်ဆယ်လောက်သာ လိုတော့လေသည်။
ဤနေ့တွင် ကျင့်ကြံသူ တစ်အုပ်စုသည် ယန်တိုင်းပြည် မြို့တော်ဟောင်းအထက်သို့ ရောက်ရှိလာခဲ့ကြ၏။
ခေါင်းဆောင်ဖြစ်သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်များကို ဖြန့်ချထား၏။ သူ၏ မျက်လုံးများက ရှင်းလင်းနေလေသည်။ အဲဒါက ဆူဇီမိုပင် ဖြစ်၏။
မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်၊ ညဝိညာဉ်၊ ရွှေခြင်္သေ့၊ ခယ်ခယ်နှင့် နန်းကြည်တို့က သူ၏နောက်မှာ ရပ်နေကြ၏။
ဆူဇီမိုသည် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ သူ၏ ဇာတိမြေကို ကြည့်ရှုနေ၏။
ဤမြို့တော်သည် အတိတ်ကာလတုန်းက ဖန်သားနန်းတော်မှ ကျင့်ကြံသူများ၏ နင်းချေဖျက်ဆီးခြင်းကို ခံခဲ့ရပြီး အဲဒါက အပျက်အစီးပုံဘဝသို့ ရောက်ရှိကာ ဆက်လက်၍ စည်ပင်ထွန်းကားခြင်း မရှိတော့ပေ။
နှစ်တစ်ရာကျော် ကြာပြီးနောက် ဤနေရာက တိတ်ဆိတ်ခြောက်ကပ်နေဆဲပင်။
အဲဒီမှာ ယိုယွင်းပျက်စီးနေသော မြို့ရိုးများနှင့် ခြံဝန်းများသည် အတိတ်ကာလက အငွေ့အသက်တချို့ ကျန်ရှိနေဆဲဖြစ်၏။
ဆူဇီမိုသည် ဘာစကားမှ မပြောဘဲ တိတ်တဆိတ်ဖြင့်သာ စောင့်ကြည့်နေ၏။
မျက်ရည်များက စိုစွတ်လာပြီး သူ၏ အမြင်အာရုံက တဖြည်းဖြည်း ဝေဝါးလာခဲ့၏။
ဤမြို့တော်နှင့် သူ၏ ဇာတိမြေတွင် ကိစ္စများစွာက ဖြစ်ပျက်ခဲ့လေသည်။
သူက ဤနေရာမှာ မွေးဖွားခဲ့၏။
ထိုညက ဆူမိသားစုသည် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရ၏။ ဆူဟုန်၏ မျက်နှာက ခုတ်ပိုင်းခံခဲ့ရပြီး သူ၏မျက်နှာက နှစ်ပိုင်းပြတ်ထွက်လုနီးပါး ဖြစ်ခဲ့၏။
ဆူဟုန်သည် ဒဏ်ရာများနှင့်ပင် သူနှင့် ရှောင်းနင်ကို မြို့တော်ထဲကနေ ခေါ်ထုတ်သွားခဲ့၏။ သူတို့သည် သူတို့၏ ဇာတိမြို့ကို စွန့်ခွာပြီး သူတို့၏ သရုပ်သကန်များကို ဖုံးကွယ်၍ ဇာတ်မြုပ်နေထိုင်ခဲ့ရလေသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်.. သူသည် ဤနေရာသို့ တစ်ယောက်တည်း ပြန်လာခဲ့ပြီး သတ်ဖြတ်မှုကို စတင်ကာ ဤမြို့တော်တွင် ယန်ဘုရင်၏ခေါင်းကို ဖြတ်ခဲ့လေသည်။
နောက်ပိုင်းတွင်..
မြို့တော်က ဖျက်ဆီးခံခဲ့ရပြီး မရေမတွက်နိုင်သော သက်ရှိများကလည်း ဤနေရာမှာ မြုပ်နှံခံခဲ့ရ၏။
သူ၏ မိတ်ဆွေဟောင်းများဖြစ်သော လျှိုယု၊ ယုချီဟို၊ စုန့်ချီ၊ မဟူရာချပ်ဝတ် မြင်းတပ်သားများ အားလုံးသည် ဤအပျက်အစီးပုံအောက်မှာ မြုပ်နှံခံခဲ့ရလေသည်။
သူ၏ တာအိုနှလုံးသားကို တည်ဆောက်ဖို့အတွက် ပထမဆုံး စိတ်ကူးရခဲ့သည်မှာ ဤနေရာတွင် ဖြစ်လေသည်။
ဆူဇီမိုက ငေးငိုင်နေပြီး သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စိုရွှဲ၍ အပျက်အစီးပုံပေါ်တွင် မတ်တတ်ရပ်နေသော ဘဝနေဝင်ခါနီးအရွယ် အဘိုးအိုတစ်ယောက်ကို တွေ့မြင်လာရသည်ဟု ထင်ရလေသည်။
“အစ်ကိုကြီး..”
ဆူဇီမိုက တိုးတိတ်စွာ ခေါ်ဆိုလိုက်၏။
အဘိုးအိုက တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။
အဲဒါက သူ၏ မှတ်ဉာဏ်များ၏ အနက်ပိုင်းထဲရှိ ပုံရိပ်တစ်ခုမျှသာဖြစ်ကြောင်း ဆူဇီမိုက နားလည်လိုက်၏။
အရာရာတိုင်းက ဤနေရာမှာ ဆက်လက်၍ ရှိမနေတော့ပေ။
ဆူဇီမိုသည် ဘာကြောင့် မျက်ရည်များဖြင့် ပြည့်နှက်လာသည်ကို နန်းကြည်နှင့် အခြားသူများက နားမလည်ကြပေ။ သူ၏ စိတ်ခံစားချက်များနှင့် ဤမြေအပေါ် တမ်းတလွမ်းဆွေးနေမှုကို သူတို့က နားမလည်နိုင်ကြပေ။
“ငါ အဆင်ပြေပါတယ်”
အတန်ကြာပြီးနောက်.. ဆူဇီမိုက ပြောလိုက်၏။
“ငါ နောက်ရက်အနည်းငယ်အတွင်း ဒီမှာပဲ နေပြီးတော့ ရွှမ်ယီနဲ့ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်မယ်.. စိတ်ပူမနေကြနဲ့”
သူသည် မြောက်ပိုင်းဒေသ တာအိုတွေ့ဆုံပွဲ မတိုင်ခင်.. နောက်ပိုင်းမူလနတ္ထိအဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံခဲ့ပြီးလေပြီ။
ကြီးမားသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲ၍ သူ၏ ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက်.. သူသည် အဆင့်ချိုးဖျက်တက်လှမ်းနိုင်မည့် အခွင့်အလမ်းတစ်ခုကို ခံစားမိလာခဲ့ပြီဖြစ်၏။
နောက်တစ်ဆင့်က ပကတိမူလနတ္ထိအဆင့် ဖြစ်လေသည်။
“သွားကြရအောင်.. သူ့ကို အနှောင့်အယှက်မပေးတော့ဘူး”
မျောက်က လက်ကာပြပြီး ခပ်လှမ်းလှမ်း တစ်နေရာသို့ လက်ညိုးထိုးပြလိုက်၏။
“ငါနဲ့ နံပါတ်တစ်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ အဲဒီနေရာကို မင်းတို့တွေကို ငါခေါ်သွားပေးမယ်.. ဟီးဟီး.. တစ်ခါတုန်းက ငါက အဲဒီတောအုပ်ရဲ့ တောဘုရင်ပဲ”
“ဒါပေါ့”
ချင်ချင်က သဘောတူစွာဖြင့် လက်ခုပ်လက်ဝါးတီးလိုက်၏။
“ကောင်းတဲ့ အကြံပဲ.. အစ်ကိုမျောက်က ရှင့်ရဲ့ ဂုဏ်ကျက်သရေ ထွန်းတောက်ခဲ့တဲ့ အတိတ်ကာလကို ကျွန်မတို့ကို ပြန်ပြောပြလို့ ရတာပဲ”
“ကိစ္စမရှိဘူး.. ရတယ်”
မျောက်က တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားပုံရပြီး ပြုံးဖြီးလိုက်လေသည်။
“ဒါနဲ့ စကားမစပ်.. ညဝိညာဉ်ကို အဲဒီတောအုပ်ထဲကနေ ငါတို့ ရလာတုန်းက.. သူက ဥတစ်လုံး ဘဝပဲ ရှိသေးတယ်”
မျောက်၏ နောက်တီးနောက်တောက် အမူအရာတွင် လူတိုင်းက ပို၍ စိတ်လက်ပေါ့ပါးသွားကြ၏။
“ရှင်တို့တွေ သွားကြပါ.. ကျွန်မကတော့ သခင်လေးကို အဖော်ပြုပြီး ဒီမှာနေခဲ့မယ်”
နန်းကြည်က ပြောလိုက်၏။
“ရှင်က အဆင့်ချိုးဖျက်တက်လှမ်းချင်တယ်ဆိုရင်.. ရှင့်ကို စောင့်ရှောက်ဖို့အတွက် တစ်ယောက်ယောက်တော့ ရှိနေရမှာပေါ့”
သူမသည် သခင်လေး၏ အတိတ်ကာလက နေထိုင်ခဲ့သည့် နေရာကို လိုက်ပါကြည့်ရှုပြီး မျောက်၏ ပြောစကားများကို နားထောင်ချင်သော်လည်း သူမအတွက် ဆူဇီမို၏ ဘေးကင်းလုံခြုံမှုထက် ပို၍ အရေးကြီးတာ ဘာမှ မရှိပေ။
“အဲဒါဆိုလည်း သွားကြတာပေါ့”
စိတ်ဝိညာဉ်ကျားက ပြောလိုက်၏။
“အစ်မနန်းကြည်.. တစ်ခုခု ဖြစ်ပျက်ခဲ့ရင် ကျုပ်တို့ကို အသိပေးပေါ့”
“ဘာမှ မပူနဲ့.. အစ်ကိုကြီးက တာအိုအရှင် ရွှမ်ယီနဲ့ တိုက်ခိုက်တော့မှာ.. အဲဒီမတိုင်ခင် ဘယ်သူကမှ အစ်ကိုကြီးကို ပြဿနာ လာရှာရဲမှာ မဟုတ်ဘူး”
ချင်ချင်က ဝေဖန်ဆန်းစစ်ပြလိုက်၏။
နှုတ်ဆက်ခွဲခွာပြီးနောက်.. မျောက်သည် လူတိုင်းကို ကမ်းလန်ရိုးမဆီသို့ ဦးဆောင်သွားလေသည်။
ဆူဇီမိုက ဖြည်းဖြည်းချင်း ဆင်းသက်ပြီး နန်းတော်ထဲမှာ အကောင်းအတိုင်း ကျန်ရှိနေသေးသည့် တစ်ခုတည်းသော ခန်းမထဲသို့ ဝင်ရောက်လိုက်၏။ သူက တီးတိုးပြောဆိုလိုက်၏။
“ဒီနေရာမှာပဲ အဲဒါကို လုပ်ကြတာပေါ့”
“ကောင်းပါပြီ.. သခင်လေး ဆက်ပြီးတော့ ကျင့်ကြံပါ.. ကျွန်မက အပြင်ကနေ စောင့်ကြပ်ပေးနေမယ်”
နန်းကြည်သည် တံခါးစောင့်လေးတစ်ဦးကဲ့သို့ အပြင်ဘက်ကို အာရုံစိုက်၍ လှည့်ပတ်ကြည့်ရှုနေ၏။
မျောက်သည် လူတိုင်းကို ကမ်းလန်ရိုးမဆီသို့ ခေါ်ဆောင်သွားလေသည်။
သာမန်ကျင့်ကြံသူများသာဆိုလျှင်.. သူတို့သည် ယန်တိုင်းပြည်မြို့တော်ဟောင်းကနေ ကန်းလန်ရိုးမကိုရောက်ဖို့ တစ်လ သို့မဟုတ် နှစ်လကြာအောင် အချိန်ယူရပေလိမ့်မည်။
သို့သော်လည်း မျောက်နှင့် အခြားသူများသည် မူလနတ္ထိအဆင့်များ ဖြစ်ကြလေသည်။ သူတို့သည် ပြောရင်းဆိုရင်းနှင့်ပင် နှစ်နာရီမကြာခင် ကမ်းလန်ရိုးမ အထက်သို့ ရောက်ရှိလာခဲ့ကြ၏။
“အဲဒါက ဒီနေရာလား”
သူတို့၏ ခြေဖဝါးအောက်ရှိ ရှည်လျားသော တောင်ရိုးကို ကြည့်ရင်း စိတ်ဝိညာဉ်ကျားနှင့် အခြားသူများက သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။
အစကတော့.. ဤတောင်ရိုးသည် အကန့်အသတ်မဲ့စွာ ကျယ်ပြောခဲ့ပေလိမ့်မည်။
သို့သော်လည်း အလယ်ပိုင်းတိုက်ရှိ သားရဲတစ်ထောင်တောင်ကြားနှင့် နှိုင်းယှဉ်လျှင် အဲဒါက အရမ်းကို သေးငယ်လေသည်။
ကမ်းလန်ရိုးမသည် သားရဲတစ်ထောင်တောင်ကြားကို မပြောနှင့်.. လရောင်ငိုကြွေးတောင်၏ ထောင့်တစ်နေရာကိုပင် မနှိုင်းယှဉ်နိုင်ပေ။
မျောက်နှင့် အခြားသူများသည် သူတို့ ခြေဖဝါးအောက်ရှိ တောင်ကြောရိုးကို ကြည့်ရင်း အတော်လေး စိတ်လက်ပေါ့ပါးလာကြ၏။
သားရဲတစ်ထောင်တောင်ကြားက ကျယ်ပြောလှသော သမုဒ္ဒရာတစ်ခုနှင့် တူလေသည်။
သို့သော်လည်း ကမ်းလန်ရိုးမ တောင်ရိုးကတော့ ပင်လယ်ကမ်းစပ်ရှိ ကမ်းနားသစ်ပင်တစ်ပင်မျှသာ ဖြစ်လေသည်။
မျောက်နှင့် အခြားသူများသည် ကျယ်ပြောလှသော သားရဲတစ်ထောင်တောင်ကြားတွင် နေထိုင်တိုက်ခိုက်လာခဲ့ပြီးနောက်.. ယခုအခါ ဤနေရာကို အလေးအနက်ထားခြင်း မရှိတော့ပေ။
သူတို့၏ ကျင့်ကြံမှုအဆင့်အရ.. သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် ကမ်းလန်ရိုးမ၏ ထက်ဝက်ကျော်ကို လွှမ်းခြုံနိုင်လေသည်။
“အဲဒါက အဲဒီနေရာမှာပေါ့”
မျောက်က လူတိုင်းကို ဦးဆောင်လာရင်း တောင်ရိုးတစ်ခု အထက်သို့ ဖြတ်သောအခါ သူက မလှမ်းမကမ်းရှိ တောင်ကြားတစ်ခုကို လက်ညိုးထိုးကာ ပြုံးဖြီး၍ ပြောဆိုလိုက်၏။
“ငါနဲ့ နံပါတ်တစ်နဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့တာ အဲဒီနေရာမှာပဲ”
(နံပါတ်တစ်ဆိုတာ ဆူဇီမိုကို ခေါ်တာပါပဲ.. မျောက်က အစ်ကိုကြီးလို့ မခေါ်ချင်လို့ နံပါတ်တစ်လို့ ခေါ်တာပါ)
“အဲဒီအချိန်တုန်းက.. နံပါတ်တစ်က တော်တော်လေးကို အခြေအနေဆိုးနေခဲ့တာ.. သူက ဝံပုလွေအုပ်ရဲ့ ဝါးမျိုခြင်းကို ခံရတော့မလို့ပဲ.. တော်သေးတာပေါ့.. ငါက အချိန်မီရောက်သွားလို့.. ဟီးဟီး”
ထိုအကြောင်းကို ပြောဆိုချိန်တွင် မျောက်က ဂုဏ်ယူဝင့်ကြွားနေဆဲဖြစ်၏။
စိတ်ဝိညာဉ်ကျားက မကျေမနပ်ဟန်ဖြင့် နှုတ်ခမ်းထော်လိုက်၏။
သို့သော်လည်း သူက မျောက်၏စကားကို ငြင်းဆန်ရဲခြင်း၊ လှောင်ပြောင်ရဲခြင်း မရှိပေ။ မဟုတ်ပါက.. ထိုသူက ဒေါသထွက်လာပြီး သူ့ကို ရိုက်နှက်ပေလိမ့်မည်။
“ရပ်လိုက်ကြ”
ထိုစဉ်မှာပင်.. ပုံရိပ်တစ်ခုက လေထဲကို ပျံတက်လာပြီး မျောက်နှင့် အခြားသူများကို တားဆီးလိုက်လေသည်။
ထိုသူသည် ခရမ်းရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သားရဲဆန်ဆန် အော်ရာတစ်ခု ဖြာထွက်နေ၏။ သူ၏အကြည့်က ထက်ရှပြီး မျောက်နှင့် အခြားသူများကို စိမ်းသက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်၏။
မျောက်နှင့် အခြားသူများသည် ဝင်ရောက်လာသူက သားရဲတစ်ကောင်ပင်ဖြစ်ပြီး သူ၏ အစစ်အမှန်ပုံစံက ခရမ်းရောင်တောင်ပံ လင်းယုန်တစ်ကောင်ဖြစ်သည်ဆိုတာကို သိရှိလိုက်ကြ၏။
ခရမ်းရောင်တောင်ပံ လင်းယုန်က လေးနက်သော အသံဖြင့် မေးလိုက်၏။
“ခင်ဗျားတို့က ဘယ်တောင်ရိုးက လာတာလဲ.. ဘာလို့ ခွင့်ပြုချက် မရှိဘဲ ကမ်းလန်ရိုးမထဲကို အတင်းဝင်ရောက်လာတာလဲ”
“အိုး ဟိုးဟိုး..”
စိတ်ဝိညာဉ်ကျားက လေချွန်၍ ကျီစယ်လိုက်၏။
“အစ်ကိုမျောက်.. ကမ်းလန်ရိုးမက ဒီသားပေါက်လေးတွေက တော်တော်အထင်ကြီးဖို့ ကောင်းတာပဲ”
မျောက်ကလည်း ပြုံးဖြီးလိုက်၏။ သူက မလှမ်းမကမ်းရှိ ခရမ်းရောင်တောင်ပံ လင်းယုန်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
“မဆိုးဘူး.. မဆိုးဘူး.. ငါထွက်သွားတုန်းက ကမ်းလန်ရိုးမမှာ ဘယ်မိစ္ဆာသားရဲမှ မရှိသေးဘူး.. အခုတော့ မိစ္ဆာသားရဲတစ်ကောင်ကို တွေ့လာရပြီဆိုတော့.. “
အဆင့်နိမ့် မိစ္ဆာသားရဲများသည် နိုးထဝိညာဉ်အဆင့်နှင့် ညီမျှလေသည်။
တကယ်တော့ အဆင့်နိမ့် မိစ္ဆာသားရဲများသည် မျောက်နှင့် အခြားသူများ၏ မျက်လုံးထဲမှာ ဘာမှ မဟုတ်ပေ။
စိတ်ဝိညာဉ်ကျားသည် လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ အာဏာစက်အောက်တွင် မရေမတွက်နိုင်သော မိစ္ဆာသားရဲများစွာ ရှိကြလေသည်။ သူက ထိုသူများကို သားပေါက်လေးများ သို့မဟုတ် ကလေးများဟု ခေါ်ဆိုလေ့ ရှိလေသည်။
ယခု သူက အဆင့်နိမ့် မိစ္ဆာသားရဲတစ်ကောင်ကို တွေ့မြင်သောအခါ.. သားပေါက်လေးဟူသော စကားကို လွှတ်ခနဲ ပြောဆိုလိုက်၏။
မမျှော်လင့်ထားစွာပင်.. ခရမ်းရောင်တောင်ပံ လင်းယုန်၏ အမူအရာက သုန်မှုန်သွားပြီး စိတ်ဝိညာဉ်ကျားနှင့် အခြားသူများကို ရန်လိုစွာဖြင့် စိုက်ကြည့်လိုက်၏။
“ခင်ဗျားတို့က ကမ်းလန်ရိုးမတောင်ကို ဆန့်ကျင်တိုက်ခိုက်ချင်နေကြတာလား”
မျောက်က လက်ကာပြပြီး ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
“မင်းမေကြီးကို ဆန့်ကျင်ရမှာလား.. ငါက ဒီတောင်ရိုးရဲ့ ဘုရင်ပဲ”
“အတင့်ရဲလိုက်တဲ့ သားရဲမျောက်”
ခရမ်းရောင်တောင်ပံ လင်းယုန်၏ အမူအရာက ပြောင်းလဲသွားပြီး ငေါက်ငမ်းလိုက်၏။
“ကမ်းလန်ရိုးမမှာ ပိုင်နက်အရှင်တစ်ပါးပဲ ရှိတယ်.. ခင်ဗျားက ဒီမှာလာပြီး ဘာတွေ ပေါက်ကရ လာပြောနေတာလဲ”
အတန်ကြာအောင် ချုပ်ထိန်းခဲ့ရပြီးနောက်.. ချင်ချင်သည် မနေနိုင်တော့ဘဲ ရယ်မောလိုက်လေသည်။
“ဟားဟားဟားဟား.. ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ”
စိတ်ဝိညာဉ်ကျားကလည်း မနေနိုင်တော့ဘဲ ရယ်ချလိုက်လေသည်။
ရွှေခြင်္သေ့နှင့် အခြားသူများသည် အရူးလုပ်ခံနေရသော မျောက်ကို ကြည့်ပြီး ဘေးတစ်ဖက်သို့ လှည့်ကာ တခစ်ခစ် ရယ်မောလိုက်ကြ၏။
လမ်းတစ်လျှောက်တွင် မျောက်သည် သူက အရင်တုန်းက ကမ်းလန်ရိုးမမှာ ဘယ်လောက်တောင် ဆရာကျခဲ့သလဲ ဝင့်ကြွားပြောဆိုနေခဲ့၏။
ယခု ဤနေရာသို့ ရောက်ရှိလာသည့် ခဏမှာပင်.. သူက အဆင့်နိမ့် မိစ္ဆာသားရဲတစ်ယောက်၏ ဆူပူငေါက်ငမ်းခြင်းကို ခံနေရသည်ဆိုတော့.. ။
ဒါ့အပြင် သူက သားရဲမျောက်တစ်ကောင်ဟုပင် ခေါ်ဆိုငေါက်ငမ်းခံနေရ၏။
မျောက်၏ မျက်နှာအမူအရာက သုန်မှုန်ခက်ထန်လာခဲ့လေသည်။
လရောင်ငိုကြွေးတောင်မှာပင်လျှင် မည်သူကမှ သူ့ကို သားရဲမျောက်ဟု ဆူပူပြောဆိုရဲခြင်း မရှိပေ။ ယခု သူက ကမ်းလန်ရိုးမသို့ ရောက်ရှိလာသည့် ခဏမှာပင် မထီလေးစားပြုခံလိုက်ရလေပြီ။