ပိုင်နက်အရှင်ပေါ်ထွက်လာမှု
Vol. 78 Ch. 1170
“မင်းတို့ကိုလက်လျှော့လိုက်ပါလို့... ငါအကြံပေးလိုက်မယ်”
ခရမ်းရောင်တောင်ပံလင်းယုန်က ပြောလိုက်၏။
“မင်းတို့က ပိုင်နက်အရှင်ကို လုံးဝရှာတွေ့နိုင်မှာ မဟုတ်ဘူး...”
“ပါးစပ်ပိတ်ထားစမ်း...”
မျောက်သည် ခရမ်းရောင်တောင်ပံလင်းယုန်၏ စကားဖြင့် ဆက်တိုက်ထိုးနှက်ခြင်းကို ခံရပြီးနောက် စတင်၍ ခေါင်းကိုက်ခဲလာပြီဖြစ်၏။ ယခုသူက ဘယ်သူဘယ်ဝါမှန်းမသိရသေးသော ပိုင်နက်အရှင်၏ တင်စီးခြင်းကို ခံလာရပြီး သူက ဒေါသူပုန်ထကာ ခရမ်းရောင်တောင်ပံလင်းယုန်၏ ခန္ဓာကိုယ်ကို အားပါပြင်းထန်စွာ ခါယမ်းလိုက်၏။
ခရမ်းရောင်တောင်ပံလင်းယုန်က ထပ်မံ၍ မူးဝေမိန်းမောသွား၏။
မျောက်က ညဝိညာဥ်ကို ကြည့်လိုက်လေသည်။
“နံပါတ်ငါး... မင်းရော ဘာမှရှာမတွေ့ဘူးလား...”
မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် ချင်ချင်တို့သည် ဝါစဥ်အရ ညဝိညာဥ်၏ အထက်မှာ ရပ်တည်သော်လည်း တိုက်ခိုက်ရည်ခွန်အားအရာတွင် ညဝိညာဥ်က သူတို့ထက် သေချာပေါက်သာလွန်ကြောင်း သိထားလေသည်။
ညဝိညာဥ်က မည်သည့်စကားမှမပြောဘဲ ပင်ယန်းမြို့ထဲရှိ ဗလာကျင်းနေသော ခြံဝင်းတစ်ခုထဲကို လှမ်းကြည့်လိုက်လေသည်။
ထိုခြံဝင်းထဲတွင် မည်သူမှမရှိဘဲ အဆင်တန်ဆာများကလည်း ရိုးရှင်းလေသည်။ အဲ့ဒီမှာကျောက်သားစားပွဲနှင့် ထိုင်ခုံငယ်တချို့အပြင် မက်မွန်ပင်တစ်ပင်သာလျှင် ရှိလေသည်။
“မင်းက... ဘာကိုဆိုလိုချင်တာလဲ...”
စိတ်ဝိညာဥ်ကျားက လှည့်ကြည့်ပြီးမေးလိုက်၏။
“ပိုင်နက်အရှင်က အဲ့ဒီခြံဝန်းထဲမှာ ပုန်းနေတာလား...”
ထိုသို့ပြောရင်း သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်၏။ သို့သော်လည်း ခဏကြာပြီးနောက် သူက ဘာကိုမှရှာမတွေ့နိုင်သေးပေ။
“ဘာမှလည်း မရှိဘူး...”
စိတ်ဝိညာဥ်ကျားက ညဝိညာဥ်ကို ကြည့်လိုက်၏။
“ညဝိညာဥ်... မင်းလည်း အလုပ်မဖြစ်ဘူးပဲ... မင်းကလည်း သူ့ထက်နိမ့်ကျနေတာလား”
ညဝိညာဥ်က ပြုံး၍ခေါင်းခါကာ ခြံဝန်းထဲတွင် မသိသာမထင်ရှားသော မက်မွန်ပင်ကို လက်ညိုးထိုးပြလိုက်၏။
“အဲ့ဒီမက်မွန်ပင်လား.... အဲ့ဒါက စိတ်ဝိညာဥ်အသိစိတ်ရှိနေတာလား...”
မျောက်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ပင်ယန်းမြို့တစ်ဝိုက်တွင် မက်မွန်ပင်များစွာရှိလေသည်။ မည်သူမဆို ထိုအပင်များကိုတွေ့ရှိလျှင်တောင် သူတို့က အာရုံစိုက်ကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ညဝိညာဥ်သတိပေးပြီးနောက် လူတိုင်းသည် မင်မွန်ပင်ကို အာရုံစိုက်ကြည့်ကာ တစ်စုံတစ်ရာထူးခြားနေသည်ကို ဖြည်းဖြည်းချင်းရှာတွေ့ခဲ့ကြ၏။
ရုတ်တရက် မက်မွန်ပင်က လူတိုင်း၏ ရှေ့ကနေ ပျောက်ကွယ်သွား၏။ ထို့နောက် ပုံရိပ်တစ်ခုက လူတိုင်း၏ ရှေ့မှာ ပေါ်ထွက်လာလေသည်။
မျောက်နှင့်အခြားသူများသည် အစကတော့ စိုးရိမ်ပူပန်နေကြ၏။
သို့သော်လည်း ထွက်ပေါ်လာသူကို မြင်ပြီးနောက် သူတို့က ကြောင်အ,မှင်တက်သွားကြ၏။
ထိုလူသည် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ရှစ်နှစ် ကိုးနှစ်အရွယ်သာ ရှိသေးသည့်ပုံပင်..။ သူက နုနယ်သော မျက်နှာ ၊ တောက်ပသော မျက်လုံးများနှင့် ငယ်ရွယ်နုပျိုသော ကောင်လေးတစ်ယောက်ဖြစ်လေသည်။
“ဒီကလေးလေးက ဘယ်ကနေရောက်လာတာလဲ...”
စိတ်ဝိညာဥ်ကျားက ဖြစ်ပျက်သွားသည့်အရာကို နားမလည်နိုင်သေးပဲ အလိုလိုမေးလိုက်၏။
မျောက်က မျက်လုံးစွေကြည့်လိုက်၏။
“မင်း မျက်စိကန်းနေတာလား.... ခြံထဲမှာ ရှိတဲ့ မက်မွန်ပင်က ပျောက်သွားတာကို မင်းမမြင်ဘူးလား...”
“ကျုပ်သိပါတယ်.... ဒါပေမယ့်”
စိတ်ဝိညာဥ်ကျားက မလှမ်းမကမ်းတွင်ရှိသော ကောင်လေးကိုကြည့်ရင်း သူ၏ခေါင်းကိုကုတ်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။
“ဒီကောင်လေးက ကန်းလန်ရိုးမရဲ့ ပိုင်နက်အရှင်လား....”
သူတို့၏ စိတ်ကူးထဲတွင် ပိုင်နက်အရှင်တစ်ယောက်ဖြစ်လာသူသည် ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် မကောင်းဆိုးဝါးဆန်ခြင်း မရှိလျှင်တောင် သူတို့သည် မျောက်နှင့်စိတ်ဝိညာဥ်ကျားတို့ကဲ့သို့ ဖြစ်ရပေမည်။ သူတို့က တင်စီးခြင်းနှင့် ခြိမ်းခြောက်နိုင်စွမ်းရှိရပေမည်။
လူတိုင်းအံ့အားသင့်သွားသည်မှာ ပန်းရောင်သန်း၍ နုနယ်သော ကလေးငယ်တစ်ယောက်က ကြွေရုပ်တစ်ရုပ်ကဲ့သို့ ရုတ်တရက်ပေါ်ထွက်လာခြင်းပင်။ အဲ့ဒါက သူတို့ထင်မှတ်ထားသည်နှင့် တက်တက်စင်အောင်လွဲနေလေသည်။
မျောက်သည်လည်း သူ၏ခေါင်းကိုကုတ်ပြီး အနည်းငယ်အကျပ်တွေ့နေ၏။
အဲ့ဒါက မကောင်းဆိုးဝါးဆန်သော လူတစ်ယောက်ပေါ်ထွက်လာမည်ဆိုလျှင် ပို၍လွယ်ကူလေသည်။
သူလုပ်စရာရှိသည်မှာ သူ၏ကြမ်းကြုတ်ခက်ထန်သောနည်းလမ်းများကိုထုတ်ဖော်ပြီး ထိုသူကို ဖိနှိမ်ဖို့ပင်။ သို့သော်လည်း ဤကဲ့သို့ နုနယ်သောကလေးငယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူက ဘာလုပ်လို့ဘာကိုင်ရမည် တကယ်ပင်မသိတော့ပေ။
သူက တစ်ချက်ထိုးနှက်လိုက်ရုံဖြင့် ဤကောင်လေးကို သတ်ဖြတ်မိသွားမည်စိုးရိမ်ရလေသည်။
ဒါ့အပြင် ကောင်လေးက သူ့ကိုထိုသို့မလုပ်ရက်နိုင်အောင်ပင် ကြည်လင်သန့်စင်၍ အပြစ်ကင်းစင်နေလေသည်။
ချင်ချင်နှင့် ခယ်ခယ်သည် ထိုကောင်လေးကိုမြင်သောအခါ သူမတို့၏ မျက်လုံးများက မိခင်မေတ္တာဖြင့် တောက်ပလာကြ၏။
သူမတို့က ကောင်လေးကို ပွေ့ဖက်နမ်းရှုပ်ဖို့မစောင့်နိုင်ကြတော့ပေ။
“ခင်ဗျားတို့တွေက ဘယ်သူတွေလဲ....”
ကောင်လေးက တည်တံ့သော အမူအရာဖြင့် ခက်ထန်စွာမေးလိုက်၏။
“ခင်ဗျားတို့တွေက တခြားသူတွေကို ဒုက္ခပေးဖို့ ဒီကိုရောက်လာတာလား”
သူက မေးခွန်းထုတ်နေသော်လည်း ကောင်လေး၏လေသံက နူးညံညင်သာပြီး သူတို့၏နားထဲမှာ သာယာနာပျော်ဖွယ်ကောင်းနေ၏။
“ပိုင်နက်အရှင်.... ကျုပ်ကိုကယ်ပါဦး”
ခရမ်းရောင်တောင်ပံလင်းယုန်က အလောတကြီး အော်ပြောလိုက်၏။
ကောင်လေးက နှုတ်ခမ်းစူပြီး အနည်းငယ်စိတ်တိုသွားပုံရကာ မျောက်ကို ငေါက်ငမ်းလိုက်၏။
“သားရဲ... ဦးလေးခရမ်းငှက်ကို မြန်မြန်လွှတ်ပေးလိုက်... ခင်ဗျားက သူ့ကိုအဲ့လိုကိုင်ထားရင် ဦးလေးခရမ်းငှက်က နေရာထိုင်ရခက်နေမှာပေါ့...”
ခရမ်းရောင်တောင်ပံလင်းယုန်၏ မျက်နှာပေါ်တွင် အနက်ရောင်မျဥ်းကြောင်းများက ပေါ်ထွက်လာပြီး အံကိုကြိတ်လိုက်လေသည်။
“ပိုင်နက်အရှင်... ခင်ဗျားကိုကျုပ် ဘယ်နှစ်ကြိမ်ပြောရမှာလဲ... ကျေးဇူးပြုပြီး အပြင်လူတွေရှေ့မှာ ကျုပ်ကို ဦးလေးခရမ်းငှက်လို့ မခေါ်ပါနဲ့လို့”
“ဟားဟားဟားဟား..... “
စိတ်ဝိညာဥ်ကျားနှင့် ရွှေခြင်္သေ့က ဟားတိုက်ရယ်မောလိုက်ကြ၏။ မျောက်ကလည်း ပြုံးဖြီး၍ အဲ့ဒါက စိတ်ဝင်စားစရာကောင်းသော်လည်း သူ၏လက်ကိုဖြေလျော့ပေးလိုက်ခြင်း မရှိပေ။
“ကောင်လေး... မင်းရဲ့နာမည်က ဘယ်သူလဲ...”
ချင်ချင်က ထိုကောင်လေးရှေ့သို့ ရောက်ရှိသွားပြီး ဆောင့်ကြောင့်ထိုင်ချကာ နူးညံညင်သာသော အမူအရာဖြင့် မေးလိုက်လေသည်။
“ကျုပ်က....”
ကောင်လေးက သူ၏ခေါင်းကို အနည်းငယ်စောင်းငဲ့ပြီး အကျပ်တွေ့နေဟန်ဖြင့် သူ၏ ကြီးမားသည့်မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။
အတန်ကြာစဥ်းစားပြီးနောက် သူက စိတ်ပျက်သွားသည့်ပုံဖြင့် ပြောလိုက်လေသည်။
“ကျုပ်မှာ နာမည်မရှိဘူး....”
“မင်းမှာ ဘာလို့နာမည်တစ်ခု မရှိရတာလဲ...”
ချင်ချင်က ထပ်မေးလိုက်၏။
“မင်းရဲ့ မိဘတွေကရော ဘယ်မှာလဲ...”
“ကျုပ်မှာ မိဘတွေမရှိဘူး...”
ကောင်လေးက ခေါင်းခါပြလိုက်၏။
ခရမ်းရောင်တောင်ပံလင်းယုန်က မျက်ရည်များကျလုနီးပါးဖြစ်လာခဲ့၏။
သူသည် မျောက်၏ တစ်ချိန်လုံးဖမ်းဆီးထားမှုကို ခံနေရပြီး အစကတော့ ပိုင်နက်အရှင်သည် သူ့ကိုကယ်တင်ပေးလိမ့်မည်ဟု တွေးထင်ထားခဲ့၏။
ယခုချိန်မှာတော့ ပိုင်နက်အရှင်သည် သူ့ကိုမေ့လျော့နေခဲ့လေပြီ။ သူက သူ့ရှေ့ရှိ မိစ္ဆာသားရဲများနှင့်ပင် စကားပြောဆိုနေ၏။
“မင်းမှာ ဆွေမျိုးတွေဘာတွေရော မရှိဘူးလား...”
ချင်ချင်က သနားကြင်နာစွာဖြင့်ထပ်မေးလိုက်၏။
“ကျုပ်မှာရှိတယ်....”
မမျှော်လင့်ထားစွာပင် ကောင်လေးက ထိုသည်ကို ကြားသောအခါ အလောတကြီးခေါင်းညိတ်လိုက်၏။
“ကျုပ်မှာဆွေမျိုးရှိတယ်... သခင်လေးက ကျုပ်ရဲ့ဆွေမျိုးပဲ...”
ခဏမျှရပ်တန့်ပြီးနောက် ကောင်လေး၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်သည့်ပုံရိပ်က ဖျပ်ခနဲ ပေါ်လာပြီး သူ၏ခေါင်းကိုငုံလိုက်၏။
“ဒါပေမယ့်လို့... သခင်လေးက ထွက်သွားခဲ့ပြီ... ဒီလောက်အချိန်တွေကြာပြီးတာတောင် သူက ပြန်ရောက်မလာခဲ့ဘူး... ကျုပ်က သူ့ကိုအရမ်းလွမ်းနေပြီ”
ကောင်လေး၏မျက်လုံးများက အနည်းငယ်စိုစွတ်လာပြီး တလက်လက်တောက်ပလာ၏။
ချင်ချင်က ကောင်လေးကိုအလောတကြီးပွေ့ဖက်ပြီး နူးညံညင်သာစွာ နှစ်သိမ့်လိုက်၏။
“မငိုနဲ့... မငိုပါနဲ့... အဲ့ဒါက အဲ့ဒီသခင်လေးရဲ့အမှားပဲ သူက ဒီလောက်ကြာတာတောင် မင်းကို ပြန်လာမတွေ့ဘူးဆိုတော့ သူကတော်တော်ဆိုးတာပဲ...”
ရုတ်တရက်ဆိုသလို....
ချင်ချင်သည် အလွန်တရာကြီးမားသည့် ရုန်းကန်အားတစ်ခုကို ခံစားလိုက်ရပြီး ကောင်လေးက သူမ၏ပွေ့ဖက်ခြင်းကနေ လွတ်ထွက်သွား၏။
ကောင်လေးက နောက်သို့ခြေနှစ်လမ်းဆုတ်ပြီး သူမကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။
“ခင်ဗျားကို အဲ့လိုပြောဖို့ ခွင့်ပြုမပေးနိုင်ဘူး...”
ကောင်လေးက မျက်ခုံးနှစ်ဖက်ကို ပင့်တင်လိုက်ပြီး ဒေါသထွက်နေသည်မှာ သိသာလေသည်။
သူက သူ၏လက်သီးငယ်ကို တင်းကျပ်စွာဆုပ်ပြီး အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်ကနေ ဖြာထွက်လာ၏။
သူက ဒေါသတကြီး ငေါက်ငမ်းလိုက်လေသည်။
“ခင်ဗျားက သခင်လေးကို အဲ့လိုပြောတယ်ဆိုတော့... ခင်ဗျားက လူဆိုးတစ်ယောက်ပဲ... ခင်ဗျားတို့အားလုံးပဲ...”
သို့သော်လည်း ချင်ချင်က စိတ်တိုမသွားပေ။ သူမသည် စိတ်ထဲကနေသာ ညည်းတွားရေရွတ်လိုက်၏။ ‘ဒီကောင်လေးက တော်တော်အပြစ်ကင်းစင်ပြီးတော့ ရိုးစင်းတာပဲ... သူ့ရဲ့ လူတွေအပေါ် အကဲဖြတ်မှုက လူကောင်းနဲ့ လူဆိုးပဲရှိတယ်... တကယ့်ကို ရိုးစင်းတာပဲ...။’
ထိုသခင်လေးဆိုသူသည် ကောင်လေး၏ စိတ်နှလုံးထဲတွင် အလွန်တရာအရေးပါသည့်နေရာမှာ ဝင်ရောက်နေရာယူထားပုံပေါ်လေသည်။
ချင်ချင်သည် အတွေးနက်နေစဥ်မှာပင် ညဝိညာဥ်က ကောင်လေး၏ အော်ရာကို အာရုံခံမိသွားပြီး ထိတ်ထိတ်ပျာပျာဖြင့် သူမကို နောက်သို့အလောတကြီးဆွဲယူလိုက်၏။
သူတို့သည် ကောင်လေး၏ ရုပ်ရည်သွင်ပြင်တွင် တွေဝေငေးမောနေကြပြီး ထိုသူက ပိုင်နက်အရှင်တစ်ယောက်ဖြစ်သည်ဆိုတာကို မေ့လျော့လုနီးပါးဖြစ်သွားခဲ့ကြ၏။
သူသည် မူလနတ္ထိအဆင့်မှာပင် ရှိသော်လည်း သူသည် သူတို့၏ အသိစိတ်ကနေ ဖုံးကွယ်နိုင်ခဲ့လေသည်။
တစ်မူထူးခြားသည့်ခွန်အားမရှိဘဲ မည်သူကမှ ပိုင်နက်အရှင်ဖြစ်လာလိမ့်မည်မဟုတ်ပေ။
“အာ....”
ကောင်လေး၏အကြည့်က ရွေ့လျားသွားပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ဦးလေးခရမ်းငှက်... ခင်ဗျားက ဘာလို့ သူတို့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာလဲ..”
“ဘုရားရေ... အဲ့ဒီသခင်လေးကိုပဲ ကျေးဇူးတင်ရတော့မှာပဲ...”
ခရမ်းရောင်တောင်ပံလင်းယုန်က အပေါ်သို့မော့၍ သက်ပြင်းချပြီး ခါးသီးသောအမူအရာဖြင့် ပြောဆိုလိုက်၏။
“ပိုင်နက်အရှင်... ခင်ဗျားနောက်ဆုံးတော့ ကျုပ်ကို သတိရသွားပြီပေါ့လေ”
“ခင်ဗျားတို့က တကယ့်ကို လူဆိုးတွေပဲ...”
ထိုသည်ကိုမြင်သောအခါ ကောင်လေးက ပို၍ပင်လက်ခံယုံကြည်သွား၏။
ဤတစ်ကြိမ်တွင်တော့ သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ တင်းမာခက်ထန်သောအမူအရာဖြင့် မျောက်နှင့် အခြားသူများဆီသို့ လျှောက်လှမ်းလာခဲ့၏။ သူ့ခန္ဓာကိုယ်ထဲရှိ အော်ရာက အဆက်မပြတ်မြင့်တင်လာခဲ့လေသည်။
“ဟီးဟီး...”
စိတ်ဝိညာဥ်ကျားက သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ရင်းပြောလိုက်လေသည်။
“အစ်ကိုမျောက်... ဒီကလေးကို ကျုပ်အတွက်ထားလိုက်... ကျုပ်သူ့ကိုဆုံးမပေးလိုက်မယ်”
“ညင်ညင်သာသာလုပ်နော်”
ချင်ချင်က ခက်ထန်စွာဖြင့် ပြောလိုက်၏။
“နင်သူ့ကို... ထိခိုက်အောင်လုပ်ရဲရင် ငါနင့်ခြေထောက်တွေကို ချိုးပစ်မယ်...”
စိတ်ဝိညာဥ်ကျားက ခါးသီးစွာဖြင့် ပြောလိုက်၏။
“ဟုတ်ပါပြီ... ငါနည်းနည်းတော့ ထိန်ချန်ပေးပါ့မယ်..”
“ကလေးရေ... ဒီမှာ ငါလာပြီဟေ့”
စိတ်ဝိညာဥ်ကျားက အော်ဟစ်၍ ကောင်လေးဆီသို့ ခုန်ဝင်လိုက်၏။
ဘန်း....
သူသည် ရှေ့သို့လျင်မြန်စွာခုန်တက်သွားသော်လည်း ပို၍လျင်မြန်စွာပင် ပြန်လည်လွင့်စင်ထွက်လာခဲ့၏။
လူတိုင်းက ကြက်သေသေသွားကြလေသည်။
ကောင်လေးသည် သူ၏လက်ကိုအနည်းငယ်ပင့်မြှောက်၍ စိတ်ဝိညာဥ်ကျား၏ ခေါင်းကို ပစ်ထိုးလိုက်ရုံမျှသာဖြစ်လေသည်။
စိတ်ဝိညာဥ်ကျားက မတုံ့ပြန်နိုင်ခင်မှာပင် သူက နောက်သို့လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွား၏။ သူက အပတ်ရေအနည်းငယ်လိမ့်သွားပြီး သူ၏ညာဘက်ပါးက ယောင်ကိုင်းသွားခဲ့လေသည်။