ဖုန်းဟိုင်ဒေသငယ်၌ ငါးစာချခြင်း(ခ)
Vol. 73 Ch. 1131
ရွှီချင်းသည် အရိပ်လေးကို ကြည့်လိုက်သည်။
အရိပ်လေးသည် အမြှီးတစ်ချောင်းကို ဖွဲ့စည်းလိုက်ပြီး လှုပ်ယမ်းလိုက်သည်။ ၎င်းက အနက်ရောင်လျှာတစ်ခုကိုပင် ဖွဲ့စည်းလိုက်ပြီး အထုတ်အသွင်းပြုလိုက်သည်။
၎င်းက ခွေးတစ်ကောင်ကဲ့သို့ ပြုမူလိုက်ပြီး ရွှီချင်းထံသို့ အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။
“ သခင်… ပေး… သခင်… သဘောကောင်းတယ်… နတ်ဘုရားမီးတောက် ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက အရိပ်လေးကို မယုံကြည်ပေ။ ထိုမီးခိုးရောင်အလင်းစက်လုံးက အလွန်အန္တရာယ်များကြောင်း သူ၏ ပင်ကိုယ်အသိစိတ်က သတိပေးနေသည်။ ထို့ကြောင့် သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး လက်မြှောက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ယင်းက မလုံလောက်သေးကြောင်း ရွှီချင်းခံစားမိသည်။ ထို့ကြောင့် သူက နောက်ထပ် ခြေလှမ်းတစ်ရာ အနောက်ဆုတ်သွားသည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး မီးခိုးရောင်အလင်းစက်လုံးထံသို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ထိုဝှေ့ယမ်းမှုကြောင့် မီးခိုးရောင်အလင်းစက်လုံးသည် အဝေးသို့ လွင့်မျောသွားသည်။ ယင်းက အဝေးသို့ လွင့်မျောသွားပြီးနောက် ကောင်းကင်ပေါ်မှ မိုးကြိုးသည် အတိုင်းအတာတစ်ခုထိ စုဝေးသွားပြီး ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော မိုးကြိုးသွားများသည် မိုးကြိုးမုန်တိုင်းသဖွယ် ကောင်းကင်ယံမှ ဆင်းသက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းတို့က အလင်းစက်လုံးဆီသို့ တဝီဝီမြည်သံနှင့်အတူ ဦးတည်သွားကြပြီး ပေါက်ကွဲသွားကြသည်။
မိုးကြိုးသွားများ ဆင်းသက်လာသည်နှင့်ချက်ချင်း အစကတည်းက မတည်မငြိမ်ဖြစ်နေသော မီးခိုးရောင်အလင်းစက်လုံးသည် ပေါက်ကွဲထွက်သွားသည်။
ကြောက်စရာကောင်းသော မိုးကြိုးနှင့် မီးတောက်သည် ကောင်းကင်အထိ ပျံတတ်သွားသည်။ ထိုထဲမှာ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စ ပါရှိသည်။ စက္ကန့်ပိုင်းအတွင်းမှာ ကမ္ဘာတုန်ဟီးသွားစေမည့် မုန်တိုင်းသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။
မုန်တိုင်းဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။
ထိုထဲမှာ ကိန်းအောင်းနေသော စွမ်းအားသည် အလွန်ကြီးကျယ်ခမ်းနားသည်။ ရွှီချင်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် နှလုံးတုန်သွားပြီး အမြန်အနောက်ဆုတ်သွားသည်။ သို့သော်လည်း ယင်းက အလွန်နောက်ကျသွားဆဲပင်။ သတိကြီးသော အကျင့်စရိုက်ကြောင့် သူက အစကတည်းက အဝေးသို့ ဆုတ်ထားခဲ့သော်လည်း မီးခိုးရောင်အလင်းစက်လုံး၏ ပေါက်ကွဲမှုသည် အလွန်အမင်း ကြမ်းကြုတ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းသည် ပေါက်ကွဲမှုကြောင့် သက်ရောက်ခံလိုက်ရသည်။ မီးခိုးရောင်အလင်းစက်လုံး၏ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်မုန်တိုင်းသည် သူ့ဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာသည်။
ပထမနတ်ဘုရားအသွင်သဏ္ဍာန်ကို ထုတ်ဖော်လိုက်သည့်အခါ ရွှီချင်း၏ တစ်ကိုယ်လုံးသည် အလင်းရောင်တောက်ပလာသည်။ သူက အနောက်သို့ ပေတစ်ထောင်ဆုတ်ခွာပြီးမှသာ စွမ်းအင်သက်ရောက်မှုကို ဖယ်ရှားနိုင်သွားသည်။
မီးခိုးရောင်အလင်းစက်လုံး ပျောက်ကွယ်သွားသည့်အခါ မုန်တိုင်းသည် လွင့်ပြယ်သွားပြီး မြေကြီးပေါ်မှာ အောက်ခြေမဲ့သော တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ဧရာမတွင်းနက်ကြီးကို မြင်လိုက်ရသောအခါ ရွှီချင်းသည် အနည်းငယ် ကြောက်လန့်သွားသည်။ အရိပ်လေးသည်တော့ ပုန်းအောင်းရန်နှင့် မုန်တိုင်းကို ရှောင်ရှားရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့မှန်း မသိရပေ။ ဤအခိုက်အတန့်မှာ ၎င်းက မြေပြင်ပေါ်မှာ အကောင်းပကတိအတိုင်း ထွက်ပေါ်လာပြီး ၎င်း၏ ဂုဏ်ယူဝင့်ကြွားသော စိတ်ခံစားချက်ကို ရွှီချင်းထံသို့ ပို့လွှတ်လိုက်သည်။
“ အံ့ဩစရာကောင်းတယ်… ငါ… အံ့ဩစရာကောင်းတယ် ”
ရွှီချင်း၏ အမူအရာသည် မကြည်မသာဖြစ်နေသည်။
“ အဲ့ဒါက နတ်ဘုရားမီးတောက်လား ”
အရိပ်လေးသည် အမြန်ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ရွှီချင်း၏ မကြည်မသာဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါ ၎င်းက အမြန်ခေါင်းခါလိုက်သည်။ အရိပ်လေးသည် ၎င်း၏ စိတ်ခံစားချက်များကို ဖော်ပြချင်သည်။ သို့သော်လည်း ယင်းကို မည်သို့ဖော်ပြရမည်မှန်း မသိပေ။ ၎င်းက တဖြည်းဖြည်း စိုးရိမ်ကြောင့်ကြလာပြီး နောက်ဆုံးမှာတော့…
“ ဗုန်း… ဗုန်း… ဗုန်း ”
“ ဗုန်း… ဗုန်း… ဗုန်း ”
“ ဗုန်း… ”
“ ငြိမ်ငြိမ်နေစမ်း ”
ရွှီချင်း၏ အသံသည် အေးစက်နေသည်။ အရိပ်လေးသည် အနည်းငယ် ထိတ်လန့်သွားသည်။ ၎င်းက ရွှီချင်းကို မည်သို့မည်ပုံ ရန်ပြုခဲ့မိမှန်း မသိပေ။ ထို့ကြောင့် ၎င်းက စိတ်ထိခိုက်သွားသည်။
အရိပ်လေး၏ ဝမ်းနည်းကြေကွဲမှုကို အာရုံခံမိသွားသောအခါ ရွှီချင်းက သက်ပြင်းချလိုက်သည်။ သူက ကျင်းကန်းဂိုဏ်းဘိုးဘေးကို ပိုပြီးသတိရလာသည်။ အရိပ်လေးက နတ်ဘုရားမီးတောက်အကြောင်း ပြောသည့်အခါတိုင်း မည်သို့ကြောင့် ‘ ဗုန်း ဗုန်း ဗုန်း ’ဟူသော အသံကို ပြုလုပ်ရကြောင်း ဤအခိုက်အတန့်မှာ သူနားလည်သွားသည်။
စောစောက မီးခိုးရောင်စက်လုံးပေါက်ကွဲသွားစဉ် ဗုန်းဟူသော မြည်သံ ထွက်ပေါ်လာခဲ့သည်မဟုတ်ပါလော။
ရွှီချင်းသည် အရိပ်လေးကို ကြည့်ပြီးနောက် စူးစမ်းမေးမြန်းမည့် သူ၏ အတွေးကို ပယ်ဖျောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တစ်ချက်လှုပ်ယမ်းသွားပြီး အစောနက မီးခိုးရောင်အလင်းစက်လုံး ပေါက်ကွဲသွားခဲ့သော နေရာဆီသို့ ဦးတည်သွားလိုက်သည်။ သူက ထိုနေရာကို စစ်ဆေးကြည့်ချင်သည်။
“ စောစောက အလင်းစက်လုံးပေါက်ကွဲသွားတဲ့အချိန် အဲ့ဒီကနေ နတ်ဘုရားအစွမ်း ထွက်ပေါ်လာတယ်… ”
ရွှီချင်းသည် တွင်းနက်ကြီးထဲမှာ မျောလွင့်နေပြီး ဘေးပတ်ဝန်းကျင်မှ မြေဆီလွှာကို ထိတွေ့လိုက်သည်။ စဉ်းစားချင့်ချိန်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှာ ပျောက်ကွယ်သွားနေသော မိုးကြိုးတိမ်တိုက်များကို ကြည့်လိုက်သည်။ တဖြည်းဖြည်း ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ဒီဟာက တားမြစ်လောင်စာနဲ့ ပိုပြီးဆင်တူတယ်… အဲ့ဒါက မတည်ငြိမ်တဲ့အပြင် မိုးကြိုးကို ဆွဲဆောင်နိုင်တယ်… ပြီးတော့ တကယ်လို့ မိုးကြိုး မဆင်းသက်လာဘူးဆိုရင်တောင် လေတိုက်တာနဲ့တင် အဲ့ဒါက ပေါက်ကွဲသွားနိုင်လောက်တယ် ”
“ လက်သည်းခွံအရွယ်အစားက ဒီလောက်အဖျက်အဆီးစွမ်းအားကို ထုတ်လွှတ်နိုင်တယ်… ”
“ ဒါဆို အဲ့ဒါက နတ်ဘုရားမီးတောက်ကို ထွန်းညှိဖို့အတွက် လောင်စာဖြစ်နိုင်တယ်… ”
ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သူ၏ မျက်လုံးသည် ဝင်းလက်သွားသည်။ ထို့နောက် သူက ထိုလောင်စာအား အရိပ်လေးရရှိခဲ့သည့် နည်းလမ်းကို တွေးမိသွားသည်။
“ ယဇ်ပူဇော်ခြင်း… ”
“ ငါသိတဲ့ နတ်ဘုရားတိုင်းက ယဇ်ပူဇော်မှုတစ်ခုကို လိုအပ်တယ်… မဟုတ်မှ ဒီဟာက ယဇ်ပူဇော်မှုဓလေ့တွေကို နတ်ဘုရားတွေ နှစ်သက်ရတဲ့ အကြောင်းအရင်းများ ဖြစ်နေမလား ”
သူ၏ ခန့်မှန်းမှုက အမှန်ဟုတ်မဟုတ် ရွှီချင်း မသိပေ။ သို့သော်လည်း အရိပ်လေးသည် ဤတစ်ကြိမ် အဆင့်တတ်ပြီးနောက် ၎င်းအတွက် ယဇ်ပူဇော်မှုကို ကိုယ်တိုင်ပြုလုပ်လာနိုင်သည်။ ယင်းက သူ၏ အသိစိတ်ကို အနည်းငယ် လှုပ်ခတ်သွားစေသည်။
“ ပထမဆုံး သက်ရှိတွေကို ထိန်းချုပ်တယ်… ပြီးသွားရင် သူတို့ကို ယဇ်ပူဇော်ဖို့ အတင်းအကျပ် စေခိုင်းတယ်… ”
ရွှီချင်းသည် အရိပ်လေးကို စစ်ဆေးကြည့်လိုက်သည်။
အရိပ်လေးသည် ဘဝင်မြင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
“ ငါ… အသုံးဝင်တယ် ”
ထိုအချက်ကို ရွှီချင်း မငြင်းပယ်နိုင်ပေ။ ဤတစ်ကြိမ် အရိပ်လေး၏ အပြောင်းအလဲများသည် အလွန်ကြီးမားသည်။ တားမြစ်ဇုန်ကို ဝါးမျိုနိုင်ခြင်းဖြစ်စေ၊ အသံဖြင့် ထိန်းချုပ်နိုင်ခြင်းဖြစ်စေ ၎င်းအတွက် ယဇ်ပူဇော်ခိုင်းခြင်းဖြစ်စေ ထိုစွမ်းရည်အားလုံးသည် အလွန်အမင်း ထူးခြားသည်။
ဤသည်မှာ နတ်ဘုရားစွမ်းရည်ဖြစ်သည်။
‘ ဒါဆို အဲ့ဒါက တကယ်ပဲ ဘာလဲ ’
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ထို့နောက် သူ၏ အတွေးများကို ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဒီကို ပြန်လာစမ်း ”
ဤသည်ကို အရိပ်လေးကြားသောအခါ ချက်ချင်း ပျော်ရွှင်သွားသည်။ ၎င်းက ရွှီချင်း၏ ခြေဖဝါးအောက်ဆီသို့ မြန်ဆန်စွာ ပြန်ဝင်သွားပြီး အရိပ်လေးအဖြစ် အသွင်ပြောင်းလဲသွားသည်။
ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်သည်။ သူက မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သူက ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး လေထဲသို့ မြှောက်တတ်သွားကာ ဖုန်းဟိုင်ဒေသငယ်ဆီသို့ ပြန်သွားသည်။
ဤအခိုက်အတန့်မှာ နေရောင်ခြည်သည် အလွန်အားကောင်းသည်။ ရွှီချင်းသည် ကောင်းကင်ပေါ်မှာ ပျံသန်းနေသည်။ သူ၏ အရိပ်သည် မြေပြင်ပေါ်မှာ ရွေ့လျားနေပြီး ကြီးသထက် ပိုပြီးကြီးမားလာသည်။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်အရွယ်အစားထက် ကျော်လွန်သွားသည်။ နောက်ဆုံးမှာတော့ သူ၏ အရိပ်သည် ပေတစ်ထောင်ခန့်သို့ ရောက်ရှိသွားသည်။
၎င်း၏ နဖူးပေါ်မှ တားမြစ်ဇုန်သည် ဝေဝါးလာသည်။ သွေးနီရောင်မျက်လုံးများသည် ဘေးဘက်တွင် အစဉ်လိုက် အတန်းနှစ်တန်း ထွက်ပေါ်လာကြသည်။ ၎င်း၏ ပါးစပ်သည် အနည်းငယ် ပွင့်ဟသွားပြီး အသံမဲ့သော အပြုံးကို ထုတ်ဖော်လိုက်သည်။
၎င်းက နတ်မိစ္ဆာတစ်ပါးနှင့် ဆင်တူသည်။
ထိုမြင်ကွင်းကို မြင်သွားသည့် မည်သူမဆို ချောက်ချားသွားလိမ့်မည်မှာ သေချာ၏။
အဘယ့်ကြောင့်ဆိုသော် ထိုနတ်မိစ္ဆာကို ပျိုးထောင်ပေးခဲ့သောလူက ရွှီချင်း ဖြစ်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ဖြစ်လာမည့်အရာများသည် သေချာပေါက် ဖြစ်ပျက်လာလိမ့်မည်။
ဖုန်းဟိုင်ဒေသငယ်က ပြင်ဆင်မှုများစွာကို ကြိုပြုလုပ်နေရသည့် အဓိကအကြောင်းအရင်းမှာ သတ္တမမင်းသားနှင့် ဘုရင်ထျန်းလန်ကြောင့် ဖြစ်သည်။ သူတို့က ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများ၏ ဦးခေါင်းပေါ်သို့ မိုးထားသော ဓားများနှင့် တူညီသည်။
အစက ရွှီချင်းသည် ပြည်သူပြည်သားများကို နှစ်သိမ့်ပေးရန်အတွက် တစ်စုံတစ်ခုပြောရန် စဉ်းစားခဲ့ဖူးသည်။
သို့သော်လည်း သတ္တမသခင်ကြီးနှင့် အမတ်ယောင်က သူ့ကို တားဆီးခဲ့ကြသည်။ သူတို့က ကြီးမားသော စစ်တုရင်ပွဲကို ကစားနေကြခြင်း ဖြစ်သည်။
သူတို့က အသေးစိတ်ကို ရှင်းမပြခဲ့သော်လည်း ရွှီချင်းသည် ကိစ္စများစွာကို အတွေ့အကြုံရှိဖူးသူ ဖြစ်သည်။ ထို့ကြောင့် သူက အကြောင်းအရင်းကို အစောကြီးကတည်းက ထွင်းဖောက်မြင်နိုင်ခဲ့သည်။
သတ္တမသခင်ကြီးနှင့် အမတ်ယောင်က ငါးစာချနေခြင်းဖြစ်သည်။
ယနေ့ ပထမငါးသည် အစာကို လာဟပ်သွားသည်။
ကောင်းကင်နက်မျိုးနွယ်၏ ရှေ့တန်းမှ သတင်းရလာသည်။ စစ်မြေပြင်သို့ စေလွှတ်ခံလိုက်ရသော ဖုန်းဟိုင်ဒေသငယ်၏ ကျင့်ကြံသူအသုတ်ငါးသုတ်မှ ကျင့်ကြံသူအားလုံးသည် အသက်အန္တရာယ်ရှိသော တာဝန်များကို ထမ်းဆောင်ခဲ့ကြရသည်။ သို့သော်လည်း အားလုံးနီးပါး မသေဆုံးသွားခဲ့ကြပေ။