ဖုန်းဟိုင်ဒေသငယ်၌ ငါးစာချခြင်း(ဂ)
Vol. 73 Ch. 1132
လူတစ်သောင်းကျော် အသက်ရှင်နေသေးပေသည်။
စစ်မှုထမ်းရန် ပို့လွှတ်ခံလိုက်ရသော ဖုန်းဟိုင်ဒေသငယ်၏ ကျင့်ကြံသူငါးသန်းတွင် တစ်သောင်းကျော်သာ အသက်ရှင်ခဲ့သည်။ သူတို့သည် သေခြင်းရှင်ခြင်းအခြေအနေများကို တွေ့ကြုံခဲ့ရပြီး နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုကို တောင့်ခံခဲ့ကြရသည်။ သူတို့က စွန့်ပစ်ခံရသော နယ်ရုပ်များသဖွယ် ဆက်ဆံခံရသည်။
ခုန်းရှန်းလုံနှင့် ဓားကိုင်တချို့သည် ထိုထဲမှာ ပါဝင်ကြသည်။
သူတို့သည် သေဘေးမှ ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ဘုရင်ထျန်းလန်၏ စစ်တပ်ဆီသို့ ပြန်သွားရန် မရွေးချယ်ခဲ့ကြပေ။ သူတို့က ဖုန်းဟိုင်ဒေသငယ်ဆီသို့ ပြန်လာချင်ကြသည်။
ဤကိစ္စသည် မရိုးရှင်းသလို အကျိုးအကြောင်းဆက်စပ်မှု မရှိပေ။ ဤသည်မှာ မမြင်နိုင်သော လက်တစ်စုံက နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသည့်အလားပင်။ ယင်းက အသက်ရှင်ကျန်ရစ်သော လူများကို ထိုလမ်းကြောင်းဆီသို့ မသွားသွားရန် တွန်းပို့နေဟန် ရသည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ ထိုသတင်းသည် ဖုန်းဟိုင်ဒေသငယ်ဆီသို့ တစ်နည်းနည်းဖြင့် ရောက်ရှိလာသည်။ ထိုထဲမှာ သူတို့၏ ပင်ပန်းနွမ်းနယ်နေသော ပုံရိပ်များကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြားတစ်ခုလည်း ပါဝင်သည်။
လမ်းတစ်လျှောက်တွင် သူတို့သည် ဘုရင်ထျန်းလန်၏ အစောင့်အကြပ်များမှ လိုက်လံဖမ်းဆီးခြင်းကိုလည်း ခံကြရသည်။ သူတို့သည် စွပ်စွဲခံရမှုကို မခုခံနိုင်ဘဲ တိုက်ခိုက်မှုများကြားထဲမှ လွတ်မြောက်ရုံမျှသာ ထွက်ပြေးနိုင်ကြသည်။
ယခု သူတို့သည် အန္တရာယ်ရှိသော အခြေအနေဖြင့် ရင်ဆိုင်နေရပြီး သေမည့်အချိန်ကို ထိုင်စောင့်နေကြရသည်။
သို့ဖြစ်၍ ဖုန်းဟိုင်ဒေသငယ်မှာ ရွေးချယ်စရာတစ်ခု ရှိလာသည်။
သူတို့က ထိုအသက်ရှင်သူများကို ကယ်တင်မည်လော။ သူတို့က ဤကိစ္စကို မည်သို့ကိုင်တွယ်ပြီး သူတို့၏ ကံကြမ္မာကို မည်သို့ကြေညာလိမ့်မည်နည်း။
အကယ်၍ သူတို့ကို ကယ်တင်မည်ဆိုလျှင် ယင်းက ဖုန်းဟိုင်ဒေသငယ်၏ ရပ်တည်မှုကို ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းနှင့် တူညီလိမ့်မည်။ အကယ်၍ သူတို့ကို မကယ်တင်လျှင် ထိုလူများ ဒုက္ခရောက်နေသည်ကို ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရလိမ့်မည်။ ယင်းက ဖုန်းဟိုင်ဒေသငယ်မှ ပြည်သူပြည်သားများကို စိတ်ပျက်သွားစေလိမ့်မည်။
“ ဒီတော့ ကျန်းကိုင်ရီ… ယောင်ထျန်းယန်… မင်းတို့နှစ်ယောက် ဘယ်တစ်ခုကို ရွေးချယ်မှာလဲ ”
သတ္တမမင်းသားတည်ရှိသော နန်းမြို့တော်ထဲတွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ ယခင် မဟာမိတ်ခေါင်းဆောင် ချန်းယန်းဇီသည် ဗလာစစ်တုရင်ခုံပေါ်သို့ စစ်တုရင်အရုပ်တစ်ရုပ်ကို ပထမဆုံး နေရာချလိုက်သည်။
“ မင်းတို့အပေါ် ငါ့ရဲ့ နားလည်မှုအရဆိုရင် သူတို့ကို သေချာပေါက် သွားကယ်လိမ့်မယ် ”
“ ဒါပေမဲ့ မိုင်ထောင်ချီဝေးကွာတဲ့ နေရာက လူတွေကို သွားကယ်တင်ဖို့ဆိုရင် သာမန်လူတွေက အသုံးမဝင်ဘူး… သွားကယ်မယ့်လူက သေချာပေါက် ပညာရှင်ကျင့်ကြံသူဖြစ်ရမယ်… ပြီးတော့ တစ်ယောက်တည်းက မလုံလောက်ဘူး… ”
“ ဒါဆိုရင် သွားကယ်မယ့်လူတွေထဲမှာ ကျစ်ရွှမ်းပါလာမလား… တကယ်လို့ ပါလာမယ်ဆိုရင်တော့ နင့်ကို ငါ့ထောက်ချောက်ထဲ ကျဆင်းအောင် လုပ်ပစ်မယ် ”
ချန်းယန်းဇီသည် ပြုံးလိုက်သည်။ သူက ထိုကိစ္စကို အများကြီး အလေးမထားပေ။ အကယ်၍ ကျစ်ရွှမ်းပါလာလျှင် ယင်းက သူ၏ အစီအစဉ်အတွက် အကောင်းဆုံး အခြေအနေဖြစ်လိမ့်မည်။ အကယ်၍ ကျစ်ရွှမ်းမပါလာလျှင် ယင်းက ကျားကို တောင်ပေါ်မှ ထွက်ခွာသွားစေမည့် ငါးစာဖြစ်လာလိမ့်မည်။
“ ဖုန်းဟိုင်ဒေသငယ်ထဲမှာ အစွမ်းထက်ဆုံးလူတွေက ကျန်းကိုင်ရီနဲ့ ယောင်ထျန်းယန်ပဲ… သူတို့ကို ငါမနိုင်ဘူး… သူတို့ထဲက တစ်ယောက်ကတော့ သေချာပေါက် လူသွားကယ်လိမ့်မယ်… မဟုတ်ရင် စစ်ကူပေးမယ့် အင်အားက လုံလောက်မှာ မဟုတ်ဘူး ”
“ ရုပ်သေးနှစ်ရုပ်ကတော့… သူတို့ကို ဖြေရှင်းဖို့ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ် ”
ချန်းယန်းဇီသည် ခေါင်းမော့လိုက်ပြီး ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။
သူက ဖုန်းဟိုင်ဒေသငယ်ဆီသို့ အလောတကြီး ဝင်ရောက်လိမ့်မည် မဟုတ်သော်လည်း သတ္တမမင်းသား၏ အမိန့်တော်က ပြီးမြောက်ရမည်။ သို့သော်လည်း ယင်းက သူ့အတွက် မခက်ခဲပေ။
ဝိုင်းရံခြင်းနှင့် စစ်ကူပေးခြင်း၊ ထောက်ချောက်ဆင်ခြင်းနှင့် ကျားကို တောင်ပေါ်မှ ထွက်ခွာစေခြင်းဟူသော သူ၏ ဆောင်ရွက်မှုသုံးခုသည် ပြစ်ချက်ကင်းမဲ့ဟန် ရသည်။ ယင်းတို့ကို အခြေအနေပေါ်လိုက်၍ ပြောင်းလဲပစ်ရန် သူ့မှာ နည်းလမ်းများစွာ ရှိသည်။ သူက ထိန်းချုပ်နိုင်မှုကို လက်ထဲမှာ ဆုပ်ကိုင်ထားသည်။
ချန်းယန်းဇီက ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာဆီသို့ ကြည့်နေစဉ် ရွှီချင်း၊ သတ္တမသခင်ကြီးနှင့် အမတ်ယောင်သည် ဒေသအကြီးအကဲ၏ ခြံဝန်းထဲမှ နေအိမ်ထဲမှာ မတ်တတ်ရပ်နေကြသည်။ သူတို့သည်လည်း သတ္တမမင်းသားတည်ရှိသော ယခင် ကောင်းကင်လေပြည်ထောင်၏ နန်းမြို့တော်ဆီသို့ ကြည့်နေကြသည်။
“ ရွှီချင်း… မင်းဘယ်လိုထင်လဲ ”
သတ္တမသခင်ကြီးက တည်ငြိမ်စွာ မေးသည်။
“ ဆရာ… ငါးက အစာလာဟပ်ပါပြီ ”
ရွှီချင်းက နူးညံ့စွာ မှတ်ချက်ပေးသည်။
ဤသည်ကို သတ္တမသခင်ကြီးကြားသောအခါ သူက ရယ်မောလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ချီးကျူးမှုဖြင့် ပြည့်နှက်နေသည်။
“ ဒီတော့… မင်းသွားမလား ငါသွားရမလား ”
အမတ်ယောင်သည် သတ္တမသခင်ကြီးကို ကြည့်လိုက်သည်။
“ မင်းသွားလိုက်ပါ… ငါက နောက်ထပ်နည်းနည်း စောင့်ပြီး တစ်ဖက်လူရဲ့ ဒုတိယလှုပ်ရှားမှုက ဘာလဲ မြင်ချင်သေးတယ်… ဒါမှမဟုတ်ဘဲ ငါတို့အတူတူထွက်သွားမယ်ဆိုရင် အစီအစဉ်က အရမ်းချောမွေ့နေတယ်လို့ တစ်ဖက်လူက သံသယဖြစ်သွားလိမ့်မယ်… ရုပ်သေးရုပ်တွေကို ယူသွားဖို့ မမေ့နဲ့ဦး… ဘယ်အရာမှာမဆို သတိထားတာ ကောင်းတယ် ”
သတ္တမသခင်ကြီးက အမတ်ယောင်ကို ကြည့်လိုက်သည်။
အမတ်ယောင်သည် ခေါင်းညိတ်လိုက်သည်။ ဖုန်းဟိုင်ဒေသငယ်၏ တစ်ဦးတည်းကျန်ရှိသည့် အကြီးအကဲအနေဖြင့် သူ၏ အကန့်အသတ်ကို သူသိသည်။ ထို့ကြောင့် သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး နေအိမ်ထဲမှ ပျောက်ကွယ်သွားသည်။
မကြာမီ ပြည်ထဲရေးရုံးတော်သခင်၊ ဓားကိုင်ရုံးတော်သခင်နှင့် ဂိုဏ်းတော်အသီးသီးမှ ဂိုဏ်းခေါင်းဆောင်တချို့သည် အမတ်ယောင်နောက်မှလိုက်၍ ကောင်းကင်ကို ဖြတ်သန်းသွားကြသည်။
သတ္တမသခင်ကြီးသည်တော့ ခုနစ်ရက်ကြာပြီးနောက် သူစောင့်ဆိုင်းနေသော ဒုတိယလှုပ်ရှားမှုကို မြင်တွေ့သွားသည်။
ဖုန်းဟိုင်ဒေသငယ်ထဲမှ ဂိုဏ်းတော်အများအပြားသည် ရုတ်တရက် ပုန်ကန်ထကြွလာသည်။
ထိုဂိုဏ်းတော်များသည် ပြည်နယ်အမျိုးမျိုးမှာ ပျံ့နှံ့နေကြပြီး သူတို့၏ ပုန်ကန်ထကြွမှုက တစ်ချိန်တည်းမှာ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ ကောလဟလများလည်း ပျံ့နှံ့ထွက်လာပြီး ဖုန်းဟိုင်ဒေသငယ်ကို ပရမ်းပတာဖြစ်စေကာ ဆူပူအုံကြွသွားစေသည်။
ထို့ပြင် တားမြစ်ပင်လယ်ထဲမှ မျိုးနွယ်ခြားများသည် ရုတ်တရက် စစ်တပ်များကို စေလွှတ်လာပြီး ဖုန်းဟိုင်ဒေသငယ်၏ ကမ်းရိုးတမ်းနေရာများဆီသို့ ကျူးကျော်ဝင်ရောက်လာသည်။ ထိုထဲမှာ ယင်ဟွမ်ပြည်နယ်ကဲ့သို့ နေရာများလည်း ပါဝင်သည်။
ထိုမျှသာ မကသေးပေ။ အရေအတွက်များပြားသော မျိုးနွယ်ခြားများသည် နန်းဟွမ်ကုန်းမြေမှ ချီယွဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းအပြင်ဘက်တွင်လည်း ထွက်ပေါ်လာကြသည်။ စစ်တပ်ကို ဦးဆောင်လာသူသည် ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။
ချက်ချင်းဆိုသလို ဖုန်းဟိုင်ဒေသငယ်ထဲမှ လူတိုင်းသည် ကြောက်လန့်သွားကြပြီး ဖရိုဖရဲအခြေအနေသို့ ကျရောက်သွားကြသည်။
ထိုသို့အန္တရာယ်ဖြင့် တွေ့ကြုံရသောအခါ အရေအတွက်များပြားသော ဓားကိုင်များက အပြင်သို့ ထွက်လာကြသည်။ သတ္တမသခင်ကြီးကိုယ်တိုင် ထိုဓားကိုင်အုပ်စုကို ဦးဆောင်ခဲ့သည်။
သတ္တမသခင်ကြီးနှင့် အမတ်ယောင်ထွက်ခွာသွားပြီးနောက် ဒေသငယ်မြို့တော်သည် တစ်ခါမှမဖြစ်စဖူး ဟာလာဟင်းလင်းဖြစ်သွားသည်။
ဟာလာဟင်းလင်းဖြစ်နေသော ထိုမြို့တော်ကို စစ်တုရင်ခုံ၏ နောက်ကွယ်၌ ပုန်းကွယ်နေသော မျက်လုံးတစ်စုံက စိုက်ကြည့်နေသည်။
“ အစီအစဉ်က ချောမွေ့လွန်းနေတယ်… ”
ချန်းယန်းဇီသည် ဒုတိယစစ်တုရင်အရုပ်ကို နေရာချပြီးနောက် အလေးအနက် စဉ်းစားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက တတိယစစ်တုရင်အရုပ်ကို နေရာချလိုက်သည်။