ထျန်းလန်ကို သတ်ရန် ဓားသုံးချက်
Vol. 73 Ch. 1140
ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ထျန်းလန်သည် သူ၏ နတ်ဘုရားစိတ်အာရုံကို ကောင်းကင်ဆီသို့ ပို့လွှတ်လိုက်ပြီး တည်ငြိမ်စွာ အာရုံခံလိုက်သည်။
ဖုန်းဟိုင်ဒေသငယ်မှာ အာရုဏ်ဦးနေမင်းအပြင် မည်သည့် တခြားအားကိုးရှိသေးကြောင်း သူမြင်ချင်သည်။
ထိုအရာက မည်သည့်အရာဖြစ်ပါစေ သူ့အတွက် ကိစ္စမရှိပေ။ သူက သူ့မိသားစုကြောင့် ကောင်းကင်ဘုရင်တစ်ပါး ဖြစ်လာခြင်းမဟုတ်ပေ။ ယင်းအစား သူ၏ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းကြောင့် ဖြစ်သည်။
လူသားမျိုးနွယ်၏ ကောင်းကင်ဘုရင်(၃၃)ပါးထဲမှ တစ်ပါးအနေဖြင့် သူက အစွမ်းထက်ဆုံးမဟုတ်သော်လည်း သူ၏ သရုပ်အဆင့်အတန်းနှင့် တိုက်ပွဲစွမ်းအားက ဤလောကထဲမှ ကြီးမားသော အခြေအနေအများစုကို ရင်ဆိုင်ရန် သူ့အား ယုံကြည်မှုပေးသည်။
ထို့ပြင် သန့်စင်ရေလှိုင်းဒေသကြီးသည် နယ်စွန်နယ်ဖျားဧရိယာတစ်ခုသာ ဖြစ်သည်။
ဤမျိုးဆက်၏ သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ မတတ်လှမ်းသွားခင်အထိ သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာသည်အထိ ဝိညာဉ်စုစည်းခြင်းအဆင့် မပေါ်ထွန်းလာခဲ့ပေ။ ဤနေရာမှာရှိသော လူများအတွက် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်သည် နတ်ဘုရားတစ်ပါးနှင့် မခြားနားပေ။
သူတို့က ကောင်းကင်ဘုံစွမ်းအားကို ပိုင်ဆိုင်ထားပြီး မည်သည့်အကြောင်းအရင်းကြောင့်မှ မတုန်လှုပ်နိုင်ပေ။ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်၏ အရှေ့တွင် အရာအားလုံးသည် သာမန်သာ ဖြစ်သည်။
ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်စေခဲ့သော နောက်ဆုံးမျိုးနွယ်စုကြီးတစ်ခုအနေဖြင့် လူသားမျိုးနွယ်သည် အတားအဆီးများစွာကို တွေ့ကြုံခဲ့ရသော်လည်း ယင်းက ယခုအချိန်ထိ မျိုးနွယ်စုကြီးတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲပင်။ လူသားမျိုးနွယ်ဘက်မှ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ အရေအတွက်သည် ကောင်းကင်နက်မျိုးနွယ်ထက် သာလွန်သည်။
သို့ဖြစ်၍ အကယ်၍ လူသားမျိုးနွယ်သာ အတိတ်မှာ ကောင်းကင်နက်မျိုးနွယ်၏ လက်အောက်သို့ ဝင်ရောက်သွားခဲ့သော သန့်စင်ရေလှိုင်းဒေသကြီးကို ပြန်လည်သိမ်းပိုက်ချင်သည်ဆိုလျှင် ယင်းက အလွန်ရိုးရှင်းလိမ့်မည်။
တခြားမျိုးနွယ်စုများ၏ လက်အောက်သို့ ကျရောက်နေသော လူသားမျိုးနွယ်ပိုင် ဒေသကြီးများကို ပြန်လည်သိမ်းပိုက်ရန်လည်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း ထိုအတွက် ပေးဆပ်ရမည့် တန်ဖိုးသည် မသေးငယ်ပေ။ ထို့ပြင် အခြေအနေက ထိုသို့ခွင့်မပြုပေ။ သူတို့က မျိုးနွယ်ခြားအများအပြားကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး ယင်းက သူတို့အပေါ် ကြီးမားသော ဖိအားတစ်ခုကို သက်ရောက်စေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် တခြားမျိုးနွယ်စုများ၏ လက်အောက်သို့ ကျရောက်နေသော ဒေသကြီးခုနစ်ခုမှာ ရှုပ်ထွေးသော အဆက်အသွယ်များရှိကြသည်။ သူတို့၏ အနောက်တွင် ဒေသစစ်လက်နက်များရှိသော မျိုးနွယ်စုကြီးများ ရှိသည်။
ယခင်က လူသားမျိုးနွယ်မှာ ဒေသစစ်လက်နက်တစ်ခု မရှိခဲ့ပေ။
ထို့ကြောင့် သူတို့က သည်းခံရုံသာ တတ်စွမ်းကြသည်။
ဒေသစစ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားမှသာလျှင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သော အစွမ်းကို ပိုင်ဆိုင်နိုင်လိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ဖုန်းဟိုင်ဒေသငယ်က စစ်ဖြစ်နေစဉ်အတွင်း မျိုးနွယ်ခြားအများအပြားက လူသားမျိုးနွယ်ဆီသို့ ကျူးကျော်ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း အာရုဏ်ဦးနေမင်း ထွက်ပေါ်လာပြီးနောက် ထိုမျိုးနွယ်ခြားများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ အနောက်ဆုတ်သွားကြသည်။
သို့သော်လည်း ဒေသစစ်လက်နက်တစ်ခုတည်းက မလုံလောက်ပေ။
ဒေသစစ်လက်နက်ထက် ပိုပြီးအရေးကြီးသည်မှာ နတ်ဘုရားဖြစ်သည်။
နတ်ဘုရား၏ တည်ရှိမှုသည် မျိုးနွယ်စုတစ်စု၏ အင်အားကို အဆုံးအဖြတ်ပေးနိုင်သည်။
နတ်ဘုရား၏ အရှေ့တွင် ဝိညာဉ်စုစည်းခြင်းအဆင့်သော်လည်းကောင်း သို့မဟုတ် ဒေသစစ်လက်နက်သော်လည်းကောင်း ယင်းတို့အားလုံးက အသုံးမဝင်ပေ။ ထို့ကြောင့် ကောင်းကင်နက်မျိုးနွယ်၏ အင်အားက လူသားမျိုးနွယ်ထက် နိမ့်ကျသော်လည်း ယင်းတို့က လူသားမျိုးနွယ်အပေါ် ခြိမ်းခြောက်နိုင်ခြင်း ဖြစ်သည်။
နတ်ဘုရားများသည် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည်။
ကောင်းကင်နက်မျိုးနွယ် ကျရှုံးသွားရသည့် အဓိကအကြောင်းအရင်းသည် သူတို့၏ နတ်ဘုရား နီလာနတ်သမီးကြောင့် ဖြစ်သည်။ လူသားဧကရာဇ်၏ ဆန်းကြယ်သော အစီအစဉ်များအောက်မှာ နီလာနတ်သမီးသည် နှစ်ချိုက်စွာ အိပ်မောကျသွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လူသားမျိုးနွယ်သည် ပိုပြီးသန်မာလာသည်။
ငတုံးငအ လူများအတွက်တော့ အကြောင်းအရင်းအမျိုးမျိုးကို နားလည်ရန် အလွန်ခက်ခဲလိမ့်မည်။ သူတို့၏ မျက်လုံးထဲမှာ လောကကြီးသည် အလွန်ရိုးရှင်းသည်။ သူတို့ဆီမှာ ရယ်စရာကောင်းသော အတွေးများပင် ရှိနိုင်သည်။ ဥပမာ အကယ်၍ လူသားမျိုးနွယ်က ထိုမျှသန်မာသည်ဆိုလျှင် အဘယ့်ကြောင့် သန့်စင်ရေလှိုင်းဒေသကြီးကို စောစီးစွာ မသိမ်းပိုက်ခဲ့သနည်း။
အဓိက သတင်းအချက်အလက်များကို ဖမ်းဆုပ်မိထားသော လူနှင့် ဉာဏ်ကောင်းပြီး လေ့လာမှုအားကောင်းသော လူများသာ အဓိက သော့ချက်ကို မြင်နိုင်လိမ့်မည်။
“ ဒါဆိုရင် ဖုန်းဟိုင်ဒေသငယ်က ဘယ်အရာပေါ် အားကိုးနေတာလဲ ”
ဘုရင်ထျန်းလန်၏ အမူအရာသည် တည်ငြိမ်သည်။ အစမှအဆုံးအထိ သူက ခေါင်းမမော့ခဲ့ပေ။ သူ၏ နတ်ဘုရားစိတ်အာရုံကိုသာ ကောင်းကင်ဆီသို့ ပို့လွှတ်လိုက်သည်။ သို့သော်လည်း သူက မည်သည့်အရာမှ ရှာမတွေ့ခဲ့ပေ။
သို့သော်လည်း သူက ပိုပြီးနက်ရှိုင်းစွာ အာရုံခံတော့မည့်အချိန် အေးစက်စက် နှာခေါင်းရှုံ့သံသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ရက်စက်ကြမ်းကြုတ်စွာ ချေမွဖျက်ဆီးပစ်လိုက်သည်။ ယင်းက လောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး ကောင်းကင်ဘုံမိုးကြိုးသို့ အသွင်ပြောင်းလဲသွားကာ ဘုရင်ထျန်းလန်၏ စိတ်ထဲ၌ ထစ်ချုန်းသွားသည်။
ယင်းက တုန်ဟီးသွားပြီး ပေါက်ကွဲသွားသည်။
ဘုရင်ထျန်းလန်၏ အမူအရာသည် အေးခဲသွားသည်။ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ သူက ကောင်းကင်ကို ကြည့်လိုက်သည့်အခိုက် ဒေသငယ်မြို့တော်ကို လွှမ်းခြုံထားသော မဟာလောက၏ အထက်ကောင်းကင်ယံတွင် အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ကြီးမားသော အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ပေါ်မှာ အမှန်တကယ် ထွက်ပေါ်လာသည်။
ထိုအက်ကွဲကြောင်းသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ယင်း၏ အစွန်းနှစ်ဖက်သည် ဖြောင့်တန်းကြသည်။ ဤသည်မှာ ယင်းကို ထက်ရှသော ဓားတစ်လက်ဖြင့် ပိုင်းဖြတ်ထားသည့်အလားပင်။ အက်ကွဲကြောင်း၏ အလျားသည် ပေတစ်သောင်းနီးပါး ရှည်လျားသည်။
မြေပြင်ပေါ်မှ ကြည့်လျှင် ကောင်းကင်ပေါ်မှ ထိုအက်ကွဲကြောင်းသည် အလွန်ထင်သာမြင်သာသည်။ ထို့ပြင် ကမ္ဘာတုန်ဟီးစေနိုင်သော ထိတ်လန့်ဖွယ်ရာ ဓားချီတစ်ခုသည် တဝီဝီမြည်သံနှင့်အတူ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာပြီး ဓားအရှိန်အဟုန်က ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ တိမ်တိုက်များနှင့် မြူခိုးသည် ပျက်စီးလွင့်ပြယ်သွားသည်။ မြေပြင်သည် တုန်ခါလာပြီး အရာအားလုံး တုန်လှုပ်သွားကြသည်။ သက်ရှိအားလုံး၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ဤလောကထဲမှ အရာအားလုံးက ပျောက်ကွယ်သွားတော့မည့်ဟန် ရသည်။ လောကကြီးသည် မှေးမှိန်လာပြီး အဆုံးမဲ့စွာ ပုံပျက်တွန့်လိမ်လာသည်။ လောကကြီးက ထိုသို့ဝေဝါးနေစဉ် ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းထဲမှ ဆင်းသက်လာသော ဓားချီတစ်ခုတည်းသာ အစစ်အမှန် တည်ရှိနေတော့သည်။
ယင်းက ကောင်းကင်ဘုံဓားတစ်လက်ပမာ ဒေသငယ်မြို့တော်၏ အပေါ်မှ ဘုရင်ထျန်းလန်၏ မဟာလောကပေါ်သို့ တိုက်ရိုက် ဆင်းသက်သွားသည်။
ထိုနှစ်ခု တွေ့ဆုံသွားသည့်အခိုက် ဘုရင်ထျန်းလန်၏ မဟာလောကသည် တစ်ခါမှမဖြစ်စဖူး တုန်ယင်သွားပြီး ကျယ်လောင်သော ဆူညံသံကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ မိုးကြိုးသန်းပေါင်းများစွာက တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားသည့်အလားပင်။
မဟာလောက၏ အကာအကွယ်အလွှာသည် ချက်ချင်း ပြိုကွဲပျက်စီးသွားပြီး မရေမတွက်နိုင်သော အပိုင်းအစများသို့ ပြောင်းလဲသွားကာ မဟာလောကထဲမှ တောင်တန်းနှင့် မြစ်ချောင်းများပေါ်သို့ ဥက္ကာပျံများသဖွယ် ကျဆင်းလာကြသည်။
မဟာလောကသည် တုန်ယင်သွားသည်။ သို့သော်လည်း ဓားချီသည် လုံးဝမရပ်တန့်သွားခဲ့ပေ။ ယင်းက ဘုရင်ထျန်းလန်၏ မဟာလောကထဲသို့ တိုက်ရိုက် ဆင်းသက်သွားပြီး မဟာလောကထဲမှ ကောင်းကင်ကို ဖြတ်တောက်သွားကာ လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားမည့် ဓားအမှတ်အသားတစ်ခုကို ကျန်ရစ်စေခဲ့သည်။
မဟာလောကသည် တုန်ယင်သွားပြီး ဓားအမှတ်အသား၏ ဦးတည်ရာဆီသို့ ကွေးညွတ်သွားသည်။ မဟာလောကထဲမှ တောင်တန်းများသည် ပြိုကျပျက်စီးသွားပြီး မြစ်ချောင်းများသည် အငွေ့ပျံသွားကြသည်။ မဟာလောကထဲမှ သက်ရှိအားလုံးသည် သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်ညည်းတွားသံများကို ထုတ်ဖော်လိုက်ကြသည်။
သို့သော်လည်း ဓားချီ၏ အရှိန်အဟုန်သည် ချောက်ချားဖွယ်ကောင်းနေဆဲပင်။ ဓားအမှတ်အသားရှိသည့်နေရာတိုင်း မြေပြင်သည် ဆက်လက် အက်ကွဲသွားပြီး အနက်ပိုင်းထဲထိ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ နောက်ဆုံးမှာတော့ မဟာလောကတစ်ခုလုံးသည် ထိုဓားချက်ကြောင့် တိုက်ရိုက် ထက်ခြမ်းကွဲထွက်သွားသည်။
မဟာလောကသည် ဖျက်ဆီးခံလိုက်ရသည်။
အဝေးမှ ကြည့်လျှင် ဒေသငယ်မြို့တော်၏ ကောင်းကင်ပေါ်မှာရှိသော မဟာလောကက နှစ်ပိုင်းခွဲခြမ်းခံလိုက်ရကြောင်း မြင်နိုင်လိမ့်မည်။
ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။
မဟာလောကအပိုင်းနှစ်ပိုင်းမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်နေသည်။ မရေမတွက်နိုင်သော ကျောက်တုံးများနှင့် ဖုန်မှုန့်များက အပြင်သို့ ပျံ့လွင့်လာသည်။
မဟာလောကသည် နှစ်ပိုင်းခွဲခြမ်းခံလိုက်ရပြီးနောက် ဝေဝါးလာပြီး ပုံရိပ်ယောင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ယင်းတို့က မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ယင်းတို့က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခိုက် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။ မြေပြင်သည် တုန်ယင်သွားသည်။ ဘုရင်ထျန်းလန်၏ မဟာလောကသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ဖုန်းဟိုင်ဒေသငယ်၏ မြေကြီးဖြင့် ပေါင်းစပ်သွားသည်။
ယင်းက ဒြပ်ထည်ရှိသော တည်ရှိမှုတစ်ခုမဟုတ်ပေ။ ထို့ကြောင့် ၎င်းပြိုကွဲသွားသည့်အခါမှာလည်း ထို့အတူပင်။
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မဟာလောက ပြိုကွဲသွားသည်နှင့် ထိုမြင်ကွင်းမှ သယ်ဆောင်လာသော အံ့ဩထိတ်လန့်မှုသည် ဖုန်းဟိုင်ဒေသငယ်မှ လူတိုင်းကို ဆွံ့အသွားစေသည်။
ဘုရင်ထျန်းလန်၏ လက်အောက်မှ စစ်တပ်သည်လည်း ထို့နည်းတူပင်။
စစ်တပ်ထဲမှ လူတိုင်းသည် အလိုအလျောက် တုန်ယင်လာကြသည်။ ထိုမြင်ကွင်းသည် ကမ္ဘာပျက်ကပ်ဘေးနှင့် ဆင်တူသည်။ ယင်းက သူတို့၏ စိတ်ကို ဟာလာဟင်းလင်း ဖြစ်သွားစေသည်။
ထိုမြင်ကွင်းသည် အလွန်ချောက်ချားဖွယ်ကောင်းပြီး ရုတ်တရက်ဆန်စွာ ဖြစ်ပေါ်လာသောကြောင့် မည်သူမှ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း မရှိကြပေ။
အမှန်မှာ သူတို့က စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားနိုင်မည်ဆိုလျှင်ပင် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ မဟာလောကက ဓားချက်တစ်ချက်ကြောင့် ဖျက်ဆီးခံလိုက်ရကြောင်း ကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခါ ယင်းက လက်ခံရန် အလွန်ခဲယဉ်းကြောင်း ရှာတွေ့မိကြလိမ့်မည်။
သို့သော်လည်း တခြားလူများနှင့် နှိုင်းယှဉ်လျှင် ဘုရင်ထျန်းလန်၏ ထိတ်လန့်မှုသည် ပိုပြီးကြီးမားသည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးသည် တစ်ခါမှမဖြစ်စဖူး ပရမ်းပတာ ခုန်ပေါက်နေသည်။ မမျှော်လင့်ထားသော အပြောင်းအလဲက သူ့ကို အနက်ရောင်နဂါးပေါ်တွင် ရုတ်တရက် မတ်တတ်ရပ်သွားစေပြီး အရှေ့သို့ ခြေတစ်လှမ်း တိုးသွားစေသည်။
ထိုခြေလှမ်းကြောင့် သူ၏ ခြေဖဝါးအောက်မှ အနက်ရောင်နဂါးသည် အော်ဟစ်ညည်းတွားလိုက်ရသည်။ ဤသည်မှာ ၎င်းက ဘုရင်ထျန်းလန်ထံမှ ဖိအားကို တောင့်မခံနိုင်သည့်အလားပင်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။
အနက်ရောင်နဂါးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခိုက် ဘုရင်ထျန်းလန်၏ ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တတ်သွားပြီး အလျှင်အမြန် ကြီးမားလာသည်။ သူက သာမန်လူတစ်ယောက်၏ အရွယ်အစားမှ ပေတစ်ထောင်၊ ပေတစ်သောင်း၊ ပေတစ်သိန်းအထိ ကြီးမားသွားသည်။ ထို့နောက် သူက မိုးကောင်းကင်ဖြင့် ဦးတိုက်နေသော လူ့ဘီလူးတစ်ကောင်သို့ ပြောင်းလဲသွားသည်။
ဖုန်းဟိုင်ဒေသငယ်၏ ဒေသငယ်မြို့တော်သည် သူ့အရှေ့မှာ ကစားစရာဘောလုံးတစ်ခုထက် မပိုပေ။ လူ့ဘီလူးဘုရင်ထျန်းလန်သည်တော့ သူ၏ ခန္ဓာကိုယ်က အရွယ်အစား ကြီးမားလာသည့်အတွက် စိတ်မအေးသွားခဲ့ပေ။ ယင်းအစား သူ၏ အမူအရာသည် ပိုပြီး တည်ကြည်လေးနက်လာပြီး ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းဆီသို့ စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူက နက်ရှိုင်းစွာ အော်ပြောလိုက်သည်။
“ ဘယ်တာအိုရောင်းရင်းက ကျုပ်တို့လူသားမျိုးနွယ်နဲ့ စစ်ခင်းချင်တာပါလဲ ”
ဘုရင်ထျန်းလန်သည် စကားပြောပြီးနောက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းကို ဖမ်းဆုပ်လိုက်သည်။
အဆုံးမဲ့သော ဖိအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ နေ၊ လနှင့် ကြယ်များသည် သူ၏ ဘေးပတ်ပတ်လည်မှာ တလက်လက် တောက်ပလာပြီး မရေမတွက်နိုင်သော နိယာမများနှင့် ဥပဒေသများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ဤအခိုက်အတန့်မှာ သူကိုယ်တိုင်က ကောင်းကင်ဘုံဖြစ်ပြီး သူကိုယ်တိုင်က တာအိုဖြစ်လာဟန် ရ၏။
သို့သော်လည်း သူပြန်ရလိုက်သည်မှာ အေးတိအေးစက် နှာခေါင်းရှုံ့သံသာ ဖြစ်သည်။
“ မင်း ငါ့ကို မမြင်ချင်ဘူးမလား ”
သူ၏ စကားသံ မြည်ဟိန်းထွက်လာသည်နှင့်ချက်ချင်း ဒုတိယဓားချက်က ဆင်းသက်လာသည်။
ထွန်းလင်းတောက်ပသော ဓားအလင်းသည် အလယ်ပင်လယ်တစ်ခုကို ဖွဲ့စည်းသွားပြီး ဘုရင်ထျန်းလန်ကို လွှမ်းခြုံသွားသည်။ အန္တရာယ်ဖြင့် ရင်ဆိုင်ရသောအခါ ဘုရင်ထျန်းလန်သည် နှလုံးခုန်မြန်လာသည်။ သူက အသေးစား ဥပဒေသအားလုံးကို သူ၏ လက်ဖဝါးပေါ်မှာ စုဝေးလိုက်ပြီး အရှေ့သို့ အစွမ်းကုန်သုံး၍ တွန်းထုတ်လိုက်သည်။
သို့သော်လည်း ထိုအလင်းပင်လယ်သည် အရာအားလုံးကို လျစ်လျူရှုထားပြီး ဘုရင်ထျန်းလန်၏ လက်ဖဝါးကို ထွင်းဖောက်သွားကာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ ဘုရင်ထျန်းလန်၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူ၏ မျက်လုံးထဲမှာ ချောက်ချားမှုနှင့် မယုံကြည်နိုင်မှုက ပေါ်လျှိုးလာသည်။
“ ဒုတိယအဆင့်… ”
သူက စကားဆုံးအောင် မပြောနိုင်ခင် ဓားတစ်လက်သည် သူ၏ ပါးစပ်ထဲမှ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။ ထို့နောက် ထက်ရှသော နောက်ထပ် ဓားများက သူ၏ လက်မောင်းများနှင့် လက်များထံမှ ဖောက်ထွင်းထွက်လာကြသည်။
ထို့နောက် ခြေထောက်များ၊ ခန္ဓာကိုယ်အပေါ်ပိုင်း၊ လည်ပင်းနှင့် ဦးခေါင်း…
မရေမတွက်နိုင်သော ဓားများသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများစွာထဲမှ တစ်ချောင်းပြီးတစ်ချောင်း ဖောက်ထွင်းထွက်လာကြသည်။ ထို့နောက် သူ၏ လူ့ဘီလူးခန္ဓာကိုယ်သည် ပြိုကွဲပျက်စီးသွားသည်။
အဆုံးမှာတော့ သူ၏ ဧရာမခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။
ထိုမြင်ကွင်းသည် သူ၏ မဟာလောက တွေ့ကြုံခဲ့ရသော အဖြစ်အပျက်နှင့် အတူတူပင်။ သူက အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရပြီး ထိုဓားချက်၏ အင်အားကို မတောင့်ခံနိုင်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်သည် ဖျက်ဆီးခံလိုက်ရသည်။
လောကသည် တုန်ဟီးသွားပြီး သက်ရှိအားလုံး ထိတ်လန့်သွားကြသည်။
မရေမတွက်နိုင်သော အသွေးအသားအပိုင်းအစများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခိုက် ဘုရင်ထျန်းလျန်၏ နတ်ဝိညာဉ်က ပျံသန်းထွက်လာသည်။ သူ၏ နတ်ဝိညာဉ်သည် ပုံမှန်ဝိညာဉ်နှင့် ခြားနားသည်။ ယင်းက သူ၏ ရုပ်ခန္ဓာကိုယ်နှင့် အထူးတလည် ခြားနားခြင်းမရှိပေ။ သို့သော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် နတ်ဝိညာဉ်ကို ဥပဒေသများနှင့် နိယာမများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။
နတ်ဝိညာဉ်ထွက်ပေါ်လာပြီးနောက် ချောက်ချားမှုက ဘုရင်ထျန်းလန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ထိုမျှထက်ရှသော ဓားတစ်လက်ကို တစ်ခါမှ မမြင်ဖူးသလို ထိုမျှကြောက်စရာကောင်းသော ဝိညာဉ်စုစည်းခြင်းဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ခါမှ မတွေ့ကြုံဖူးချေ။
ဤအခိုက်အတန့်မှာ သူက လုံးဝမတုံ့ဆိုင်းချေ။ သူ၏ နတ်ဝိညာဉ်သည် အစွမ်းကုန်သုံး၍ အနောက်ဆုတ်သွားသည်။
သူက ဤနေရာမှ ထွက်သွားချင်သည်။ သေခြင်းတရားက ချဉ်းကပ်လာနေကြောင်း သူအာရုံခံနိုင်သည်။ သူက မသေချင်သေးပေ။
သို့သော်လည်း သူ၏ ဝိညာဉ်က ပေတစ်သိန်းအကွာသို့ ဆုတ်ခွာသွားသည်နှင့်ချက်ချင်း သူ့အရှေ့တွင် ဓားချီမှ ဖွဲ့စည်းဖြစ်ပေါ်လာသော လေထုတံတိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက မြေကြီးထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ဖြင့် ထိစပ်သွားသည်။
ဘုရင်ထျန်းလန်၏ အမူအရာသည် ပြောင်းလဲသွားပြီး သူက ချက်ချင်း ဦးတည်ရာပြောင်းလိုက်သည်။ သို့သော်လည်း မကြာမီ ဒုတိယဓားချီတံတိုင်းက သူ့အရှေ့မှ မြေကြီးထဲမှ ပေါ်ထွက်လာပြီး ကောင်းကင်ဆီသို့ ဆန့်တန်းသွားသည်။ ထို့နောက် တတိယဓားချီတံတိုင်း၊ စတုတ္ထဓားချီတံတိုင်းနှင့် ပဉ္စမဓားချီတံတိုင်းတို့ အသီးသီး ထွက်ပေါ်လာကြသည်။
ဘုရင်ထျန်းလန်က ဦးတည်ရာပြောင်းရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သူက ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသော ဓားချီတံတိုင်းငါးခု၏ အလယ်ဗဟိုမှာ ချိပ်ပိတ်ခံလိုက်ရသည်။
အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် ထိုဓားချီတံတိုင်းငါးခုက ပဉ္စဂံပုံစံနှင့် ဆင်တူကြောင်း မြင်နိုင်လိမ့်မည်။ ပဉ္စဂံဓားချီတံတိုင်း၏ အလယ်ဗဟိုမှ ဘုရင်ထျန်းလန်သည်တော့ ဤအခိုက်အတန့်မှာ သူ၏ ဝိညာဉ်က တုန်ယင်နေပြီး စိတ်ပျက်အားလျော့မှုနှင့် မယုံကြည်နိုင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး ကောင်းကင်ဘုရင်တစ်ပါးဖြစ်သည့် သူက ယခုကဲ့သို့ သေရတော့မည်ကို မယုံကြည်နိုင်သေးပေ။
“ မင်းဘယ်သူလဲ ”
ဘုရင်ထျန်းလန်သည် ကောင်းကင်ကို မျက်နှာမူလိုက်ပြီး နှလုံးကွဲကြေသော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။
သို့သော်လည်း သူပြန်ရလိုက်သည်မှာ စကားတစ်ခွန်းသာ ဖြစ်သည်။
“ ပိုင်းဖြတ်စေ ”
ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဓားချီတံတိုင်းငါးခုသည် ချက်ချင်း ကျုံ့သွားပြီး ဘုရင်ထျန်းလန်၏ ဝိညာဉ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားချီတံတိုင်းငါးခုသည် အတူတကွ စုဝေးသွားကြပြီး ဓားအလင်းက သူ့ကို ဝါးမျိုသွားသည်။
သူ၏ နတ်ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရသည်။
လောက၏ အရောင်သည် ပြောင်းလဲသွားပြီး ဝုန်းခနဲ မြည်ဟိန်းသံက ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် ကောင်းကင်ဘုံတာအို၏ အော်ဟစ်ညည်းတွားသံနှင့် ဆင်တူသည်။ ကောင်းကင်ပေါ်တွင် မည်သည့်မိုးတိမ်မှ မထွက်ပေါ်လာသော်လည်း သွေးမိုးသည် လေထဲမှာ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ရွာသွန်းလာသည်။
ယင်းက ပြည်နယ်တစ်ဝက်ခန့်ထိ ဖုံးလွှမ်းသွားသည်။
ပြည်နယ်တစ်ဝက်က သွေးမိုး၏ လွှမ်းခြုံခံလိုက်ရလေရာ မိုးကောင်းကင်က ငိုကြွေးနေဟန် ရသည်။
သွေးမိုးက ဤကုန်းမြေကို အာဟာရဖြည့်တင်းပေးလိုက်သည်။ ယခုအချိန်မှစ၍ ဤနေရာသည် တခြားနေရာများနှင့် ခြားနားသွားလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်က ဤနေရာမှာ ကျရှုံးသွားသောကြောင့် ဖြစ်သည်။ မဟာလောက၏ မရေမတွက်နိုင်သော အပိုင်းအစများက ဝိညာဉ်စွမ်းအင်သို့ ပြောင်းလဲသွားလိမ့်မည်။ ယင်းက ဤပြည်နယ်တစ်ဝက်၏ ဝိညာဉ်စွမ်းအားကို တစ်ဟုန်ထိုး တိုးပွားလာစေလိမ့်မည်။
ဤနေရာမှ မြေကြီးပေါ်တွင် တောင်တန်းအသစ်တချို့ ဖြစ်ပေါ်လာကြသည်။ ထိုတောင်တန်းများသည် ဘုရင်ထျန်းလန်၏ အသွေးအသားများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်းတို့က ဝိညာဉ်တောင်တန်းများ ဖြစ်လာကြလိမ့်မည်။
ဖျက်ဆီးခံလိုက်ရသော ဘုရင်ထျန်းလန်၏ နတ်ဝိညာဉ်သည်တော့ ရုပ်သဏ္ဍာန်မဲ့သော ဝိညာဉ်အမြစ်တစ်ခုသို့ ပြောင်းလဲသွားလိမ့်မည်။ ထိုဝိညာဉ်အမြစ်က ဤနေရာမှာ နောင်နှစ်ပေါင်းတစ်ရာအတွင်း မွေးဖွားလာကြမည့် ကလေးများကို တခြားကလေးများထက် သာလွန်ထူးခြားစေလိမ့်မည်။
သူတို့သည် ဘုရင်ထျန်းလန်၏ တာအိုဖြင့် အထူးသင့်တော်ကြလိမ့်မည်။
ဤသည်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ သေဆုံးမှုဖြစ်ပြီး ယင်းက ဖုန်းဟိုင်ဒေသငယ်ထဲ၌ တစ္ဆေအင်ပါယာသေဆုံးခဲ့စဉ်ကနှင့် အနည်းငယ် ဆင်တူသည်။
သို့သော်လည်း ယင်းက တစ္ဆေအင်ပါယာ၏ သေဆုံးမှုကဲ့သို့ သက်ရောက်မှု မကြီးမားပေ။
မည်သို့ပင်ဖြစ်စေကာမူ ယင်းက သက်ရှိအားလုံးကို အာဟာရဖြည့်တင်းပေးနိုင်သည်။