← Chapters

အတွေ့အကြုံများသော အဖိုးကိုး

Vol. 73 Ch. 1135

အတွေ့အကြုံများသော အဖိုးကိုး

Vol. 73 Ch. 1135

ချန်းယန်းဇီ၏ မေးခွန်းဖြင့် ရင်ဆိုင်ရသောအခါ အစက ရွှီချင်းသည် မည်သည့်စကားမှ ပြန်မပြောရန် စဉ်းစားထားသည်။ သို့သော်လည်း သူက နတ်မိမယ်ကျစ်ရွှမ်း၏ ဖြူဖျော့နေသော မျက်နှာကို မြင်သွားပြီး မဟာမိတ်ခေါင်းဆောင်၏ စီမံမှုများကို ပြန်တွေးမိသွားသည်။ ထို့အတူ ဘေးပတ်ဝန်းကျင်ရှိ ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများ၏ အမူအရာကိုလည်း သူသတိထားမိသွားသည်။

ထို့ကြောင့် သူက စိတ်ပြောင်းသွားပြီး တည်ငြိမ်စွာ ပြောသည်။

“ အာရုဏ်ဦးနေမင်း ”

သူက ပြောလိုက်သည်နှင့်ချက်ချင်း ခန်းမထဲမှ လူတိုင်း၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။ ဘိုးဘေးရွှယ်လျန်ဇီဖြစ်စေ နတ်မိမယ်ကျစ်ရွှမ်းဖြစ်စေ သို့မဟုတ် အနောက်မှာ စောင့်ကြပ်နေကြသော ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

“ အာရုဏ်ဦးနေမင်း ”

“ ဘယ်လို… ဘယ်လို… ”

ဆူညံသံများ ထွက်ပေါ်လာသည်။ ချန်းယန်းဇီ၏ ထိတ်လန့်သွားသော အော်သံသည် အရာအားလုံးထက် သာလွန်သွားပြီး နားကွဲလုမတတ် ပဲ့တင်ထပ်လာသည်။

“ အာရုဏ်ဦးနေမင်းလား ”

“ မင်း… မင်း… မင်း… ”

ချန်းယန်းဇီ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ရီသွားသည်။ အစက သူမယုံကြည်ပေ။ သို့သော်လည်း သူ့မူလခန္ဓာကိုယ်၏ ဖျက်ဆီးခံလိုက်ရမှုနှင့် နောက်ဆုံးသူမှတ်မိခဲ့သော ကြောက်မက်ဖွယ်ရာအလင်း‌ရောင်နှင့် အပူစွမ်းအားက သူ့ကိုယ်သူ မလှည့်စားနိုင်အောင် ပြုလုပ်နေသည်။

သို့သော်လည်း သူက သတ္တမမင်းသား၏ နန်းမြို့တော်ထဲမှာ ရှိနေခဲ့သော သူ့မူလခန္ဓာကိုယ်အကြောင်းကို စဉ်းစားမိသွားသောအခါ…

သတ္တမမင်းသား၏ သစ္စာတော်ခံ လက်အောက်ငယ်သားတစ်သန်းနီးပါးနှင့် သူ၏ လက်အောက်သို့ ခိုလှုံလာကြသော ဒေသကြီးအတွင်းရှိ အင်အားစုအမျိုးမျိုးမှ ကျင့်ကြံသူများအကြောင်းကို သူမစဉ်းစားမိဘဲ မနေနိုင်ပေ။ ထိုနောက် သူက သတ္တမမင်းသား၏ လက်‌အောက်မှ စစ်တပ်၏ ဖွင့်ဖြိုးတိုးတတ်မှုနှင့် ဤနှစ်များတွင် တစ်ဖက်လူ၏ ပြင်ဆင်မှုများအကြောင်းကို စဉ်းစားမိသွားသည်။

ချန်းယန်းဇီသည် မထိန်းချုပ်နိုင်အောင် တုန်ယင်သွားပြီး သူ၏ နှလုံးသည် အပြင်းအထန် ခုန်ပေါက်လာသည်။ ကြက်သီးမွေးညင်းများက သူ၏ တစ်ကိုယ်လုံးပေါ်မှာ ချက်ချင်း ထွက်ပေါ်လာသည်။

အာရုဏ်ဦးနေမင်း၏ ပေါက်ကွဲမှုက နန်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ယင်း၏ အဖျက်စွမ်းအားက မည်မျှကြောက်စရာကောင်းလိမ့်မည်ကို သူစိတ်ကူးကြည့်နိုင်သည်။

ထိုသို့ဖြစ်ရသည့် အဓိကတရားခံက ဖုန်းဟိုင်ဒေသငယ်၏ လက်ချက်ဖြစ်သော်လည်း သူဖွင့်လှစ်ခဲ့သော အသွေးအသားဝဲကတော့က ကြံရာပါဖြစ်လာလိမ့်မည်။

အမှန်မှာ အကယ်၍ တစ်စုံတစ်ယောက်က သူဟာ တကယ့်ကြံရာပါဖြစ်ပြီး တမင်အောက်ကျို့ခံကာ ဤမဟာတာဝန်ကို ပြီးမြောက်ရန်အတွက် သတ္တမမင်းသား၏ လက်အောက်သို့ အယောင်ဆောင် ခိုဝင်လာခဲ့ခြင်းဖြစ်သည်ဟု ပြောလျှင်ပင် လူအများအပြားက ယုံကြည်ကြလိမ့်မည်။

ထိုကိစ္စက သူ့အား လူသားမျိုးနွယ်၌ ခြေကုပ်တစ်ခုရရန် ခက်ခဲသွားစေလိမ့်မည်။ ထို့ပြင် ဘုရင်ထျန်းလန်ပြန်ရောက်လာသည့်အခါ သူ၏ ဝိညာဉ်ကို သေချာပေါက် ဆုတ်ဖြဲပစ်လိမ့်မည်။

အရေးကြီးဆုံးမှာ အကယ်၍ သတ္တမမင်းသားက သေဆုံးသွားမည်ဆိုလျှင်…

“ ဘယ်လိုတောင် လိမ်ညာရဲတာလဲ… မင်းမှာ ဘယ်လိုလုပ် အာရုဏ်ဦးနေမင်းရှိမှာလဲ ”

ချန်းယန်းဇီက အော်ပြောလိုက်သည်။ အဆုံးမှာတော့ သူက စဉ်းစားဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးသွားပြီး ရွှီချင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ ထိတ်လန့်ချောက်ချားမှုက သူ၏ ခန္ဓာကိုယ်ထဲမှာ ဆူနာမီလှိုင်းလုံးသဖွယ် ထွက်ပေါ်လာသည်။

သူက သွေးတစ်ပွက် အန်လိုက်ရပြီး အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။ ခါးသီးမှုက သူ၏ နှလုံးသားထဲမှာ ဒီရေသဖွယ် ထွက်ပေါ်လာပြီး သူ့အား လွှမ်းခြုံသွားသည်။

သူက စိတ်ပျက်အားလျော့သွားပြီး အကူအညီမဲ့မှုကို ခံစားမိသွားသည်။

သူ၏ အစီအစဉ်များနှင့် လှည့်ကွက်များက အဆင်ပြေချောမွေ့စွာ သွားနေခဲ့သည်ဟု သူထင်မှတ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးရလဒ်က ထိုသို့ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ သူစိတ်ကူးမကြည့်ခဲ့ဖူးပေ။

“ ဒါက စုံစမ်းစစ်ဆေးမှုတစ်ခုပဲကို… မင်း… မင်းက တကယ်ကြီး အာရုဏ်ဦးနေမင်းကို ပစ်လွှတ်ခဲ့တယ် ”

ချန်းယန်းဇီသည် နောက်ထပ် သွေးတစ်ပွက်အန်လိုက်ရသည်။

သူ၏ စိတ်ထဲမှာ ထုတ်ဖော်မပြောနိုင်သော အတွေးတစ်ခု ရှိသည်။

‘ တကယ်လို့ မင်းမှာ အာရုဏ်ဦးနေမင်းရှိတယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို စောစောစီးစီး ထုတ်မပြတာလဲ… သတ္တမမင်းသားမြင်အောင် ဘာဖြစ်လို့ ထုတ်မပြတာလဲ ’

အာရုဏ်ဦးနေမင်းကို မြင်တွေ့ပြီးလျှင် မည်သူက သူတို့ကို ရန်ပြုဝံ့တော့မည်နည်း။

ဘာဖြစ်လို့ အခုမှ…

ထိုအတွေးက သူ့အား ခါးသီးမှုကို ပိုပြီးခံစားရစေသည်။

မူလခန္ဓာကိုယ်၏ ဖျက်ဆီးခံလိုက်ရမှုကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံသည် ဗလာနတ္ထိတတိယအဆင့်မှ သိသိသာသာ ကျဆင်းသွားသည်။ ယခု သူ၏ ကျင့်ကြံခြင်းအခြေခံသည် ဗလာနတ္ထိဒုတိယအဆင့်မှာပင် မတည်ငြိမ်တော့ပေ။ သူ၏ အရှိန်အဝါက ဖရိုဖရဲဖြစ်နေပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားက ဗလာနတ္ထိပထမအဆင့်နှင့် ဒုတိယအဆင့်ကြားမှာ ရှိသည်။

ထို့ပြင် ဆိုးဝါးပြင်းထန်သော ဒဏ်ရာများကြောင့် ထိုအခြေအနေကို အချိန်အကြာကြီး သူမထိန်းထားနိုင်ပေ။

သို့ဖြစ်၍ သူက လုံးဝမတုံ့ဆိုင်းတော့ပေ။ ဤအခိုက်အတန့်မှာ သူက ချက်ချင်း အနောက်ဆုတ်သွားပြီး ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်သည်။ သူ၏ လက်ရှိအခြေအနေက ဆက်လက်တိုက်ခိုက်ရန် ဖြစ်နိုင်သေးသော်လည်း ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်မှုက သူ့အား ထိတ်လန့်ချောက်ချားစေသည်။

ဤသည်မှာ သူ့ဝိညာဉ်၏ အနက်ပိုင်းထဲမှ ချောက်ချားသွားခြင်း ဖြစ်သည်။

နောက်ထပ် အာရုဏ်ဦးနေမင်းတစ်ခု ရှိနေဦးမည်ကို သူစိုးရိမ်သည်။ ထို့ပြင် ကောင်းကင်ပေါ်မှ ငှက်ကြီးချင်းချင်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ တားမြစ်ဓမ္မရတနာကို ပိုပြီး သူစိုးရိမ်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျသွားပြီးနောက် ယနေ့သည် သူ့ဘဝတစ်လျှောက်၌ အရေးကြီးဆုံးအချိန်အခါဖြစ်ကြောင်း သူသိသည်။

သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း ဘိုးဘေးရွှယ်လျန်ဇီနှင့် နတ်မိမယ်ကျစ်ရွှမ်းက ထွက်လျှောက်လာကြသည်။ ကောင်းကင်ပေါ်မှ ငှက်ကြီးချင်းချင်းသည် ကျယ်လောင်သော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်းက အစွမ်းထက် အရှိန်အဝါနှင့်အတူ အောက်သို့ ထိုးဆင်းလာသည်။

ချက်ချင်းဆိုသလို ငှက်ကြီးချင်းချင်းသည် ဒေသငယ်အကြီးအကဲ၏ ခြံဝန်းပေါ်မှာ ထွက်ပေါ်လာသည်။ ၎င်းထံမှ ဖိအားသည် ဘေးပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံက မြည်ဟိန်းထွက်လာသည်။

ဤသည်ကို မြင်သောအခါ ချန်းယန်းဇီသည် သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့စိတ်ကို ဖိနှိပ်လိုက်သည်။ သူ၏ အမူအရာသည် ရှုံ့မဲ့သွားပြီး နှလုံးကွဲကြေသော အော်သံကို ထုတ်ဖော်လိုက်သည်။

“ ရွှီချင်း… ဖုန်းဟိုင်ဒေသငယ်က လူတစ်သောင်းကျော်ကို စစ်မြေပြင်ကနေ လွတ်မြောက်သွားအောင် စီစဉ်ခဲ့တဲ့လူက ငါပဲ… သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့ ဝိညာဉ်အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့တယ်… တကယ်လို့ ငါသေသွားရင် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ချက်ချင်း ဖျက်ဆီးခံရလိမ့်မယ် ”

“ မင်းက ဝိညာဉ်အမှတ်အသားကို ဖြေလွှတ်နိုင်တယ်ဆိုရင်တောင် အချိန်ယူရလိမ့်မယ်… တကယ်လို့ မင်းက ငါ့ကို ချိပ်ပိတ်မယ်ဆိုရင် ငါ့ရဲ့ ဝိညာဉ်ကို ကိုယ့်ဘာသာ ဖောက်ခွဲပစ်လိုက်မယ်… ငါ့ဝိညာဉ် ဖျက်ဆီးခံလိုက်ရတာနဲ့ သူတို့အားလုံး ငါနဲ့အတူ လိုက်သေရလိမ့်မယ် ”

“ ငါ့ကို သွားခွင့်ပေး… အဲ့ဒါမှ အမှတ်အသားကို ဖြေလွှတ်ဖို့ မင်းမှာ အချိန်ရလိမ့်မယ်… ငါ့ရဲ့အသက်က ဖုန်းဟိုင်ဒေသငယ်က ကျင့်ကြံသူတစ်သောင်းရဲ့ အသက်တွေနဲ့ လဲလှယ်ဖို့ ထိုက်တန်ပါတယ် ”

ချန်းယန်းဇီသည် အမှန်တကယ် သတိကြီးသူဖြစ်ပြီး အလွန်ဉာဏ်များသည်။ သူက ဤအခြေအနေသို့ ကျရောက်နေသည့်တိုင်အောင် သူ့ဆီမှာ အရံအစီအစဉ်တစ်ခု ရှိသေးပေသည်။ ယခု သူက ထိုသို့ပြောလိုက်သည့်အခါ ဘိုးဘေးရွှယ်လျန်ဇီနှင့် တခြားလူများ၏ ခြေလှမ်းသည် ချက်ချင်း ရပ်တန့်သွားကြသည်။

ငှက်ကြီးချင်းချင်းသည်ပင် ချန်းယန်းဇီကို သတ်ဖြတ်နေရင်း ထိုဝိညာဉ်အမှတ်အသားကို ဖယ်ရှားရန် ယုံကြည်မှု မရှိပေ။ ၎င်းက ဧရာမငှက်တစ်ကောင်သာ ဖြစ်သည်။ ချိပ်တံဆိပ်ကို ဖယ်ရှားခြင်းသည် ၎င်း၏ ကျွမ်းကျင်မှုမဟုတ်ပေ။

ဤသည်မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ အမူအရာသည် ပုံမှန်အတိုင်း ရှိနေဆဲပင်။ သူက အသက်ရှင်အတွက် ရုန်းကန်နေသော ချန်းယန်းဇီကို အာရုံမထားပေ။ ယင်းအစား သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်သို့ ကြည့်လိုက်သည်။

တခြားလူများ မလုပ်ဆောင်နိုင်သောအရာများကို အဖိုးကိုးက အလွယ်တကူ ဖြေရှင်းပေးနိုင်လောက်သည်။ ရွှီချင်းက အဖိုးကိုးကို အကူအညီတောင်းရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး အဖိုးကိုး၏ အသံက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သို့သော်လည်း တစ်ဖက်လူ၏ စကားများက ရွှီချင်း၏ အမူအရာကို ချက်ချင်း ထူးဆန်းသွားစေသည်။

သူက ဆံပင်ဖိုသီဖတ်သီဖြင့် ဆက်တိုက် အနောက်ဆုတ်သွားနေသော ချန်းယန်ဇီကို စိုက်ကြည့်လိုက်သည်။ သူက အဖိုးကိုး၏ စကားအတိုင်း လိုက်နာရန် ရွေးချယ်လိုက်သည်။

သို့ဖြစ်၍ သူက တည်ငြိမ်စွာ ပြောသည်။

“ ရိုက်စမ်း ”

ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။ လျှပ်စီးသည် ကောင်းကင်ယံမှာ တဝင်းဝင်း လင်းလက်သွားပြီး လောကကြီးသည် စတင်ဝေဝါးလာသည်။

ကြီးမားသော အင်အားတစ်ခုသည် ရုတ်တရက် သက်ဆင်းလာပြီး အဆောက်အဦးများကို တုန်လှုပ်သွားစေသည်။ လူတိုင်းသည် ထိတ်လန့်သွားကြသည်။ ချန်းယန်းဇီ၏ တစ်ကိုယ်လုံးသည် ပိုပြီးပြင်းထန်စွာ တုန်ယင်လာပြီး သူ၏ အသိစိတ်က ပြိုကွဲသွားတော့မည့်ဟန် ရသည်။

ဤသည်မှာ ရွှီချင်း၏ အသံက လောက၏ ဥပဒေသများနှင့် နိယာမများဖြစ်သည့်အလားပင်။ ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဥပဒေသများက ပေါ်လျှိုးလာသည်။ ထိုအင်အား ဆင်းသက်လာသည်နှင့်ချက်ချင်း ယင်းက သဏ္ဍာန်မဲ့လက်ဝါးတစ်ခုသို့ ပြောင်းလဲသွားပြီး ချန်းယန်းဇီ၏ မျက်နှာပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။

ဗုန်းဟူသော မြည်သံနှင့်အတူ ချန်းယန်းဇီသည် ပိုပြီးနာကျင်စွာ အော်ဟစ်လိုက်ရပြီး လွင့်စင်သွားသည်။ သူ၏ ညာဘက်မျက်နှာသည် အသားပြားအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤအခိုက်အတန့်မှာ ချန်းယန်းဇီက မည်မျှပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရကြောင်း ဘေးမှ ကြည့်နေသော လူများပင် အာရုံခံနိုင်ကြသည်။

သူက သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်သံကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူ၏ အသိစိတ်သည် ဟာလာဟင်းလင်းဖြစ်သွားသည်။ ဤသည်မှာ ဧရာမတောင်ကြီးတစ်တောင်က သူ၏ မျက်နှာကို အကြမ်းပတမ်း ဝင်ဆောင့်သွားသည့်အလားပင်။

သူက မခုခံနိုင်သလို မရှောင်ရှားနိုင်ပေ။ သူက မတုံ့ပြန်နိုင်ခင်မှာ ရွှီချင်း၏ စကားသံက ထပ်မံမြည်ဟိန်းထွက်လာသည်။

“ နောက်တစ်ချက် ”

ဥပဒေသများက ထပ်မံဆင်းသက်လာပြီး ပေါက်ကွဲထွက်လာသည်။ ချန်းယန်းဇီ၏ အော်သံသည် ညည်းတွားသံကို ပြောင်းလဲသွားသည်။ သူ၏ ဘယ်ဘက်ပါးသည် ကြီးမားသော အင်အားဖြင့် ထပ်မံဆောင့်မိသွားသည်။ ဤတစ်ကြိမ်မှာ သူ၏ ဦးခေါင်းသည်ပင် လည်ပင်းမှ ပြုတ်ထွက်လုနီးပါး ဖြစ်သွားသည်။ သူက လူရုပ်မပေါ်တော့ပေ။

သူ၏ ခန္ဓာကိုယ်သည် အနောက်မှ ရိုက်ထုတ်ခံလိုက်ရပြီး ရွှီချင်း၏ အရှေ့သို့ ပြုတ်ကျသွားသည်။

သွေးသည် သူ၏ ပါးစပ်နှင့် လည်ပင်းမှ ဒလဟော စီးကျလာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒြပ်ထည်ဖြစ်‌ပေါ်နေသော ရွှေကျီးကန်းသည် အလွန်ဆိုးဝါးသော အသွင်ပုံစံဖြင့် စတင်အက်ကွဲသွားသည်။

“ ဥပဒေသတွေကို ဒီလိုပုံစံမျိုးနဲ့ အသုံးပြုနိုင်တယ်… မင်း မင်း မင်း… မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ ”

ချန်းယန်းဇီသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ရုန်းကန်လိုက်ပြီး အားအင်ချည့်နဲ့စွာ ပြောသည်။ သူ၏ အမူအရာမှာ ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ စိတ်ထဲမှာ ကြောက်ရွံ့မှုတစ်ခုတည်းသာ ရှိတော့သည်။ ယခု သူတွေ့ကြုံနေရသော အရာက အာရုဏ်ဦးနေမင်းအကြောင်းကို သူကြားခဲ့စဉ်ကထက် ပိုပြီးထိတ်လန့်စရာကောင်းသည်။

အဘယ့်ကြောင့်ဆိုသော် နိယာမများ၊ ဥပဒေသများနှင့် လောက၏ စိတ်ဆန္ဒကို တစ်စုံတစ်ယောက်၏ ဆန္ဒအတိုင်း စေခိုင်းနိုင်ခြင်းသည် ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက် စွမ်းဆောင်နိုင်သောအရာ မဟုတ်ပေ။

“ ဒူးထောက်စမ်း ”

ရွှီချင်းက ချန်းယန်ဇီ၏ မေးခွန်းကို ပြန်မဖြေဘဲ တည်ငြိမ်စွာ ပြောသည်။

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ချန်းယန်းဇီသည် ထပ်မံအော်ဟစ်ညည်းတွားလိုက်သည်။ သူ၏ ခြေထောက်နှစ်ချောင်းသည် လုံးဝ ယိုယွင်းပျက်စီးသွားသည်။ သို့သော်လည်း ယင်းတို့က ပျောက်ကွယ်မသွားပေ။ ယင်းအစား ထပ်မံစုဝေးသွားပြီး အသစ်ပြန်လည်ထွက်ပေါ်လာသည်။ သို့သော်လည်း အသစ်ထွက်ပေါ်လာသော ခြေထောက်သည် ကွေးညွတ်နေသည်။

သူက ခြေထောက်ကို မဆန့်တန်းနိုင်သောကြောင့် ဒူးထောက်ရုံသာ တတ်စွမ်းသည်။

“ ဝိညာဉ်စုစည်းခြင်းအဆင့်… ”

ချန်းယန်းဇီ၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အသနားခံသော အကြည့် ပထမဆုံးအကြိမ် ထွက်ပေါ်လာသည်။

“ ဂျူနီယာညီမလေး… တစ်ချိန်တုန်းက ငါတို့က ဂိုဏ်းတစ်ခုတည်းနဲ့ ဆရာတစ်ယောက်တည်းရဲ့ တပည့်ဖြစ်ခဲ့ဖူးတာကို ထောက်ထားပြီး ငါ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ ”

နတ်မိမယ်ကျစ်ရွှမ်းသည် နှုတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။

ချန်းယန်းဇီသည် စိတ်ပျက်အားလျော့သွားသည်။ ထို့နောက် သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှုထွက်ပေါ်လာပြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရန် ကြိုးစားလိုက်သည်။

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ လွင့်ပြယ်စေ ”

သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောကသည် တုန်လှုပ်သွားသည်။ သူ၏ စိတ်ဆန္ဒသည် ကြီးမားသော လက်တစ်ဖက်သို့ ပြောင်းလဲသွားပြီး ချန်းယန်းဇီ၏ ခန္ဓာကိုယ်ကို ညင်သာစွာ ဆွဲကိုင်လိုက်သည်။ ချန်းယန်းဇီသည် သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က စတင်အက်ကွဲသွားပြီး အကန့်အသတ်မဲ့သော ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်သွားသည်။

ဤအခိုက်အတန့်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားက လွင့်ပြယ်သွားသည်။

သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်သာ ကျန်ရှိတော့သည်။

“ အသွေးအသားနဲ့ ခန္ဓာကိုယ်က ဖယောင်းတိုင်အဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်က မီးစာအဖြစ် ပြောင်းလဲသွားစေ ”

ရွှီချင်းက ထပ်မံပြောသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ချန်းယန်းဇီ၏ ခန္ဓာကိုယ်သည် အကျည်းတန်စွာ ပုံပျက်တွန့်လိမ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် လူးလွန့်သွားပြီး အကြမ်းပတမ်း ဖျစ်ညှစ်ခံလိုက်ရသည်။ အဆုံးမှာတော့ သူက အသွေးအသားဖယောင်းတိုင်တစ်တိုင်သို့ ပြောင်းလဲသွားသည်။

ဖယောင်းတိုင်က မီးတောက်လာသည့်အခါ သူ၏ ဝိညာဉ်က မီးစာဖြစ်လာပြီး အဆက်မပြတ် လောင်ကျွမ်းသွားသည်။

ဖယောင်းတိုင်းက လောင်ကျွမ်းနေစဉ် လူသားအသံမဟုတ်သော အော်ဟစ်ညည်းတွားသံများက အဆက်မပြတ် မြည်ဟိန်းထွက်လာသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ဖယောင်းတိုင်ကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သူက နတ်မိမယ်ကျစ်ရွှမ်းဆီသို့ လျှောက်သွားပြီး သူ၏ လက်ထဲမှ ဖယောင်းတိုင်ကို ကမ်းပေးလိုက်သည်။

“ အဲ့ဒါက မင်းအတွက် သေးငယ်တဲ့ လက်ဆောင်ပါ ”

ရွှီချင်းသည် စကားမပြောမီ တစ်ခဏကြာ တုံ့ဆိုင်းနေခဲ့သည်။

နတ်မိမယ်ကျစ်ရွှမ်းသည် ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်းက ထိုသို့လုပ်ဆောင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ရွှီချင်းအပေါ် သူ၏ နားလည်မှုအရဆိုလျှင် တစ်ဖက်လူသည် ထိုသို့လုပ်ဆောင်တတ်သူ မဟုတ်ပေ။ ဤအခိုက်အတန့်မှာ ထူးဆန်းသော ခံစားမှုတစ်ခုက နတ်မိမယ်ကျစ်ရွှမ်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သူက ဖယောင်းတိုင်ကို ယူဆောင်လိုက်သည့်အခါ သူ၏ မျက်လုံးသည် ဝင်းလင်းတောက်ပသွားသည်။

သူက ထိုဖယောင်းတိုင်ကို သူ၏ လှိုင်ဂူအပြင်ဘက်မှ မီးအိမ်ထဲမှာ ထားရှိပြီး အမြဲမပြတ် လောင်ကျွမ်းစေမည် ဖြစ်သည်။

အဓိကခန်းမသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဖယောင်းတိုင်ထဲမှ အော်ဟစ်ညည်းတွားသံများသာ ဆက်လက် ပဲ့တင်ထပ်နေသည်။

ဘိုးဘေးရွှယ်လျန်ဇီ၏ မျက်လုံးထဲမှာ ချီးမွမ်းမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ မြေးတပည့်ကို ကြည့်နေစဉ် သူ၏ နှလုံးသားထဲမှာ တစ်ခါမှမဖြစ်ပေါ်ဖူးသော ချီးမွမ်းမှုကို ခံစားမိသွားသည်။ ရွှီချင်းကဲ့သို့ သွေးအေးသော လူက အချစ်ရေးအချစ်ရာကို စတင်နားလည်လာပြီဟု သူခံစားမိသည်။ ယင်းက အတိတ်တုန်းက သူ၏ ငယ်ဘဝအချိန်များကို ပြန်လည်အမှတ်ရသွားစေသည်။

လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

အဖိုးကိုး၏ အေးစက်စက် စကားသံက သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်လာသည်။

“ တချို့ရန်သူတွေကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်ရတယ် ”

“ ဒါပေမဲ့ ကိုယ့်ရဲ့ မိန်းကလေးတွေကို ထိပါးစော်ကားလာတဲ့ ရန်သူတွေဆိုရင်တော့ တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်တာက ပေါ့လျော့လွန်းတယ်... အဲ့ဒါက စိတ်ကျေနပ်စရာမကောင်းဘူး ”

“ ဒါကြောင့် မင်းက သူ့ကို ဖြည်းဖြည်းချင်း ညှဉ်းဆဲပြီး ဒုက္ခိတဖြစ်အောင် လုပ်ရမယ်… ပြီးသွားရင် သူ့ကို လက်ဆောင်အဖြစ် ပြောင်းလဲရမယ် ”

“ အဲ့ဒါက မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို လှုပ်ရှားစေနိုင်မယ့် နည်းလမ်းတစ်ခုပဲ… ဒီအဖိုးကြီးက အဲ့ဒီကိစ္စကို ကိုယ်တွေ့ကြုံဖူးတယ်… အတိတ်တုန်းကဆိုရင် ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး လူအများအပြားကို ငါကူညီပေးဖူးတယ် ”

ရွှီချင်း၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ထွက်ပေါ်လာသည်။ ဤသည်မှာ အဖိုးကိုးက စကားအများကြီး ပြောခြင်းကို ပထမဆုံးအကြိမ် သူကြားဖူးခြင်းဖြစ်သည်။ အဖိုးကိုးကဲ့သို့ အေးတိအေးစက် အကျင့်စရိုက်ရှိသော လူက ထိုကဲ့သို့ အတွေ့အကြုံများပြားလိမ့်မည်ဟု သူမထင်မှတ်ထားပေ။

သို့ဖြစ်၍ သူက ခေါင်းညိတ်ရုံသာ တတ်စွမ်းသည်။ သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်း၏ မျက်လုံးက ဝင်းလက်တောက်ပနေကြောင်း သူသတိထားမိသွားသောအခါ အဖိုးကိုး၏ အကြံပေးမှုက မှန်ကန်နိုင်ကြောင်း ရွှီချင်း ခံစားမိသွားသည်။

သို့သော်လည်း မည်သည့်ရန်သူကိုမဆို တစ်ချက်တည်းနှင့် အပြတ်ရှင်းပစ်သင့်သည်ဟု သူခံစားမိဆဲပင်။ အချိန်နည်းနည်းလေးမှ မနှောင့်နှေးသင့်ပေ။

“ ဒီတစ်ခေါက်ပဲ ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

All Chapters