အဆင့်မြင့်သွားသော စီးတော်ယဉ်
Vol. 73 Ch. 1136
ချန်းယန်းဇီက ဖယောင်းတိုင်အဖြစ်သို့ ပြောင်းလဲသွားပြီး သတ္တမမင်းသားက ပုန်းအောင်းသွားပြီးနောက် ဖုန်းဟိုင်ဒေသငယ်၏ ကပ်ဘေးသည် ယာယီပျောက်ကွယ်သွားသည်။
ဖုန်းဟိုင်ဒေသငယ်၏ ပုန်ကန်မှုသည်လည်း မြန်ဆန်စွာ အဆုံးသတ်သွားသည်။
အကြောင်းအရင်းမှာ သတ္တမသခင်ကြီးက ပုန်ကန်မှုကို မြန်ဆန်စွာ ဖိနှိပ်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း အဓိကအကြောင်းအရင်းမှာ ကောင်းကင်လေပြည်ထောင်၏ နန်းမြို့တော်က အာရုဏ်ဦးနေမင်းကြောင့် အမြစ်ဖြတ်သုတ်သင်ခံလိုက်ပြီဟူသော သတင်းက သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ မြန်ဆန်စွာ ပျံ့နှံ့သွားသောကြောင့် ဖြစ်သည်။
တားမြစ်ပင်လယ်မှ မျိုးနွယ်ခြားများသည် ဤသတင်းကို ကြားပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဖုန်းဟိုင်ဒေသငယ်ပေါ်သို့ သူတို့၏ ကြောက်ရွံ့ရိုသေမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
မည်သည့်မျိုးနွယ်မဆို အဆိုးအမြင်ဝါဒတချို့ ပိုင်ဆိုင်ထားကြသည်။
အာရုဏ်ဦးနေမင်းသည် ထိုအဆိုးအမြင်ဝါဒများကို ချေဖျက်တိုက်ထုတ်ရာတွင် အထူးအသုံးဝင်သည်။
၎င်း၏ ခြိမ်းခြောက်မှုသည် မည်သည့်လှည့်ကွက်မဆို ဖျက်ဆီးပစ်နိုင်ပြီး နှလုံးသားများကို တုန်လှုပ်စေနိုင်သည်။ အထူးသဖြင့် ၎င်းကို ပစ်လွှတ်လိုက်သည့်အခါ သေကြေပျက်စီးမှုသည် ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။
ဖုန်းဟိုင်ဒေသငယ်က အာရုဏ်ဦးနေမင်းကို မည်သို့ဖန်တီးနိုင်ကြောင်း မည်သူမှ မသိပေ။ ထို့ပြင် သူတို့မှာ နောက်ထပ်အာရုဏ်ဦးနေမင်း ရှိသေးသလား မည်သူမှ မသိပေ။
သို့သော်လည်း မည်သူမှ အလောင်းအစား မလုပ်ဝံ့ကြချေ။
အဘယ့်ကြောင့်ဆိုသော် အာရုဏ်ဦးနေမင်းကို ပထမဆုံး ပစ်လွှတ်ပြီးနောက် အလောင်းအစား ပြုလုပ်ခဲ့သည့် ပထမဆုံး မျိုးနွယ်သည် ကောင်းကင်နက်မျိုးနွယ်ဖြစ်သည်။ သူတို့သည် အမြစ်ဖြတ်သုတ်သင်ခံရလုနီးပါး ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ကြရသည်။ တစ်ချိန်တည်းမှာ ယင်းက အလောင်းအစားလုပ်ချင်သော တခြားအင်အားစုများကို ခြိမ်းခြောက်သတိပေးခဲ့သည်။
ကောင်းကင်နက်မျိုးနွယ်သည်ပင် ကြောက်ရွံ့မှုကြောင့် အနောက်ဆုတ်သွားရသည်ဆိုလျှင် တခြားအင်အားစုများကိုတော့ ထည့်ပြောနေရန် မလိုအပ်ပေ။
သို့ဖြစ်၍ ချီယွဲ့ထုံဂိုဏ်းကို ဝိုင်းရံထားကြသော မျိုးနွယ်ခြားများသည် ချက်ချင်း အနောက်ဆုတ်သွားကြသည်။ သူတို့က ရိုသေလေးစားသော သဘောထားဖြင့် တောင်းပန်သည့် လက်ဆောင်ပဏ္ဍာများကို ပေးပို့လာကြပြီး အမုန်းတရားကို ဖြေရှင်းချင်ကြသည်။
သို့သော်လည်း ကိစ္စများကို အဘယ့်ကြောင့် ထိုသို့လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မည်နည်း။ စစ်ပွဲဟူသည်ကား စချင်သည့်အချိန် စတင်နိုင်ပြီး ရပ်ချင်သည့်အချိန် ရပ်တန့်နိုင်သောအရာ မဟုတ်ပေ။ ထို့ကြောင့် သတ္တမသခင်ကြီးသည် မျိုးနွယ်ခြားများဆီသို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး သူတို့နှင့် မမျှတသော သဘောတူညီမှုများကို ဆက်တိုက် ချုပ်ဆိုခဲ့သည်။
ယခုအချိန်မှစ၍ ထိုမျိုးနွယ်ခြားများ၏ အဆင့်အတန်းသည် အတိတ်တုန်းက ရေသူမျိုးနွယ်ထက်ပင် ပိုပြီးနိမ့်ကျသွားလိမ့်မည်။ သူတို့သည် ဖုန်းဟိုင်ဒေသငယ်၏ ကြီးကြပ်မှုအောက်မှာ နေထိုင်ရလိမ့်မည်။
ချက်ချင်းပင် ဖုန်းဟိုင်ဒေသငယ်၏ အင်အားသည် သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးမှာ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ရွှီချင်း၏ အမည်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ထိုထဲမှာ ဖုန်းဟိုင်ဒေသငယ်သာမက တားမြစ်ပင်လယ်၊ နန်းဟွမ်ကုန်းမြေနှင့် သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးလည်း ပါဝင်သည်။
သမိုင်းပညာရှင်အများအပြားသည် ဤအခိုက်အတန့်မှာ မိန်းမောတွေဝေသွားကြသည်။ ဤနေရာမှာ အတိတ်တုန်းက ထိုသို့တူညီသော အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့ဖူးသည့် ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်ဟု သူတို့ခံစားမိကြသည်။
ထိုခေတ်သည် ကျစ်လွီဆဲ့တိုင်းပြည်နှင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ပိုင်ဆိုင်ခဲ့သော ခေတ်ဖြစ်သည်။ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် လူသားဧကရာဇ်ကျင့်ယွင်နှင့် တန်းတူနာမည်ကျော်ကြားသူ ဖြစ်သည်။
ယခု နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် ဖုန်းဟိုင်ဒေသငယ်သည် တဖန်မြှောက်တတ်လာသည်။ ထို့အတူ ရွှီချင်းသည်လည်း မြှောက်တတ်လာသည်။
ရွှီချင်း၏ နာမည်မှာ ‘ ချင်း ’ဟူသော စကားလုံး ပါရှိသောကြောင့် ရွှီချင်းထံမှာ ကျစ်လွီဆဲ့တိုင်းပြည်၏ သွေးမျိုးစက် ရှိနိုင်သည်ဟု လူတချို့က ခန့်မှန်းကြသည်။
သို့သော်လည်း ယင်းက ခန့်မှန်းမှုတစ်ခုမျှသာ ဖြစ်သည်။
တစ်ချိန်တည်းမှာ အမတ်ယောင်သည် ခုန်းရှန်းလုံပါဝင်သော ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူတစ်သောင်းကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။
ထိုကျင့်ကြံသူများသည် မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းအခြေအနေများကို တွေ့ကြုံပြီးနောက် ပြန်ရောက်လာကြသည်။ သို့ဖြစ်၍ ရွှီချင်းသည် ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများကို ကိုယ်တိုင်ဦးဆောင်ပြီးနောက် သူတို့ကို မြို့အပြင်မှာ လက်ခံကြိုဆိုခဲ့သည်။
သူတို့ချင်း ပြန်လည်တွေ့ဆုံသွားသည့်အခါ စစ်တပ်ထဲမှ စိတ်လှုပ်ရှားသော အော်ဟစ်သံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
သူတို့အများစုသည် အိမ်ပြန်ရာလမ်း၌ သေဆုံးသွားလိမ့်မည်ဟု တွေးထင်ထားကြသည်။ သူတို့က ဖုန်းဟိုင်ဒေသငယ်သို့ နောက်တစ်ကြိမ် ပြန်လာနိုင်ရန် မဖြစ်နိုင်တော့ကြောင်း ခံစားမိကြသည်။
ယခု သူတို့က ဒေသငယ်မြို့တော်ကို ပြန်မြင်လိုက်ရသောအခါ လူတချို့သည် မျက်ရည်ဝဲသွားကြသည်။
ရွှီချင်းသည် သူတို့ကို ကြည့်ပြီးနောက် နှလုံးလှုပ်ခတ်သွားသည်။ ထိုထဲမှ လူအများအပြားကို သူရင်းနှီးသည်။ သူတို့ထဲမှ တချို့သည် သူ၏ မိတ်ဆွေများနှင့် ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။
တစ်ယောက်သည် ခုန်းရှန်းလုံဖြစ်သည်။
ခုန်းရှန်းလုံ၏ ဒဏ်ရာများသည် မသေးငယ်ပေ။ သူ၏ အသွင်ပုံစံသည် လွန်ခဲ့သော နှစ်များထက်စာလျှင် ပိုပြီးညှိုးနွမ်းလာကြောင်း ထင်ရှားသည်။ သူ၏ အမူအကျင့်သည်လည်း လုံးဝပြောင်းလဲသွားသည်။
အတိတ်တုန်းက ချုပ်ထိန်းထားသော အမူအကျင့်က ပျောက်ကွယ်သွားသည်။ ယင်းနေရာမှာ တည်ကြည်လေးနက်မှုက အစားထိုးဝင်ရောက်လာပြီး ယင်းက သူ၏ တစ်ခုတည်းသော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့ကို ကြည့်နေရင်း ရွှီချင်းသည် ယခင်ရုံးတော်သခင်၏ ပုံရိပ်ကို ဝေဝေဝါးဝါး ပြန်မြင်လာသည်။
ခုန်းရှန်းလုံ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း တိုးမြှင့်သွားသည်။ ဖုန်းဟိုင်ဒေသငယ်၏ ယခင် နံပါတ်တစ် ကောင်းကင်အရွေးချယ်ခံဖြစ်သော သူ့အနေဖြင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး တာအိုပျိုးထောင်ခြင်းအဆင့်သို့ ခြေလှမ်းဝက် ဝင်ရောက်နေပြီ ဖြစ်သည်။
သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် ရွှီချင်းပြီးနောက် ဒုတိယဖြစ်သည်။ သို့ဖြစ်၍ ဤနှစ်များတွင် သူက အလုပ်ကြိုးစားခဲ့ပြီး အခွင့်အရေးတချို့ကို ရရှိခဲ့ကြောင်း ထင်ရှားပေသည်။
ဤအခိုက်အတန့်မှာ သူက လူအုပ်ကြီး၏ အရှေ့မှာ ရှိနေပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ သေးငယ်သော လှိုင်းဂယက်တချို့ ထွက်ပေါ်လာသည်။ သူက ရွှီချင်းဆီသို့ လျှောက်သွားသည်။
ရွှီချင်းသည်လည်း အရှေ့သို့ ထွက်လာသည်။ ဖုန်းဟိုင်ဒေသငယ်၏ ကြိုဆိုသံများနှင့်အတူ လူတိုင်း၏ အကြည့်နှင့် စိတ်လှုပ်ရှားမှုအောက်မှာ ရွှီချင်းနှင့် ခုန်းရှန်းလုံသည် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကြသည်။
ထို့နောက် ခုန်းရှန်းလုံသည် အနောက်သို့ ခြေသုံးလှမ်းဆုတ်သွားပြီး မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ချလိုက်သည်။ သူက ဓားကိုင်တစ်ယောက်၏ အရိုအသေပေးသော ပုံစံကို ပြုလုပ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။
“ နှုတ်ဆက်ပါတယ်… ဒေသအကြီးအကဲ ”
သူ၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ သူ့အနောက်မှ ကျင့်ကြံသူတစ်သောင်းပါဝင်သော စစ်တပ်သည် သူ့နည်းတူ ဒူးထောက်လိုက်ကြသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထိုလူများကို ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
“ အိမ်ကနေ ပြန်လည်ကြိုဆိုပါတယ် ”
အော်ဟစ်ချီးမြှောက်သံများသည် ကောင်းကင်အထိ မြှောက်တတ်သွားသည်။
ဤအခိုက်အတန့်မှာ ဖုန်းဟိုင်ဒေသငယ်ထဲမှ လူတိုင်းသည် စည်းလုံးညီညွတ်ကြသည်။
ခုန်းရှန်းလုံတို့အဖွဲ့ ပြန်ရောက်လာပြီး ခုနစ်ရက်အကြာမှာ ရွှီချင်းသည် ကျန်းစန်းထံမှ သတင်းရရှိလာသည်။ သူ၏ မဟာအတောင်ပံကို ဆောက်လုပ်ပြီးပြီ ဖြစ်သည်။
မဟာအတောင်ပံကို ဆောက်လုပ်ခြင်းသည် ကျန်းစန်းတစ်ယောက်တည်း လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်တုန်းက သူက မြို့တော်ထဲမှ ထွက်ခွာသွားပြီး ချီယွဲ့ထုံဂိုဏ်းဆီသို့ သွားရောက်ခဲ့သည်။ သူက ချီယွဲ့ထုံဂိုဏ်းမှ အကြီးအကဲများကို ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ကျွန်းပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ချီယွဲ့ထုံဂိုဏ်းမှ တားမြစ်ဓမ္မရတနာ၏ အကူအညီနှင့်အတူ သူက ရွှီချင်းအတွက် မဟာအတောင်ပံကို ဆောက်လုပ်ပေးနိုင်ခဲ့သည်။
မဟာမိတ်ခေါင်းဆောင်၏ အကြံအစည်နှင့် တားမြစ်ပင်လယ်ထဲမှ မျိုးနွယ်ခြားများ၏ ကျူးကျော်ဝင်ရောက်လာမှုကြောင့် အလှည့်အပြောင်းတချို့ ရှိလာခဲ့သော်လည်း အလုံးစုံခြုံကြည့်လျှင် မဟာအတောင်ပံ၏ ဆောက်လုပ်မှုသည် အတော်လေး အဆင်ပြေချောမွေ့သည်။
ယခု ဆောက်လုပ်မှု ပြီးဆုံးသွားသည့်အခါ ရွှီချင်းက စွမ်းအင်အရင်းအမြစ်ကို ထည့်သွင်းပေးရန်သာ ကျန်ရှိတော့သည်။
ထိုသတင်းကို ကြားပြီးနောက် မျှော်လင့်မှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
သူစတင်ကျင့်ကြံသည့်အချိန်မှစ၍ သူ၏ ဘေးမှာ ရှိနေခဲ့သော ထိုဓမ္မလှေငယ်သည် ရွှီချင်းနှင့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိသည်။ မည်သို့ဖြစ်ပါစေ အတိတ်တွင် ရွှီချင်းသည် ဓမ္မလှေငယ်ထဲမှာ နေ့စဉ် နေထိုင်ခဲ့ပြီး အသက်အန္တရာယ်ဖြင့် သူကြုံတွေ့သည့်အခါတိုင်း ၎င်းက သူ့ကို ထပ်ခါထပ်ခါ ကူညီပေးခဲ့သည်။
သို့ဖြစ်၍ ရွှီချင်းသည် ဒေသငယ်မြို့တော်ထဲမှ ချက်ချင်း ထွက်သွားသည်။ သူက ငှက်ကြီးချင်းချင်း၏ လည်ပင်းပေါ်မှာ ထိုင်လျက် ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ကျွန်းပေါ်သို့ အမြန်သွားသည်။
ငှက်ကြီးချင်းချင်းသည် ရွှီချင်းနှင့်အတူ ခရီးထွက်ရသောကြောင့် အလွန်ပျော်ရွှင်နေသည်။ ၎င်းက လမ်းတစ်လျှောက်မှာ အော်မြည်သံများကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ၎င်းက စကားပြောနေသည့်အလားပင်။
ရွှီချင်းသည်လည်း ခံစားချက်ကောင်းမွန်နေသည်။ ရံဖန်ရံခါ သူက ပြုံးလိုက်ပြီး ငှက်ကြီးချင်းချင်းနှင့် ပျော်ရွှင်စွာ စကားပြောသည်။ ထို့ပြင် ငှက်ကြီးချင်းချင်း၏ ခန္ဓာကိုယ်သည် မကြာခဏဆိုသလို အလင်းရောင်တောက်ပလာသည်။ ထိုသို့ဖြစ်သည့်အခါတိုင်း ရွှီချင်းက အတူပူးပေါင်းပြီး သက်တံ့အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ငှက်ကြီးချင်းချင်းသည် ပိုပြီးပျော်ရွှင်သွားသည်။
တစ်ရက်အတွင်းမှာ သူတို့က ဖုန်းဟိုင်ဒေသငယ်၏ ကုန်းမြေကို ဖြတ်ကျော်သွားသည်။ သူတို့က တစ္ဆေအင်ပါယာတောင်ကုန်းကို ဖြတ်ကျော်သွားသည့်အခါ ရွှီချင်းက ၎င်းကို ကောင်းကင်ပေါ်မှ လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
သူ၏ တတိယစီနီယာအကိုက ထိုနေရာမှာ ကျင့်ကြံနေကြောင်း သူသိသည်။ သို့သော်လည်း ယခု သူကြည့်လိုက်သည့်အခါ တစ်ဖက်လူကို မမြင်ခဲ့ပေ။
ယခု သူသည် ယခင်တုန်းက ကျင့်ကြံသူမဟုတ်တော့ပေ။ သို့ဖြစ်၍ မဟာလောကနှစ်ခုကို ထမ်းပိုးထားနိုင်သော ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မည်မျှကြောက်စရာကောင်းကြောင်း သူသိသည်။
အိမ်ရှေ့စံမင်းသားမှာပင် မဟာလောကတစ်ခုသာ ရှိသည်။ မင်းသမီးမင်မိန်နှင့် အဖိုးကိုးမှာသာ မဟာလောကနှစ်ခု ရှိသည်။
တစ္ဆေအင်ပါယာသည်တော့ ၎င်းက အဖိုးကိုးကဲ့သို့ တိုက်ခိုက်ရေးပိုင်းတွင် ထူးချွန်သူဖြစ်ကြောင်း ရှင်းလင်းသည်။
တိုက်ခိုက်ရေးထူးချွန်သော ဗဟာလောကနှစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ပွဲစွမ်းအားသည် ပိုပြီးကြောက်စရာကောင်းသည်။
“ သူ့မှာ မဟာလောကနှစ်ခုတည်းရှိတာ မဟုတ်ဘူး ”
ရွှီချင်းက တစ္ဆေအင်ပါယာတောင်ကုန်းကို စိုက်ကြည့်နေစဉ် အဖိုးကိုး၏ အေးစက်စက် စကားသံကို ကြားလိုက်ရသည်။
“ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တခြားမဟာလောကသုံးခုရဲ့ သဲလွန်စတွေ ကျန်ရှိနေတယ်… သူ့ရဲ့ ဝိညာဉ်က ဖျက်ဆီးခံလိုက်ရတာ စိတ်မကောင်းစရာပဲ… သူ့ရဲ့ အထွတ်အထိပ်အခြေအနေမှာဆိုရင် သူက မဟာလောကငါးခုကို ပိုင်ဆိုင်ထားတဲ့ အစွမ်းထက် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ပဲ ”
“ ဒီပုဂ္ဂိုလ်က ငါ့ခေတ်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး… သူက နောက်ပိုင်းမျိုးဆက်တွေကနေ ဆင်းသက်လာတာ ဖြစ်မယ်… ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းက မှင်သက်ဖွယ်ကောင်းတယ် ”
အဖိုးကိုး၏ အေးစက်စက် စကားသံထဲမှာ စိတ်ခံစားချက် တစ်စွန်းတစ်စ ပါရှိသည်။ သူက ဆက်ပြောသည်။
“ သူ့ကို သတ်ခဲ့တဲ့လူက နတ်ဘုရားတစ်ပါးမဟုတ်ဘူး… အုပ်ချုပ်သူတစ်ပါးပဲ… ရွှီချင်း… မင်းက သူ့ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းကို အမွေအနှစ်ရရှိခဲ့တယ်… အနာဂတ်မှာ မင်းက တခြားဒေသကြီးရဲ့ ကမ္မတချို့ကို ဆွဲဆောင်မိလောက်တယ် ”
“ ဒါပေမဲ့ မင်းက ကမ္မကို မခံစားရခင်မှာ သူ့ရဲ့ ဝိညာဉ်တွေက အဲ့ဒီကပ်ဘေးကို အရင်ဆုံး ခံစားရလိမ့်မယ်… ဒါကြောင့် မင်းမှတ်ထားရမှာက တကယ်လို့ သူ့ရဲ့ ဝိညာဉ်တစ်ခု သေဆုံးသွားပြီဆိုတာနဲ့ လပူဇော်ဒေသကြီးဆီ ချက်ချင်း ပြန်လာဖို့ သတိရပါ ”
ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက တစ္ဆေအင်ပါယာတောင်ကုန်းကို ကြည့်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။
ငှက်ကြီးချင်းချင်းသည် ထိုကိစ္စကို လုံးဝသတိမထားမိပေ။ ၎င်းက ရွှီချင်းကို တစ္ဆေအင်ပါယာတောင်ကုန်းနှင့် ဝေးရာသို့ ခေါ်ဆောင်သွားသည်။ ၎င်းက ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ကျွန်းပေါ်သို့ မရောက်ခင်အထိ တားမြစ်ပင်လယ်ပေါ်မှာ ပျံသန်းခဲ့သည်။
အတိတ်တွင် ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ကျွန်းပေါ်မှ အထင်ရှားဆုံး ပစ္စည်းများသည် ဘိုးဘေးအလောင်းကောင်များ၏ ရုပ်တုများ ဖြစ်ကြသည်။ ထိုရုပ်တုများသည် အလွန်အမင်း ရှည်လျားပြီး ခမ်းနားထည်ဝါသည်။ ၎င်းတို့က ချီယွဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာအတွက် စွမ်းအင်အလုံအလောက် ထောက်ပံ့ပေးနိုင်ခဲ့သည်။
ထို့ပြင် လေထဲမှ သွေးနီရောင်ရှေးခေတ်ကြေးမုံလည်း ရှိသေးပေသည်။ ကြေးမုံပေါ်မှ မျက်လုံးကိုးလုံးသည် မှိတ်နေကြသည်။
ယခု ထိုအရာအားလုံးသည် ပိုပြီးကြီးကျယ်ခမ်းနားသော ပစ္စည်းတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
၎င်းက အလွန်အမင်း ကြီးမားသော စက်လုံးတစ်လုံးဖြစ်ပြီး ကျွန်း၏ တစ်ဝက်နီးပါးခန့် အရွယ်အစားကြီးမားသည်။
၎င်း၏ အရောင်သည် ခရမ်းရောင်ဖြစ်ပြီး ထွန်းလင်းတောက်ပသည်။ အဝေးမှကြည့်လျှင် အလွန်ကြီးမားသော ခရမ်းရောင်စက်လုံးက ကျွန်းပေါ်မှာ တည်ရှိနေကြောင်း မြင်နိုင်လိမ့်မည်။ ဤသည်မှာ ကမ္ဘာမြေပြင်ပေါ်သို့ ပြုတ်ကျလာသော ခရမ်းရောင်နေလုံးတစ်လုံးနှင့် တူညီသည်။ ၎င်းက အဆုံးမဲ့သော အလင်းရောင်နှင့် သိပ်သည်းသော မီးတောက်မီးလျှံများကို ဘေးပတ်ဝန်းကျင်သို့ ထုတ်လွှတ်နေသည်။
အလွန်ပြင်းထန်သော အပူလှိုင်းသည် မုန်တိုင်းနှင့် ပေါင်းစပ်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
၎င်းက အစစ်အမှန် နေလုံးတစ်လုံးနှင့် တူညီသည်။
ချီယွဲ့ထုံဂိုဏ်းမှ ကျင့်ကြံသူထောင်သောင်းချီသည် ကျွန်းပေါ်မှာ လှုပ်ရှားသွားလာနေကြသည်။ သူတို့က ရွှီချင်း၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ရွှီချင်းက နေလုံးကို မြင်သွားသည့်အခိုက် တဒင်္ဂ မိန်းမောတွေဝေသွားပြီး သူ၏ အမူအရာက ထူးဆန်းလာသည်။ သူမျှော်လင့်ထားသကဲ့သို့ပင် အဝေးမှ ကျန်းစန်း၏ ဘေးတွင် ခေါင်းဆောင်၏ ပုံရိပ်ကို သူမြင်သွားသည်။
သူတို့နှစ်ယောက်သည် တစ်စုံတစ်ခု ပြောနေကြသည်။ ရွှီချင်းကို သတိထားမိသောအခါ ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး ရွှီချင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။
“ ချင်းလေး… ဘယ်လိုလဲ… ဒီမဟာအတောင်ပံကို မင်းစိတ်ကျေနပ်ရဲ့လား ”
ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
ရွှီချင်း၏ အကြည့်သည် ဧရာမခရမ်းရောင်နေလုံးဆီသို့ ကျရောက်သွားသည်။ တစ်ချိန်တုန်းက သူ၏ ခါးပေါ်မှာ ချည်နှောင်ခဲ့ဖူးသော ရှေးခေတ်နေလုံး၏ အငွေ့အသက်ကို ၎င်းထံမှ သူအာရုံခံမိသည်။
အတိတ်တွင် နီလာနတ်သမီးနှင့်တိုက်ပွဲမှာ ခေါင်းဆောင်သည် အာရုဏ်ဦးနေမင်းများကို အသုံးပြုခဲ့သော်လည်း ရှေးခေတ်နေလုံးကို အသုံးမပြုခဲ့ပေ။
ဘေးမှ ကျန်းစန်းသည် ခါးသီးစွာ ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ အစက ငါဒီဇိုင်းဆွဲထားတာ ဒီလိုပုံစံမျိုးမဟုတ်ဘူး… ဒါပေမဲ့ မင်းက နေလုံးကို အရမ်းသဘောကျတယ်ဆိုပြီး ခေါင်းဆောင်က တဖွဖွပြောတယ်… ပြီးတော့ သူက အဓိကအမြူတေအဖြစ် စက်လုံးကြီးတစ်ခုကိုတောင် ထုတ်လိုက်သေးတယ်… အဲ့ဒါက အာရုဏ်ဦးနေမင်းလို့ သူက ပြောတယ်… ”
“ အစက အဲ့ဒါကို ငါမယုံကြည်ခဲ့ဘူး… ဒါပေမဲ့ အခုတော့ ငါယုံကြည်သွားပြီ ”
ကျန်းစန်းသည် စကားပြောပြီးနောက် ခရမ်းရောင်နေလုံးထံသို့ လက်ညှိုးညွှန်လိုက်သည်။
“ အဲ့ဒါက အာရုဏ်ဦးနေမင်းပဲ ”
ရွှီချင်းသည် နှုတ်ဆိတ်နေသည်။
ခေါင်းဆောင်သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ အမူအရာမှာ ဘဝင်မြင့်မှုဖြင့် ပြည့်နှက်နေသည်။ သူက ရွှီချင်း၏ လည်ပင်းကို သိုင်းဖက်လိုက်ကာ ရယ်ရယ်မောမော ပြောသည်။
“ အနာဂတ်မှာ ငါတို့တွေ တစ်နေရာရာကို သွားတဲ့အခါ ဒီဟာကို စီးသွားမယ်… အဲ့ဒီအခါ ဘယ်သူက ငါတို့ကို ရန်စရဲမှာလဲ… ငါတို့က အာရုဏ်ဦးနေမင်းပေါ်မှာ ထိုင်နေတာနဲ့ မျိုးနွယ်စုတွေအားလုံးက ဖင်တုန်အောင် ကြောက်သွားကြလိမ့်မယ်… ဟား ဟား… ”
“ မင်းရဲ့ ဓမ္မလှေက အကြိမ်တိုင်း ပေါက်ကွဲသွားခဲ့တယ် မဟုတ်လား… အဲ့ဒါက ကိစ္စမရှိပါဘူး… ဒီတစ်ကြိမ်ကျရင် မင်းက အဲ့ဒါကို အေးဆေးဖောက်ခွဲပစ်နိုင်တယ်… ငါတို့ကို ရန်စရဲတဲ့လူရှိရင် ဒီဟာနဲ့ ဖောက်ခွဲပစ်လိုက်မယ် ”
“ ပြီးတော့ သန့်စင်ရေလှိုင်းဒေသကြီးထဲက မျိုးနွယ်စုတချို့က ငါတို့မှာ ဒုတိယအာရုဏ်ဦးနေမင်း မရှိလောက်ဘူးလို့ တွေးနေကြတယ်လို့ ငါကြားတယ်… အခု ဘယ်ကောင်က အဲ့လိုတွေးရဲလဲ… သူတို့ရဲ့ တံခါးရှေ့မှာ ဒီအာရုဏ်ဦးနေမင်းကို ငါပစ်ချလိုက်မယ် ”
ရွှီချင်းသည် တစ်စုံတစ်ခု ပြောချင်သောကြောင့် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ မပြောနိုင်ပေ။ အာရုဏ်ဦးနေမင်းပေါ်မှာ ထိုင်စီးခြင်းသည် အလွန်ကြီးကျယ်ခမ်းနားသည်ဟု သူခံစားမိသော်လည်း ယင်းက အလွန်အန္တရာယ်များသည်။ မတော်၍ ၎င်းက သူ့ဘာသာ ပေါက်ကွဲသွားလျှင်…
ထို့ပြင် ၎င်းက သူစိတ်ကူးထားသော မဟာအတောင်ပံနှင့် လုံးဝခြားနားနေသည်။ ဤသည်မှာ ဗုံးတစ်လုံးဖြစ်သည်။
သို့သော်လည်း ၎င်း၏ ခြိမ်းခြောက်နိုင်စွမ်းသည် အလွန်အံ့ဖွယ်ကောင်းသည်။
ဘေးမှ ငှက်ကြီးချင်းချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အော်မြည်သံတစ်သံကို ထုတ်ဖော်လိုက်သည်။ ရွှီချင်းသည် ငှက်ကြီးချင်းချင်းပြောသော စကားကို နားလည်သည်။ ထိုပစ္စည်းက အလွန်အန္တရာယ်များကြောင်း ၎င်းက သူ့ကို သတိပေးနေခြင်း ဖြစ်သည်။
“ ချင်းလေး… ဒီပစ္စည်းကို ငါက နာမည်တောင် ပေးပြီးပြီ… အဲ့ဒါကို ခရမ်းစက်လုံးလို့ ခေါ်တယ်… ဘယ်လိုလဲ နာမည်က မလန်းဘူးလား ”
“ အခု ငါတို့ရဲ့ ခရမ်းစက်လုံးက မင်းထည့်ပေးမယ့် စွမ်းအင်အရင်းအမြစ်ကို စောင့်ဆိုင်းနေတာ… မင်း ဘာကို ထည့်မှာလဲဆိုတာ ငါသိပါတယ်… ဟား ဟား… နီလာနတ်သမီးရဲ့ အသွေးအသားနဲ့ ပေါင်းစပ်ပြီးသွားရင် ဒီခရမ်းစက်လုံးက ဘယ်လောက် အားကောင်းလာမလဲဆိုတာ ငါမြင်ချင်နေပြီ ”
ခေါင်းဆောင်၏ မျက်လုံးသည် စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်လာသည်။ ဤသည်မှာ သူက ဒုက္ခရောက်မည်ကို လုံးဝမကြောက်သည့်အလားပင်။