← Chapters

ကိုယ့်ကျိုးအတွက်ကြောင့် မျက်ကန်းဖြစ်ခြင်း

Vol. 73 Ch. 1138

ကိုယ့်ကျိုးအတွက်ကြောင့် မျက်ကန်းဖြစ်ခြင်း

Vol. 73 Ch. 1138

တစ်ချိန်တည်းမှာ ညစ်ညမ်းသော တားမြစ်ပင်လယ်ပေါ်တွင် ဖုန်းဟိုင်ဒေသငယ်ဆီသို့ ခေါင်းဆောင်နှင့်အတူ ပြန်လာနေသော ရွှီချင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူက အဝေးသို့ လှမ်းမျှော်ကြည့်လိုက်စဉ် စိတ်ရှုပ်ထွေးမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

မသဲကွဲသော အသံတချို့က သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေဟန် ရသည်။ ထို့ပြင် ဝေဝါးသော မြင်ကွင်းတချို့က သူ၏ မျက်စိအရှေ့မှာ ပုံရိပ်ထင်ပေါ်လာသည်။

သို့သော်လည်း မြင်ကွင်းသည် မရှင်းလင်းပေ။ ဤသည်မှာ ရေကန်ထဲသို့ မှင်ရည်စက်တစ်စက် ကျဆင်းသွားသည့်အလား ရှုပ်ထွေးနေသည်။

ရွှီချင်း၏ ရပ်တန့်သွားမှုနှင့် သူ၏ မျက်နှာပေါ်မှ အမူအရာက ခေါင်းဆောင်ကို အံ့ဩသွားစေသည်။ သူက ရွှီချင်း၏ အကြည့်နောက်သို့လိုက်၍ အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူက မည်သည့်အရာကိုမှ မမြင်တွေ့ပေ။

သို့ဖြစ်၍ သူက စူးစမ်းလိုစွာ ပြောသည်။

“ ချင်းလေး… ဘာမှားလို့လဲ… မင်း ဘာကို ကြည့်နေတာလဲ ”

ရွှီချင်းက စကားပြန်မပြောပေ။ အသိစိတ်ကင်းမဲ့နေသော သူ၏ အမူအရာက ပိုပြီးထင်သာလာသည်။ ယင်းက သူ့ကို ခေါင်းဆောင်က နောက်တစ်ကြိမ် ထပ်မမေးခင်အထိ ကြာမြင့်ခဲ့သည်။ ထိုအခါမှသာ ရွှီချင်းက သတိပြန်ဝင်လာခဲ့သည်။ သူက ဝိညာဉ်နက်ဒေသကြီး၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောသည်။

“ တစ်စုံတစ်ယောက်က ငါ့ကို ဆင့်ခေါ်နေတယ်လို့ ခံစားမိတယ် ”

ရွှီချင်းက ရေရွတ်လိုက်သည်။

“ အစက မတည်ရှိဘူးလို့ ငါထင်ထားခဲ့တဲ့အရာကို သူတို့က ဆင့်ခေါ်နေကြတယ် ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

တစ်ချိန်တည်းမှာ ကောင်းကင်နက်မျိုးနွယ်၏ စစ်မြေပြင်ပေါ်တွင် ခရမ်းလဂြိုလ်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားမည့် ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ယင်းက လင်းထိန်နေသော မိုးကောင်းကင်ကို ချက်ချင်း မှေးမှိန်သွားစေသည်။

ဤအခိုက်အတန့်မှာ ကုန်းမြေနှင့် သက်ရှိအားလုံးသည် ခရမ်းရောင်အလင်း၏ လွှမ်းခြုံခံလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ထိုခရမ်းလဂြိုလ်ထံမှ ပေါ်ထွက်လာသည်။

ကောင်းကင်ပေါ်မှာ မြင်တွေ့နိုင်သော ဧရိယာအတော်များများကို ထိုခရမ်းလဂြိုလ်က ဖုံးလွှမ်းသွားသည်။ ၎င်းက အောက်သို့ ဆင်းသက်လာသည့်အခိုက် နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် လဂြိုလ်ပေါ်မှ ချိုင့်ခွက်များကိုပင် ရှင်းလင်းစွာ မြင်တွေ့သွားကြသည်။

ထိုခရမ်းလဂြိုလ်ပေါ်တွင် ထွန်းလင်းတောက်ပသော ဧရာမကျောက်တိုင်ကြီးတစ်ခု ရှိသည်။

နတ်ဘုရားအရှိန်အဝါသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး လောကကြီးကို ပုံပျက်တွန့်လိမ်စေကာ ဝေဝါးသွားစေသည်။ ဒြပ်နှောများသည် မြူခိုးအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာတိုင်းမှ ပေါ်လျှိုးလာသည်။ ထိုမြူခိုးထဲတွင် မရေမတွက်နိုင်သော ခရမ်းရောင်ပိုးကောင်များလည်း ရှိသည်။

၎င်းတို့က တစ်ခါတစ်ရံ အစစ်အမှန်ဖြစ်ပြီး တစ်ခါတစ်ရံ ပုံရိပ်ယောင်ဖြစ်သည်။ ၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်နှင့် မြေပြင်၏ အရောင်သည် ပြောင်းလဲသွားသည်။

စစ်မြေပြင်ပေါ်တွင် ဘုရင်ထျန်းလန်၏ လက်အောက်ငယ်သားများသည် နှလုံးတုန်သွားကြသည်။ သူတို့အားလုံးသည် အသက်ရှူမြန်လာကြပြီး သူတို့၏ ခန္ဓာကိုယ်က ထိုဖိအားအောက်မှာ တုန်ယင်လာကြသည်။

ကောင်းကင်နက်မျိုးနွယ်ဘက်တွင်တော့ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြသော ထိုနတ်ဆရာများသည် ရိုသေကိုင်းရှိုင်းသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ ဝတ်ပြုဆုတောင်းသံများသည်လည်း ပိုပြီး ကျယ်လောင်လာသည်။

ကောင်းကင်နက်မျိုးနွယ်မှ တခြားအဖွဲ့သားများသည်တော့ စိတ်လှုပ်ရှားသွားကြပြီး ကောင်းကင်ပေါ်မှ ခရမ်းလထံသို့ မျက်နှာမူ၍ ဒူးထောက်လိုက်ကြသည်။

ရှင်းလင်းစွာပင် ခရမ်းလ၏ ဆင်းသက်လာမှုက နတ်ဘုရားသည် သူတို့အပေါ် လက်မလျော့ခဲ့ကြောင်း ဖော်ပြနေသည်။ နတ်ဘုရားသည် သူတို့ဘက်မှာ ရှိနေသေးပေသည်။

ယင်းက လေထဲမှာ ရှိနေသော ဘုရင်ထျန်းလန်ဆီသို့ ထိတ်လန့်ဖွယ်ကောင်းသော မိုးကြိုးသွားတစ်စင်းနှယ် ပစ်ခွင်းသွားသည်။

ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် နတ်ဘုရားတစ်ပါးက မည်မျှကြောက်စရာကောင်းကြောင်း သူသိသည်။ သူ၏ တိုက်ပွဲစွမ်းအားဖြင့် နတ်ဘုရားတစ်ပါးကို ယှဉ်ပြိုင်ရန် လုံးဝ အခွင့်အရေးမရှိပေ။

“ ယီးပဲ… ဘာတွေဖြစ်ကုန်တာလဲ ”

“ နီလာနတ်သမီး နိုးထလာတာလား… မဟုတ်ဘူး… စောစောက ဝတ်ပြုဆုတောင်းသူတွေ ပြောသွားတာက နီလာနတ်သမီးမဟုတ်ဘူး… ခရမ်းအရှင်သခင်ပဲ ”

“ ဒီခရမ်းအရှင်သခင်ကို တစ်ခါမှ ငါမကြားဖူးဘူး… သူက နီလာနတ်သမီးကနေ အသွင်ပြောင်းလဲသွားတာလား… ဒါမှမဟုတ် ဘယ်သူမှ မသိကြတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးလား ”

ဘုရင်ထျန်းလန်သည် နှလုံးတုန်သွားသည်။ ထိုခရမ်းလဂြိုလ်က အစစ်အမှန်ဖြစ်ကြောင်း သူအာရုံခံနိုင်သည်။ ၎င်း၏ ဖိအား၊ အရှိန်အဝါနှင့် ဘေးပတ်ဝန်းကျင်ရှိ မြူခိုးထဲမှ ခရမ်းရောင်ပိုးကောင်များ အစရှိသော အရာအားလုံးသည် အစစ်အမှန် ဖြစ်သည်။

ဤသည်မှာ နတ်ဘုရားတစ်ပါး လုံးဝဆင်းသက်လာခြင်း ဖြစ်သည်။

စိတ်ခံစားချက်အားလုံးသည် မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားပြီး သူ၏ နှလုံးသားထဲမှာ ပေါက်ကွဲထွက်လာသည်။

သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူက သူ့လက်အောက်ငယ်သားများ၏ ‌သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ပေ။ သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသော အတွေးသည် ဤနေရာမှ လွတ်မြောက်ရန် ဖြစ်သည်။

ခရမ်းအရှင်သခင်မထွက်ပေါ်လာခင် ဤနေရာမှ လွတ်မြောက်ရန် အကောင်းဆုံး သူကြိုးစားရလိမ့်မည်။

သို့မှသာ အသက်ရှင်ရန် သူ့မှာ အခွင့်အရေးတစ်ခု ရှိလိမ့်မည်။

ဘုရင်ထျန်းလန်သည် အံကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။

“ ပြန်ဆုတ်ကြ ”

ထိုသို့ပြောပြီးနောက် သူက ချက်ချင်း အနောက်လှည့်လိုက်ပြီး အမြန်ဆုံးအလျင်ဖြင့် အဝေးသို့ ပျံသန်းသွားသည်။

သူက ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူဖြစ်ပြီး ဤတစ်ကြိမ် ကောင်းကင်နက်မျိုးနွယ်နှင့် စစ်ပွဲမှာ ပါဝင်ခဲ့ကြသော ကောင်းကင်ဘုရင်(၁၈)ပါးထဲမှ တစ်ပါးအနေဖြင့် မသေချင်သေးပေ။

လူသားမျိုးနွယ်နှင့် ကောင်းကင်နက်မျိုးနွယ်ကြားမှ စစ်ပွဲကို ကောင်းမွန်စွာ သူသိသည်။ လူသားဧကရာဇ်သည် ကောင်းကင်နက်မျိုးနွယ်၏ အဓိကဒေသကြီးနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်တပ်ကို ဦးတည်ရာဆယ်ရှစ်ခုထံမှ စတင်ဝင်ရောက်စေခဲ့သည်။ ဦးတည်ရာတစ်ခုကို ကောင်းကင်ဘုရင်တစ်ပါးက ဦးဆောင်တာဝန်ယူရသည်။

သို့ဖြစ်၍ အကယ်၍ သူက ဤနေရာမှာ ကျရှုံးသွားမည်ဆိုလျှင်ပင် ယင်းက စစ်ပွဲ၏ အလုံးစုံအခြေအနေအပေါ် ကြီးကြီးမားမား သက်ရောက်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယင်းက သန့်စင်ရေလှိုင်းဒေသကြီးအပေါ် သတ္တမမင်းသား၏ အုပ်ချုပ်ခွင့်ကို အဟန့်အတားဖြစ်စေပြီး လူသားဧကရာဇ်အား သူပေးထားခဲ့သော ကတိကို တည်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ထိုအရာများက သူ၏ အသက်နှင့် နှိုင်းယှဉ်လျှင် အရေးမကြီးပေ။

လျှပ်တစ်ပြက်အတွင်း ဘုရင်ထျန်းလန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ခရမ်းလဂြိုလ်၏ ဖိအားက အဝေးထိတိုင် ဆက်လက် ပျံ့နှံ့သွားသည်။ သူ၏ ထွက်ခွာသွားမှုက မြေပြင်ပေါ်မှ လက်အောက်ငယ်သားများကို ခါးသီးမှုအား ခံစားမိသွားစေသည်။ သူတို့က အနောက်ဆုတ်ရန် ကြိုးစားလိုက်စဉ် စိတ်ပျက်အားလျော့မှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သို့သော်လည်း နတ်ဘုရားတစ်ပါး၏ ရှေ့မှောက်တွင် လွတ်မြောက်နိုင်သော ဖြစ်နိုင်ခြေက အလွန်နည်းပါးကြောင်း သူတို့ သိထားကြသည်။

ကောင်းကင်နက်မျိုးနွယ်သည်တော့ ဤအခြေအနေကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ရန် မကြိုးစားပေ။ ဝတ်ပြုဆုတောင်းခြင်းက အဆုံးသတ်သွားပြီးနောက် သူတို့က အမြန်အနောက်ဆုတ်သွားကြသည်။ ခရမ်းလဂြိုလ်၏ ဖိအားအောက်မှာ ကောင်းကင်နက်မျိုးနွယ်၏ စစ်တပ်သည် အန္တရာယ်အခြေအနေမှ ရုန်းထွက်နိုင်သွားပြီး အနောက်ဆုတ်နိုင်သွားသည်။

ထိုသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ကောင်းကင်နက်မျိုးနွယ်သည် စစ်မြေပြင်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ပြန်ဆုတ်ခွာနေကြသော ဘုရင်ထျန်းလန်၏ လက်အောက်ငယ်သားများသည် တဖြည်းဖြည်း သံသယဝင်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က နတ်ဘုရားထွက်ပေါ်လာခြင်းကို မမြင်သောကြောင့် ဖြစ်သည်။

အမှန်မှာ ကောင်းကင်ပေါ်မှ ခရမ်းလသည်ပင် စတင်မှေးမှိန်လာသည်။ ဘေးပတ်ဝန်းကျင်မှ ဝေဝါးမှုနှင့် ပုံပျက်တွန့်လိမ်မှုသည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားနေသည်။ ဒြပ်နှောများသည် အစစ်အမှန်မဟုတ်ဘဲ ပုံရိပ်ယောင်ဖြစ်ဟန် ရသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော အန္တရာယ်အရှိန်အဝါသည် အစောနက ထွက်ပေါ်လာခဲ့သော ဖိအားနှင့် အရှိန်အဝါထက် အများကြီး လျော့နည်းသွားသည်။

ဤသည်မှာ ၎င်းက ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်ဟန် တူသည်။

နောက်အခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ ခရမ်းလဂြိုလ်သည် လုံးဝပျောက်ကွယ်သွားသည်။ ထို့နောက် ကောင်းကင်နှင့် မြေပြင်ကြားမှ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်လာသည်။

မြေပြင်ပေါ်မှ ဘုရင်ထျန်းလန်၏ လက်အောက်ငယ်သားများသည် ဇဝေဇဝါဖြစ်သွားကြသည်။ မကြာမီ တစ်စုံတစ်ယောက်က သတိပြန်ဝင်သွားသည်။

သူတို့က လှည့်စားခံလိုက်ရခြင်း ဖြစ်သည်။

ယင်းက နတ်ဘုရားဆင်းသက်လာခြင်း မဟုတ်ပေ။ ယင်းက ပုံရိပ်ယောင်မန္တန်တစ်ခုနှင့် ပိုပြီးဆင်တူသည်။

ထိုသို့နားလည်သွားခြင်းက လူတိုင်းကို နှလုံးလှုပ်ခါသွားစေသည်။ မကြာမီ သက်တံ့တစ်စင်းသည် ကောင်းကင်ပေါ်သို့ တစ်ဟုန်းထိုး ပျံသန်းလာသည်။ ဘုရင်ထျန်းလန် ပြန်ရောက်လာခြင်း ဖြစ်သည်။

သူ၏ အမူအရာသည် အရုပ်ဆိုးနေပြီး မည်းမှောင်နေသည်။ သူ၏ မျက်လုံးထဲမှာ ဒေါသဖြင့် ပြည့်နှက်နေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ နှလုံးသားထဲမှာ အလွန်အမင်း သိပ်သည်းလာပြီး ဆက်လက် တိုးပွားလာသည်။

အစောနက သူသည် ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ အဝေးသို့ သူလွတ်မြောက်သွားပြီးနောက် သတိပြန်ဝင်လာပြီး သံသယဖြစ်လာသည်။

သို့ဖြစ်၍ သူက စုံစမ်းစစ်ဆေးရန် ပြန်ရောက်လာစဉ် ခရမ်းလ၏ ပုံရိပ်က ပျောက်ကွယ်သွားကြောင်း မျက်မြင်တွေ့လိုက်ရသည်။

ယင်းက သူအလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း နားလည်သွားစေသည်။

ဤအခိုက်အတန့်မှာ သူ၏ ဒေါသသည် အတားအဆီးမဲ့စွာ ထွက်ပေါ်လာပြီး အဝေးသို့ စူးစိုက်ကြည့်နေသော သူ၏ မျက်လုံးက နီရဲလာသည်။

ထိုဦးတည်ရာသည် ကောင်းကင်နက်မျိုးနွယ်၏ စစ်တပ်နှင့် နတ်ဆရာ(၁၇)ယောက် ထွက်ပြေးလွတ်မြောက်သွားသော နေရာဖြစ်သည်။

အကယ်၍ သူ၏ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့်သာ မဟုတ်လျှင် ထိုကောင်းကင်နက်စစ်တပ်သည် ယခုအချိန်မှာ သူ့စစ်တပ်၏ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ အထူးသဖြင့် အထဲမှ နတ်ဆရာ(၁၇)ယောက်သည် သူ၏ အဓိကရည်ရွယ်ချက် ဖြစ်သည်။

သူတို့သည်လည်း သတ်ဖြတ်ခြင်းခံရလိမ့်မည်။

ထို့နောက် စစ်ပွဲသည် အောင်မြင်မှုနှင့်အတူ အဆုံးသတ်သွားလိမ့်မည်။

ထိုအခါကျလျှင် လူသားဧကရာဇ်အား သူပေးထားခဲ့သော ကတိကို တည်နိုင်လိမ့်မည်ဖြစ်ပြီး သတ္တမမင်းသားကို သန့်စင်ရေလှိုင်းဒေသကြီးအား အပြည့်အဝ အုပ်ချုပ်ခွင့်ရစေလိမ့်မည်။

ထို့နောက် သူက နန်းမြို့တော်ဆီသို့ ကြီးကျယ်ခမ်းနားစွာ ပြန်သွားနိုင်လိမ့်မည်။

သို့သော်လည်း ယခုတော့ မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာသည်။

လူတိုင်း၏ အကြည့်အောက်မှာ သူက ကောင်းကင်နက်မျိုးနွယ်ကြောင့် ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရသည်။

ယင်းက စော်ကားခြင်း၊ အကြီးအကျယ် စော်ကားခြင်း ဖြစ်သည်။

ထိုသို့တွေးမိသောအခါ သူ၏ ဒေါသသည် ကောင်းကင်အထိ ပျံတတ်သွားသည်။ တစ်ဖက်တွင် သူ၏ ဒေါသက စောစောက သူ၏ ကြောက်ရွှံ့စိတ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်းက သူ၏ ဂုဏ်သိက္ခာ နင်းခြေဖျက်ဆီးခံလိုက်ရသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ဘုရင်ထျန်းလန်သည် မြေပြင်ပေါ်မှ စစ်တပ်ကို အမိန့်တစ်ခု ချက်ချင်း ထုတ်ပြန်လိုက်သည်။

“ အားလုံး ငါ့အမိန့်ကို နားထောင်ကြ… ကောင်းကင်နက်မျိုးနွယ်က အကြွင်းအကျန်တွေနောက်ကို လိုက်သွားပြီး တစ်ယောက်မကျန် အကုန်သတ်ပစ်ကြ ”

သူ၏ အသံသည် စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သို့သော်လည်း သူ၏ လက်အောက်ငယ်သားများသည် ယခင်ကဲ့သို့ ရိုသေလေးစားခြင်း မရှိကြပေ။ ဘုရင်ထျန်းလန်၏ တစ်ကိုယ်ကောင်းဆန်စွာ ထွက်ပြေးသွားခြင်းကို စောစောက သူတို့မြင်တွေ့ခဲ့ကြသည်။ ထို့ကြောင့် စိတ်ခံစားချက်မျိုးစုံက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ဝိညာဉ်စုစည်းခြင်းဟူသော ကြီးမြတ်မှုကြောင့် သူတို့သည် အမိန့်နာခံရုံမှလွဲ၍ တခြားရွေးချယ်စရာမရှိပေ။

ထိုအခိုက်အတန့်မှာ အင်မော်တယ်အတတ်ပညာကို ထိန်းချုပ်တာဝန်ယူထားရသော လက်ထောက်စစ်ဗိုလ်ချုပ်တစ်ဦးသည် လေထဲသို့ ပျံတတ်သွားပြီး ဘုရင်ထျန်းလန်၏ အရှေ့သို့ ရောက်ရှိသွားသည်။

“ ကောင်းကင်ဘုရင်… အင်မော်တယ်အတတ်ပညာ ဖြန့်ကြက်နိုင်တဲ့ အတိုင်းအတာက အဲ့လောက်အဝေးကြီးအထိ မရောက်နိုင်ပါဘူး… အဲ့ဒီအတွက် အချိန်တချို့ လိုအပ်ပါတယ်… အခုနေ ငါတို့က အလောတကြီး ဝင်ရောက်သွားမယ်ဆိုရင်… ”

ဘုရင်ထျန်းလန်၏ အမူအရာသည် အေးစက်သွားပြီး သူ့အရှေ့မှ လက်ထောက်စစ်ဗိုလ်ချုပ်ကို ကြည့်လိုက်သည်။

“ မင်းက ငါ့အမိန့်ကို ဖီဆန်တာလား ”

“ ကျွန်တော်မျိုး မလုပ်ရဲပါဘူး ”

လက်ထောက်စစ်ဗိုလ်ချုပ်သည် ခေါင်းငုံ့လိုက်သည်။

“ စစ်တပ်… အခုချက်ချင်း ထွက်ခွာမယ် ”

ဘုရင်ထျန်းလန်၏ အမူအရာသည် မည်းမှောင်နေပြီး သူ၏ အသံသည် ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်လာသည်။ စစ်တပ်သည် အရှေ့သို့ မြန်ဆန်စွာ ချီတတ်သွားကြပြီး ကောင်းကင်နက်မျိုးနွယ် ထွက်ပြေးသွားခဲ့သော ဦးတည်ရာဆီသို့ လိုက်သွားကြသည်။

ဘုရင်ထျန်းလန်သည် ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါဖြင့် အရှေ့မှာ မတ်တတ်ရပ်နေသည်။

သို့သော်လည်း ထိုလိုက်ဖမ်းမှုသည် မချောမွေ့ခဲ့ပေ။ ကောင်းကင်နက်မျိုးနွယ်၏ ထွက်ပြေးသွားသော နည်းလမ်းသည် တည်နေရာပြောင်းရွှေ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူတို့က တည်နေရာပြောင်းရွှေ့ခြင်းနှင့်ပတ်သက်သော သဲလွန်စများကို အမြဲတမ်း စစ်ဆေးရှာဖွေရလိမ့်မည်။

ထိုသို့ဖြင့် စစ်တပ်၏ စစ်ဆေးရှာဖွေမှုအောက်မှာ သုံးရက်ကြာမြင့်ပြီးနောက် ဘုရင်ထျန်းလန်၏ စစ်တပ်သည် ဝိညာဉ်နက်ဒေသကြီး၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားသည်။ ထိုနေရာတွင် အနက်ရောင်မြူခိုးဖြင့် ပြည့်နှက်နေပြီး ဘေးပတ်ဝန်းကျင်ကို ထူထဲစွာ လွှမ်းခြုံထားသည်။

လမ်းတစ်လျှောက်ရှိ သဲလွန်စများအရ ကောင်းကင်နက်မျိုးနွယ်၏ စစ်တပ်က ဤနေရာသို့ ဝင်ရောက်သွားကြောင်း ဖော်ပြနေသည်။ နတ်ဆရာ(၁၇)ယောက်သည် သူတို့ထဲမှာ ရှိသည်။

ဘုရင်ထျန်းလန်သည် နှုတ်ဆိတ်သွားသည်။ သို့သော်လည်း သူ၏ စိတ်အာရုံထဲမှာ တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများကို အမှန်တကယ် အာရုံခံမိသည်။ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။

မကြာမီ သူ၏ ပုံရိပ်နှင့် စစ်တပ်က မြေပြင်ပေါ်မှာ မုန်တိုင်းတစ်ခုကို အစပျိုးလိုက်ပြီး မြူခိုးထဲသို့ ခြေချလိုက်ကြသည်။

မြူခိုးသည် လှုပ်ရှားထကြွလာပြီး အရာအားလုံးကို ဝါးမျိုသွားသည်။

ခုနစ်ရက်ကြာပြီးနောက် ဝိညာဉ်နက်ဒေသကြီးထဲမှ မြူခိုးသည် ရုတ်တရက် အကြမ်းပတမ်း လှုပ်ရှားလာသည်။ ထို့နောက် နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မီးခိုးလုံးသည် ဧရာမမှိုပွင့်ကြီးတစ်ခုပမာ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့ပွားသွားသည်။

မြူခိုး၏ အစွန်အဖျားတွင် ဖရိုဖရဲပုံရိပ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူသည် ဘုရင်ထျန်းလန်ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် သူ၏ ပုံရိပ်မှာ မြူခိုးထဲသို့ မဝင်ရောက်စဉ်ကလို ကြီးကျယ်မြင့်မြတ်မှု မရှိတော့ပေ။ သူ၏ စစ်ချပ်ဝတ်သည် အက်ကွဲသွားသည်။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး ဒဏ်ရာများသည် အလွန်ဆိုးဝါးပြင်းထန်သည်။ သွေးသည် သူ၏ တစ်ကိုယ်လုံးမှ စီးကျနေသည်။

သူ၏ အနောက်မှ ထွက်ပြေးလာကြသော လက်အောက်ငယ်သားများသည်လည်း သူ့နည်းတူပင်။ သူတို့အားလုံးသည် အပြင်းအထန် ဒဏ်ရာရရှိထားကြပြီး သူတို့၏ အရှိန်အဝါက အားနည်းနေကြသည်။

လူအရေအတွက်သည်တော့ ယခင်ကရှိခဲ့သော အရေအတွက်၏ ဆယ်ပုံတစ်ပုံသာ ကျန်ရှိတော့သည်။

စစ်တပ်၏ (၉၀)ရာခိုင်နှုန်းသည် လွတ်မြောက်ရန် ကျရှုံးသွားခဲ့ကြသည်။

သူ၏ ဘေးပတ်ဝန်းကျင်မှ လက်အောက်ငယ်သားများကို ကြည့်နေရင်း ဘုရင်ထျန်းလန်သည် ခံပြင်းဒေါသထွက်ခြင်းကို ခံစားမိသွားသည်။ မြူခိုးထဲသို့ ဝင်ရောက်ပြီးနောက် သူတွေ့ကြုံခဲ့သော အရာကို ပြန်စဉ်းစားမိသွားသောအခါ သူ၏ နှလုံးသားသည် ဒေါသမီးကြောင့် တဟုန်းဟုန်း တောက်လောင်လာပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

‘ ကောင်းကင်နက်မျိုးနွယ်က အရင်ဆုံး နတ်ဘုရားဆင်းသက်ခြင်းအတုအယောင်နဲ့ ငါ့ကို ခြိမ်းခြောက်ပြီး မျက်နှာပျက်စေခဲ့တယ်… အခွင့်အရေးကောင်းကိုလည်း ဆုံးရှုံးစေခဲ့တယ်… ဒါကြောင့် ငါ့ရဲ့ ဒေါသက စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကျော်လွန်သွားပြီး အင်မော်တယ်အတတ်ပညာ မဖြန့်ကြက်နိုင်ခင် သူတို့နောက်ကို ငါလိုက်ဖမ်းခဲ့တယ် ’

‘ အင်မော်တယ်အတတ်ပညာရဲ့ သက်ရောက်မှုက ကောင်းကင်နက်မျိုးနွယ်ရဲ့ အဆင့်မြင့်ရတနာတွေရဲ့ ကိုယ့်ဘာသာ ဖောက်ခွဲမှုကို တားဆီးနိုင်တယ် ’

‘ ဒါပေမဲ့ သူတို့က ဒေသစစ်လက်နက်ရဲ့ အပိုင်းအစတစ်ခုကို ဒီနေရာမှာ ခင်းကျင်းထားပြီး ဖောက်ခွဲပစ်ခဲ့တယ် ’

ထိုသို့တွေးမိသောအခါ ဘုရင်ထျန်းလန်သည် နောင်တရသွားသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ ဒဏ်ရာများက အလွန်ဆိုးဝါးပြင်းထန်သည်။ ထို့ပြင် ကောင်းကင်နက်မျိုးနွယ်မှာ နောက်ထပ် အစီအစဉ်များ ကျန်ရှိနေဦးမည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် သူက အံကြိတ်လိုက်ပြီး ထွက်ခွာသွားသည်။

သူက သန့်စင်ရေလှိုင်းဒေသကြီး၏ နယ်စပ်သို့ ရောက်ရှိသွားပြီး မြို့စောင့်တပ်ဖြင့် တွေ့ဆုံပြီးသည့်တိုင် သူ၏ နှလုံးသားထဲမှ ဆန္ဒမရှိမှု၊ မုန်းတီးမှုနှင့် နောင်တရမှု အစရှိသော စိတ်ခံစားချက်များသည် အလွန်ပြင်းထန်နေဆဲပင်။ အရေးကြီးဆုံးမှာ ထိုကိစ္စနှင့်ပတ်သက်ပြီး လူသားဧကရာဇ်အား မည်သို့ဖြေရှင်းချက်ပေးရမည်ကို သူမစဉ်းစားနိုင်ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်မှာ သတ္တမမင်းသားက မြို့စောင့်တပ်ဆီသို့ ပေးပို့ထားသော သတင်းအချက်အလက် ကျောက်စိမ်းပြားများကို သူရရှိသွားသည်။

ပထမဆုံးသတင်းမှာ တပ်မှူးချုပ်ဦးဆောင်သည့် စစ်သည်တော်တစ်သောင်းပါဝင်သော စစ်တပ်က ဖုန်းဟိုင်ဒေသငယ်မှာ အဆက်အသွယ်ပြတ်သွားခြင်း ဖြစ်သည်။ ထို့ပြင် ဖုန်းဟိုင်ဒေသငယ်သည် စစ်သည်တော်များ ထောက်ပံ့ပေးရန် ငြင်းဆန်ခဲ့သည်။

ဒုတိယသတင်းမှာ ဖုန်းဟိုင်ဒေသငယ်၌ အာရုဏ်ဦးနေမင်းရှိကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။ သတ္တမမင်းသား၏ ဌာနချုပ်သည် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး သူကိုယ်တိုင်လည်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ထိုကျောက်စိမ်းပြားနှစ်ခုကို ကြည့်နေရင်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ဘုရင်ထျန်းလန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ လူသားဧကရာဇ်အား သူ၏ ရှုံးနိမ့်မှုနှင့်ပတ်သက်ပြီး လျှောက်တင်ရန် အကြောင်းပြချက်တစ်ခုကို သူရှာတွေ့သွားသည်။

အကြောင်းအရင်းမှာ ဖုန်းဟိုင်ဒေသငယ်က စစ်ကူမစေလွှတ်ပေးသောကြောင့် အင်မော်တယ်အတတ်ပညာက စွမ်းအင်မလုံလောက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်အတတ်ပညာက ဒေသကြီး၏ အနက်ပိုင်းထဲထိ ဖြန့်ကြက်ရန် အချိန်မရခဲ့ခြင်းဖြစ်ပြီး ယင်းက သူ့အား ခက်ခဲသော အခြေအနေသို့ရောက်အောင် တွန်းပို့ခဲ့သည်။

သို့ဖြစ်၍ သူတို့က ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပေသည်။

All Chapters