← Chapters

သံမဏိနံရံကို ကန်မိခြင်း

Vol. 73 Ch. 1139

သံမဏိနံရံကို ကန်မိခြင်း

Vol. 73 Ch. 1139

“ ဖုန်းဟိုင်ဒေသငယ် ”

ဘုရင်ထျန်းလန်သည် သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို အောက်ချလိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ သူ့အစီအစဉ်၏ အောင်မြင်နိုင်ခြေကို တွက်ချက်လိုက်သည်။

တစ်ခဏကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်သည်။ အေးစက်စက် အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာဘက်သို့ ကြည့်လိုက်သည်။

သူ၏ ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် အကြောင်းပြချက်တစ်ခု သူလိုအပ်သည်။ တစ်ချိန်တည်းမှာ သူက လူသားဧကရာဇ်ကို သင့်လျော်သော လျှောက်တင်မှုတစ်ခု ပေးရလိမ့်မည်။

အကြောင်းပြချက်များသည် ပြီးပြည့်စုံရန် မလိုအပ်ပေ။ မည်သို့ဖြစ်ပါစေ ပြစ်ချက်အနည်းပါးဆုံး ရှင်းပြချက်သည်ပင် လူသားဧကရာဇ်၏ စစ်ဆေးစုံစမ်းခြင်းခံရလိမ့်မည်။ သို့သော်လည်း ယင်းက အရေးမကြီးပေ။ ကောင်းကင်ဘုရင်တစ်ပါးအနေနှင့် ကိုယ်တိုင် ရှင်းပြချက်ပေးခြင်းသည် အတိုင်းအတာတစ်ခုထိဆိုရလျှင် ယင်းက သူ၏ သဘောထားကို ဖော်ပြခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ သဘောထားကို လူသားဧကရာဇ်ထံသို့ ပေးပို့ရမည်။

ထို့ပြင် လူသားဧကရာဇ် အဓိကတန်ဖိုးထားသည်မှာ စစ်ပွဲ၏ အောင်မြင်မှုရလဒ်ဖြစ်သည်။ သို့ဖြစ်၍ သူ၏ ဆုံးရှုံးမှုကို ပြန်လည်အဖက်ဆည်နိုင်ပြီး ဖရိုဖဲကိစ္စများကို ပြန်လည်ငြိမ်သက်အောင် ပြုလုပ်နိုင်မည်ဆိုလျှင် ထိုပြဿနာကို ပြဿနာဟု ဆိုနိုင်တော့မည် မဟုတ်ချေ။

ယခု အရေးကြီးဆုံးကိစ္စသည်…

“ ဖုန်းဟိုင်ဒေသငယ်မှာ အာရုဏ်ဦးနေမင်းရှိတယ် ”

“ ဒါပေမဲ့ အဲ့ဒါရဲ့ အစွမ်းက တကယ့် အာရုဏ်ဦးနေမင်းလောက် မပြင်းထန်ဘူး… ဒါပေမဲ့ ဘာပဲပြောပြော အဲ့ဒါက အပေါ်ယံပဲ ရှိသေးတယ်… တကယ်တော့ သူတို့ဆီမှာ တခြားဝှက်ဖဲကတ်တွေ ရှိနေနိုင်သေးတယ် ”

ဘုရင်ထျန်းလန်သည် ခေါင်းငုံ့လိုက်ပြီး သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ အေးစက်မှုက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ စစ်ပွဲကျရှုံးရတာ ဖုန်းဟိုင်ဒေသငယ်က စစ်ကူစေလွှတ်ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့်ပဲ… သူတို့က အာရုဏ်ဦးနေမင်းကို ကိုယ်တိုင်ထုတ်လုပ်နိုင်တယ်… အဲ့ဒါက ပိုပြီးကြီးမားတဲ့ ရာဇဝတ်မှုပဲ ”

“ ဒါကြောင့် ဖုန်းဟိုင်ဒေသငယ်ဆီသွားပြီး အာရုဏ်နေမင်းကို သိမ်းပိုက်လုယူမယ်… ပြီးသွားရင် ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်ပွဲကို နောက်တစ်ကြိမ် ပြန်စတင်မယ်… အဲ့ဒါက တစ်ခုတည်းသော ရွေးချယ်စရာပဲ ”

ထိုသို့တွေးပြီးနောက် ဘုရင်ထျန်းလန်သည် တုံ့ဆိုင်းမနေတော့ပေ။ သူက စစ်တပ်ကို သန့်စင်ရေလှိုင်းဒေသကြီးထဲသို့ ဝင်ရောက်ပြီး ဖုန်းဟိုင်ဒေသငယ်ဆီသို့ ဦးတည်သွားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ဖုန်းဟိုင်ဒေသငယ်က ကျန်ရှိသော အာရုဏ်ဦးနေမင်းများကို ဖောက်ခွဲပစ်ပြီး သူနှင့်အတူ သေဆုံးရန် ရွေးချယ်နိုင်သေးသည်ကိုတော့ ဘုရင်ထျန်းလန်က ထည့်သွင်းစဉ်းစားထားခဲ့သည်။

သို့သော်လည်း ထိုသို့ဖြစ်နိုင်ခြေက အလွန်နည်းပါးသည်ဟု သူခံစားမိသည်။ ဖုန်းဟိုင်ဒေသငယ်ကို အမြစ်ဖြတ်သုတ်သင်သည့် အခြေအနေမျိုးထိ ရောက်အောင် သူက ဖိအားမပေးသရွေ့ အဆင်ပြေလိမ့်မည်။ ထို့ကြောင့် သူက ဖုန်းဟိုင်ဒေသငယ်ကို ဖိအားတချို့ ပေးပြီး အာရုဏ်ဦးနေမင်းကို ကိုယ်တိုင်ထုတ်လုပ်သည့် ရာဇဝတ်မှုမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မည်။ ထို့ပြင် ဖုန်းဟိုင်ဒေသငယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုအဖြစ် သူက အသိအမှတ်ပြုဦးလိမ့်မည်။

သို့ဆိုလျှင် ဖုန်းဟိုင်ဒေသငယ်သည် သေချာပေါက် ခေါင်းငုံ့ရလိမ့်မည်။

ဖုန်းဟိုင်ဒေသငယ်က လူသားမျိုးနွယ်ကို သစ္စာဖောက်ရန် ဆန္ဒမရှိသရွေ့ ပြဿနာမရှိနိုင်ပေ။

နောက်ဆက်တွဲ ရလဒ်များသည်တော့ ယင်းတို့က သူနှင့်မသက်ဆိုင်တော့ပေ။

“ ဒါပေမဲ့ ငါက အလုံအလောက် ဖိအားပေးရလိမ့်မယ် ”

ထိုသို့ဖြင့် ဘုရင်ထျန်းလန်ဦးဆောင်သော စစ်တပ်သည် ဖုန်းဟိုင်ဒေသငယ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

စစ်တပ်ထဲမှ အစွမ်းထက် စစ်သည်တော်ဆယ်သန်းသည် သူနှင့်အတူ ရွေ့လျားသွားကြသည်။ စစ်တပ်၏ အင်အားသည် အလွန်အံ့ဖွယ်ကောင်းပြီး ၎င်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ဟန် ထင်ရ၏။ စစ်တပ်ထဲတွင် အလံတိုင်များကို လေထဲသို့ မြှောက်တင်ထားကြပြီး စစ်တပ်ကို တပ်ဖွဲ့ဆယ်ဖွဲ့ကျော် ခွဲခြားထားသည်။ တစ်ဖွဲ့တစ်ခုစီတွင် ကိုယ်ပိုင်ထူးခြားသော ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားကြသည်။

တချို့သည် ငှက်ကြီးများကို စီးနင်းထားကြပြီး တချို့သည် သန္ဓေပြောင်းသားရဲများပေါ်မှာ ထိုင်နေကြသည်။ တချို့သည်တော့ တိမ်ပျံများပေါ်မှာ ရပ်နေကြသည်။

အနောက်ဘက်တွင် အရေအတွက်များပြားသော မျိုးနွယ်ခြားစစ်တပ်တစ်ခု ရှိသည်။ သူတို့ထဲတွင် ပေပေါင်းတစ်ထောင်ကျော် ရှည်လျားကြသော လူ့ဘီလူးများ ရှိကြသည်။ ၎င်းတို့သည် ထူထဲသော စစ်ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး ၎င်းတို့၏ ခြေလှမ်းများက မြေပြင်ကို တုန်ခါသွားစေသည်။

အရှေ့ဆုံးတွင် ပေပေါင်းတစ်သိန်းရှည်လျားသော အနက်ရောင်နဂါးတစ်ကောင် ရှိသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်သည် ကြီးကျယ်မြင့်မြတ်သော ခံစားမှုကို ပေးသည်။ ၎င်းသည် တိမ်တိုက်များနှင့် မြူခိုးကြားထဲမှာ ရွေ့လျားပျံသန်းနေပြီး အံ့ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ပုဂ္ဂိုလ်တစ်ယောက်သည် အနက်ရောင်နဂါး၏ ဦးခေါင်းပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။ ထိုပုဂ္ဂိုလ်သည် ဘုရင်ထျန်းလန်မှလွဲ၍ တခြားလူမဟုတ်ပေ။ သူက မျက်လုံးမှိတ်ထားသည်။ သူ၏ အမူအရာသည် အေးစက်နေပြီး ဂုဏ်သိက္ခာ ကြီးမြတ်မှုဖြင့် ပြည့်နှက်နေသည်။

စစ်တပ်ဖြတ်သန်းသွားသည့်နေရာတိုင်း လေနှင့် တိမ်တိုက်များက ရွေ့လျားသွားကြပြီး လောကသည် တုန်လှုပ်လာသည်။ သူတို့က သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီး၏ ပိုင်နက်ကို ဖြတ်သန်းသွားကြပြီး ယခင် ကောင်းကင်လေပြည်ထောင်၏ အပျက်အစီးနယ်မြေသို့ ရောက်ရှိသွားကြသည်။ ထိုနေရာသို့ ရောက်ရှိသွားသည့်အခါ စစ်တပ်သည် ရပ်တန့်သွားသည်။

အနက်ရောင်နဂါးပေါ်မှ ဘုရင်ထျန်းလန်သည် မျက်လုံးဖွင့်လိုက်ပြီး အပျက်အစီးနယ်မြေကို စိုက်ကြည့်လိုက်သည်။ တစ်ခဏကြာ စစ်ဆေးကြည့်ပြီးနောက် သူက အတွေးနက်သွားသည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး စစ်တပ်က အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။

ယင်းက ဖုန်းဟိုင်ဒေသငယ်၏ နယ်စပ်နှင့် အတိတ်တုန်းက သတ္တမမင်းသားထံမှ ပြန်လည်ရရှိခဲ့သော ပြည်နယ်သုံးခုထံသို့ မရောက်ခင်အထိ ကြာမြင့်ခဲ့သည်။

ပြည်နယ်သုံးခုထဲမှ သက်ရှိအားလုံးသည် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သေမျိုးများသော်လည်းကောင်း ကျင့်ကြံသူများသော်လည်းကောင်း သူတို့အားလုံးက တုန်ယင်နေကြသည်။

အနက်ရောင်စစ်တပ်အစုအဝေးသည် ကမ္ဘာတုန်ဟီးစေမည့် အရှိန်အဝါနှင့်အတူ ကောင်းကင်ကို ဖြတ်သန်းသွားကြသည်။ ယင်းက မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး မြေပြင်ပေါ်သို့ ရိုက်ခတ်သွားကာ ၎င်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော တောင်တန်းများနှင့် မြေကြီးများကို ပြိုကျပျက်စီးသွားစေသည်။

ပြည်နယ်သုံးခုမှ စည်းချအစီအရင်များသည် ချက်ချင်း ပျက်စီးသွားကြသည်။ ၎င်းတို့၏ လမ်းကြောင်းရှေ့မှာရှိသော အင်အားစုများနှင့် မျိုးနွယ်စုများသည် ဖိနှိပ်ခံလိုက်ရကြသည်။

ပြည်နယ်သုံးခုထဲမှာ တည်ရှိကြသော ဓားကိုင်ရုံးတော်ခွဲများသည်ပင် ဖိနှိပ်ခံလိုက်ရကြသည်။

လွှမ်းမိုးဖိနှိပ်ခြင်း၊ အစွမ်းကြီးမားခြင်း၊ ပြိုင်ဘက်ကင်းခြင်း…

အစရှိသော စကားလုံးများသည် ကောင်းကင်နှင့် မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေသော စစ်တပ်ကို အပြည့်အဝ အဓိပ္ပာယ်ဖော်ဆောင်ပေးနိုင်သည်။ မုန်တိုင်းသည် တဖြည်းဖြည်း ကြီးမားလာပြီး ဖုန်းဟိုင်ဒေသငယ်၏ ဒေသငယ်မြို့တော်ဆီသို့ ချဉ်းကပ်လာသည်။

ချက်ချင်းပင် ဖုန်းဟိုင်ဒေသငယ်သည် အန္တရာယ်အခြေအနေသို့ ကျရောက်သွားသည်။

ဒေသငယ်မြို့တော်သည် ထုံးစံအားဖြင့် ထိုသတင်းကို ရရှိထားသည်။ ထို့ကြောင့် ဘုရင်ထျန်းလန်၏ ရောက်ရှိလာမှုကို သူတို့က အလွန်အံ့ဩခြင်းမရှိပေ။ တပ်မှူးချုပ်၏ ဖိနှိပ်ခံရပြီးနောက် တစ်နေ့ကျလျှင် ထိုသို့ဖြစ်လာလိမ့်မည်ကို ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများက သိရှိထားပြီးသား ဖြစ်ကြသည်။

သို့ဖြစ်၍ သူတို့က ဤအတောအတွင်းမှာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြခြင်း ဖြစ်သည်။

သူတို့က သတင်းရရှိသွားသည်နှင့်ချက်ချင်း ဖုန်းဟိုင်ဒေသငယ်၏ တားမြစ်ဓမ္မရတနာသည် တခြားဂိုဏ်းတော်များမှ တားမြစ်ဓမ္မရတနာများနှင့်အတူ အသက်ဝင်လာကြသည်။ ယင်းတို့အားလုံးက ဒေသငယ်၏ တားမြစ်ဓမ္မရတနာဖြင့် ပေါင်းစည်းသွားပြီး ကီလိုမီတာ(၅၀)ကျယ်ဝန်းသော ပိုက်ကွန်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ရုံးတော်သုံးခုနှင့် ဂိုဏ်းတော်အသီးသီးမှ ကျင့်ကြံသူများလည်း ထွက်ပေါ်လာကြသည်။ သူတို့အားလုံးသည် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ စည်းချအစီအရင်အများအပြားသည် မြေပြင်ပေါ်မှာ လင်းလက်တောက်ပလာကြပြီး နတ်ဘုရားအတတ်ပညာများကို ဖွဲ့စည်းလိုက်ကြသည်။

အရေအတွက်များပြားသော ဓမ္မစစ်လက်နက်များသည်လည်း အသက်ဝင်လာကြသည်။ ယင်းတို့က အချိန်မရွေး ထုတ်လွှတ်ရန် အသင့်ဖြစ်နေကြသည်။

လူအများအပြား၏ ထိန်းချုပ်ခံထားရသော ရုပ်သေးရုပ်များလည်း ရှိသည်။ ၎င်းတို့က စွမ်းအင်ဖြင့် ပြည့်ဝနေကြပြီး စောင့်ဆိုင်းနေကြသည်။

လေထဲတွင် သတ္တမသခင်ကြီး၏ မဟာအတောင်ပံသည် အတောင်ပံတဖျပ်ဖျပ် လှုပ်ခတ်နေသည်။ ထို့အတူ ဂိုဏ်းတော်အသီးသီးမှ မှော်ယာဉ်ပျံများသည် လေထဲမှာ ပြည့်နှက်နေကြသည်။ ထို့ပြင် ကောင်းကင်ပေါ်မှာ အလွန်ကြီးမားသော ဧရာမနန်းတော်တစ်ခုလည်း ရှိသည်။ သတ္တမသခင်ကြီး၊ အမတ်ယောင်၊ ရုံးတော်သခင်သုံးပါးနှင့် ဂိုဏ်းတော်အသီးသီးမှ ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံအားလုံးက ထိုနန်းတော်ထဲမှာ စုဝေးနေကြသည်။ ရွှီချင်းနှင့် ခေါင်းဆောင်သည်လည်း သူတို့ထဲမှာ ရှိသည်။

သူတို့အားလုံးသည် အဝေးမှ ကောင်းကင်ဆီသို့ စိုက်ကြည့်နေကြသည်။

သန့်စင်ရေလှိုင်းဒေသကြီးထဲမှ အင်အားစုအားလုံးသည် ဤနေရာကို အာရုံစိုက်ထားကြသည်။

အကယ်၍ အတိတ်တုန်းကဆိုလျှင် ယနေ့ ဖုန်းဟိုင်ဒေသငယ်က အမြစ်ဖြတ်သုတ်သင်ခံရတော့မည်ဟု သူတို့က သေချာပေါက် တွေးကြလိမ့်မည်။ သို့သော်လည်း မကြာသေးခင်က ဖုန်းဟိုင်ဒေသငယ်မှ ပစ်လွှတ်လိုက်သော အာရုဏ်ဦးနေမင်းသည် အင်အားစုအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

သို့ဖြစ်၍ အင်အားစုအားလုံးသည် ဘုရင်ထျန်းလန်၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြသည်။ ဖုန်းဟိုင်ဒေသငယ်က ဤမုန်တိုင်းထဲမှာ မည်သို့အသက်ရှင်နိုင်မည်ကို သူတို့မြင်ချင်ကြသည်။

ဤကိစ္စကို အဓိက အာရုံစိုက်ထားသူမှာ သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ဖုန်းဟိုင်ဒေသငယ်မှ ကိစ္စများကို သူက ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။ သူက ဘုရင်ထျန်းလန်ကို ရန်ပြုရန် ဆန္ဒမရှိသော်လည်း ဖုန်းဟိုင်ဒေသငယ်၏ အာရုဏ်ဦးနေမင်းသည် သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့သည်။

သို့သော်လည်း သူက ထိုတွေ့ဆုံမှု၏ ရလဒ်ကို စိတ်မဝင်စားပေ။ ပိုပြီး သူစိတ်ဝင်စားသည်မှာ ဤအခွင့်အရေးကို အသုံးချပြီး နှစ်ဖက်စလုံးထံမှ အစစ်အမှန်အင်အားကို မြင်နိုင်ရန် ဖြစ်သည်။

“ ဖုန်းဟိုင်ဒေသငယ်က အခု အရမ်းအားနည်းနေသေးတာ စိတ်မကောင်းစရာပဲ… တကယ်လို့ ဖုန်းဟိုင်ဒေသငယ်က အရမ်းရဲတင်းပြီး အာရုဏ်ဦးနေမင်းအားလုံးကို ဖောက်ခွဲပစ်လိုက်ရင် ကိစ္စတွေက ပိုပြီးစိတ်ဝင်စားစရာ ကောင်းလိမ့်မယ် ”

သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးက ပြုံးလိုက်သည့်အခါ သူ၏ အမူအရာသည် အေးဆေးတည်ငြိမ်လာသည်။

ထိုကိစ္စက သူနှင့် ဘာမှမသက်ဆိုင်ဘူးဟု သူက တွေးထင်နေသလို ယင်းက အနာဂတ်မှာ သူ့အပေါ် သက်ရောက်မှုရှိလာနိုင်သည်ဟုလည်း မစဉ်းစားထားပေ။

အကယ်၍ ဖုန်းဟိုင်ဒေသငယ်သာ ရဲတင်းပြီး အာရုဏ်ဦးနေမင်းအားလုံးကို ဖောက်ခွဲပစ်မည်ဆိုလျှင်တော့…

သို့သော်လည်း ထိုသို့ ရူးသွပ်ဖွယ်လုပ်ရပ်သည် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။

ထို့ကြောင့် သူက အနည်းငယ် နောင်တရသွားသည်။

ဤတိုက်ပွဲကို နောက်ကွယ်မှ အာရုံစိုက်နေသူများထဲတွင် စိတ်လှုပ်ရှားဆုံး လူတစ်ယောက် ရှိသည်။ ထိုလူသည် သတ္တမမင်းသား ဖြစ်သည်။

ဖုန်းဟိုင်ဒေသငယ်က မရိုးရှင်းကြောင်း သူသိသည်။ သို့သော်လည်း သူက သူ၏ ဦးရီးတော်ကို ပိုပြီးယုံကြည်သည်။ မည်သို့ဖြစ်ပါစေ သူ၏ ဦးရီးတော်သည် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။

ထို့ကြောင့် သူက ထွက်ပေါ်လာမည့် ရလဒ်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။

“ ရွှီချင်း… ဒီတစ်ကြိမ် ဘယ်လိုရွေးချယ်မှုမျိုးကို မင်းပြုလုပ်မှာလဲ ”

ထိုသို့ဖြင့် သန့်စင်ရေလှိုင်းဒေသကြီးထဲမှ အင်အားစုအမျိုးမျိုးသည် မတူညီသော နည်းလမ်းအမျိုးမျိုးဖြင့် ဤတိုက်ပွဲကို အာရုံစိုက်လာကြသည်။ ထိုစဉ် ဘုရင်ထျန်းလန်၏ စစ်တပ်သည် ဒေသငယ်မြို့တော်၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။

စစ်တပ်၏ ရောက်ရှိလာမှုသည် ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကင်ကို အရောင်အသွေး ဆုံးရှုံးသွားစေသည်။ မြေပြင်သည် မြေနဂါးတစ်ကောင်ပမာ လှုပ်ရှားထကြွလာပြီး တုန်ခါလာသည်။

မရေမတွက်နိုင်သော စစ်သည်တော်များထံမှ ဖိအားသည် ဤတိုက်ပွဲကို အာရုံစိုက်နေကြသော ကျင့်ကြံသူအားလုံး၏ အသိစိတ်ကို လှုပ်ခါသွားစေသည်။

ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ အရှေ့ဆုံးမှ အနက်ရောင်နဂါး၏ ဦးခေါင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ဖုန်းဟိုင်ဒေသငယ်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူတို့က အနက်ရောင်နဂါးပေါ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားကို စိုက်ကြည့်လိုက်ကြသည်။ မည်သူမှ စကားမပြောကြချေ။

လူတိုင်း၏ အကြည့်က သူ့အပေါ်သို့ စုဝေးလာသည့်အခိုက် ဘုရင်ထျန်းလန်သည် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများသည် ဆေးမီးဖိုနှစ်ခုပမာ လောင်ကျွမ်းနေပြီး ဘေးပတ်ဝန်းကျင်သို့ ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ယင်းက ဘေးပတ်ဝန်းကျင်မှာ မုန်တိုင်းတစ်ခု အစပျိုးလာစေသည်။

ဂူး…

ငှက်ကြီးချင်းချင်းက အနောက်ဆုတ်သွားသည့်အခါ စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်းက ဘုရင်ထျန်းလန်ကို ထိပ်တိုက်မကြည့်ဝံ့ချေ။

ကြီးမားသော လောကကြီးတစ်ခုက ဒေသငယ်မြို့တော်၏ ကောင်းကင်ထက်မှာ ထွက်ပေါ်လာသည်။ ၎င်းက ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကင်ကို အစားထိုးသွားပြီး အလင်းရောင်ကို ပိတ်ဆို့လိုက်သည်။ ထိုအခါ ကြီးမားသော အရိပ်သည် ဒေသငယ်မြို့တော်ကို လွှမ်းခြုံသွားသည်။

ယင်းက မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေသော မဟာလောကဖြစ်သည်။ ထို့နောက် မရေမတွက်နိုင်သော ဟိန်းသံများသည် မဟာလောကထဲမှ မြည်ဟိန်းထွက်လာကြသည်။ ဤသည်မှာ မိစ္ဆာများနှင့် နတ်ဆိုးများ၏ အော်သံများဖြစ်ဟန် ရသည်။

ချက်ချင်းပင် ဖုန်းဟိုင်ဒေသငယ်သည် ဘုရင်ထျန်းလန်၏ မဟာလောကထဲမှ မီးတောက်များကြောင့် လင်းထိန်လာသည်။

ကီလိုမီတာ(၅၀)အထိ ဖြန့်ကြက်ထားသော တားမြစ်ဓမ္မရတနာ၏ ပိုက်ကွန်သည် နားကွဲလုမတတ် ဆူညံသံကို ထုတ်လွှတ်လာသည်။ ထို့နောက် ယင်းက ပြန်လည်မစုဝေးနိုင်ခင် မြန်ဆန်စွာ လွင့်ပြယ်သွားသည်။ ဒေသငယ်မြို့တော်ထဲမှ ကျင့်ကြံသူများသည်လည်း ထို့အတူပင်။

သူတို့တစ်ယောက်စီတိုင်းသည် ဝိညာဉ်စုစည်းခြင်းအဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို နက်ရှိုင်းစွာ အာရုံခံနိုင်ကြသည်။ သူတို့၏ အရှိန်အဝါများသည် စုဝေးသွားပြီး အတူတကွ ခုခံတားဆီးလိုက်ကြသည်။

သို့သော်လည်း ဝိညာဉ်စုစည်းခြင်းအဆင့်ဖြင့် ရင်ဆိုင်ရသည့်အခါ ယင်းတို့အားလုံးက အချည်းနှီးသာ ဖြစ်၏။

အကယ်၍ ဘုရင်ထျန်းလန်သာ ဆန္ဒရှိလျှင် သူ့အရှေ့မှ အရာအားလုံးကို အတွေးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်ပေသည်။

သို့သော်လည်း ဤနေရာသို့ သူရောက်လာရသည့် ရည်ရွယ်ချက်က ဖုန်းဟိုင်ဒေသငယ်ကို ဖျက်ဆီးပစ်ရန် မဟုတ်သလို အတူတူသေဆုံးရန် ဖုန်းဟိုင်ဒေသငယ်က အာရုဏ်ဦးနေမင်းများအား ဖောက်ခွဲပစ်သည်အထိ အတင်းဖိအားပေးရန် မဟုတ်ပေ။

ထို့ကြောင့် ဖိအားက ထွက်ပေါ်လာသော်လည်း ယင်းက ဖုန်းဟိုင်ဒေသငယ်ပေါ်သို့ အမှန်တကယ် မဆင်းသက်သွားခဲ့ပေ။

ယင်းက သတိပေးမှုမျှသာ ဖြစ်သည်။

တစ်ချိန်တည်းမှာ ဘုရင်ထျန်းလန်နောက်မှ စစ်တပ်ထဲတွင် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ဦးက အရှေ့သို့ ထွက်လာသည်။ သူက ရေနဂါးတစ်ကောင်ကို စီးနင်းထားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဗလာနတ္ထိစတုတ္ထအဆင့် ကျင့်ကြံခြင်းအရှိန်အဝါ ထွက်ပေါ်လာသည်။ ထို့နောက် ယင်းက သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ပုံရိပ်ယောင်လောကတစ်ခုသို့ ပြောင်းလဲသွားသည်။

သူက လမ်းတစ်လျှောက် ပျံသန်းသွားပြီး စစ်တပ်နှစ်ခုကြားမှ ဧရိယာသို့ ရောက်ရှိသွားသည်။ သူက ဖုန်းဟိုင်ဒေသငယ်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူက လေးနက်သော အသံဖြင့် ပြောလိုက်ဆဲပင်။

“ ဖုန်းဟိုင်ဒေသငယ်ရဲ့ ဒေသအကြီးအကဲ ယောင်ထျန်းယန်နဲ့ လက်ထောက်ဒေသအကြီးအကဲ ကျန်းကိုင်ရီ… ကောင်းကင်ဘုရင်ရဲ့ အမိန့်တော်ကို လက်ခံစေ ”

“ ဖုန်းဟိုင်ဒေသငယ်က ရာဇဝတ်မှုငါးခုကို ကျူးလွန်ခဲ့တယ်… ပထမဆုံး တော်ဝင်မိသားစုကို မလေးစားဘူး ”

“ ဒုတိယက စစ်မှူထမ်းဥပဒေကို နာခံဖို့ ငြင်းဆန်ခဲ့တယ် ”

“ တတိယက ငါတို့စစ်တပ်ထဲက တပ်မှူးချုပ်နဲ့ စစ်သည်တော်တစ်သောင်းကို ဖမ်းဆီးခဲ့တယ်လို့ သံသယရှိတယ် ”

“ စတုတ္ထက ဖုန်းဟိုင်ဒေသငယ်က စစ်သည်တော်တွေ စစ်မြေပြင်ကနေ ထွက်ပြေးသွားခဲ့တယ် ”

“ ပဉ္စမက အထက်ဖော်ပြပါ ကိစ္စတွေက စစ်ပွဲရဲ့ သက်ရောက်မှုကို နှောင့်နှေးစေခဲ့တယ်… အဲ့ဒါက ရန်သူနဲ့ ပူးပေါင်းလိုက်တာနဲ့ အတူတူပဲ ”

စစ်ဗိုလ်ချုပ်သည် တည်ငြိမ်စွာ ပြောပြီးနောက် ကောင်းကင်ပေါ်မှာ လွင့်မျောနေသော နန်းတော်ထဲမှ ပုံရိပ်များကို စိုက်ကြည့်လိုက်သည်။

“ မင်းတို့ရဲ့ အပြစ်တွေကို ဝန်ခံလား ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဘုရင်ထျန်းလန်၏ စစ်တပ်နောက်မှ ကျင့်ကြံသူအားလုံးသည် တစ်ညီတစ်ညာတည်း နက်ရှိုင်းစွာ အော်ဟစ်လိုက်ကြသည်။

“ ဝန်ခံ ”

ထိုအသံသည် မိုးခြိမ်းသံကို ကျော်လွန်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ယင်းက လောကကြီးကို တုန်လှုပ်သွားစေပြီး လေကြမ်းများ ထွက်ပေါ်လာစေသည်။ ယင်းက ဖုန်းဟိုင်ဒေသငယ်မှ လူတိုင်း၏ အရှေ့သို့ တိုက်ခတ်သွားပြီး သူတို့၏ အဝတ်အစားများကို တဖျပ်ဖျပ်လှုပ်ခတ်သွားစေသည်။

ယင်းက လူတိုင်း၏ နှလုံးသားထဲမှာ လှိုင်းထသွားစေသည်။ သို့သော်လည်း မည်သူမှ စကားမပြောကြချေ။ ရွှီချင်းသည် စစ်တပ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

သူတို့၏ တိတ်ဆိတ်မှုက ဘုရင်ထျန်းလန်၏ အကြည့်ကို အနည်းငယ် သုန်မှုန်သွားစေသည်။ သူ့အရှေ့မှ စစ်ဗိုလ်ချုပ်သည် ဖုန်းဟိုင်ဒေသငယ်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ဆက်လက် ပြောသည်။

“ ဒါပေမဲ့ ငါတို့အားလုံးက လူသားမျိုးနွယ်တစ်ခုတည်း ဖြစ်တယ်… လူသားမျိုးနွယ်အချင်းချင်း သတ်ဖြတ်တာကို မမြင်ချင်ဘူး… ဒါကြောင့် မင်းတို့ရဲ့ အပြစ်ကို ပြန်ချေပဖို့အတွက် ကောင်းကင်ဘုရင်က အမိန့်လေးခု ထုတ်ပြန်လိုက်တယ် ”

“ ပထမဆုံး စစ်မြေပြင်ကနေ ထွက်ပြေးသွားခဲ့တဲ့ တပ်ပြေးတွေကို နောက်ဆုံးရက် သတ်မှတ်ပြီး ပြန်လွှဲပြောင်းပေးရမယ် ”

“ ဒုတိယက တပ်မှူးချုပ်နဲ့ စစ်သည်တော်တစ်သောင်းကို ချက်ချင်း ပြန်လွှတ်ပေးရမယ် ”

“ တတိယက ယောင်ထျန်းယန်နဲ့ ကျန်းကိုင်ရီက ဖုန်းဟိုင်ဒေသငယ်က စစ်သည်တော်တစ်သန်းကို ဦးဆောင်ပြီး ရှေ့တန်းစစ်မြေပြင်ဆီ သွားရမယ် ”

“ စတုတ္ထက အခုကျန်ရှိတဲ့ အာရုဏ်ဦးနေမင်းတွေကို လက်ဆောင်ပဏ္ဍာအဖြစ် ပေးအပ်ရမယ် ”

စစ်ဗိုလ်ချုပ်သည် စကားဆုံးအောင် ပြောပြီးနောက် စစ်တပ်ဆီသို့ ပြန်သွားသည်။ ဖုန်းဟိုင်ဒေသငယ်ဘက်သည်တော့ ဆက်လက် နှုတ်ဆိတ်နေဆဲပင်။

ဤသည်ကို ဘုရင်ထျန်းလန်မြင်သောအခါ သူက အနက်ရောင်နဂါးပေါ်မှာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ဒေသငယ်မြို့တော်ဆီသို့ ငုံ့ကြည့်လိုက်သည်။ သူ၏ အသံသည် မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားသည်။

“ ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်ပွဲမှာ ငါတို့ဘက်က အနိုင်ရမယ်ဆိုရင် ဒီဘုရင်က ဖုန်းဟိုင်ဒေသငယ်ရဲ့ ပြစ်မှုအားလုံးကို ဖယ်ရှားပေးမယ်… ဖုန်းဟိုင်ဒေသငယ်က သတ္တမမင်းသားရဲ့ လက်အောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်လာလိမ့်မယ် ”

“ အဲ့လိုမဟုတ်ရင်တော့… ”

အေးစက်စက် အလင်းတန်းသည် ဘုရင်ထျန်းလန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ဝိညာဉ်စုစည်းခြင်းအရှိန်အဝါက ပျံ့လွင့်ထွက်လာသည့်အခါ ကောင်းကင်သည် သက်ရောက်ခံလိုက်ရပြီး လေနှင့် တိမ်တိုက်များက ရွေ့လျားသွားကြသည်။ ဤသည်မှာ ဖုန်းဟိုင်ဒေသငယ်က သူ၏ အတွေးတစ်ချက်ဖြင့် ဖျက်ဆီးခံရတော့မည့်အလားပင်။

နန်းတော်ထဲတွင် သတ္တမသခင်ကြီးသည် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

အမတ်ယောင်သည်လည်း ရွှီချင်းကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံး၏ အကြည့်သည် ရွှီချင်းပေါ်သို့ တစ်ပြိုင်နက် ကျရောက်သွားကြသည်။

ခေါင်းဆောင်သည်တော့ သူ၏ မျက်နှာပေါ်မှာ ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။

ထိုမြင်ကွင်းသည် ဘုရင်ထျန်းလန်၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စောစောကတည်းက သူသည် ဖုန်းဟိုင်ဒေသငယ်၏ ထူးဆန်းမှုကို အာရုံခံမိခဲ့သည်။ ဤအခိုက်အတန့်မှာ ထိုခံစားမှုက ပိုပြီးထင်ရှားလာသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ကြည့်ရတာ မင်းတို့မှာ တခြားအားကိုးစရာ ရှိသေးတဲ့ပုံပဲ… ကောင်းပြီ… မင်းတို့ရဲ့ အားကိုးစရာကို ထုတ်လိုက်စမ်း… အဲ့ဒါက ဘာလဲ ဒီဘုရင်က သိချင်စမ်းတယ် ”

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက ဂုဏ်သိက္ခာကြီးမားသော ဘုရင်ထျန်းလန်ကို မကြည့်ပေ။ ယင်းအစား သူက ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

“ အဖိုးကိုး… သူက အဖိုးကိုးကို ခေါ်နေပါတယ် ”

All Chapters