ဘာမဟုတ်တာအတွက် သတ်ပုတ်နေကြခြင်း
Vol. 79 Ch. 1172
ချင်ချင်နှင့်ခယ်ခယ်သည် အကြည့်ချင်းဖလှယ်ပြီးနောက် ငိုရမလား ရယ်ရမလားမသိတော့ပေ။
သူ၏ တိုက်ခိုက်ရည်ခွန်အားက အရမ်းသန်မာနေသည်ကလွဲလျှင် ကောင်လေးသည် တကယ့်ကိုရိုးစင်းပြီး ချစ်စရာကောင်းသောကလေးတစ်ယောက် ဖြစ်နေ၏။
မက်မွန်ပင်သစ်ကိုင်းများဖြင့်ပြုလုပ်ထားသည့် လှောင်ချိုင့်ထဲတွင် ရွှေခြင်္သေ့က လက်လျှော့လိုက်ပြီဖြစ်ပြီး နာခံစွာဖြင့်လှဲချလိုက်၏။
သူ၏ခွန်အားက အရာမရောက်ကြောင်း နောက်ဆုံးမှာ သူက နားလည်သွားခဲ့၏။
စိတ်ဝိညာဥ်ကျားက သူ၏အစစ်အမှန်ပုံစံသို့ပြောင်းလဲပြီးနောက် လှောင်ချိုင့်ထဲတွင် ဒေါသတကြီးအော်ဟစ်၍ ဘယ်ညာပစ်တိုက်နေသော်လည်း သူ၏အားအင်ကုန်ခန်းလာတာတောင် သူက ရုန်းထွက်နိုင်ခြင်းမရှိပေ။
စိတ်ဝိညာဥ်ကျားကလည်း လက်လျှော့လိုက်ပြီဖြစ်၏။
“ကောင်လေး... မင်းနိုင်ပါတယ်ကွာ...”
စိတ်ဝိညာဥ်ကျားက အားနည်းစွာဖြင့် ပြောလိုက်၏။
မျောက်က မလှုပ်မယှက် ရှိနေ၏။ သူက ရှုံးနိမ့်မှုကို ဘယ်တော့မှ ဝန်ခံလိမ့်မည်မဟုတ်ပေ။
သူ၏မျိုးဆက်သွေးတွင် ရှုံးနိမ့်မှုကို ဝန်ခံခြင်းဟူသော တစ်စုံတစ်ရာမရှိပေ။
သို့သော်လည်း မျောက်က တွေဝေရှုပ်ထွေးစွာ ခံစားနေရ၏။
သူသည် ကလေးငယ်တစ်ယောက်အတွက်နှင့် သူ့မျိုးဆက်သွေးထဲရှိ ဒေါသယမ်းမီးပေါက်ကွဲသည့် စွမ်းအားကို ထုတ်ဖော်ရမလား...။
သူက ဒေါသယမ်းမီးပေါက်ကွဲသည့်အဆင့်သို့ ဝင်ရောက်သွားသည်နှင့် အလွန်တရာအန္တရာယ်များလာပေလိမ့်မည်။
စိတ်ဝိညာဥ်ကျားနှင့် အခြားသူများကဲ့သို့ သူ၏ အရင်းနှီးဆုံးသူများကလွဲလို့ သူက အခြားမည်သူ့ကိုမှ မှတ်မိနိုင်တော့မည် မဟုတ်ပေ။
ဆင်ခြင်တုံတရားပျောက်ဆုံးပြီး သူ့စိတ်ထဲတွင် ရှိမည့်တစ်ခုတည်းသောအရာမှာ မခြွင်းမချန်သတ်ဖြတ်ဖို့ပင် ဖြစ်လေသည်။
မျောက်သည် သူ၏ဒေါသယမ်းမီး ပေါက်ကွဲသည့်အဆင့်မှာ ကလေးငယ်ကို ထိခိုက်ဒဏ်ရာရသွားစေမည်ကို စိုးရိမ်နေလေသည်။
ဤကလေးငယ်က ကြင်နာတတ်သောနှလုံးသားရှိပြီး အခြားသော မိစ္တာသားရဲများကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော အော်ရာမျိုးမရှိကြောင်း သူပြောန်ိုင်လေသည်။
ထိုအစားသူက စာပေသမားတစ်ယောက်၏ အော်ရာနှင့် ပိုတူနေ၏။
အဲ့ဒါက ရင်းနှီးနေသော ခံစားချက်တစ်ခုဖြစ်လေသည်။ သို့သော်လည်း မျောက်သည် ထိုအခိုက်အတန့်တွင် အဲ့ဒါကို သေချာစဥ်းစားတွေးတောနိုင်ခြင်း မရှိပေ။
သူက ဒေါသယမ်းမီးပေါက်ကွဲသည့် အဆင့်သို့ မဝင်ရောက်ဘူးဆိုလျှင်လည်း ဤကလေးငယ်၏ ဖိနှိမ်ခြင်းကို သေချာပေါက်ခံရပေတော့မည်။
သူက အကျော်ဇေယျကို ရရှိပြီးနောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့မည်ဆိုလျှင်တောင် သူက ဘယ်တော့မှ သူ၏လက်နက်ကို မဆုံးရှုံးခဲ့ဖူးပေ။
သို့သော် ယခုအခါမှာတော့ အကျော်ဇေယျပင်လျှင် ယှက်လိမ်နေသော သစ်ကိုင်းများကြားမှာ ပိတ်မိနေပြီး သူ၏ထိန်းချုပ်မှုကနေ လွတ်မြောက်သွားပြီဖြစ်၏။
အဲ့ဒါက မကြုံစဖူးဖြစ်ရပ်ပင်။
သူက ရှုံးနိမ့်မှုကို ဝန်မခံနိုင်ပေ။
မျောက်၏ မျက်လုံးများက သွေးနီရောင်သန်းလာခဲ့၏။
ထိုသည်ကိုမြင်သောအခါ ချက်ချင်က စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုနှင့်အတူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
မျောက်၏ သွေးနီရောင်သန်းလာသော မျက်လုံးများသည် ဒေါသယမ်းမီးပေါက်ကွဲမည့်အဆင့်သို့ ဝင်ရောက်မည့် လက္ခဏာဖြစ်ကြောင်း သူမ,ကောင်းကောင်းသိထားလေသည်။
သူက ထိုအခါ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်လာပြီး ထိန်းချုပ်၍ရနိုင်တော့မည် မဟုတ်ပေ။
ထိုအခါ သူ၏ ခွန်အားနှင့် အမြန်နှုန်းက တိုးလာမည်သာမက မျောက်သည် မည်သည့်နာကျင်မှုကိုမှ မခံစားရတော့ဘဲ သူ၏တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာပေလိမ့်မည်။
“ဟမ့်....”
ချင်ချင်က အံ့အားသင့်နေစဥ်မှာပင် ကောင်လေးက သူ၏ခေါင်းကိုအနည်းငယ်စောင်းငဲ့ပြီး တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အံ့အားတသင့်ရေရွတ်လိုက်၏။
“အဲ့ဒါက နည်းနည်းတော့ အန္တရာယ်များမယ့်ပုံပဲ....”
ကောင်လေးက မျက်တောင်ခတ်၍ တီးတိုးရေရွတ်လိုက်၏။ သူသည် ဒေါသယမ်းမီးပေါက်ကွဲမည့်အဆင့်သို့ ဝင်ရောက်နေသော မျောက်နှင့် တစ်ခါမှမတိုက်ခိုက်ခဲ့ဖူးသော်လည်း သူက အလွန်တရာအာရုံထက်ရှပြီး အန္တရာယ်ကို ကြိုတင်ခံစားမိနိုင်လေသည်။
ကောင်လေးက ခဏမျှစဥ်းစားတွေးတောပြီးနောက် သူ၏လက်ဟန်ချိပ်စည်းများကို ပြောင်းလဲကာ ဓမ္မစွမ်းအားများကို လှောင်ချိုင့်ထဲသို့ ဝင်ရောက်စေ၏။
ရုတ်တရက်... လှောင်ချိုင့်ထဲရှိသစ်ကိုင်းများမှ ပန်းရောင်အဖူးအညွှန့်များက ပေါ်ထွက်လာခဲ့၏။ သိပ်မကြာမီ ချင်ချင်နှင့် အခြားသူများ၏ မျက်စိအောက်မှာပင် ပန်းဖူးများက ဖူးပွင့်လာခဲ့၏။ မက်မွန်ပွင့်များသည် နူးညံ့၍လှပနေပြီး လူတစ်ယောက်၏ စိတ်နှလုံးကို သစ်လွင်လန်းဆန်းစေမည့် မွှေးပျံ့သည့် ရနံ့ကိုထုတ်ပေးနေ၏။
မျောက်သည် မွှေးရနံ့ကို ရှုရှိုက်ပြီးနောက် သူ၏အသိစိတ်က ဝေဝါးလာသည်ဟု ထင်ရ၏။
သူ၏မျက်ခွံက လေးလံလာပြီး ငိုက်မျဉ်းလာခဲ့လေသည်။
သူ၏မျက်လုံးထဲရှိ သွေးရောင်အလင်းကလည်း တဖြည်းဖြည်းဖျော့တော့သွား၏။
ခဏမျှပေနေပြီးနောက် မျောက်သည် အဲ့ဒါကိုဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ဘုန်းခနဲမြည်သံနှင့်အတူ လဲကျ၍ ကျယ်လောင်စွာဟောက်လာခဲ့၏။
ချင်ချင်က ကြက်သေသေသွားလေသည်။
အဲ့ဒါက ဖြစ်နိုင်လို့လား...။
ကောင်လေးသည် အလွန်ဉာဏ်ကောင်းပြီး မျောက်နှင့်ထိပ်တိုက်ရင်ဆိုင်ဖို့ မရွေးချယ်ခဲ့ပေ။
ထိုအစား သူ၏ နည်းဗျူဟာကို ပြောင်းလဲပြီး မျောက်ကို ဒေါသယမ်းမီးပေါက်ကွဲမည့်အဆင့်သို့ မဝင်ရောက်နိုင်စေရန် တားဆီးလိုက်၏။ တကယ်တော့ မက်မွန်ပန်း၏ မွှေးရနံ့သည် မျောက်ကို လဲကျသွားစေနိုင်သည့်အတွက် အရမ်းကို ထူးခြားမှုရှိလေသည်။
အချိန်တိုအတွင်းမှာပင် မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် ရွှေခြင်္သေ့တို့က ကလေးတစ်ယောက်၏ ဖိနှိမ်ခြင်းကို ခံလိုက်ရ၏။
ချင်ချင်သည် စဥ်းစားတွေးတောလိုက်၏။ သူမနှင့် ခယ်ခယ်က ဝင်ရောက်မည်ဆိုလျှင်တောင် အပြောင်းအလဲဖြစ်လာတော့မည် မဟုတ်ပေ။
သူတို့က လရောင်ငိုကြွေးတောင်မှာ အုပ်စိုး၍ ပြိုင်ဘက်ကင်းခဲ့ကြလေသည်။
ဒါ့အပြင် သူတို့သည် မြောက်ပိုင်းဒေသတာအိုတွေ့ဆုံပွဲမှာ ဗြောင်းဆန်အောင် မွှေနှောက်ခဲ့ကြ၏။ ယခုအခါမှာတော့ သူတို့သည် ပင်ယန်းမြို့ရှိ မထင်ရှားသော ကလေးငယ်တစ်ယောက်ရှေ့မှာ ရှုံးနိမ့်နေရသည်ဆိုတော့... ။
ဤကလေးငယ်က ဤမျှအထိသန်မာသည်ဆိုရင် သူ၏သခင်လေးဆိုသူက ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်မလဲ စဥ်းစားကြည့်ဖို့ ခက်ခဲလေသည်။ တကယ်တော့ သူတို့က လုံးဝရှုံးနိမ့်သွားသည်တော့ မဟုတ်သေးပေ။ အနည်းဆုံးတော့ ညဝိညာဥ်က အခုချိန်ထိ မတိုက်ခိုက်ရသေးပေ။
ထိုအတွေးဝင်ရောက်လာစဥ်မှာပင် ညဝိညာဥ်က မသိလိုက်မသိဘာသာနှင့်ပင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ချင်ချင်ကနားလည်လိုက်၏။ သူမသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူမ၏ခေါင်းကိုမော့ကာ ကောင်လေးကို လှမ်းကြည့်လိုက်၏။
ပုံရိပ်တစ်ခုက ကောင်လေး၏နောက်တွင် တိတ်တဆိတ်ပေါ်ထွက်လာပြီး သူ့ကိုအမူအရာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေ၏။
ရုတ်တရက်ဆိုသလို....
ညဝိညာဥ်က တိုက်ခိုက်လိုက်လေသည်။
ကောင်လေးက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ရှေ့သို့လှစ်ခနဲ ပြေးထွက်လိုက်၏။
ဗြီး....
ကောင်လေး၏ လက်မောင်းပေါ်ရှိအဝတ်စက ညဝိညာဥ်၏ လက်သည်းချက်ဖြင့် စုတ်ပြဲသွားဆဲ ဖြစ်၏။ အဲ့ဒီမှာ ကြာစွယ်နှင့်ဆင်တူသော လက်မောင်းတစ်ဖက်က ထွက်ပေါ်လာခဲ့၏။
သူ၏အရေပြားက နူးညံ့ဖြူဖွေးနေပြီး သွေးရောင်တစ်စွန်းတစ်စက ပေါ်ထွက်လာခဲ့၏။
ညဝိညာဥ်သည် တောက်ပသောအကြည့်နှင့်အတူ အံအားတသင့်ရေရွတ်လိုက်၏။ ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် သူ၏တိုက်ခိုက်မှုကနေ မရှောင်တိမ်းနိုင်ကြပေ။
ကောင်လေး၏ အာရုံခံအသိစိတ်က ဤမျှထိ ထက်ရှနေသည်ဆိုတော့...။
တကယ်တော့ ဒဏ်ရာကမနက်ရှိုင်းသော်လည်း သူသည် ကောင်လေးကို ထိခိုက်အောင်လုပ်လိုက်နိုင်ဆဲ ဖြစ်၏။
ကောင်လေးသည် သူ့လက်မောင်းပေါ်ရှိဒဏ်ရာကိုကြည့်ပြီး မကျေမချမ်းခံစားလာရ၏။
သူ၏မျက်လုံးများက စိုစွတ်လာခဲ့လေသည်။
သူက ညဝိညာဥ်ကို ဒေါသတကြီးစိုက်ကြည့်ပြီး သူ၏လက်သီးနှစ်ဖက်ကို မြှောက်ပြလိုက်၏။
“လူဆိုး.... ခင်ဗျားကျုပ်ကို နာအောင်လုပ်တယ်...”
ကောင်လေးက အလွန်ရိုးသားပြီး မည်သို့မည်ပုံဆဲဆိုရမည်ကိုပင် မသိရှိပေ။
သူသည် ညဝိညာဥ်ကြောင့် ထိခိုက်နာကျင်သွားပြီး ဒေါသထွက်လာသော်လည်း သူက ထိုသူကို လူဆိုးဟုသာခေါ်ဆိုနိုင်လေသည်။
သူ၏ ရင်ထဲတွင် လောကမှာ လူသုံးမျိုးသာလျှင်ရှိလေသည်။ လူဆိုး ၊လူကောင်းနှင့် သူ၏သခင်လေးဖြစ်လေသည်။
ညဝိညာဥ်သည် ကောင်လေး၏ ကြိမ်းမောင်းမှုတွင်ပြုံး၍ အဲ့ဒါကို အရေးလုပ်မနေပေ။ ရုတ်တရက်ဆိုသလို သူ၏အပြုံးကို ပြန်လည်ရုပ်သိမ်းလိုက်မိ၏။
သူ၏အကြည့်က ကောင်လေး၏ဒဏ်ရာရရှိထားသောလက်ပေါ်သို့ ရောက်ရှိသွားလေသည်။
အချိန်တိုအတွင်းမှာပင် ကောင်လေး၏လက်ပေါ်ရှိ ဒဏ်ရာက အမာရွတ်ပင်မကျန်ဘဲ ပျောက်ကွယ်သွားပြီဖြစ်၏။
ဘယ်လောက်တောင် သန်မာလိုက်တဲ့ ပြန်လည်ကုသနိုင်စွမ်းလဲ...။
ညဝိညာဥ်က ရင်တစ်ချက်ထိတ်သွားခဲ့၏။
ထိုပြန်လည်ကုသနိုင်စွမ်းက သူနှင့်ပင်ယှဥ်နိုင်လေသည်။
ညဝိညာဥ်၏ စိတ်က တွေဝေရှုပ်ထွေးသွားစဥ်မှာပင် ကောင်လေးက ရှေ့သို့ပြေးတက်လိုက်၏။
သူက ရှေ့သို့ကိုင်းညွတ်ပြီး သူ၏လက်နှစ်ဖက်ကို သူ၏ဝမ်းဗိုက်ကနေဆန့်ထုတ်ကာ လက်သီးနှစ်ဖက်ကို ဆုပ်ထားလေသည်။ သူ၏လက်ညိုးက အနည်းငယ်ပြူထွက်နေပြီး ညင်သာသောလှုပ်ရှားမှုနှင့်အတူ ရှေ့သို့ပစ်ထိုးလိုက်၏။
“မူး....”
တစ်ချိန်တည်းမှာပင် ကောင်လေး၏ ပါးစပ်နှင့်နှာခေါင်းများမှ လေစီးကြောင်းတစ်ခုက လျှံထွက်လာပြီး ထူးဆန်းသည့် ခပ်ထိုင်းထိုင်းအသံတစ်သံကို ထွက်ပေါ်လာစေ၏။
ချက်ချင်းပင် ကောင်လေး၏ပုံရိပ်သည် ပျောက်ကွယ်သွားပုံရပြီး ထိုနေရာတွင် ငွားငွားစွင့်စွင့် ဦးချိုတစ်စုံနှင့် ကြောက်စရာကောင်းသည့် နွားရိုင်းတစ်ကောင်က ပေါ်ထွက်လာသည်ဟုထင်ရ၏။
ညဝိညာဥ်သည် ဤလှုပ်ရှားကွက်က ရင်းနှီးနေပုံရပြီး သတ်ဖြတ်လိုစိတ်ဖြင့်ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။ သူက ဤလှုပ်ရှားကွက်၏ အစွမ်းထက်မှုကို ခံစားမိသွားပြီး အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ ဖျပ်ခနဲ ပျောက်ကွယ်သွား၏။
တွေဝေတုံ့ဆိုင်းခြင်းမရှဘဲ ကောင်လေးသည် သူ၏လှုပ်ရှားကွက်ကို ပြောင်းလဲပြီး တစ်ဖက်သို့လှည့်လိုက်၏။ သူ၏ရင်ဘတ်ကို ဘယ်ဘက်လက်ဖြင့်ကာပြီး ညာဘက်လက်သီးကိုဆုပ်ကာ သူ၏အသားများက ပြန့်ကားလာခဲ့၏။ သူက ဧရာမလက်သီးချိပ်စည်းတစ်ခုကိုဖြစ်ပေါ်စေပြီး သူ၏နောက်ကျောဘက်သို့ ပစ်ထိုးချလိုက်၏။
ဘန်း...
လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွားကြ၏။
ညဝိညာဥ်၏ ပုံရိပ်က ပေါ်ထွက်လာခဲ့လေသည်။
ကောင်လေး၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏လှုပ်ရှားကွက်ကို တစ်ဖန်ပြောင်းလဲလိုက်၏။
သူ၏လက်သီးကိုဖြန့်ပြီး အဲ့ဒါက ရုတ်တရက်နူးညံပျော့ပြောင်းသွားကာ ညဝိညာဥ်၏ လက်ဖဝါးပေါ်သက်ဆင်း၍ ရစ်ပတ်ကာ ဆွဲခါလိုက်၏။
ရွှစ်....
ကောင်လေး၏လက်ဖဝါးသည် လေကိုသာ ဖမ်းဆုပ်မိပြီး ထူးဆန်းသည့်အသံက ထွက်ပေါ်လာခဲ့၏။
သူက လွဲချော်သွားခဲ့လေသည်။
“မတိုက်ခိုက်ကြနဲ့တော့....”
ထိုစဥ်မှာပင် မျောက်၏အသံက ထွက်ပေါ်လာခဲ့၏။
ကောင်လေးသည် ညဝိညာဥ်နှင့်တိုက်ခိုက်နေစဥ်အတွင်း လှောင်ချိုင့်ကို ထိန်းချုပ်ဖို့အတွက် အာရုံမစိုက်နိုင်တော့ပေ။
စိတ်ဝိညာဥ်ကျားနှင့် ရွှေခြင်္သေ့က လျင်မြန်စွာနိုးထလာခဲ့ကြ၏။
မျောက်ကလည်း နိုးထလာခဲ့ပြီဖြစ်၏။
သူနိုးထလာသည့်အချိန်မှာပင် ကောင်လေးသည် တစ်ဘက်သို့လှည့်ပြီး သူရင်းနှီးအကျွမ်းဝင်ဆုံးဖြစ်သော မျှော်လင့်ချက်မျောက်ဝံလက်သီးချိပ်စည်းအား ထုတ်ဖော်လိုက်သည်ကို သူကတွေ့မြင်လိုက်ရ၏။
မျောက်၏ စိတ်ထဲတွင် အတွေတစ်ခုက ဖျပ်ခနဲ ဝင်ရောက်လာပြီး အလောတကြီးအော်ပြောလိုက်၏။
ကောင်လေးကရပ်တန့်ဖို့ငြင်းဆန်ပြီး ညဝိညာဥ်ကို ဒေါသတကြီးစိုက်ကြည့်ကာ အော်ဟစ်ပြောဆိုလိုက်၏။
“လူဆိုး... ထွက်မပြေးနဲ့”
သို့သော်လည်း ညဝိညာဥ်က လှုပ်ရှားခြင်း မရှိတော့ပေ။
စောစောက ကောင်လေးအသုံးပြုခဲ့သော လှုပ်ရှားကွက်၏ ဇာစ်မြစ်ကို သူကလည်း မှတ်မိသွားပုံရ၏။
မျောက်က ကောင်လေးကိုကြည့်ပြီး လေးနက်သောအသံဖြင့်မေးလိုက်၏။
“ကလေး... မင်းရဲ့သခင်လေးရဲ့ မျိုးရိုးနာမည်က 'ဆူ'လား”
“ဟာ... ခင်ဗျားဘယ်လိုသိတာလဲ....”
ကောင်လေးက အံအားသင့်မှင်တက်သွားပြီး မျက်လုံးပြုးမျက်ဆံပြူးဖြင့် ပြန်မေးလိုက်လေသည်။
ချင်ချင်နှင့်အခြားသူများက တဖြည်းဖြည်းနားလည်သဘောပေါက်လာခဲ့ကြ၏။
စိတ်ဝိညာဥ်ကျားက ထုံထိုင်းသောအမူအရာဖြင့် သူ၏ရောင်ကိုင်းနေသော ပါးနှစ်ဖက်ကို ပွတ်သပ်ပြီး ညည်းတွားပြောဆိုလိုက်၏။
“လခွမ်းတဲ့မှ... ငါတို့က တစ်ချိန်လုံး အချင်းချင်းတိုက်ခိုက်နေကြတာပဲ... ငါတို့က ဘာမဟုတ်တာအတွက် သတ်ပုတ်နေခဲ့ကြတာပဲ”